ထက်နောင် ပေါင်းတလည်သို့ရောက်ခဲ့သည်မှာ နှစ်ရက်နှင့် သုံးညတိတိရှိပြီဖြစ်သည်။
ယခုနေ့လယ် ဦးသောင်းတင်၏အလောင်း မြေကျမှပင် သူ့မှာသက်ပြင်းတစ်ချက်ချနိုင်တော့၏။
စရောက်သည့်ညကတည်းက သူ့မှာတစ်ချက်မှမနားရသေး။
မနားရသည်လည်းမပြောနှင့်။
သူ့ကိုစောင့်ကြိုနေသည့်ကိစ္စများက တစ်ပုံတစ်ပင်။
ထွေးလေးက ခင်ပွန်းသည်ဆုံးထား၍ ပူထူနေကာ မျက်ရည်သာတွေတွေကျရင်း ငူငိုင်နေဆဲ။
အေးချမ်းမေသူကလည်း ထွေးလေးငိုလေ သူပါငိုလေဖြင့်လုံးလည်လိုက်နေလျှက်။
ဒေါ်ပန်းရုံနှင့် နီနီကလည်း မကျွမ်းကျင်သည့်အရပ်ဖြစ်၍ ယောင်လည်လည်။
ထို့ကြောင့် ဈာပန၏ကိစ္စအဝဝမှာ ထက်နောင်ခေါင်းပေါ်သာ အလိုအလျောက်ပိလာရသည်သာ။
ဆေးရုံမှအလောင်းသယ်ရန်ကအစ၊ ဆရာတော်ပင့်ဖိတ်ရသည်အလယ်၊ အသုဘပို့မိတ်ဆွေများအား ကျွေးမွေးဧည့်ခံရန်နှင့် ယပ်တောင်၊ရေဘူးကမ်းရန်အဆုံး ဦးဆောင်စီစဉ်ရသည်မှာ သူတစ်ယောက်တည်း။
ယခုလည်း မြေကျပြီဖြစ်ရာ ကိစ္စတစ်ဝက်ခန့်အေးပြီဟုဆိုနိုင်ရုံသာ။
မနက်ဖြန် မြေဆင်းသပိတ်က ရှိသေးသည်။
သို့သော် ကိစ္စမရှိ။
ဆရာတော်များအတွက်သာ ဆိုင်မှပလာတာမှာယူထားကာ ဧည့်သည်များမှာလည်း ရင်းနှီးသူဆယ်ကိုးဦးခန့်သာဖိတ်ထားပြီး ကော်ဖီနှင့်မုန့်သာဧည့်ခံမည်မို့ ကရိကထမများ။
ထက်နောင် စိတ်ကိုဒုန်းဒုန်းချလိုက်ရင်း dream bedပေါ်လှဲချကာ မျက်လုံးများမှိတ်ပစ်လိုက်၏။
" ဟဲ့ ဒီကလေးနှယ် အိပ်ချင်ရင်အခန်းထဲဝင်အိပ်လိုက်ပါ့လား "
ဒေါ်ပန်းရုံက အိမ်အောက်ထပ်မှ ပစ္စည်းများကိုရှင်းလင်းနေရင်း လှမ်းဆိုလာ၏။
ဒေါ်အေးခင်တို့အိမ်က အိမ်အောက်ထပ်တစ်ခုလုံး သမံတလင်းခင်းထားကာ အိမ်အောက်၏ရှေ့ဘက်ပိုင်း၌ တီဗွီတစ်လုံးနှင့် ထိုင်ခုံအချို့သာရှိပြီး အိမ်နောက်ဘက်ခန်းကိုသာ အိပ်ခန်းများအဖြစ် အထပ်သားများဖြင့်ကာရံဖွဲ့စည်းထားခြင်းပင်။
ယခု ထက်နောင်လှဲနေသည့် ဒရင်းဘတ်ကလည်း တီဗွီကြည့်ရင်းထိုင်ရန် ထား,ထားခြင်းသာ။
" နေပါစေအမေ ခဏမှေးရုံပဲကို "
" နားနားနေနေသွားအိပ်ပါသားရယ် ဘာမှလုပ်စရာမှမရှိတော့တာကို "
" ရတယ်အမေ ဒါထက် ခဏနေရင် ကျွန်တော်မြို့ထဲသွားမလားလို့ ဘာဝယ်ခဲ့ရအုံးမလဲ "
" မနက်ဖြန်အတွက်က ကော်ဖီပဲတိုက်မှာလေ အထွေအထူးမှမဟုတ်ပဲ ဘုန်းဘုန်းတွေအတွက် အချိုပွဲလဲအသင့်ရှိတယ် ဟမ် နေပါအုံး မြို့ထဲကို ဘာသွားလုပ်မလို့လဲ "
ဒေါ်ပန်းရုံက မနက်ဖြန်မြေဆင်းသပိတ်အတွက် လိုအပ်သည်များသွားဝယ်မည်ထင်၍ ပစ္စည်းများအသင့်ရှိကြောင်းဆိုရင်းမှ မြို့ထဲသွားမည့်ကိစ္စကိုမေးလာသည်။
" မဟုတ်ဘူးအမေ ကျွန်တော်ကားဂိတ်သွားမှာ မနက်ဖြန်နေ့လယ်လောက်ကျ ပြန်မလားလို့လေ "
ထက်နောင်စကားကြောင့် ဒေါ်ပန်းရုံက ပစ္စည်းများသိမ်းဆည်းနေရာမှ ခဏရပ်တန့်သွားရင်း...
