အင်မော်တယ်ဖေဖေ စာစဉ်(၂၇) အပိုင်း(၁၁)
အခန်း(၃၄၃-ဂ)
သို့သော် သူပို၍ လှုပ်ရှားသည်နှင့်အမျှ သူကိုယ်တိုင်ပင် မသိလိုက်ဘဲ တဖြည်းဖြည်းနှင့် အရှိန်အဟုန်တိုးတက်လာသည်။ ထို့ပြင် ၎င်းတို့အား ကြုံသလို ရှုပ်ယှက်ခက် တိုက်ခိုက်နေသည့်အစား လှုပ်ရှားမှုများကို ထိန်းချုပ်တတ်လာ၏။ သူသည် လက်သီးကိုထိုးပြီးနောက် နောက်လက်သီးမထိုးမှီ ခွန်အားနှင့် ရှုထောင့်ကို ချိန်ညှိတတ်လာသည်။
နှေးကွေးသော်လည်း တိုက်ပွဲစွမ်းရည်မှာ တိုးတက်လာပေသည်။
နောက်ထပ် နှစ်မိနစ်ခန့် တိုက်ခိုက်ပြီးနောက် ကျန့်ဇုန်ဟောင်မှာ မောပန်းစပြုလာ၏။
ဤကဲ့သို့ ပြင်းထန်သည့် တိုက်ပွဲကြောင့် သူ၏ကာယကြံ့ခိုင်မှုမှာ လျင်မြန်စွာ လျော့ကျလာခဲ့သည်။
"သေစမ်း။ တော်တော်ခက်ခဲတဲ့ တိုက်ပွဲပဲ"
ကျန့်ဇုန်ဟောင်သည် တာဟေး၏လက်သီးချက်အား တားဆီးရန် ကြိုးစားလိုက်သည့်အခါ နောက်သို့ ခုနှစ်းဆုတ်လိုက်ရင်း တိုးတိုးလေး ကျိန်ဆဲလိုက်၏။
ဂေါ်ရီလာမှာ အားနည်းချက်အချို့ရှိလိမ့်မည်ဟု ယုံကြည်ပြီး တိုက်ပွဲအတွင်း၌ ရှာဖွေရန် အကြိမ်ကြိမ် သူကြိုးစားခဲ့သည်။ ဂေါ်ရီလာက သူ၏ခြေထောက်ကို ဘေးတိုက်ရွေ့လိုက်သည်နှင့် သူသည် ၎င်း၏ ခွကြားနဲ့ တင်ပါးကို တိုက်ခိုက်သော်လည်း အချည်းအနီးပင်။
ထိုအချိန်အတွင်း၌ နောက်ဘက်တွင် ကျောက်ဖုန်းနှင့်အတူရပ်နေသော ကျန်းဟန်သည် မြင်ကွင်းအား ကြည့်ကာ စိတ်ကျေနပ်စွာပြုံးလိုက်၏။
"ကောင်းတယ်။ ဒီမာစတာကျန့်က တာဟေးကို တိုးတက်အောင် ကူညီပေးနိုင်တာပဲ"
"သူ့ရဲ့အားနည်းချက်က..."
ကျန့်ဇုန်ဟောင်သည် တာဟေးအား စိုက်ကြည့်ရင်း ရုတ်တရက် သူ၏မျက်လုံးများက တာဟေး၏မျက်လုံးများကို စူးစိုက်လာသည်။
"ဝူး ဝူး"
ခဏအကြာတွင် တာဟေးက ခြေတစ်လှမ်းလှမ်းလိုက်ပြီး ပြေးဝင်လာသည်။
ကျန့်ဇုန်ဟောင်သည် ဂေါ်ရီလာအား စိုက်ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် အေးစက်စက်အပြုံးတစ်ခု ပေါ်လာသည်။ ထိုနောက် သူသည် လက်မောင်းအား လှုပ်ရှားလိုက်ပြီး အင်္ကျီလက်မောင်းထဲရှိ လျှို့ဝှက်အိတ်ထဲမှ မြှားကဲ့သို့သော လက်နက်ပုန်းနှစ်ကို ထုတ်ယူလိုက်သည်။
တာဟေး သူ့ဆီ ပြေးဝင်လာစဉ် သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"သေလိုက်တော့"
သူသည် လက်ကိုဆန့်တန်းလိုက်ပြီး ချက်ချင်းပင် အလင်းတန်းနှစ်ခုက တာဟေး၏မျက်လုံးများဆီသို့ လျှပ်စီးပမာ ပြေးဝင်သွားသည်။
ထိုအခိုက်တွင်...
