အပိုင်း(၂၈၆)တနင်္ဂနွေနေ့ရောက်လာပြီ
ကျန်းဟန်သည် ထိုနေရာသို့လျှောက်သွားကာ ပါဝင်ပစ္စည်းများကို ကြည့်လိုက်သည်။
ထိုနောက် ရေချိုးခန်းသို့ လက်သွားဆေးလိုက်ပြီး ပြင်ဆင်ရန်အတွက် ပစ္စည်းများဆီသို့ ပြန်လာသည်။
ကျန်းဟန်က ကျောက်ဖုန်းနှင့်အခြားသူများရပ်နေသည့်နေရာသို့ လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။ "ကိတ်မုန့်ဖုတ်တာက တော်တော်ကြာလိမ့်မယ်။ အခု အစောကြီးရှိသေးတယ်။ မင်းတို့ သွားနားသင့်တယ်"
"ရှုရုံ သူတို့ကို အနားယူဖို့ ပြန်ခေါ်သွားလိုက်ပါ" ကျောက်ဖုန်းက ရှုရုံအား ပြောလိုက်သည်။
"ဟုတ်..." ရှုရုံစကားပြောလုဆဲဆဲမှာပင်။
အားဟူက ပြောလိုက်သည်။ "ရပါတယ်သူဌေး။ ကျွန်တော်တို့ သူဌေးကိတ်မုန့်ဖုတ်တာကို ကြည့်ချင့်နေတာ။ ကျွန်တော်တို့ စောင့်နေတာ အတော်ကြာပြီ"
"ဟုတ်တယ် သူဌေး။ ကျွန်တော်တို့ မအိပ်ချင်ပါဘူး။ သူဌေးနဲ့ အတူတူနေပါ့မယ်"
"ကျွန်မတို့လည်း သူဌေး ဘယ်လိုကိတ်မုန့်မျိုးလုပ်မလဲ ကြည့်ချင်နေတာ။ အရမ်းရိုမန့်တစ်ဆန်တယ်။ ကျွန်မတို့လည်း ကြည့်ချင်တယ်" မိန်းကလေးနှစ်ယောက်က ရယ်မောကာ ပြောသည်။
"အင်း"
ကျန်းဟန်က ခေါင်းညိတ်လိုက်ပြီး သူတို့အား အာရုံမထားတော့ချေ။
သူ ကိတ်မုန့်လုပ်တော့မည့်အချိန်တွင် တစ်ချိန်လုံးတိတ်ဆိတ်နေသည့် နည်းပြလျိုက မေးလိုက်သည်။ "သူဌေး ငါ ကူညီပေးရဦးမလား"
ထိုစကားကိုပြောလိုက်ပြီးနောက် ကျောက်ဖုန်းနှင့်အခြားသူများမှာ သူ့အား ချက်ချင်းလှည့်ကြည့်ကြသည်။ သူတို့၏မျက်လုံးထဲတွင် သူ၏စကားအသုံးအနှုန်းမှာ အလွန်သိသာလွန်းနေလေသည်။
"အဟမ်း ငါပြောတာ ငါကူပြီးပြင်ဆင်တာဘာညာလုပ်ပေးလို့ရတယ်။ လက်ထောက်အနေနဲ့လုပ်ပေးမယ်ပြောတာပါ" ယခုမှ နည်းပြလျိုမှာ သဘောပေါက်သွားပြီး ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်ကာ ရှင်းပြသည်။
"ရပါတယ်။ ငါကိုယ်ဘာသာပဲ လုပ်လိုက်မယ်" ကျန်းဟန်က ရယ်မောလိုက်ကာ အလုပ်စလုပ်တော့သည်။
ကိတ်မုန့်လုပ်နည်းမှာ မရှုပ်ထွေးချေ။
ကျန်းဟန်သည် သံဇလုံတစ်ခုကိုယူကာ နွားနို့ကြိုပြီးသားနှစ်ပုလင်းလောင်းထည့်၍ ပြောင်းဖူးဆီအနည်းငယ်ထည့်လိုက်သည်။ သူသည် သကြားအား တစ်ဖက်တွင် ချထားလိုက်၏။