" သား ကျောင်းက ပြန်ခေါ်နေလို့လား "
" မဟုတ်ပါဘူးအမေ ဒီနေ့မှစနေနေ့ပဲဟာ ကျွန်တော်လာတာ ကြာသပတေးညနေမို့ ကျောင်းပျက်တာ တစ်ရက်ပဲရှိပါသေးတယ် "
" အေးလေ ဒါဆိုလဲနေပါအုံးလား ငါ့သားနှယ် ရောက်ပြန်ကြီးပါလား "
ဒေါ်ပန်းရုံက သူ့သဘောထားကို ပွင့်ပွင့်လင်းလင်းဆိုလာ၏။
" ဟိုဒင်း ဒါပေမဲ့ ဒီမှာလဲလုပ်စရာမရှိတော့လေ ပြန်တာကောင်းမလားလို့ "
" ဟဲ့ ဒီကလေးနှယ် ဘယ်လိုပြောလိုက်တာတုံး ရက်လည်ဆွမ်းသွတ် ရှိသေးတယ်လေ အဲအခါကျမှ တစ်ခါပြန်လာမလို့လား "
" အဲ အဲဒါတော့ ကျွန်တော်ပြန်မလာနိုင်လောက်ဘူးထင်တယ် ဟို အမေနဲ့နီနီပဲ ဆွမ်းသွတ်ထိနေလိုက်လေ ကျွန်တော်က အိမ်မှာဖြစ်ပါတယ် "
ဒေါ်ပန်းရုံက ခေါင်းကိုဖြည်းညင်းစွာခါလိုက်ပြီးမှ...
" ရက်လည်မှာလဲ မင်းရှိမှကိုဖြစ်မှာသားရဲ့ သိတဲ့အတိုင်း မင်းထွေးလေးကလဲ တငူငူတငိုင်ငိုင်နဲ့ အင်း မေလေးကလဲ မိန်းကလေးဆိုတော့ ယောက်ျားသားလို မကြီးကြပ်နိုင်ဘူး "
" ဒါဖြင့် ကျွန်တော် တစ်ရက်ပြန်လာဖို့ စဉ်းစားလိုက်ပါ့မယ် "
" မဟုတ်သေးပါဘူး နောက်လေးရက်နေရင်ပဲ ရက်လည်မှာလေသားရဲ့ မင်းသွားလိုက်ပြန်လိုက်ဖြစ်နေမှာပေါ့ "
" အဲဒါက...."
" ဒါပေမဲ့ ပင်ပန်းတာပေါ့ကွဲ့ ဆွေဆွေမျိုးမျိုးရယ်လို့လဲ ဒီကိုတစ်နှစ်ကြာလို့တစ်ခါမရောက်ဘူး ဒီလိုအချိန် အမေတို့မရှိရင် ဘယ်အချိန်ရှိရပါ့မလဲ ကဲပါ ရောက်တုန်းရောက်ခိုက် ဒီမှာပဲနားနားနေနေ နေလိုက်ပါသားရယ် "
ဒေါ်ပန်းရုံစကားကြောင့် ထက်နောင့်မျက်နှာက အီလည်လည်ဖြစ်သွားရ၏။
ဒေါ်ပန်းရုံစကားကလည်း အမှန်ပင်ဖြစ်သည်။
ထက်နောင်မရှိပါက ရက်လည်ဆွမ်းသွတ်၌ အားကိုးအားထားလူရင်းဟူ၍လည်းမရှိ။
ထို့ပြင် ထွေးလေးမျက်နှာကရှိသည်။
ဆွေမျိုးဟူ၍ တစ်နှစ်တစ်ခေါက်ပင် မရောက်ဖြစ်သော်လည်း ယခုအချိန်မျိုး၌ သိုင်းဝိုင်းမှတော်မည်။
သို့သော် သူ့စိတ်ကအိမ်ရောက်နေ၏။
ရက်လည်က သုံးလေးရက်လိုသေးသည်မို့ ထိုလောက်အထိလည်း မနေချင်။
ထို့ကြောင့် လက်ခံနိုင်လောက်မည့်ဆင်ခြေတစ်ခုကို ထက်နောင်ကြိုးစားရှာကြည့်လိုက်သည်။
" ဟို အဲဒါဆို ကျောင်းပျက်ရက်များသွားမှာ အမေ "
" အေးလေ လေးရက်လောက်တော့ ပျက်ရမှာပေါ့ ပူတက်ရန်ကောကွယ် မင်းတို့ဌာနမှာလဲ လူတွေရှိပါတယ်ငါ့သားရဲ့ သူတို့ အစားဝင်သင်ပေးမှာပေါ့ "
" ဟုတ်တော့ဟုတ်ပါတယ် ဒါပေမဲ့ "
" ဒါပေမဲ့တွေ လုပ်မနေပါနဲ့ ငှာနမှူးဆီသာ အကျိုးအကြောင်းပြောပြီး ရက်လည်ထိနေလိုက် "
ဒေါ်ပန်းရုံက အခိုင်အမာဆိုလာ၏။
တကယ်မပြန်ရဘူးလား "
ထက်နောင်က အမူးသမားအလား ရစ်နေပြန်သည်။
မျက်နှာကလည်း လိုချင်သည်ကို မရမကပူဆာနေသည့် ကလေးငယ်ပမာ မျှော်လင့်ချက်အပြည့်ဖြင့်ကြည့်လာ၏။
သို့သော် ဒေါ်ပန်းရုံက တစ်ခွန်းတည်း ခပ်ပြတ်ပြတ်ဆိုလာသည်က...
