နှောင်ကြိုး ၊ နှောင်ကြိုး

By JE_Rain

343K 20.5K 1.3K

အင်းဝခေတ် (ရတနာပူရမင်းနေပြည်တော်)ကို အခြေခံ၍ ရေးသားထားသော စိတ်ကူးယဉ် ဇာတ်လမ်းလေးတစ်ပုဒ်သာဖြစ်သည် ။ Written b... More

Part 1(Zawgyi)
Part 1(Unicode)
Part 2(Zawgyi)
Part 2(Unicode)
Part 3(Zawgyi)
Part 3(Unicode)
Part 4(Zawgyi)
Part 4(Unicode)
Part 5(Zawgyi)
Part 5(Unicode)
Part 6(Zawgyi)
Part 6(Unicode)
Part 7(Zawgyi)
Part 7(Unicode)
Part 8(Zawgyi)
Part 8(Unicode)
Part 9(Zawgyi)
Part 9(Unicode)
Part 10(Zawgyi)
Part 10(Unicode)
Part 11(Zawgyi)
Part 11(Unicode)
Part 12(Zawgyi)
Part 12(Unicode)
Part 13(Zawgyi)
Part 13(Unicode)
Part 14(Zawgyi)
Part 14(Unicode)
Part 15(Zawgyi)
Part 15(Unicode)
Part 16(Zawgyi)
Part 16(Unicode)
Part 17(Zawgyi)
Part 17(Unicode)
Part 18(Unicode)
Part 19(Zawgyi)
Part 19(Unicode)
Part 20(Zawgyi)
Part 20(Unicode)
Part 21(Zawgyi)
Part 21(Unicode)
Part 22(Zawgyi)
Part 22(Unicode)
Part 23(Zawgyi)
Part 23(Unicode)
Part 24(Zawgyi)
Part 24(Unicode)
Part 25(Zawgyi)
Part 25(Unicode)
Final Part(Zawgyi)
Final Part(Unicode)
စာအုပ် Instock ဝယ်လို့ရပါပြီ

Part 18(Zawgyi)

1.5K 56 4
By JE_Rain

နက်ရှိုင်းလွန်းလှတဲ့ ချောက်ကမ်းပါးတစ်ခု။ ထိုချောက်ရဲ့ အောက်၌စီးဆင်းနေတဲ့ ချောင်းငယ်တစ်ခုရဲ့ အရှိန်အဝါရှိလှတဲ့ ရေစီးသံသဲ့သဲ့။ ကောင်းကင်မှာ ၀ိုးတဝါးထွက်ပေါ်နေပြီဖြစ်တဲ့ နေမင်းရဲ့ ရောင်နီတချို့ .. ။ ထို့နောက် ထိုင်မသိမ်းဝတ်စုံနှင့် ခြုံထည်အဖြူလွလွကို လွှမ်းခြုံရစ်ပတ်ထားသော အမျိုးသမီးတစ်ဦး ... ။ ထိုအရာအားလုံးကို ပေါင်းစုပြီး ကြည့်လိုက်မည်ဆိုပါလျှင် လွမ်းမောဖွယ်ရာကောင်းသော ပန်းချီကားတစ်ချပ်နှင့်ပင် တူနေသေးသည်။ ချောင်းကမ်းပါးထိပ်မှာရပ်၍ တသွင်သွင်စီးဆင်းနေတဲ့ ချောင်းကို ငုံပြီးကြည့်နေတဲ့ ထိုအမျိုးသမီးရဲ့ မျက်ဝန်းနှစ်ဖက်မှာ မျက်ရည်များဖြင့် ပြည့်နှက်လို့နေသည်။ ထိုအမျိုးသမီးဟာ တစ်ကိုယ်ကြားရုံစာမျှအသံဖြင့် နှုတ်ကစကားတချို့ကို ရေရွတ်ပြောဆိုနေသည်။

" မင်းကို မမြင်မတွေ့ရတော့တာ ဘာလိုလိုနဲ့ တစ်နှစ်တောင်ပြည့်ခဲ့ပြီ စရီရယ် .. ။ မင်းကိုချစ်ခင်လေးစားခဲ့ကြတဲ့ လူအနည်းစုက မင်းမရှိတော့ဘူး ထွက်သွားပြီဆိုတာကို လက်ခံခဲ့ကြပေမဲ့လို့ ဟောဒီ့ကအစ်မတော်ကတော့ မင်းလူ့လောကမှာ မရှိတော့ဘူးဆိုတာကို ဘယ်လိုမှ လက်မခံနိုင်သေးဘူး။ တစ်နေ့နေ့ကျရင် အစ်မတော်ရဲ့ရှေ့မှောက်ကို မင်းအရောက်ပြန်လာလိမ့်မယ်လို့ စိတ်က ထင်မှတ်နေတုန်းပဲ ... "

အမျိုးသမီးဟာ ရေရွတ်ရင်း သက်ပြင်းရှည်တစ်ချက်ကို ချနေပြန်သည်။

" အရမ်း လွမ်းဆွတ်ရပါတယ် စရီရယ် .. မင်းရဲ့အသံ၊ မင်းရဲ့မျက်နှာ၊ မင်းရဲ့ ကိုယ်ငွေ့၊ မင်းရဲ့ရင်ခွင်ကိုပေါ့ ... "

ကြေကွဲစို့နင့်ဖွယ်လေသံနဲ့ ရေရွတ်လိုက်ပြီးတဲ့နောက်မှာတော့ ထိုအမျိုးသမီးဟာ မျက်ခွံကို ခပ်ဖွဖွပိတ်ချလိုက်သည်။ ဤတွင်ပုလဲလုံးကဲ့သို့သော ကြည်တောက်နေတဲ့ မျက်ရည်စက်တို့က သူမရဲ့ပါးပြင်ကို ဖြတ်သန်းပြီး စီးဆင်းသွားကြသည်။

" ကျွန်တော်မျိုးထင်တော့ ထင်သား။ ဒွေးတော်ကြီး ဒီမှာရှိနေမယ်ဆိုတာကိုလေ ... "

အသံလာရာကို အသာလှည့်ကြည့်လိုက်တော့ အသက် ၁၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တူတော်မောင်သုတကို သူမမြင်တွေ့လိုက်ရသည်။ တူတော်မောင်၏ ဖွံ့ထွားသော ခန္ဓာကိုယ်အချိုးအဆစ်တို့ဟာ တပ်မှူးဝတ်စုံအနီရောင်ဖြင့် လွန်စွာမှ လိုက်ဖက်လွန်းနေသည်။

" နန်းတော်မှာ ဒွေးတော်ကြီးကို ရှာမတွေ့လို့ဆိုပြီး ဦးရီးတော်သတိုးရဲ့ တပ်သားတွေက မြေလှန်ပြီး ရှာဖွေနေကြတာ ဗြောင်းဆန်နေပါပြီလေ .. "

တူတော်မောင်က ရယ်သံစွက်ခါဖြင့် ခပ်ပေါ့ပေါ့လေး ရေရွတ်ပြောဆိုတော့ သူမ နှုတ်ခမ်းထောင့်ကို မသိမသာတွန့်ကွေးလိုက်မိသည်။ သူမရဲ့အပြုံးဟာ အသက်မဲ့နေသော်လည်း လှပနေဆဲပင်။

" တစ်နှစ်ပြည့်ပြီ သုတ။ မင်းရဲ့အရီးတော် ဒီချောက်နက်အောက်က ချောင်းထဲကိုပြုတ်ကျပြီး ပျောက်ဆုံးသွားခဲ့တာ တစ်နှစ်ပြည့်ခဲ့ပြီပဲ .. ။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာငါက မင်းရဲ့ဦးရီးတော်ဖြစ်တဲ့ ဘုရင်သတိုးနဲ့ စုလျားရစ်ပတ် ဘိတ်သိပ်ခံရမယ်တဲ့လား ... ။ ဒီလိုနေ့မှာမှ ငါမုန်းတီးတဲ့ ရှင်ဘုရင်ရဲ့ မိဖုရားခေါင်ကြီးဖြစ်ပေးရမှာတဲ့လား .. ။ ကံတရားက ငါနဲ့ စရီ့အပေါ်မှာ သိပ်ကို ရက်စက်ရာကျလွန်းတာပဲကွယ် .. ဟက် "

