အပိုင်း- ၄

4.5K 296 7
                                    


မြန်မာ့ပုဂံဟိုတယ်ကြီး၏ အပေါ်ဆုံးထပ်ရှိ သီးသန့်အခန်းကြီးတွင်ဖြစ်သည်။

ခေတ်မီလှပလွန်းသလောက် နေရာလည်းကျယ်ဝန်းလှသည့်ထိုအပေါ်ထပ်ကြီး၏ ထမင်းစားခန်းတွင်ကား မြန်မာဝတ်စုံ ချိတ်ထဘီနှင့် ရင်စေ့အင်္ကျီကို သေသေသပ်သပ်ဝတ်ဆင်ကာ နောက်တွဲဆံထုံးအား ရိုးရိုးရှင်းရှင်းထုံးဖွဲ့ထားသည့် အသက်လေးဆယ်ကျော်အရွယ် အဒေါ်ကြီးတစ်ဦးနှင့် ထိုအဒေါ်ကြီးရှေ့တွင်မူ ပုဆိုးကိုခါးပတ်ဖြင့် လျော့ရိလျော့ရဲပတ်ထားသည့် ဝါဖျော့ဖျော့မျက်ဆန်ပိုင်ရှင် ကောင်လေးနှစ်ဦးသာ ရှိနေလေ၏။

ဟုတ်လေသည်။
မြန်မာ့ပုဂံဟိုတယ်၏ အပေါ်ဆုံးထပ်ကြီးသည်ကား ဟိုတယ်ပိုင်ရှင် ဒေါ်ထွေးရီမော်နှင့် သားဖြစ်သူ လူးကပ်စ်တို့နှစ်ဦးသာနေခွင့်ရှိသည့် အထူးသီးသန့်နေရာတစ်ခုပင်မဟုတ်ပါလား...

ယခုလည်း ထိုအပေါ်ထပ်အထူးခန်းရှိ ကျယ်ဝန်းလှသည့်ထမင်းစားခန်းကြီး၌ သားအမိနှစ်ဦးတည်း အတူစားသောက်နေရာမှ လူးကပ်စ်က ရှေ့ဘက်မှကင်းမွန်တစ်တုံးကို အသာယူဝါလိုက်ရင်း ဟိုတယ်အပြင်ဘက်ဆီ ငေးကြည့်နေမိ၏။

ခင်ဗျားနဲ့ ကျွန်တော်မတွေ့ဖြစ်တာ နှစ်ရက်ရှိပြီ အစ်ကို

စံကားဝါပန်းတွေ ပို့ပေးမယ်ပြောပေမဲ့ အခုထိလည်း ရောက်မလာဘူးနော်

စကားမတည်တဲ့အစ်ကို့ကို မုန်းချင်ပေမဲ့ ဘယ်လိုအင်အားနဲ့ မုန်းနိုင်မှာတဲ့လဲလေ

" မွန်ဖျိ "
( mon fils- သား )

" ဗျာ မဲ့ရ် "

" စားလေ မွန်ဖျိရဲ့ စားမကောင်းဘူးလားဟမ် လမ်းဘက်ဆီတငေးငေးနဲ့ ပျင်းနေပြီလား ဘာလဲ ဟိုစကားလို မင့်ကြက်ဖကြီး အစာလဲမစား အောက်အီးလဲမတွန် ဌာနေကိုလွမ်းရောထင့်ဆိုသလိုများ ဖြစ်နေလေသလားကွယ် ဟမ် "

" မပျင်း ပါဘူး မဲ့ရ်ရဲ့ စောစော ကပြောတဲ့ အစာ လဲ မစား အောက်အီး လဲ မတွန် အဲဒါ ဘာလဲ မဲ့ရ် "

ဒေါ်ထွေးရီမော်က မြန်မာသံမပီ့တပီဖြင့်ဆိုလာသည့် တစ်ဦးတည်းသောသားဖြစ်သူကို ချစ်ခင်မြတ်နိုးစွာကြည့်လိုက်ကာ ခပ်ပြုံးပြုံးဆိုလာ၏။

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Where stories live. Discover now