" အေး မပြန်နဲ့ "
" အားနာစရာအမေရယ် "
" အမလေး ကိုရဲသွေးထက်နောင်ရယ် ပြောမှပြောတတ်တယ် ဘယ်နှယ့်တော် ထွေးလေးဖြစ်သူကိုတော့ အားမနာဘူး ဒီလူနဲ့ဒီလူ မျက်နှာပူစရာဖြစ်ပါ့မယ်ဟယ် တကတည်းမှပဲ ဒီလောက်လေးခွင့်ယူလို့ နင့်ကိုအလုပ်မထုတ်ပါဘူးဟဲ့ "
" ဒါတော့ဒါပေါ့ အမေရဲ့ "
" ကဲ ဒီလောက်ဝန်လေးနေရင်လဲ ငါ့သာဖုန်းပေးတော့ အမေကိုယ်တိုင်ပြောပေးမယ် ဟိုက အဆင်မပြေပါဘူးဆိုရင်တော့ပြန်ပေါ့အေ "
ဒေါ်ပန်းရုံစကားသံအဆုံး နောက်ဆုံးမျှော်လင့်ချက်လေးက အပြီးတိုင်ပျက်စီးသွားပြီဖြစ်သည်။
ထက်နောင်မျက်နှာက လငပုပ်ဖမ်းခံလိုက်ရသည့်အလား မည်းမှောင်ကာ ငြိမ်ကျသွားရ၏။
သူ့တွင်ပေးစရာ ဆင်ခြေလည်းမကျန်ပါတော့။
ထို့အပြင် သူ့ဆီအငယ်မဖုန်းဆက်စဉ်က ရုံးခန်းထဲတွင် ဌာနမှူးအပြင် ဆရာအများစုပါရှိနေသည်မို့ အားလုံးသိပြီးသားပင်။
ထက်နောင်ကလည်း ခွင့်ယူနည်းသူမို့ ခွင့်တောင်းပါက ဌာနမှူးက ကြည်ကြည်ဖြူဖြူခွင့်ပေးမည်မှာလည်း အသေအချာ။
" ဟဲ့ကလေးပေါက်စ ကြားလား ခွင့်မတိုင်ရဲရင် အမေခွင့်တိုင်ပေးမယ် "
ဒေါ်ပန်းရုံလေသံက ရယ်သံစွက်ကာ မျက်နှာကလည်းပြုံးစိစိ။
ထက်နောင်သိသည်။
ဆရာကိုကြောက်၍ ခွင့်မတိုင်ရဲသည့်ကလေးကို ပြောသလိုသူ့ကိုလှမ်းစနေခြင်းပင်။
" ရပါတယ် ကျွန်တော့်ဘာသာပဲ ပြောလိုက်ပါ့မယ် "
ထက်နောင်အဖြေက တုံးတိတိ။
မျက်နှာထားကလည်း ဒေါ်ပန်းရုံနှင့်ဆန့်ကျင်စွာ စူပုပ်နေလျှက်။
ထက်နောင် လက်ထဲမှဖုန်းကိုကြည့်မိသည့်အခါလည်း notiတစ်ခုမှတက်မနေ။
ဖုန်းစခရင်က တဖြည်းဖြည်းမှိန်ကျသွားကာ ထက်နောင်မျက်နှာပါ ချက်ချင်းညှိုးကျသွား၏။
အခုတလော ထက်နောင်စိတ်မကြည်။
အမေ့ကို စိတ်မဆိုးသော်လည်း စိတ်အလိုမကျမိ။
အထူးသဖြင့် လူးကပ်စ်။
လွမ်းနေမည်ဟုဆိုကာ သုံးရက်ပင်ရှိတော့မည်ကို ယခုထိလည်းဖုန်းမဆက်။
ထက်နောင်က ဆက်ချင်၏။
သို့သော် အလုပ်ရှုပ်နေသည့်အပြင် အသံကြားမိလျှင် ပြန်ချင်မည်စိုး၍မဆက်ခြင်းပင်။
သို့သော်လည်း အသံကိုကြားချင်သေးသည်။
သိသိသာသာလည်း လွမ်းရပြန်သည်။
မကျေမနပ်ဖြင့် ထက်နောင်လက်ညှိုးလေးက ဒရင်းဘတ်လက်ရန်းပေါ် စာလုံးအချို့ရေးခြစ်နေမိလျှက်သား။
* Call me, please *
* I miss you *
သို့သော် သူကြိုးစားပန်းစားရေးနေသည့်စာသားမှာ လက်ရန်းပေါ်တွင်မို့ အနားမှဖုန်းလေးက မည်သို့မှအကြောင်းထူးမလာပါလေ။
တဖြည်းဖြည်းဖြင့် လက်ရန်းပေါ်မှထက်နောင်လက်ညှိုးလေးက သိသိသာသာနှေးကွေးလာသည်။
ထို့နောက် မျက်ခွံတို့ကပါ အလွန်တရာလေးကန်လာပြီးနောက်...