'ဟက်´ ခနဲပျက်ရယ်ပြုပြီး နှုတ်ခမ်းဖျားကို တွန့်ချိုးလိုက်သော်လည်း မျက်ရည်စက်တွေကတော့ သူမရဲ့ပါးပြင်ထက်မှာ ကျဆင်းလို့နေဆဲပင်။ တူတော်မောင်သုတကတော့ သူ၏ဒွေးတော်ကြီးကို သနားဂရုဏာသက်သည့် အကြည့်တို့ဖြင့် ငေးကြည့်လို့နေခဲ့သည်။

တမ်းတနေသူ ပြန်လာလို ပြန်လာငြား ...
ဘုရင်သတိုး ထံတွင် ထိမ်းမြှားမင်္ဂလာပြုခြင်းကို အချိန် ၁ နှစ်ဆိုင်းငံ့စေဖို့ရာ တောင်းဆိုထားခဲ့ပါသော်လည်း ...
တမ်းတသူက ပြန်ပေါ်မလာတာ ၁ နှစ်ပင်ပြည့်ခဲ့ပြီလေ ... ။

X    X    X    X    X

" ဒုန်း .. ဒုန်း .. ဒုန်း "

မင်္ဂလာစည်တော်မှ စည်တီးသံဟာ အဆက်မပြတ်ထွက်ပေါ်လို့နေပါသည်။ တဖန် ခရုသင်းမှုတ်သံဟာလည်း ကျယ်လောင်စူးရှစွာဖြင့် ထွက်ပေါ်လို့လာ၏။ တောက်ပြောင်စွာ ၀တ်စားဆင်ယင်ထားသည့် ဘုရင်သတိုးရဲ့မျက်နှာဟာ ပြုံးပျော်ရွှင်လန်းနေသော်လည်း ဘေးမှာရှိနေတဲ့ ပဒုမ္မာဒေ၀ီ ကတော့ မျက်နှာသေဖြင့်သာ ထိုင်နေသည်။ ပဒုမ္မာ ရဲ့မျက်နှာဟာ ခံစားချက်မဲ့သူတစ်ဦးကဲ့သို့ ဖြစ်နေပါသော်လည်း ရင်တွင်းမှာတော့ ပူလောင်မှုပြင်းပျလို့နေပါသည်။ မချစ်ခင်မနှစ်သက်သော၊ အင်မတန်မှမုန်းတီးလွန်းလှသော ရှင်ဘုရင်ရဲ့ မိဖုရားခေါင်ကြီးအဖြစ် ထိုအခမ်းအနားမှာ ထိုင်နေရခြင်းကိုက သူမအတွက် အရှင်လတ်လတ်ငရဲရောက်နေသလိုပင်။ ရင်ဝယ်ဖြစ်တည်နေတဲ့ ခံစားချက်တို့က များပြားလှပါသော်လည်း မျက်နှာသို့ ဖော်ပြလို့မရသည့်အချိန်ဟာ လွန်စွာမှ နေရခက်လွန်း၏။

သို့သော်ငြားလည်း စုလျားရစ်ပတ်မင်္ဂလာပွဲကိုတက်ရောက်ကြတဲ့ ဘုရင်သတိုး၏ တခြားသောမိဖုရား ၂ ပါးဟာ မိဖုရားခေါင်ကြီးနေရာမှာထိုင်နေတဲ့ မင်းသမီးကြီး မဟာရတနာပဒုမ္မာဒေဝီကို အားကျသောအကြည့်၊ မနာလိုသောအကြည့်၊ မုန်းတီးသောအကြည့်တို့ဖြင့် စိုက်ကြည့်နေကြ၏။ ပွဲခင်းထဲမှာရှိကြတဲ့ မှူးမတ်များ၊ စစ်သေနာပတိများ၊ စစ်သူကြီးများ၊ မင်းမှူထမ်းများနှင့် နန်းတွင်းသူ နန်းတွင်းသားများကလည်း တပြုံးပြုံးဖြင့် မင်္ဂလာပွဲကို တက်ရောက်ကြည့်ရှုနေကြသည်။ စုလျားရစ်ပတ်အခမ်းအနားပြီးဆုံးချိန်မှာတော့ ဖျော်ဖြေပွဲများနှင့် စားပွဲသောက်ပွဲများက စတင်ပြန်သည်။

" ကျွန်တော်မျိုးမ နေလို့သိပ်မကောင်းလို့ အဆောင်တော်ကို ပြန်ကြွခွင့်ပြုပါဘုရား .. "

ပွဲတွေတစ်ခုပြီးတစ်ခု မပြီးပြတ်နိုင်စွာ ကျင်းပနေတာ တစ်နေကုန်ပင်။ ထို့ကြောင့် ပဒုမ္မာလည်း စိတ်ကောလူပါ ပင်ပန်းလာမှုကို ဟန်မဆောင်ထားနိုင်တော့သည့်အဆုံး ဘုရင်သတိုးကို လျှောက်တင်မိတော့သည်။ ဘုရင်သတိုးကလည်း လူအများရှေ့မှာ အပြုံးမပျက်စွာပင် ခေါင်းတညိတ်ညိတ်ဖြင့် ခွင့်ပြု၏။ စိတ်ထဲမှာတော့ သိပ်ပြီးနှစ်ခြိုက်တော်မမူမှန်းကို ပဒုမ္မာ ရိပ်မိပါသည်။ သို့ပင်မဲ့ ဂရုစိုက်မနေပဲ ပွဲခင်းထဲမှ တည်ငြိမ်သောမျက်နှာထားဖြင့် ထွက်ခွာလာခဲ့သည်။

ဒီမြင်ကွင်းကို နန်းရင်ပြင်ထောင့်တစ်နေရာကနေ လှမ်းကြည့်နေတဲ့ တစ်စုံတစ်ဦးကတော့ မျက်ခုံးနှစ်ဖက်ကို ထိစပ်လုနီးနီးဖြင့် မျက်ဝန်းကိုကျုံ့ချလိုက်ပါတော့သည်။ ထိုသူဟာ ထွက်ခွာသွားတဲ့ ဘုရင်သတိုးရဲ့ မိဖုရားခေါင်ကြီး၏နောက်ကျောပြင်အား စူးစူးရှရှဖြင့် မျက်စိတစ်ဆုံး စိုက်ကြည့်နေခဲ့ပါသည်။

X    X    X    X    X

[ဘုရင်သတိုးကျော်စွာ နန်းသက်နှစ် ၄ နှစ်ကျော်မျှ ကြာမြင့်ပြီးနောက် ..]

