အပိုင်း - ၁၂

2.8K 159 1
                                    

ထိုနေ့က သူတို့တစ်ဖွဲ့လုံး အချိန်အတော်ကြာသည်အထိ ချုံမတွင်းချောက်ထိပ်၌ ရပ်နေမိကြ‌သည်။

ချုံမတွင်းချောက်ကိုကြည့်နေရင်းမှ ချောက်ပုံအား ဓာတ်ပုံများလည်း တဖျပ်ဖျပ်ရိုက်လိုက်ကြသေး၏။‌

ချောက်ကြီးကိုနောက်ခံပြု၍ လူများနှင့် ဓာတ်ပုံရိုက်ရန်လည်းမမေ့ခဲ့။

တောင်ထိပ်ကြီး၌ ချောက်ရှိနေသည်မို့ တောင်အောက်ရှုမျှော်ခင်းများက အတော်လှနေကာ ဆွဲဆောင်နေသည်မို့ ဓာတ်ပုံမရိုက်ဘဲ မနေနိုင်ကြပါလေ။

ပတ်ဝန်းကျင်အလှအပများအား တမေ့တမောခံစားရင်း ကိုယ်စီ ဖုန်းများ၊ ကင်မရာများဆွဲကိုင်ကာ အလုပ်များနေမိကြသည့် အခိုက်အတန့်ပါပင်။

စပ်စုတတ်သည့် လူးကပ်စ်၏ညာဉ်လေးကြောင့် ချောက်ထဲကိုပင် ကုန်းကုန်းကွကွဖြင့် ပြူးပြဲကြည့်မိခိုက် နောက်ဘက်မှဆွဲထားသည့် တစ်စုံတစ်ရာကြောင့် ပြန်ကြည့်လိုက်မိသည့်အခါ သူ့အင်္ကျီစကိုဆွဲထားသည့် ထက်နောင်အား မြင်လိုက်ရသည်။

" သိပ်လဲ အရဲမကိုးနဲ့ဗျ ချောက်ထဲပြုတ်ကျရင် သေလိမ့်မယ် "

ခပ်ပြုံးပြုံးပြောလာသည့် စကားသံတို့၌ အပြစ်တင်သံတစ်စုံတစ်ရာ ပါဝင်မနေ။

လူးကပ်စ် မျက်လုံးလေးများမှိတ်ကျသွားသည်ထိ ရယ်ပြလိုက်ရင်း...

" ဟိုးအောက် ခြေ မှာ ဘာ ရှိသလဲ သိချင် လို့ "

" အဲ့ဒီတော့ ဘာမြင်ရလဲ "

" ဟင့်အင်း  မည်းမည်း ကြီး "

ဟာသမပါသည့် လူးကပ်စ်အဖြေကို ထက်နောင် ပခုံးသားများ လှုပ်ခါသည်အထိ သဘောတကျရယ်နေပြန်၏။

လူးကပ်စ် မျက်မှောင်လေးကုတ်လိုက်ကာ...

" အစ်ကို ဘာ ရယ်တာ လဲဗျ "

" မဟုတ်ပါဘူး  ဒီအတိုင်း လူးကပ်စ်ပုံစံလေးက သဘောကျစရာကောင်းလို့ "

ရိုးရိုးသားသားအဖြေတစ်ခုက လူတစ်ယောက်၏ ပါးပြင်ကို ရဲရဲတက်သွားစေကာ ခေါင်းငုံ့ကျသွားစေကြောင်း အညာသားကြီးမသိခဲ့ပါလေ။

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Where stories live. Discover now