လူအားလုံးမှာ ထိတ်လန့်မှုဖြင့် အသက်ရှုပင်ကြပ်သွားကြ၏။
နောက်အခိုက်အတန့်တွင် လက်နက်ပုန်းနှစ်ခုက ဂေါ်ရီလာ၏မျက်လုံးများကို ထိုးဖောက်သွားလိမ့်မည်ဟု အားလုံး ခံစားလိုက်ရသည်။
"အိုး မဟုတ်ဘူး"
ကျောက်ဖုန်း ထိတ်လန့်သွားပြီး အော်လိုက်၏။
ကျန်းဟန်၏မျက်လုံးများပင် အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ကျန့်ဇုန်ဟောင်သည် လက်နက်ပုန်းများအား အသုံးပြုသည့်အချိန်က သူသည် ရတနာအနံ့ခံနှာခေါင်းအား နှိုးဆွကြည့်ခဲ့ပြီး ၎င်းတို့မှာ သာမန်လက်နက်များသာဖြစ်သည့်အတွက် သူ ဘာမှ မလှုပ်ရှားခဲ့ချေ။
၎င်းတို့သာ စိတ်ဝိဉာဉ်လက်နက်များဖြစ်ပါက တာဟေး ခုခံနိုင်မည်မဟုတ်ပေ။ သို့သော် ၎င်းသည် သာမန်လက်နက်မျှသာဖြစ်သော်လည်း တာဟေးမှာ ၎င်းတို့ကြောင့် နာကျင်မှုကို ခံစားရစေနိုင်သေးသည်။
"အဲဒါလည်း မဆိုးပါဘူး။ နာကျင်မှုကပဲ သူ့ကို တိုက်ခိုက်ဖို့အတွက် အရည်အချင်းတွေလိုအပ်နေသေးတယ်ဆိုတာ သတိပေးလိမ့်မယ်"
လူတိုင်း၏အာရုံစူးစိုက်မှုအောက်တွင် လက်နက်ပုန်းနှစ်ခုသည် အေးစက်စက်အလင်းရောင်ဖြင့် တာဟေး၏မျက်လုံးများဆီသို့ ပျံသန်သွား၏။
၎င်းကိုမြင်သည့်အခါ တာဟေးက မျက်လုံးများကို အမြန်မှိတ်လိုက်သည်။
ဝှစ် ဝှစ်
တိုးညှင်းသည့် အသံနှစ်ခု ထွက်ပေါ်လာသည်။
အိတ်တောင်မြှားနှစ်ချောင်းသည် တာဟေး၏မျက်ခွံပေါ်၌ နစ်မြှပ်သွား၏။
မျက်လုံးများမှာ အနုနယ်ဆုံးအပိုင်းဖြစ်သည်။ ဤအခိုက်တွင် တာဟေးမှာ သည်းမခံနိုင်သည့် နာကျင်မှုအား ခံစားလိုက်ရ၏။
"အူး...."
တာဟေး အော်ဟစ်လိုက်ပြီး မျက်လုံးအား ပွတ်လိုက်သည်။ မျက်လုံးပြန်ဖွင့်လိုက်ပီဲးနောက် သူ၏မျက်လုံးများမှာ နီရဲလာပြီး ကျန့်ဇုန်ဟောင်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ချေ။
"အူး...ဝူး ဝူး..."