ရတနာပူရ မင်းနေပြည်တော်ကြီးဟာ ဘုရင်မ မဟာစရီမုဒ္ဒြာဒေ၀ီ ရဲ့လက်ထပ်ကလိုမျိုး စည်ပင်သာယာခြင်း အလျင်းမရှိတော့ပါ။ တိုင်းပြည်ဟာ ဟိုတစ်ကွက် သည်တစ်ကွက်ဖြင့် ဆူပူအုံကြွမှု၊ ခိုးဆိုးလုရက် ဓားပြတိုက်မှုတို့ မကြာခဏဖြစ်ပေါ်နေသလို ပြည်တွင်း ငြိမ်းချမ်းမှုလည်း မရှိတော့ချေ။

ရှေးကမူ အင်အားကြီးနိုင်ငံဖြစ်သော ဟံသာဝတီကိုပင် အင်အားခြင်းယှဉ်ပြိုင်လို့ရသည့် 'ရတနာပူရ´ ဟာ ယခုရှင်ဘုရင်သတိုး၏ လက်ထပ်မှာတော့ ဦးချိုပဲ့နေသည့် နွားအိုတစ်ကောင်နှင့်ပင် အသွင်တူနေလေပြီ။ ဟံသာဝတီနှင့် ချစ်ကြည်ရေးမပျက်ပြားလိုဘူး ဆိုသည့်စကားတစ်ခွန်းတည်းဖြင့် ဘုရင်သတိုးဟာ မိမိနိုင်ငံအတွင်းမှ ကောက်ပဲသီးနှံ၊ ရွှေငွေရတနာများသာမက၊ ပြည်သူများကိုပါ ကျွန်များအဖြစ် ဟံသာဝတီထံ နှစ်စဉ်မပြတ် ပဏ္ဍာဆက်သနေခဲ့သည်။ ဒါ့အပြင် တခြားသော အိမ်နီးချင်းနိုင်ငံများကိုလည်း မဟာမိတ်ဖွဲ့သည့်အနေဖြင့် မိမိရဲ့ဆွေတော်မျိုးတော်မှ မင်းသမီးများ၊ သူ၏မိဖုရားများကိုပင် နိုင်ငံအသီးသီးသို့ စေလွှတ်ခဲ့၏။

ကံကောင်းသည်ဟုပဲဆိုရမလား ကံဆိုးသည်ဟုပဲဆိုရမလားပင်၊ သူ့ရဲ့မိဖုရားခေါင်ကြီးဖြစ်တဲ့ မင်းသမီးကြီးပဒုမ္မာဒေဝီကိုတော့ မည်သည့်နိုင်ငံက တောင်းတောင်း မပေးအပ်ခဲ့။ ထိုတောင်းဆိုမှုအစား နိုင်ငံ့ရဲ့ရတနာဖြစ်သော ဆင်ဖြူတော်လေးစီးနှင့်၊ နိုင်ငံအတွင်းမှ ရတနာများ၊ ဘဏ္ဍာတိုက်အတွင်းမှ ရွှေငွေအသပြာများ၊ မိမိနိုင်ငံရဲ့ ပြည်သူပြည်သားများကိုပင် ကျွန်အဖြစ်နှင့် အစားထိုးပေးအပ်ခဲ့သည်။

" သည်တစ်ခါတော့ ကျွန်တော်မျိုးမကိုပဲ ဟံသာဝတီထံ အပ်နှင်းတော်မူပါ။ တိုင်းသူပြည်သားတွေကို ဟံသာဝတီထံ ကျွန်တော်မျိုးမကိုယ်စား အပ်နှင်းမဲ့ အစီအစဉ်ကို ပြန်ပြီး ရုတ်သိမ်းတော်မူပါ ဘုရား "

ဘုရင်သတိုးရဲ့ နန်းဆောင်တော်ထဲသို့ဝင်ပြီး ပဒုမ္မာ ထိုသို့တောင်းဆိုလိုက်ပါသော်လည်း ဘုရင်သတိုးက ခေါင်းကိုခါယမ်းပစ်လေသည်။

" အကျွန်ုပ်ရဲ့ မိဖုရားခေါင်ကြီးကို ဘယ်တိုင်း ဘယ်ပြည်ကိုမှ မအပ်နှံနိုင်ဘူး ... ဒီစကားပဲ ပြန်လည်ကြားရမယ်ဆိုတာကို သိပါလျက်နဲ့ ဘာကြောင့်များ မိဖုရားခေါင်ကြီးက ဤစကားကို ထပ်မံပြောဆိုရတာပါလဲ ? ဘာလဲ အစ်မတော်က အဲ့သည်လောက်တောင်မှ အကျွန်ုပ်ရဲ့ မိဖုရား မဖြစ်လိုတာလား ? "

ရွှေသလွန်ထက်မှာထိုင်နေတဲ့ ဘုရင်သတိုးဟာ ဒေါသသံစွက်စွာဖြင့် မေးတော့ ပဒုမ္မာ ဘာမျှပြန်မဖြေပဲ ဘုရင်သတိုးကိုသာ စူးစိုက်ကြည့်နေလေသည်။ ဘုရင်သတိုးကလည်း အလိုမကျစွာဖြင့် မျက်ခုံးနှစ်ဖက်ကို ထိစပ်လုနီးနီး တွန့်ကွေးလိုက်ရင်း

" ဒီကြားထဲမှာ အစ်မတော်တောင်းဆိုထားခဲ့တဲ့ အဆောင်တော်မကူးစေလိုတဲ့ ဆန္ဒကိုလည်း အကျွန်ုပ် လိုက်လျောထားတာပဲလေ။ အကျွန်ုပ်ရဲ့ ဆန္ဒက အစ်မတော်ကို အကျွန်ုပ်ရဲ့ မိဖုရားခေါင်ကြီးအဖြစ် ဘေးမှထာဝရ ရှိစေချင်ရုံပါ။ ဒါကိုတောင် အစ်မတော်က မလိုလားတာလား ? ဟက် .. ဟံသာဝတီရောက်ရင် အဲ့ဘက်တိုင်းရဲ့ ဘုရင်ကို အဆောင်တော်မကူးပါနဲ့လို့ အစ်မတော် တောင်းဆိုလို့ ရမယ်များထင်နေသလား ? ဝေးလေစွ ... အစ်မတော်ကို အရယူလိုကြတဲ့ ရှင်ဘုရင်တိုင်းရဲ့ ရမ္မက်ဟာ ဘယ်လောက်အထိ ပြင်းပြတယ်ဆိုတာကို အစ်မတော် မသိရိုးလား ? "

ဘုရင်သတိုးရဲ့စကားအဆုံးမှာ ပဒုမ္မာ တည်ငြိမ်စွာပင် စကားတစ်ခွန်းဖြင့် တုံ့ပြန်ခဲ့သည်။

" သိပါသော်လည်း တိုင်းပြည်တွင်းက ပြည်သူပြည်သားတွေ တစ်ဖက်နိုင်ငံကို ကျွန်အဖြစ်နဲ့ ရောက်ကြမဲ့အစား .. ကျွန်တော်မျိုးမ လိုက်ပါသွားခြင်းက ပိုပြီး ဖြစ်သင့်ပါတယ်။ မိမိအတွက်ကြောင့်နဲ့ ပြည်သူပြည်သားတွေ ကျွန်အဖြစ် ပေးဆပ်နေရခြင်းကို လက်ပိုက်ထိုင်ကြည့်နေရခြင်းကသာ ကျွန်တော်မျိုးမရဲ့ဘ၀အတွက် ပိုပြီးတော့ ပူလောင်သောကရောက်ရပါတယ် ... ဒါ့ကြောင့် အရှင်မင်ကြီးအနေနဲ့ ကျွန်တော်မျိုးမရဲ့ တောင်းဆိုချက်ကို သေသေချာချာ ပြန်လည်စဉ်စားသုံးသပ်ပေးတော်မူပါဘုရား "

စကားအဆုံး၌ ပဒုမ္မာ ထိုင်ရာမှ ထရပ်၍ ဘုရင်သတိုးကို ကျောခိုင်းပြီး နန်းဆောင်ပြင်သို့ ပြန်လည်ထွက်ခွာခဲ့သည်။

" မြဲမြဲမှတ်ထား အစ်မတော် ဟာအမြဲထာဝရ ကျုပ်ရဲ့ မိဖုရားခေါင်ကြီးအဖြစ် တည်ရှိပေးရမယ်။ ဒါဟာ အစ်မတော်ရဲ့တာဝန်ပဲ။ ဘယ်တိုင်းပြည်ကိုမှ အစ်မတော်ကို မပေးအပ်နိုင်ဘူး .. "