" အသံလေးတော့ ကြားချင်မိတာကို "
ခပ်တိုးတိုးရေရွတ်ရင်း ထက်နောင်ခန္ဓာကိုယ်က ဒရင်းဘတ်ပေါ် တဖြည်းဖြလျော့တွဲကျလာကာ အိပ်ပျော်သွားခြင်းသို့။
သူ့အိပ်မက်ကလှသည်။
စံကားဝါရနံ့သင်းသည်။
ပြင်သစ်သားလေးပါသည်။
သူ့အတွက် တကယ်လုံလောက်ပါပြီ။
အမြဲသာ အစဉ်မြင်ချင်
မတွေ့ရရင် လွမ်းစိတ်ကဝင်
အချစ်နွံထဲတော့ ကျွံမိပြီထင်
ဆွဲကူလို့သာ ထူမပါတော့ ချစ်သခင်။
~•~ ~•~ ~•~ ~•~ ~•~
ခပ်မှန်မှန်အသက်ရှုသံနှင့် ဟောက်သံသဲ့သဲ့ကြောင့် ဒေါ်ပန်းရုံလှည့်ကြည့်မိသည့်အခါ ကိုယ်တော်ချောက ဒရင်းဘတ်ပေါ်မှာပင် အိပ်မောကျနေလျှက်သား။
" ဟင်း ပြောတော့ မပင်ပန်းပါဘူးဆို ခုတော့အိပ်မောကျနေလိုက်တာများ သိုးလို့ "
ဒေါ်ပန်းရုံတစ်ယောက် အပီအပြင်အိပ်မောကျနေသည့် သားဖြစ်သူကိုတစ်ချက်ကြည့်လိုက်ကာ ခေါင်းတခါခါယမ်းရင်း ပစ္စည်းများကိုသာဆက်သိမ်းနေတော့၏။
ယခုနေ့လယ်ကမှ နာရေးပြီးထားသည်မို့ ရှုပ်ပွကာနေရာအနှံ့ရောက်ရှိနေသော သိမ်းဆည်းစရာများက တစ်ပုံတစ်ပင်ပါပေ။
" အမေ မမရော "
ထိုအခိုက် နီနီက အိမ်နောက်ဘက်မှထွက်လာရင်း ရောက်မဆိုက်ပင် ဒေါ်ပန်းရုံကိုမေးလာပြန်သည်။
အမှန်ဆိုရလျှင် နီနီလည်းအားမနေပါ။
ဆေးကြောပြီးသား ပန်းကန်ခွက်ယောက်များကို ရေစင်သည်အထိသုတ်ကာ သိမ်းထားနေရသည်ပင်။
" မေလေးလား မပြောတတ်ဘူးလေ သမီးတို့နဲ့အတူ ပန်းကန်သိမ်းနေတာမဟုတ်လား "
" မဟုတ်ဘူးအမေရဲ့ နောက်ဖေးမှာက မမဟေမာရယ်၊ မထွေးမာရယ်၊ မသွယ်ဇင်ရယ် သမီးရယ်ပဲ ပန်းကန်တွေသုတ်ပြီးသိမ်းနေရတာ "
" ဟုတ်လား သူ့အခန်းထဲရော ကြည့်ပြီးပြီလား ပင်ပန်းပြီးဝင်များအိပ်နေလား "
" အခန်းထဲလဲ မရှိဘူးအမေ ထွေးလေးကတော့ သူ့အခန်းထဲမှာသူ အိပ်နေတာတွေ့တယ် "
" အင်း နင့်ထွေးလေးက ခေါင်းတွေကိုက်လို့တဲ့ နေ့လယ်စာစားပြီးအိပ်ခိုင်းလိုက်တာ နားပါစေ ဒါနဲ့ ဒီကလေးမ ဘယ်တွေများသွားနေပါလိမ့် "
" အင်းလေ ဒါဆို နီနီ အိမ်ရှေ့ဘက်ကို ထွက်ကြည့်လိုက်အုံးမယ် "
နီနီက ပြောပြောဆိုဆိုဖြင့် အိမ်ရှေ့ဘက်ဆီထွက်ကြည့်လိုက်သည့်အခါ အမှန်တကယ်ပင် အေးချမ်းမေသူက အိမ်ရှေ့ဘက်မှ ဝါးခုံတန်းရှည်၌ ငြိမ်သက်စွာထိုင်နေလျှက်။
နီနီ ခပ်သွက်သွက်လှမ်းသွားကာ မေသူ့ရှေ့၌ဝင်ရပ်လိုက်ရင်း...