တာဟေး လုံးဝ စိတ်တိုသွား၏။
သူသည် ကျန့်ဇုန်ဟောင်အား ကြည့်ကာ အကြိမ်အနည်းငယ် အော်ဟစ်လိုက်သည်။
"သူ့ကိုသတ်ဖို့ အကောင်းဆုံးအချိန်ပဲ"
ကျန့်ဇုန်ဟောင်သည် ညာလက်ကို ဆန့်ထုတ်ကာ နောက်ကျောဘက်မှ ၀.၃ မီတာရှည်သည့် ဓားမြှောင်ကို ထုတ်ယူလိုက်၏။ သူ၏မျက်နှာထက်တွင် ယုတ်မာသည့်အပြုံးတစ်ခုပေါ်လာပြီး တာဟေးဆီသို့ ပြေးဝင်သွားသည်။
အနားသို့ရောက်သည့်အခါ တာဟေး၏လည်ပင်းထဲသို့ ဓားမြှောင်ဖြင့် ထိုးစိုက်လိုက်သည်။
သာမန်လူတစ်ယောက်သာဆိုလျှင် လည်ပင်းအား ဓားဖြင့်အထိုးခံရပါက အခင်းဖြစ်ပွားရာနေရာတွင် ပါရဂူဆရာဝန်ကြီးတစ်ယောက်ရှိနေလျှင်ပင် အသက်သေဆုံးသွားနိုင်သည်။
ထိုနောက် ကျောက်ဖုန်း၏မျက်နှာမှာ ဖြူဖျော့သွားပြီး အော်စစ်လိုက်၏။ "ဆရာ သူ့ကို ကယ်ပါဦး"
တာဟေးက သူ့အား အမြဲတမ်း တွန်းထုတ်အနိုင်ကျင့်လေ့ရှိသော်လည်း ဤအခိုက်အတန့်တွင် ကျောက်ဖုန်း၏နှလုံးခုန်နှုန်းများ မြန်ဆန်လာ၏။ ရက်အနည်းငယ်ကြာအောင် ထိတွေ့ဆက်ဆံပြီးနောက် သူသည် တာဟေးအား အလွန်သဘောကျလာသည်။
ကျန်းဟန်သည် ထိုအချိန်၌ လှုပ်ရှားမှုအချို့ပြုလုပ်လိုက်၏။ သူသည် ရှေ့သို့ ခြေလှမ်းငါးလှမ်း တိတ်တဆိတ်လှမ်းလိုက်ပြီး အခင်းဖြစ်ရာနေရာသတို့ ဂရုတစိုက်ကြည့်လိုက်၏။
လူများ၏အကြည့်များအောက်တွင် ဓားမြှောင်မှာ တာဟေး၏လည်ပင်းနှင့် နီးကပ်လာသည်။
အားလုံးမှာ ဓားမြှောင်ပေါ်ရှိ အေးစက်မှုကိုပင် ခံစားလိုက်ရသည်။
နောက်အခိုက်အတန့်တွင် သွေးထွက်သံယိုမြင်ကွင်းကို မကြည့်ရဲသည့်လူအချို့မှာ မျက်လုံးများပင် မှိတ်ထားလိုက်ကြ၏။
သို့သော်...
ဓားမြှောင်မှာ တာဟေး၏အရေပြားအား ထိုးဖောက်ခါနီးတွင် သူ၏မျက်လုံးများ ပြူးကျယ်လာပြီး ကမ်းခြေ၌ လေ့ကျင့်နေသော လူများ၏လှုပ်ရှားမှုမျာကို ရုတ်တရက် တွေးမိသွားသည်။
ဝှစ်...
တာဟေးသည် လျင်မြန်စွာ ဘေးတိုက်လှုပ်ရှားလိုက်ပြီး ခန္ဓာကိုယ်အား နှိမ့်ချလိုက်၏။
ခြေထောက်တစ်ဖက်အား ကွေးကာ နောက်ပြန်မှီလိုက်ပြီး နောက်ပြန်လိမ်၍ပျံသန်းနေသည့်ဟန်ကို လှုပ်ရှားလိုက်သည်။
အရေးကြီးသည်မှာ သူ၏လှုပ်ရှားမှုမဟုတ်ဘဲ သူ၏ပျော့ပြောင်းမှုပင်။
ထိုကဲ့သို့ လျင်မြန်သော လှုပ်ရှားမှုများပြုလုပ်နေသည့် ဂေါ်ရီလာတကယ်မှာ အမှန်တကယ် အံ့အားသင့်စရာကောင်းလှသည်။
ဂေါ်ရီလာအား ဓားဖြင့်မထိုးနိုင်သည်ကို တွေ့လိုက်ရပြီးနောက် ကျန့်ဇုန်ဟောင် အနည်းငယ် အံ့အားသင့်သွား၏။
သူ၏အစီအစဉ်ကို ပြောင်းလိုက်ပြီး ၎င်း၏ကိုယ်အောက်ပိုင်းကို ဓားဖြင့်ထိုးရန် ကြိုးစားလိုက်ပြန်သည်။ သို့သော် သူ ခေါင်းငုံ့လိုက်သည့်အချိန်တွင် တာဟေး၏ခြေထောက်များအားမြင်လိုက်ရပြီး သူငယ်အိမ်များကျုံ့သွား၏။