အဆောင်တော်အတွင်းမှ ဘုရင်သတိုး၏ ဒေါသတကြီးအော်ဟစ်လိုက်သည့်အသံကို ကြားလိုက်ချိန်၌ ပဒုမ္မာ ခြေလှမ်းတို့ကို ခေတ္တမျှရပ်တံ့လိုက်သည်။ ဖွေးဖွေးနုနေတဲ့ ပဒုမ္မာ ရဲ့ခြေဖမိုးတွေဟာ ၀န်ထုပ်ဝန်ပိုးမြောက်များစွာကို ထမ်းဆောင်ထားရသည့်နှယ် လေးလံနေပါသည်။

" ဟူး ... "

နောက်ဆုံးတော့ သက်ပြင်းရှည်တစ်ချက်ကိုသာ ချနိုင်ခဲ့သည်။

'ဘ၀က သက်ပြင်းချရုံအပြင် ဘာမှ မတတ်နိုင်ခဲ့တော့ပါလား ´

X    X    X    X    X

စိတ်ထဲ ခံစားမရနိုင်အောင် မွန်းကျပ်သည့်အခါတိုင်းတွင် ပဒုမ္မာ သည်သူ၏အထိန်းတော်ကြီး မယ်ဇာ ကိုခေါ်ပြီး ညနေစောင်းအချိန်၌ နန်းပြင်ထွက်လေ့ရှိသည်။ ထို့နောက် မုဒ္ဒြာနှင့်အတူသွားခဲ့ဖူးသော နန်းတော်ရှေ့ ညဈေးတန်းလေးကို လျှောက်လေ့ရှိခဲ့သည်။ နန်းတော်ရှေ့က ညဈေးတန်းဟာ မုဒ္ဒြာ နန်းကျပြီး ၁ နှစ်ကျော်ကျော် အချိန်လောက်အထိသာ စည်ကားခဲ့ပြီး နောက်ပိုင်းနှစ်များ၌ ဈေးခင်းသည်လည်း ခြောက်ခြောက်ကပ်ကပ်ပင်။

" နန်းပြင်မထွက်ဖြစ်တာ ၉ လလောက်ရှိပြီ။ ဒီအတောအတွင်းမှာ တိုင်းပြည်အခြေအနေက အတော်ကြီးကို ဆိုးဝါးခဲ့တာပါလား ... "

ဈေးတန်းဟာ ခြောက်ကပ်ပြီး ဆိုင်နှင့် ဝယ်သူများပင် မရှိတော့တာကို မြင်မိတာကြောင့် ပဒုမ္မာ စိတ်မကောင်းစွာဖြင့် ရေရွတ်မိလေသည်။

" အခုနောက်ပိုင်း ညနေစောင်းပြီဆိုတာနဲ့ ဈေးဆိုင်တွေအားလုံးသိမ်းကြပါသတဲ့ အရှင်မ။ စားဝတ်နေရေး ငတ်မွတ်ခေါင်းပါးမှုကြောင့် ခိုးဆိုးလုယက်မှုတွေလည်း ပေါများလာတယ်။ ဒါ့ကြောင့် အရှင်မအနေနဲ့ သည်နေရာမှာ ကြာရှည်မနေသင့်ကြောင်းပါဘုရား ... "

အစောင့်အကြပ်တပ်သားတွေမပါပဲ နန်းတော်ထဲမှ တိတ်တဆိတ်ထွက်ခွာလာခြင်းဖြစ်တာကြောင့် မယ်ဇာ ကသတိပေးရှာသည်။ ဒါပေမဲ့ ပဒုမ္မာကတော့ မပြန်သေး။ ယခင်က လူအင်မတန်စည်ကားခဲ့ဖူးသည့် ဈေးတန်းအနောက်ဘက်က လမ်းကြားတွေထဲကို လိုက်လျှောက်ကြည့်နေမိသည်။

စားစရာ နေစရာမရှိသဖြင့် ထိုလမ်းကြားလေးတွေမှာပဲ ထိုင်နေကြ၊ အိပ်နေကြသည့် လူအိုများ၊ ကလေးသူငယ်များကိုမြင်ပြီး ပဒုမ္မာ စိတ်ထိခိုက်ရသည်။ ထိုလူများကို သူ့မှာပါသလောက် အသပြာငွေစများ ပေးကမ်းစွန့်ကြဲပေးနေသည့် အချိန်တွင် ... ။

လမ်းကြားတစ်နေရာကို ဖြတ်လျှောက်မိစဉ် တစ်စုံတစ်ယောက်ရဲ့ နောက်ကျောပြင်ကို ရိပ်ခနဲမြင်တွေ့လိုက်ရပြီးနောက် ပဒုမ္မာ ရဲ့မျက်ဝန်းများဟာ ချက်ချင်းဝိုင်းစက်သွားခဲ့သည်။

" စရီ .... "

တိုးဖျော့ညင်သာသောအသံဖြင့် ရေရွတ်မိပြီးသည်နှင့် ရိပ်ခနဲမြင်လိုက်ရသည့် နောက်ကျောပိုင်ရှင်နောက်သို့ ပဒုမ္မာ အမီပြေးလိုက်မိတော့သည်။ အထိန်းတော်ကြီး မယ်ဇာလည်း ရုတ်တရက်မပြောမဆိုပဲ ပြေးလွှားထွက်ခွာသွားသည့် သခင်မဖြစ်သူနောက်ကို အထိတ်တလန့်ဖြင့် ပြေးလိုက်လေသည်။ သို့သော် ၀၀ဖိုင့်ဖိုင့်ခန္ဓာရှိသည့် မယ်ဇာ ဟာသူ့သခင်မနောက်ကို အမီမလိုက်နိုင်ခဲ့ပါ။

" သခင်မ .. နေပါဦး ကျွန်တော်မျိုးမကို စောင့်ပါဦး .. သခင်မ "

အနောက်က လှမ်းခေါ်နေသည့် မယ်ဇာ့အသံကိုလည်း ပဒုမ္မာဂရုမမူနိုင်တော့ပြီ။ အရှေ့ကတစ်စုံတစ်ဦးကိုသာ မျက်ခြေမပြတ်အောင် သည်းသည်းမဲမဲလိုက်နေမိသည်။ တစ်နေရာအရောက်တွင် သူ့ရဲ့ခြေလှမ်းတွေဟာ ပြန်လည်နှေးကွေးသွား၏။

တစ်စုံတစ်ယောက်သောသူဟာ လမ်းကြားတစ်ခုမှာရှိနေတဲ့ ဆာလောင်မွတ်သိပ်နေကြသော ကလေးသူငယ်တချို့ကို သူ့ထံပါလာတဲ့ မုန့်တချို့ဖြင့် ပေးဝေဌပေးနေပါသည်။ ထိုမြင်ကွင်းကို ခပ်လှမ်းလှမ်းကနေ မြင်တွေ့လိုက်သည့် ပဒုမ္မာ ဟာ မျက်တောင်တစ်ချက်ပင် မခတ်နိုင်အောင် အံ့သြမှင်သက်လို့နေသည်။ သူ့ပုံစံမှာ အသက်ရှုရမှာကိုပင် မေ့လျော့လို့နေ၏။

ချည်ထည်ခြုံလွှာခပ်နွမ်းနွမ်းလေးကို လွှမ်းခြုံထားတဲ့ နောက်ကျောပြင်လေးကို မြင်တွေ့ရရုံနှင့် ထိုလူဟာ မည်သူဆိုတာကို ပဒုမ္မာ ခံစားကြည့်လို့ရနေသည်။ ခြေလှမ်းကို သတိထား၍ ခပ်ဖော့ဖော့လေးလှမ်းရင်း အရှိန်ပြန်တင်လိုက်သည်။ သူလာတာကို ထိုလူသိသွားလျှင် ထွက်ပြေးရှောင်တိမ်းသွားမှာကိုလည်း စိုးထိတ်မိသည်။