" မမ "
" ဟင် "
" ထမင်းစားရအောင်လေ "
" ဟင့်အင်း မမ ရင်ပြည့်နေသေးလို့ပါ နီနီရယ် "
မေသူက အဝေးဆီငေးရင်း ခပ်တိုးတိုးဖြေလာသည်မို့ နီနီတစ်ယောက် သက်ပြင်းတစ်ချက်ကိုသာ ခပ်သဲ့သဲ့ချမိ၏။
" မစားလို့တော့မဖြစ်ဘူးမမရဲ့ အချိန်ပဲကြည့်အုံး တစ်နာရီကျော်နေပြီကို "
" ဟင် အဲလောက်တောင်ရှိသွားပြီလား "
" ဟုတ်ပ တစ်အိမ်လုံးတောင် စားပြီးနေကြပြီရှင့် စောစောကတည်းက နီနီတို့နဲ့အတူတူစားဆိုတော့လဲ ပြီးမှစားမယ်ဆိုပြီး ဒေါ်ချစ်ကိုမေးတော့ ခုထိ မမ လာမစားသေးဘူးတဲ့ "
" အင်း မမဖြင့် ဗိုက်မဆာတော့ အချိန်တောင်သတိမထားမိပါဘူးကွယ် "
" မဆာဘဲနေမလားလို့ မနက်ကလဲ ဟုတ်တိပတ်တိမစားဘဲနဲ့ မရဘူး လာ အခုလိုက်စားရမယ် "
ဒေါသသံလေးစွက်နေသည့် နီနီ့စကားကြောင့် အေးချမ်းမေသူ ခပ်ဖွဖွပြုံးရင်း အသာခေါင်းညိတ်ပြလာသည်။
" ကောင်းပါပြီ နီနီ့သဘောပါပဲ "
" ဒီလိုမှပေါ့မမရဲ့ ဒါနဲ့ မမဘာစားချင်လဲဟင် မမခံတွင်းပျက်နေရင် နီနီတစ်ခုခုပြင်ပေးရမလား "
" အင်း နီနီ့သဘော "
" တို့မမကလဲလေ ဘာမေးမေး နီနီ့သဘောဆိုတာချည်းပဲ မမစားမှာလေ နီနီစားမှာမှမဟုတ်ဘဲမမရဲ့ မမစားချင်တာပြောလေနော် နီနီပြင်ပေးမှာပေါ့ "
" နီနီကြိုက်သလိုသာပြင်ပါ မမစားပါမယ် "
ထိုအခါမှ နီနီက ကျေနပ်သွားဟန်ဖြင့် လက်ကမ်းပေးလိုက်ရင်း...
" ကဲ ဒါဖြင့်ထ နီနီထမင်းသုတ်စပ်စပ်လေးပြင်ပေးမယ် ဟုတ်လား "
" အင်း "
" နီနီ့သဘော "
နီနီက ဦးဆောင်ဖြေပေးလိုက်သည့်အခါ အေးချမ်းမေသူက အသာပြုံးကာ ခေါင်းတခါခါဖြင့်ရယ်ရင်းမှ နီနီကတော့လေဟုရေရွတ်ပြီး နီနီကမ်းပေးသည့်လက်ကိုအသာဆွဲလျှက် ထလာ၏။
ထို့နောက် အိမ်ထဲအတူပြန်ဝင်လာကာ မီးဖိုဆောင်ဘက်ကူးလာကြပြီး နီနီက ထမင်းသုတ်သည့်အခါ မေသူက ဘေးမှငြိမ်ငြိမ်လေးထိုင်ကြည့်နေပြန်သည်။
အရသာမြည်းစမ်းပြီး နီနီစိတ်တိုင်းကျသည့်အခါမှ အေးချမ်းမေသူ့ရှေ့ချပေးလိုက်ကာ...