ထိုနောက် တာဟေးသည် ညာဖက်ခြေထောက်အား ဆန့်ထုတ်ကာ ကျန့်ဇုန်ဟောင်၏ခွကြားသို့ ကန်ထုတ်ရန် ပြင်လိုက်သည်။
"ဘာ"
ကျန့်ဇုန်ဟောင် အံ့အားသင့်သွား၏။
ဂေါ်ရီလာ၏ခြေထောက် နီးကပ်လာသည်ကိုမြင်သည့်အခါ လက်ထဲရှိ ဓားမြှောင်ကို အမြန်လွှင့်ပစ်လိုက်ပြီး သူ၏အရေးကြီးအစိတ်အပိုင်းကို လက်နှစ်ဖက်ဖြင့် ကာလိုက်သည်။
"ချီးပဲ။ ငါ သူကန်တာခံလို့မဖြစ်ဘူး"
"သူသာ ကန်မိရင် ငါတော့ မျိုးဆက်ပြတ်ပြီး သေရလိမ့်မယ်"
ထိုမြင်ကွင်းကြောင့် ပရိသတ်များအားလုံး အံ့အားသင့်သွား၏။
"ဂေါ်ရီလာတစ်ကောင်က လူတွေကို ဒီလိုအရေးကြီးအစိတ်အပိုင်းကို တိုက်ခိုက်ဖို့ ဘယ်တုန်းက စပြီး သင်ယူလိုက်တာလဲ"
လူတိုင်း၏အကြည့်များအောက်တွင် ကျန့်ဇုန်ဟောင်၏လက်များသည် တာဟေး၏ခြေဖဝါးနှင့် တိုက်မိသွားသည်။
သူ၏ခုခံအားမှာ တာဟေးလောက် မသန်မာချေ။ ထို့အပြင် တာဟေး၏ခြေထောက်များနှင့်ယှဉ်ပါက သူ၏လက်များမှာ အလွန်အားနည်းသည်။
ကျန့်ဇုန်ဟောင်၏လက်များမှာ ပြင်းထန်စွာ အကန်ခံလိုက်ရပြီး တွန်းထုတ်ခံလိုက်ရသည်။
"ဖောင်း"
ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာ၏။
သူ၏ခွကြားသို့ သူ၏လက်များဖြင့် ပြန်၍ ရိုက်နှက်မိသွားသည်။
"အား..."
ကျန့်ဇုန်ဟောင်မှာ နောက်ပြန်ခုန်ရန် ထိုအားကို အသုံးပြုရန်ကြံစည်ခဲ့သော်လည်း ထိုနေရာမှာ ကြီးမားသည့်နာကျင်မှုကြောင့် တစ်ကိုယ်လုံး တုန်ယီသွား၏။
"နာတယ်"
"အရမ်းနာတယ်"
"လုံးမ မခံနိုင်ဘူး"
ကျန့်ဇုန်ဟောင်မှာ အော်ဟစ်ကာ ခုနှစ်မီတာအကွာရှိ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ခွကြားကိုကိုင်၍ အော်ဟစ်နေတော့သည်။
ထိုအခိုက်တွင် အားလုံးမှာ အေးစက်မှုကိုခံစားလိုက်ရ၏။ သူတို့ခန္ဓာကိုယ်အောက်ပိုင်းမှ ထုံကျဉ်လာသည်ကိုပင် ခံစားလိုက်ရသည်။
"အား...."
ကျန့်ဇုန်ဟောင်သည် ဖျော့တော့သည့်မျက်နှာဖြင့် မတ်တပ်ထရပ်ကာ တာဟေးအား မကျေမနပ်ကြည့်၍ အော်ဟစ်လိုက်သည်။
"ငါ့အတွက် သူ့ကိုသတ်စမ်း"
သူအော်ပြောလိုက်သည်နှင့်...
မုဝူနှင့် ဟွမ်ချီအပါမဝင် နက်နဲအဆင့်ရှိ မာစတာလေးယောက်မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး တာဟေးဆီသို့ ပြေးဝင်သွားကြသည်။
ကျန့်ဇုန်ဟောင်သည် ပြင်းထန်သည့် နာကျင်မှုကို အောင့်အီးသည်းခံကာ ကြမ်းကြုတ်သည့်မျက်နှာဖြင့် ပြေးဝင်သွားသည်။
သူသည် နောက်ထပ်တိုက်ခိုက်မှုများတွင် ထိုစက်ဆုပ်ဖွယ်ဂေါ်ရီလာကို သတ်ပစ်ရန် ကြံစည်ခဲ့သည်။
-အခန်း(၃၄၃-ဂ)ပြီး