ခြေနှစ်လှမ်းအကွာလောက်ရောက်မှသာ ထိုလူဟာ ပဒုမ္မာ ပြေးလာတာကို သတိထားမိသွားဟန်တူသည်။ အအေးဒဏ်ကို ထိန်းပေးနိုင်သည့် ခြုံလွှာနွမ်းလျလျကို မျက်နှာပေါ်၌ ပြန်အုပ်လိုက်ပြီး လှည့်ထွက်မယ်ဟန်ပြင်လိုက်စဉ်တွင် ပဒုမ္မာက နောက်ဘက်ကနေပြီး အားပါးတရ သိုင်းဖက်လိုက်လေသည်။

" ဟုတ်နေတာပဲ ... ဘုရားရေ ကျေးဇူးတင်လိုက်တာ .. "

လွမ်းဆွတ်ရသူ၏ ကိုယ်ရနံ့၊ ခန္ဓာကိုယ်၏ အငွေ့အသက်၊ တစ်နည်းအားဖြင့်ဆိုရလျှင် ထိုကိုယ်ငွေ့နွေးနွေးလေးဟာ မည်သူဖြစ်ကြောင်းကို အနောက်ကနေခဏလေး ဖက်မိလိုက်ရုံဖြင့် ပဒုမ္မာ သိလိုက်ရပါသည်။

X    X    X     X     X

ခန္ဓာကိုယ်မှာ ရရှိခဲ့သည့် ဒဏ်ရာတွေဟာ ၁ နှစ်လောက်ကြာအောင် ကုသခဲ့ရပြီး သက်သာလာခဲ့ပေမဲ့လို့ စရီမုဒ္ဒြာ ရဲ့စိတ်၌ရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကတော့ လွန်စွာမှပြင်းထန်လှပေသည်။ အိမ်မက်ဆိုးတွေထဲမှာ မယ်တော်ကြီးက သူ့ရှေ့တည့်တည့်မှာ အသတ်ခံရပြီး အသေဆိုးဖြင့် အကြိမ်ကြိမ်သေနေဆဲဖြစ်သည်။ ချောက်နက်ထဲကိုလည်း ကြိမ်ဖန်များစွာကျနေဆဲ။ အေးစက်နေတဲ့ ရေနက်ထဲမှာလည်း အသက်ရှုလို့မရခဲ့သည်မှာ အကြိမ်ပေါင်းမရေမတွက်နိုင်တော့ပါ။ ထိုသို့သော အိမ်မက်ဆိုးတွေကို အိပ်ယာဝင်တိုင်း မက်ခဲ့တာကြောင့် ဖြတ်သန်းခဲ့ရတဲ့ ၄ နှစ်တာဆိုတဲ့ အချိန်အတွင်းမှာ မုဒ္ဒြာ အနေဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိမ်ပျော်ခဲ့သော နေ့ရက်ဆိုတာ အလျင်းမရှိခဲ့ပေ။

ချောင်းတစ်လျှောက်မျှောပါခဲ့ပြီး မြစ်ဝရဲ့ ကမ်းပါးတစ်နေရာမှာ သောင်တင်နေသည့် မုဒ္ဒြာ ရဲ့ခန္ဓာကိုယ်ကို တံငါသည်အဘိုးအိုတစ်ဦးက တွေ့၍ ကယ်ဆယ်ပေးခဲ့ခြင်းကြောင့် အသက်ရှင်နိုင်ခဲ့ခြင်းဖြစ်၏။ ထိုမှတစ်ဆင့် သတိလစ်မေ့မျောနေသေးသော သူ့ကို ဘုရင်သတိုး၏ တပ်သားတွေထက်အရင် နန်းလွန်းအိန် ကရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် ယခုလို အသက်နှင့်ခန္ဓာတည်မြဲနေခြင်းပင်။ ဘုရင်သတိုးရဲ့ တပ်သားတွေသာ သူ၏သတိလစ်မေ့မျောနေသော ခန္ဓာကို တွေ့ရှိခဲ့မည်ဆိုပါက မတွေ့ဝံ့စရာပင်ဖြစ်၏။

နန်းလွန်းအိန် ကသူ့အစ်ကိုဖြစ်သော စစ်သူကြီးသီဟသူရိန် ရှိရာတပ်စခန်းသို့ ခေါ်ဆောင်သွားပေးပြီး သမားတော်ကောင်းဖြင့် သေသေချာချာဆေးကုသပေးခဲ့တာကြောင့် ၁ နှစ်ဆိုသည့် အချိန်အတွင်းမှာ နာလန်ပြန်ထူနိုင်ခဲ့ခြင်းဖြစ်ပေသည်။

ဒဏ်ရာတွေသက်သာလာသည်နှင့် တောနက်ထဲမှာ စခန်းချထားသော စစ်သူကြီးသီဟသူရိန်ဦးဆောင်ထားသည့် တပ်စခန်းကို မုဒ္ဒြာ ကိုယ်တိုင်ဦးစီးအုပ်ချုပ်ခဲ့သည်။ လျှို့ဝှက်စွာဖြင့် ရဲမက်အင်အားကို ပြန်လည်စုဆောင်းကာ စစ်ရေးလေ့ကျင့်မှုများကို ပြင်းပြင်းထန်ထန်ပြုလုပ်စေခဲ့သည်။ ၄ နှစ်ဆိုသည့် အချိန်အတွင်းမှာပင် ဒုက္ခသည်အတော်များများကို ကယ်တင်စုဆောင်းနိုင်ခဲ့ကာ စစ်သည်အင်အားမှာလည်း ယခင်က သူအုပ်ချုပ်ခဲ့ရသော တပ်စု၏ ၃ ပုံ ၁ ပုံမျှပင် ပြန်လည်စုစည်းနိုင်ခဲ့ပြီဖြစ်သည်။ မုဒ္ဒြာ ဟာတစ်ချိန်က သူအုပ်ချုပ်မင်းလုပ်ခဲ့ဖူးသော ရတနာပူရမင်းနေပြည်တော်ကြီး၏ အင်အားတဖြည်းဖြည်း ဆုတ်ယုတ်နေခြင်းကို စောင့်ဆိုင်းရင်း၊ နန်းတွင်းမှာ မင်းမူနေသည့် ညံ့ဖျင်းသော ဘုရင်သတိုးကို ပြန်လည်တိုက်ခိုက် နန်းသိမ်းနိုင်ဖို့အရေးကို နေ့မနား၊ ညမနား ကြိုးပမ်းနေခဲ့သည်။

" ဟံသာဝတီက ယခုတစ်ခေါက်မှာလည်း ဘုရင်သတိုးရဲ့ မိဖုရားခေါင်ကြီးဖြစ်တဲ့ ပဒုမ္မာဒေဝီကိုပဲ တောင်းပြန်တယ် အရှင်မ။ ဒါပေမဲ့ ဘုရင်သတိုးကလည်း ထုံးစံအတိုင်း အရပ်သားတွေကိုပဲ ကျွန်အဖြစ်နဲ့ ဟံသာဝတီကို စေလွှတ်ဦးမယ်ထင်တယ် "

တပ်စခန်းရဲ့ ရွက်ဖျင်တဲထောင့်မှာရပ်နေတဲ့ စစ်သူကြီးသီဟသူရိန်က ပြောသောအခါ စစ်သူကြီးဗလကျော်ထင်က သစ်သားစားပွဲပေါ်သို့ မုဒ္ဒြာ၏ရှေ့မှာတင် လက်ဖြင့်ထုချလိုက်သည်။

" ဒုန်း "
" တောက် ... အသုံးမကျတဲ့ ဘုရင်အောက်မှာ ပြည်သူတွေရဲ့ဘ၀ စတေးပေးရဦးမယ်တဲ့လား ... မဖြစ်ပေဘူး။ သည်တစ်ခါတော့ ဘယ်လိုနည်းနဲ့မှ ကျုပ်တို့ရဲ့ပြည်သူတွေကို ဟံသာဝတီလက်ကို မအပ်နိုင်ဘူး။ ဟံသာဝတီကို သွားမဲ့လမ်းကြောင်းမှာ စောင့်ပြီး ကျွန်အဖြစ်စေလွှတ်ခံရမဲ့ ပြည်သူတွေကို ကယ်ရမယ် အရှင်မ။ ဒီတစ်ခေါက်တော့ ကျွန်တော်မျိုး ဗလကို မတားပါနဲ့တော့ အရှင်မ "