" ကဲ မမစားကြည့် "
မေသူက တစ်ဇွန်းခပ်စားကြည့်လိုက်၏။
ချဉ်ချဉ်စပ်စပ်ထမင်းသုတ်အရသာက အမှန်တကယ်ပင် ခံတွင်းလိုက်စေသည်။
ဂရုစိုက်ခြင်းက နာကျင်ခြင်းဝေဒနာကိုသက်သာစေသည့်ဆေးဝါးပင်။
မင်းရဲ့စကားချိုချို
စေတနာဖြူဖြူတွေနဲ့ဆို
ဒီလူ့ဝေဒနာကိုကုသဖို့
တကယ်ပါ အခြားဆေးမလို။
နီနီက စားပွဲပေါ်လက်ထောက်ကာကြည့်နေရင်းမှ မေးဆက်ပြလာသည်မို့ သူ(မ)မျက်ခုံးပင့်ပြလိုက်ရင်း...
" သိပ်ကောင်း "
" တကယ်လား တစ်ခုခုလိုရင်ပြောနော် နီနီပြန်ပြင်ပေးမယ် "
" အင်း တကယ်ကောင်းတာ တကယ် တကယ် "
" ဒါဆိုများများစား "
နီနီကပြောရင်းမှ အေးချမ်းမေသူ့ဘေးမှထိုင်ခုံတွင်ဝင်ထိုင်လိုက်ကာ ထမင်းစားသည်ကိုစောင့်ပေးလာသည်။
မေသူထမင်းဝသွားပြီး ပန်းကန်ဆေးကာ နေရာတကျပြန်ထားပြီးသည်အထိ နီနီက အနားတွင်ရပ်လျှက်သား။
" လျက်ဆားလျက်မလားမမ ရင်ပြည့်နေသေးလား "
အေးချမ်းမေသူက ခေါင်းအသာခါပြ၏။
နီနီသိပါသည်။
မမက အမှန်တကယ်ရင်ပြည့်နေခြင်းမဟုတ်ဘဲ စိတ်မကောင်းလွန်း၍ မစားချင်၊ မသောက်ချင်ဖြစ်နေခြင်းပင်။
" ဒါဆို မမနားရင်နားလိုက်လေ နီနီ အမေ့ဆီသွားပြီး ကူပေးလိုက်အုံးမယ် "
" မမလဲ မနားချင်သေးပါဘူး နီနီနဲ့လိုက်ခဲ့မယ်လေ "
နှစ်ယောက်သား ကူညီမည်ဟုဆိုကာထွက်လာသော်လည်း ဒေါ်ပန်းရုံက အားလုံးနီးပါးပြီးနေလေပြီ။
" အမေ နီနီတို့ ဘာကူရအုံးမလဲ "
" ရတယ် ရတယ် အမေ ပစ္စည်းအားလုံးတော့ သိမ်းဆည်းပြီးသွားပြီ တံမြတ်လှည်းရုံပဲ "
" ဒါဖြင့် ဒေါ်လေးနားလေ မေလေး လှည်းလိုက်ပါ့မယ် "
အေးချမ်းမေသူက ပြောပြောဆိုဆို တံမြတ်စည်းယူလှည်းလိုက်သည်မို့ ဒေါ်ပန်းရုံက ထိုင်ခုံတစ်ခုတွင်သာ အသာထိုင်ကြည့်နေလိုက်၏။
" ကိုကိုလဲ တော်တော်ပင်ပန်းသွားပုံပဲ နေ့ခင်းမအိပ်တတ်တဲ့သူက အိပ်ပျော်နေလိုက်တာ "
နီနီက ခပ်လှမ်းလှမ်းမှ ဒရင်းဘတ်ပေါ်အခန့်သားအိပ်နေသည့် အစ်ကိုဖြစ်သူကိုကြည့်ရင်း ခပ်တိုးတိုးဆိုလာသည်။
ထက်နောင်က ကျောင်းဆရာပေမို့ နေ့ခင်းနေ့လယ်ပိုင်းများတွင် မည်သည့်အခါကမှမအိပ်တတ်။
ထို့ကြောင့်လည်း ကျောင်းပိတ်ရက် ပုပ္ပားမှဆိုင်လေး၌ လာစောင့်ပေးချိန်များတွင် ခဏခဏအိပ်ငိုက်တတ်သည့်နီနီကို အမျိုးမျိုးစနောက်တတ်၍ မောင်နှမနှစ်ယောက်ရန်ဖြစ်ရသည်မှာလည်းခဏခဏ။
" အင်း စောစောကတည်းက အဲဒီမှာထိုင်ရင်း အိပ်ပျော်နေတာပဲ အေးလေ အစစအရာရာ သူပဲစီစဉ်နေရတာလေ မပင်ပန်းဘဲနေပါ့မလားအေ "
ဒေါ်ပန်းရုံပြောစကားကို နီနီက ရောယောင်ကာခေါင်းညိတ်ပြလိုက်ရ၏။
အမှန်က နီနီတစ်ယောက် စောစောက မမကိုသာ အာရုံရောက်နေ၍ အစ်ကိုဖြစ်သူအိပ်နေသည်ကိုပင် သတိမထားမိဘဲ ယခုမှသတိထားမိခြင်းပင်။
အေးချမ်းမေသူကမူ တံမြတ်လှည်းရင်းမှ သားအမိနှစ်ယောက်စကားကို ခပ်ပြုံးပြုံးနားထောင်နေဆဲ။
" ငါ့ကိုကို သနားပါတယ် "
" အမလေး သနားမနေနဲ့ ဒါတောင် ညည်းအစ်ကိုက မနက်ဖြန်ချက်ချင်း ပုပ္ပားကိုပြန်ချင်သေးတာတော် "
" ဟမ် ပြန်တော့မလို့တဲ့လား နီနီက မပြန်ချင်သေးဘူးနော်အမေ့ "
" ဪ ကဲ မပြန်ရပါဘူး မပြန်ရပါဘူးအေ ညည်းကိုလဲပြန်ရမယ်မပြောမိပါဘူး ညည်းအစ်ကိုကသာ သူ့ဘာသာပြန်ချင်နေတာ "
ထိုအခါမှ မည်းတက်သွားသည့်နီနီ့မျက်နှာက ပြန်ဝင်းပလာကာ...