" ငါလည်း တားဖို့စိတ်ကူးမရှိပေဘူး ဗလ "

ဒေါသတကြီးပြောနေတဲ့ စစ်သူကြီးဗလကျော်ထင် ရဲ့စကားအဆုံးတွင် မုဒ္ဒြာ ဟာအေးစက်မာကျောသည့် လေသံဖြင့် ၀င်ပြောလိုက်၏။

" သတိုးစေလွှတ်လိုက်တဲ့ ပဏာတော်ဆက်မဲ့လမ်းကြောင်းကို ငါတို့ခြုံခိုတိုက်ခိုက်ပြီး ပြည်သူတွေကို အရကယ်ဆယ်မယ်။ အဲ့ဒီမတိုင်ခင် ငါတို့တွေ နေပြည်တော်ကိုတက်ပြီး သတင်းယူဖို့တော့ လိုအပ်လိမ့်မယ်။ ခါတိုင်းလိုပဲ တပ်မှူသီဟက စခန်းမှာကျန်ရစ်နေခဲ့ပြီး တပ်စခန်းကိုကာကွယ်ပေးထားပါ။ ငါရယ် ဗလရယ်က ဒီနေ့ညပဲ နေပြည်တော်ကို တောလမ်းအတိုင်းထွက်ခွာမယ် "

မုဒ္ဒြာ ရဲ့လေသံဟာ ခါတိုင်းထက်ပို၍ မာန်ပါနေသလို ပြတ်သားသယောင်ရှိသည်။ ဤအချိန်တွင် စားပွဲရဲ့ထောင့်၌ ထိုင်နေသည့် တပ်စုထိန်း နန်းလွန်းအိန် ကထရပ်၍

" အရှင်မကို တပ်မှူဗလတစ်ယောက်တည်းနဲ့ မလွှတ်လိုက်နိုင်ဘူး။ နန်းလွန်း လည်းလိုက်မယ် အရှင်မ။ ခွင့်ပြုပေးပါ "

ဖြတ်ထိုးဥာဏ်ကောင်းပြီး ကြံရည်ဖန်ရည်ရှိသည့် နန်းလွန်းအိန် ကို မုဒ္ဒြာ တစ်ချက်လှမ်းကြည့်ခါ

" ကောင်းပြီ ... လိုက်ခဲ့ချေ "

မုဒ္ဒြာ ထံမှအဖြေကိုကြားပြီးနောက် တပ်စုမှူးဖြစ်တဲ့ နန်းလွန်းအိန် သည်ခပ်ပြုံးပြုံးဖြစ်လို့ နေပါသည်။

X    X    X    X    X

နန်းမြို့ရိုးရှေ့နားကို ခြေချမိလိုက်ချိန် ဖြစ်ပေါ်လာတဲ့ ခံစားချက်ဟာ နာကြည်းခြင်း၊ မုန်းတီးခြင်း၊ သွေးကြွေးပြန်ဆပ်လိုခြင်းတို့ဖြင့် မုဒ္ဒြာ ၏စိတ်ခန္ဓာတို့ဟာ လောင်မြိုက်လို့နေပါသည်။ ခပ်လှမ်းလှမ်းမှ မြင်တွေ့နေရတဲ့ နန်းမြို့ရိုးကို ကြည့်နေရင်း မုဒ္ဒြာ လက်သီးကို ကျစ်နေအောင် ဆုပ်ထားမိသည်။

'သတင်းကြားမိပါတယ်။ ရုတ်မာကောက်ကျစ်တဲ့ ဘုရင်သတိုးနဲ့ ... သူသိပ်ကိုတန်ဖိုးထားရပါတယ်ဆိုတဲ့ မိဖုရားခေါင်ကြီး အကြောင်းကိုပေါ့ ... ´

နာကျင်မုန်းတီးမှုတွေနဲ့အတူ စိတ်ထဲကရေရွတ်မိရင်း လက်သီးနှစ်ဖက်ကို ကျစ်နေအောင်ဆုပ်ထားပြီး နန်းမြို့ရိုးကို မုဒ္ဒြာ ကျောခိုင်းထွက်ခွာခဲ့သည်။ သာမန်အရပ်သာဝတ်စုံ ခပ်နွမ်းနွမ်းကိုသာ ၀တ်ဆင်ထားပြီး မုဒ္ဒြာ ဟာယောကျာ်းသားတစ်ယောက်အသွင် ဟန်ဆောင်ထား၏။ မြို့တော်ထဲမှာ ဟိုးအရင်ကလို စစ်ဆေးစောင့်ကြပ်သည့် ရဲမက်တို့က များများစားစား မရှိတော့တာကို တွေ့ရှိရသည်။ ညနေခင်း နေဝင်ချိန်နီးလာသည်နှင့်အမျှ နန်းမြို့ရိုးရှေ့က ဈေးဆိုင်များဟာ အလျှိုလျှိုဖြင့် ခပ်မြန်မြန်သိမ်းသွားကြသည်။ တိုင်းရေးပြည်ရေးဟာ ခါတိုင်းလို ငြိမ်းချမ်းခြင်း မရှိတော့တာကြောင့် တိုင်းသူပြည်သားတွေလည်း အမြဲတစေ စိုးရိမ်ကြောင့်ကျ ထိတ်လန့်နေဟန်တူသည်။

နန်းတွင်းမှ ထွက်ခွာလာသည့် လူယုံသတင်းပေးတစ်ဦးနှင့် တွေ့ဆုံဖို့အတွက် ဈေးဆိုင်တန်းတွေရဲ့ အနောက်ဘက်ခြမ်းမှာရှိသော လမ်းကြားထဲတွင် ချိန်းဆိုထားကြသည်။

" ငါတို့ လူစုခွဲကြရအောင်။ ဗလက ဒီမှာပဲ ကျန်နေခဲ့။ လွန်းအိန်လည်း ခပ်ခွာခွာကနေပဲ လိုက်ခဲ့ပါ ... အနား မလာနဲ့ .. ကြားလား "

" ဟုတ် ကြားပါတယ် အစ်ကိုလေး "

မြို့ထဲဝင်လာကြချိန်တွင် 'သခင်မ´လို့မခေါ်စေပဲ သူ့ကို အစ်ကိုလေးဟု ခေါ်ရမည်လို့ ပြောထားတာကြောင့် နန်းလွန်းအိန် ဟာ မုဒ္ဒြာ ကိုတစ်လမ်းလုံး အစ်ကိုလေးဟုသာ ရွှတ်နောက်နောက်နှင့် ခေါ်နေတော့သည်။ အသက်အရွယ်ရနေပြီဖြစ်ပြီး တပ်စုတစ်ခုကို ဦးစီးရတဲ့ တပ်စုမှူးဖြစ်နေပါသော်လည်း ယခုထိ သူ့ရှေ့မှာဆို ကလေးငယ်တစ်ယောက်လို ပြုမှုတတ်တဲ့ ထိုကလေးမ နန်းလွန်းအိန် ကို မုဒ္ဒြာ မျက်စောင်းတစ်ချက်ထိုးလိုက်လေသည်။ ထို့နောက် ဈေးတန်းအနောက်ဘက်က လမ်းကြားတွေဆီသို့ တစ်ယောက်ထဲ ဦးတည်ဝင်သွားလေသည်။ ဗလကတော့ ပိတ်ထားပြီဖြစ်တဲ့ ဈေးဆိုင်တန်းရှေ့နားမှာ ခမောက်လေးဆောင်း၍ ရပ်နေ၏။ နန်းလွန်းအိန် ကတော့ မုဒ္ဒြာ မှာကြားထားတဲ့အတိုင်း အတော်ခပ်ဝေးဝေးကနေပဲ လိုက်လံစောင့်ကြည့်ပေးနေသည်။

ချိန်းဆိုထားတဲ့နေရာမှာ သတင်းပေးနှင့်တွေဆုံပြီးနောက် သတင်းတချို့ကို မုဒ္ဒြာ ကြားသိခဲ့ရသည်။

" နန်းတော်ထဲက နန်းစောင့်တပ်အင်အားက အတော်ကို ဆုတ်ယုတ်နေပါပြီ အရှင်မ။ ဒါ့အပြင် နိုင်ငံ့စစ်အင်အား၊ ရိက္ခာအင်အား .. အားလုံးက အတော်လေးကို လျော့ပါးနေပြီ။ အထက်ပိုင်းက စော်ဘွားတချို့ရဲ့ တော်လှန်ပုန်ကန်မှုကိုလည်း ယခုထိတိုင် မထိန်းသိမ်းနိုင်သေးဘူး။ ဒါ့အပြင် နယ်ခြားစောင့်တပ်တွေကလည်း ... "

သတင်းပေးရဲမက်ဟာ ဆက်မပြောပဲ ခေါင်းကိုခါယမ်းပြသည်။

" ဟံသာဝတီကို ပဏ္ဍာဆက်မဲ့ အကြောင်းအရာကကော ဘယ်နှယ့်ရှိစ မောင်မင်း ? "

" လာမဲ့လပြည့်ကျော် ၃ ရက်နေ့မှာ ဟံသာဝတီကို ပဏ္ဍာဆက်မဲ့ လမ်းကြောင်းဟာ နေပြည်တော်ကနေပြီး စတင်ထွက်ခွာမှာပါ အရှင်မ .. အချိန်က နံနက်အာရုဏ် မိုးသောက်ပါ "

" ကောင်းပြီ။ ဒီတစ်ခေါက်လည်း မင်းတာဝန်ကျေပါတယ်။ အပြန်လမ်းကို သေသေချာချာ ဂရုစိုက်ပါ "

" ကောင်းလှပါပြီ။ အရှင်မ တို့လည်း အထူးသတိပြုကြပါ "

မုဒ္ဒြာ ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီးနောက် တစ်ဦးကိုတစ်ဦး ကျောခိုင်း၍ တစ်ဖက်တစ်လမ်းဆီ ထွက်လာခဲ့ကြလေသည်။

ထိုအချိန်မှာပဲ ဈေးတန်းအနောက်ဘက်လမ်းကြားတစ်နေရာမှာရှိနေတဲ့ အမျိုးသမီးတစ်ဦးဟာ မုဒ္ဒြာ ရဲ့နောက်ကျောပြင်ကို ဖျပ်ခနဲမြင်တွေ့လိုက်ရပြီး အနောက်ကနေ လိုက်ပါလာတော့သည်။ တစ်ဦးနှင့်တစ်ဦးက အတော်လှမ်းတာမို့ အစပိုင်းမှာတော့ မုဒ္ဒြာ သတိမထားခဲ့မိပေ။

တော်တော်လေးကို ချောင်ကျသည့် လမ်းကြားလေးတွေကနေပြီး မုဒ္ဒြာ ဖြတ်သန်းလာခိုက် ဆာလောင်မွတ်သိပ်နေကြတဲ့ ကလေးငယ်တစ်သိုက်ကို မြင်တွေ့မိတာကြောင့် မုဒ္ဒြာ ခေတ္တမျှ ရပ်လိုက်မိသည်။ ထို့နောက် ခရီးဆောင်ထည့်လာသည့် စားစရာတချို့ကို ထုတ်လိုက်ပြီး ကလေးငယ်တွေကို ဝေမျှပေးနေသည်။

" မင်းတို့ကြည့်ရတာ ရက်အတော်ကြာအောင် မစားမသောက်ထားရသေးပုံပဲ .. မင်းတို့ရဲ့ မိဘတွေကကော ? "

သူပေးသမျှကို မြိန်ရေယှက်ရေ စားသောက်နေကြတဲ့ ကလေးတွေကို မေးကြည့်မိတော့ ကလေးငယ်တစ်ယောက်က ငို၍

" ဟံသာဝတီကို ပို့ဖို့ဆိုပြီး ရဲမက်တွေက ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ် "

" ကျွတ်စ် .. "

ဒေါသဖြစ်မိတာကြောင့် ကျွတ်စ်တစ်ချက်စုပ်လိုက်ရင်း ကလေးတွေရှေ့ ဒူးထောက်ထိုင်ချထားရာမှ ပြန်ထရပ်လိုက်သည်။ ထိုအချိန်၌ အနောက်ဘက်မှ ခြေသံကို ကြားလိုက်မိတာကြောင့် မုဒ္ဒြာ လျှို့ဝှက်သယ်ဆောင်လာသည့် အိတ်ဆောင်ဓားမြှောင်ကို ဆွဲထုတ်ဖို့ ဟန်ပြင်လိုက်ချိန်တွင် ... ။

အနောက်ဘက်ကနေပြီး တစ်စုံတစ်ယောက်က မုဒ္ဒြာ ရဲ့ခါးကို တင်းတင်းကျပ်ကျပ် လာဖက်လေသည်။ အစကတော့ ဒတောင့်ဖြင့် ပြန်စောင့်တွန်းပြီး နောက်ပြန်ကိုင်ပေါက်ဖို့ ရည်ရွယ်ထားပါသော်လည်း နူးညံ့တိုးလျသော စကားသံတစ်ခွန်းကြောင့် မုဒ္ဒြာ ငြိမ်သက်သွားခဲ့ရသည်။

" ဟုတ်နေတာပဲ ... ဘုရားရေ ကျေးဇူးတင်လိုက်တာ "

ထိုအသံသေးသေးလေး .. ။
ခါးကိုတင်းတင်းကျပ်ကျပ်လာဖက်ထားတဲ့ ထိုလက်ချောင်းသွယ်သွယ်လေးတွေ .. ။
နှာဖျားမှတစ်ဆင့် ရှုရှိုက်ခွင့်ရလိုက်တဲ့ ထိုသူ၏ ကိုယ်သင်းရနံ့လေး ... ။
ထိုသူ ..... ။
ထိုသူကား သူ၏ဘဝတစ်ခုလုံးကို စုတ်ပြတ်သွားအောင် နင်းခြေဖျက်ဆီးခဲ့သူ .... ။
သူ၏နောက်ကျောကို ဓားဖြင့်ထိုးခဲ့တဲ့သူ .... ။
တစ်နည်းအားဖြင့်ဆိုရလျှင် ထိုသူကို မေးခွန်းတချို့ မေးချင်မိသောစိတ်ဖြင့် ယနေ့တိုင် သူအား အသက်ဆက်ရှင်နိုင်အောင် တွန်းအားပေးခဲ့တဲ့သူ .... ။
အခုတော့ ထိုသူကား သူ၏ နောက်ကျောတည့်တည့်မှာရှိနေပြီ မာယာများလှတဲ့ လက်ချောင်းသွယ်သွယ်တို့နဲ့ သူ့ရဲ့စိတ်ခန္ဓာအစုံ မရွှေ့လျားနိုင်အောင်လို့ ဖမ်းချုပ်ထားပြန်ပြီလေ .... ။

" အစ်မတော်သိနေတယ် ... စရီက အစ်မတော်ကို လောကအလယ်မှာ တစ်ယောက်ထဲပစ်ထားပြီး ချန်ရစ်ထားခဲ့မဲ့လူ မဟုတ်ဘူးဆိုတာကို အစ်မတော် သိနေခဲ့တယ် ... "

ထိုသူဟာ ငိုသံသဲ့သဲ့ဖြင့် အနောက်ကနေ ပြောဆိုနေသည်။ သို့ပေမဲ့ သူဒုတိယအကြိမ်မြောက် လှည့်စားမခံနိုင်တော့ပါ။ မျက်နှာထက်မှာ မဲ့ပြုံးတစ်ချက်ပေါ်လာပြီး ဒေါသနဲ့ နာကြည်းစိတ်တို့ကြောင့် မျက်ရည်ကြည်တို့က မုဒ္ဒြာ ရဲ့မျက်ဝန်းအိမ်မှာ အတိုင်းသားပေါ်ထွက်လာ၏။