" အာ အဲလိုလား ဒါဆိုမပြန်ဘူးပေါ့ "
" အေး မပြန်ဘူး "
" ကိုကိုကရော ပြန်မှာတဲ့လား "
" သူကတော့ပြန်ချင်တာပေါ့ ဒီမှာမှ သူမရှိလို့မဖြစ်တာကို ရက်လည်မှပြန်ဖို့ တားထားပါတယ်တော် "
" အဲဒါလဲဟုတ်တာပဲနော် ကိုကိုက ဘာလို့ပြန်ချင်နေတာလဲမသိဘူး "
နီနီက မကျေနပ်ဟန်ဖြင့် ခပ်တိုးတိုးရေရွတ်လာ၏။
" ကျောင်းပျက်ရက်များမှာစိုးလို့တဲ့လေ နင့်အစ်ကိုက မနက်ဖြန်ပြန်ပြီး ရက်လည်မှ ပြန်လာမယ်လုပ်သေးတာ "
" ဟင် ပေါင်းတလည် နဲ့ပုပ္ပားက နီးနီးစပ်စပ်ကျနေရော "
" အဲဒါပြောတာပေါ့ ခွင့်သာတိုင်လိုက်လို့တော့ပြောထားတာပဲ ကူးချည်သန်းချည်လုပ်ချင်နေရအောင် အိမ်ဦးနဲ့ကြမ်းပြင်လဲမဟုတ် "
" အမေမှန်တယ် မပြန်ခိုင်းနဲ့ "
" အေးပါအေ ညည်းကတစ်မျိုး တကတည်း သားနဲ့သမီးနှစ်ယောက်ရှိပါတယ် တစ်ယောက်ကနေချင် တစ်ယောက်ပြန်ချင်နဲ့ ဘာလေးတွေမှန်းကိုမသိဘူး "
ဒေါ်ပန်းရုံစကားကြောင့် နီနီက ရယ်ကြဲကြဲလုပ်နေရင်းမှ တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့် ခပ်တိုးတိုးဆိုလာသည်။
" အမေ့ "
" ဟေ "
" အဲလောက်ပြန်ချင်နေတာဆိုတော့လေ ကိုကို့မှာ ရည်းစားများရနေလားမသိဘူးနော် "
နီနီ့စကားသံအဆုံး ဒေါ်ပန်းရုံက ခပ်တွေတွေဖြစ်သွားရင်းမှ...
" ပြောတတ်ပါဘူးအေ ညည်းကဘယ်လိုထင်လို့လဲ "
" နီနီ့အထင်တော့ ကျောင်းပျက်မှာစိုးတာက သက်သက်အကြောင်းပြနေတာသိလား အိမ်လွမ်းတာလဲမဖြစ်နိုင်ဘူး အမေ့သားက အထက်မြန်မာပြည်ကို တစ်ပတ်ကျော်ကျော်ဘုရားဖူးတောင်ထွက်ဖူးသေးတာပဲဟာ သုံးရက်တည်းနဲ့ပြန်ချင်တယ်ဆိုတာတော့ လွန်တာပေါ့ "
" ဟုတ်လောက်ပါဘူးအငယ်မရယ် အခုကဆရာစိတ်နဲ့မို့နေမှာပါအေ "
" ဘယ်ပြောရမလဲအမေရဲ့ ပုပ္ပားမှာ သူ့ကောင်မလေးကျန်ခဲ့လို့ရော မဖြစ်နိုင်ဘူးလား ဟုတ်တယ် အဲဒါဖြစ်နိုင်တယ်နော် "
" ဘာလဲ ထင်တဲ့သူရှိလို့လား "
ဒေါ်ပန်းရုံမေးလာသည့်အခါ နီနီက မေးစေ့ကိုလက်ဖြင့်အသာပွတ်ရင်း စဉ်းစားခန်းဝင်တော့သည်။
သေသေချာချာတွေးကြည့်သည့်အခါတွင်လည်း အစ်ကိုသဘောကျနေလောက်သူ တစ်ယောက်မှမရှိ။
" အမ်း အဲလိုကျတော့လဲ သံသယဖြစ်စရာ ယောက်မလောင်းမတွေ့ပြန်ဘူးအမေရဲ့ ဟဲဟဲ "
" အဲဒါများတော် သူထင်နေတဲ့သူများရှိနေလားလို့ "