" မင်းဘယ်သူလဲ ? ရာရာစစ ငါ့သခင်မရဲ့ ခန္ဓာကို ဖက်တွယ်ရဲတယ် "

အနောက်မှ ထွက်ပေါ်လာသည့် အသံပိုင်ရှင်ဟာ နန်းလွန်းအိန်ဖြစ်ကြောင်း သိလိုက်တာကြောင့် မုဒ္ဒြာ ခါး၌အဖက်ခံထားရတဲ့ လက်ချောင်းတွေကို မာန်ဖြင့် ပုတ်ချပစ်လိုက်ပြီး အနောက်သို့ ချက်ချင်းလှည့်လိုက်၏။ ထိုတွင် ၄ နှစ်ကျော်မျှ မျက်နှာချင်းမဆိုင်ရပြီဖြစ်ပါသော ပဒုမ္မာ ရဲ့မျက်နှာတော်ကို မုဒ္ဒြာ မြင်တွေ့ခွင့်ရခဲ့သည်။ မုဒ္ဒြာ လှည့်လိုက်ချိန်မှာပဲ အနောက်က နန်းလွန်းအိန်ကလည်း ပဒုမ္မာ ရဲ့လက်ကို ဆွဲ၍ သူ့ဘက်သို့ လှည့်စေပြီး လည်ပင်းကို ဓားဖြင့် ထောက်လိုက်၏။ ပဒုမ္မာ ကိုမြင်လိုက်ရချိန်၌ နန်းလွန်းအိန် ရဲ့မျက်ဝန်းတွေဟာ ချက်ချင်းနီရဲလာပြီး

" အရှင်လတ်လတ် မြေမြုပ်ပစ်ချင်မိတဲ့လူက ဆိုက်ဆိုက်မြိုက်မြိုက်ကို ကျုပ်ရှေ့ရောက်လာပါရောလား။ ဟက် ... ရာရာစစ မယ်မင်းလို မြေခွေးအိုက ငါရဲ့သခင်မခါးကို ဖက်ဝံ့သေးသကိုး ... သေပေတော့ မြေခွေးအိုမကြီး "

ပဒုမ္မာ ရဲ့လည်ပင်းကို တိခနဲပိုင်းဖြတ်ဖို့အတွက် နန်းလွန်းအိန် ဓားကိုမြှောက်လိုက်ချိန်တွင် မုဒ္ဒြာ ကလက်ကိုဆွဲကိုင်၍ တားဆီးလိုက်၏။

" လွှတ်ပါ အရှင်မ။ ဒီသူယုတ်မာမကို ကျွန်တော်မျိုးမ ယခုပင်သတ်ပစ်မယ် .. မတားပါနဲ့ .. "

" လက်လွတ်စပယ် မဆုံးဖြတ်လိုက်လေနဲ့ လွန်းအိန်။ ဒီမိန်းမဟာ ဘုရင်သတိုး ရဲ့ချီးမြှင့်မြှောက်စားခြင်းကို ခံယူနေတဲ့ မိဖုရားခေါင်ကြီးပေပဲ .. "

'မိဖုရားခေါင်ကြီး´ ဆိုသည့်စကားကို ပဒုမ္မာရဲ့ မျက်နှာကို စူးစူးရှရှ စိုက်ကြည့်ရင်းနဲ့ တစ်လုံးချင်း ဖြည်းညှင်းစွာဖြင့် ခနဲ့တဲ့တဲ့လေသံနဲ့အတူ မုဒ္ဒြာ ပြောပစ်လိုက်သည်။ ပဒုမ္မာ ကတော့ မုဒ္ဒြာ ပြုသမျှ၊ ပြောဆိုသမျှကို ခံယူမည့်ပုံစံဖြင့် ခပ်ပြုံးပြုံးလေး ငေးကြည့်လို့နေသည်။ သို့ပေမဲ့ မျက်ရည်တွေကတော့ ပဒုမ္မာ ရဲ့မျက်ဝန်းထဲမှာ ပြည့်လျှံအိုင်ထွန်းလို့နေသည်။

" ဘုရင်သတိုးအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးနဲ့တူတဲ့ ဒီမိဖုရားကို ချက်ချင်းသတ်လိုက်ရင် ငါတို့အတွက် နစ်နာပေမပေါ့ လွန်းအိန်ရယ် "

" ဒါပေမဲ့ အခုမသတ်ရင် အရှင်မအတွက် နောင်တအကြီးအကျယ်ရစရာတွေ ဖြစ်လာလိမ့်မယ်။ သည်မိန်းမယုတ်ဟာ အခုလိုမျိုး အရှင်မရဲ့အနားကို ရောက်လာတယ်ဆိုကတည်းက သူခေါ်ဆောင်လာတဲ့ တပ်ဖွဲ့တွေက ကျွန်တော်မျိုးမတို့ကို ကြိုတင်ဝိုင်းရံထားလေသလားတောင် မသိနိုင်ဘူးအရှင်မ "

မုဒ္ဒြာ တားဆီးနေတဲ့ကြားက နန်းလွန်းအိန် ဟာ ပဒုမ္မာ ကိုခုတ်မယ် သတ်မယ်ချည်း တကဲကဲဖြစ်နေတာကြောင့်

" သတ်ချင်းသတ် ငါကိုယ်တိုင်သတ်မယ် ... သူ့ကို ငါကလွဲပြီး ဘယ်သူမှ သတ်ခွင့်မရှိဘူး "

ဒေါသဖြင့် အသံခပ်အုပ်အုပ် ကြုံးဝါးလိုက်တဲ့ မုဒ္ဒြာ ရဲ့စကားတစ်ခွန်းဟာ ပဒုမ္မာ ရဲ့နှလုံးအိမ်ကို ထိရှစေခဲ့သည်။ ရင်ထဲ ဆစ်ခနဲနာကျင်သွားသော်လည်း ပဒုမ္မာ အပြုံးမပျက်သာ သူ့ညီမတော်ကို စိုက်ကြည့်နေခဲ့သည်။ မျက်ဝန်းတစ်စုံကတော့ မျက်ရည်များဖြင့် နီရဲနေပြီး ပါးပြင်ထက်၌ ရွှဲနင့်လို့နေပါသည်။

" သူ့ကို ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားမယ် .. ဒါငါ့ရဲ့အမိန့်မို့ မင်းအထွန့်မတက်လေနဲ့ လွန်းအိန် "

ချမှတ်လိုက်တဲ့ အမိန့်တစ်ခုကို နန်းလွန်းအိန် မလွန်ဆန်ရဲတော့ပြီ။ ပဒုမ္မာ ကတော့ ဘာပဲဖြစ်လာဖြစ်လာ လက်ခံမည်ဆိုသည့်ဟန်ဖြင့် မျက်ရည်များကြားမှ ပြုံးလို့နေရှာပါသည်။

'ဘာတွေပဲ တွေ့ကြုံခံစားရပါစေ စရီ မင်းရဲ့အနားမှာသာ အတူနေခွင့်ရမယ်ဆိုရင် ... ဆူးခင်းလမ်းဖြစ်ဖြစ် မီးပင်လယ်ပဲဖြစ်ဖြစ် ဒီအစ်မတော်က ရဲရဲဝံ့ဝံ့ အပြုံးမပျက် ဖြတ်လျှောက်ဝံ့တယ် စရီရယ် ... ´

X    X    X    X    X

[Auyhor Note : ဇာတ်လမားက အခုမှ စမှာနော် ပရိတ်သတ်ကြီးရေ 😁]

Continue Reading

You'll Also Like

128K 10.8K 68
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
52.8K 5.2K 50
ဘာသာပြန်သူ စွဲညို့အသင်း
144K 16.8K 99
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...