" အဲဒါတော့ အမေ့သား သံမဏိနှလုံးသားကြီးအပြစ်လေ ဒီအသက်အရွယ်ထိ ဟုတ်တိပတ်တိရည်းစားမရှိတဲ့အပြင် ရည်းစားဖြစ်လာနိုင်တဲ့သူတောင် တကယ်မရှိဘူး ပြောရမှာတောင်တကယ်ရှက်တယ် "
" ဟဲ့ ဒီကလေးမတော့ ကိုယ့်အစ်ကိုကို အဲလိုပဲပြောရသလား ငါ့သားကအေးလို့ပါအေ "
" ဟွန့် ဟုတ်ရောမဟုတ်လို့လား ရည်းစားရှိတယ်လို့ အထင်ကြီးချင်တာတောင် ကြီးလို့မရဘူး "
နီနီ့စကားကြောင့် ဒေါ်ပန်းရုံအပြင် အနားမှ အေးချမ်းမေသူကပါ ခပ်ဟဟရယ်လာ၏။
" မရယ်နဲ့ မမရဲ့ အဟုတ်ပြောတာ ကိုကိုအိမ်ထောင်ပြုပြီးမှသာ နီနီလက်ထပ်ရရင် အိုတောင်ယူရမယ်မထင်ဘူး "
နီနီတစ်ယောက် အားရပါးရအတင်းဆိုနေစဉ်မှာပင် ထက်နောင်က အိပ်ချင်မူးတူးဖြင့် မျက်လုံးပွင့်လာလေသည်။
ထက်နောင်နိုးလာသည်ကိုမြင်သည်နှင့် နီနီက ချက်ချင်းပင်အနားသွားကာ သူ(မ)သိချင်သည်ကို ခပ်တိုးတိုးစပ်စုတော့၏။
" ကိုကို ကိုကို့ "
" ဟင် "
ထက်နောင်ကလည်း အိပ်မှုန်စုံမွှားဖြင့်ပြန်ထူးလာ၏။
" နင် ရည်းစားရနေပြီလား "
နီနီ့စကားက ခပ်တိုးတိုးဖြစ်သော်လည်း ထက်နောင်တစ်ယောက် အိပ်ချင်စိတ်ပင်ပျောက်ကာ မျက်လုံးများပြူးကျယ်လာပြီး...
" ဟမ် ဘာ ဘာပြောတာ "
" တိုးတိုးပြောပါ နင်ရည်းစားရနေလားလို့မေးတာ "
နီနီ့ပုံစံက အတည်ပေါက်ဟန်ဖြင့် မျက်စပင့်ကာဆိုနေခြင်းပင်။
" ဟာ ဒီအငယ်မ ဘာတွေလျှောက်ပြောနေမှန်းမသိဘူး "
" ငါ့ကိုပဲပြောပြလေ အမေတို့မသိစေရဘူး ကတိ ကတိ "
" သွားစမ်းပါ ရှုပ်ရှုပ်ယှက်ယှက် "
" ပြောပြစမ်းပါ ကိုကိုကလဲ "
မရမကလိုက်မေးနေသည့် ညီမဖြစ်သူကြောင့် ထက်နောင်ခေါင်းသာ တွင်တွင်ကုတ်လိုက်မိသည်။
ထိုအချိန်မှာပင် ကံကောင်းစွာဖြင့် မလှမ်းမကမ်းမှဒေါ်ပန်းရုံကိုမြင်လိုက်ရကာ
" အမေ့ အမေ့သမီး ကျွန်တော့်ကိုလာရှုပ်နေတယ်ဗျို့ ဆူပေးပါအုံး "
" ဟဲ့ အငယ်မ အစ်ကိုကိုသွားမရှုပ်နဲ့လေ အိပ်ပါစေဟယ် လာ လာ ဒီလာခဲ့ "
ဒေါ်ပန်းရုံစကားသံကြောင့် ထက်နောင်တစ်ယောက် အခက်အခဲမှလွတ်သွားသော်လည်း နီနီ့မျက်နှာက စူပုပ်သွားတော့၏။
" အမေက အမြဲတမ်း သူ့ဂေါ်မစွံသားကြီးကိုပဲ ဘက်လိုက်နေတာ "
ပွစိပွစိပြောရင်း ထွက်သွားသည့်နီနီက ထက်နောင်ကို ဒေါသမပါသောမျက်စောင်းလေးထိုးခဲ့ရန်လည်းမမေ့ခဲ့။
20.7.23
Thursday
ရွှန်းလဲ့ကျော်