သူလုပ်ချင်သည့် ကိတ်မုန့်မှာ အတော်လေးကြီးသည်။ လက်မသုံးဆယ်ခန့်ရှိလိမ့်မည်ဟု ခန့်မှန်းထားသည့်အတွက် ပါဝင်ပစ္စည်းများစွာလိုအပ်သည်။
ဒုတိယအဆင့်အနေနှင့် ကြက်ဥဖောက်၍ ဇလုံတစ်ခုတွင် ကြက်ဥအနှစ်ကိုထည့်ကာ အခြားဇလုံတစ်ခုတွင် ကြက်ဥအဖြူကိုထည့်သည်။
ဘလန်ဒါကိုယူကာ ကြက်ဥအဖြူကို အမြှုပ်ထအောင် မွှေသည်။ ထိုနောက် သကြားအတန်သင့်ထည့်ကာ ခဏထပ်မွှေလိုက်ပြီး ခရင်မ်ဖြစ်သွားအောင်လုပ်လိုက်၏။
ကျန်းဟန်သည် နွားနို့ထည့်ထားသည့်အိုးထဲသို့ ကြက်ဥအနှစ်ကိုထည့်ကာ ကောင်းကောင်းမွှေလိုက်သည်။ ထိုနောက် ဂျုံမှုန့်တစ်ထုပ်ကိုယူကာ အိုးတစ်ဝက်ခန့်ထည့်၍ နှံ့အောင်မွှေလိုက်ပြီး ခရင်မ်အနည်းငယ်ထပ်ထည့်ကာ ထပ်၍မွှေသည်။ ထိုနောက် လက်မသုံးဆယ်အရွယ်ခန့်ရှိ ပုံစံခွက်သုံးလုံးကိုယူကာ မွှေထားသည်များကို လောင်းထည့်၍ ကြိုတင်အပူပေးထားသည့်မီးဖိုပေါ်သို့ တင်လိုက်၏။
ဤအဆင့်များပြီးနောက် တစ်နာရီအကြာတွင် အဝါရောင်ကိတ်မုန့်ဝိုင်းသုံးလုံးကိုယူ၍ ဘုတ်ပြားပေါ်တင်လိုက်၏။
ကျန်းဟန်သည် ကိတ်မုန့်အတွက် ပလက်စတစ်ပန်းကန်ပြားကိုယူကာ ကိတ်မုန့်ပထမအလွှာကိုတင်လိုက်ပြီး ခရင်မ်တစ်လွှာကိုထည့်လိုက်သည်။ ထိုနောက် ကိတ်မုန့်ဒုတိယတစ်လွှာကိုတင်ကာ ခရင်မ်နောက်တစ်လွှာကိုထည့်လိုက်ပြီး တတိယကိတ်မုန့်လွှာကိုတင်လိုက်၏။
ဤသို့ဖြင့် စလင်ဒါပုံစံကိတ်မုန့်ရသွားသော်လည်း ၎င်းမှာ ကျန်းဟန်လိုချင်သည့်ပုံစံမဟုတ်ချေ။
ကျန်းဟန်သည် ကိတ်မုန့်အား ဓားရှည်ဖြင့် ဖြည်းဖြည်းချင်း လှီးလိုက်သည်။ ကိတ်မုန့်အနားသတ်များမှာ တဖြည်းဖြည်း ကွေးလာသည်။ နှစ်မိနစ်အကြာတွင် ကိတ်မုန့်မှာ ခပ်နိမ့်နိမ့်တောင်တန်းများကဲ့သို့ ပုံစံပေါ်လာ၏။
၎င်းမှာ လဆန်းတောင်ပင်။
ကျောက်ဖုန်းသည် ၎င်းကိုကြည့်လိုက်ရာ ကိတ်မုန့်၏ပုံစံက လဆန်းတောင်၏ပုံစံဖြစ်နေသည်ကို တွေ့လိုက်ရ၏။
"မင်း နည်းနည်းလောက် မြည်းကြည့်ချင်လား" ကျန်းဟန်သည် ကျောက်ဖုန်းအား တစ်ချက်ကြည့်လိုက်ပြီး တစ်ဖက်တွင် လှီးချထားသည့် ကိတ်မုန့်အစများကို ညွှန်ပြလိုက်သည်။
"ကောင်းပြီ"
ကျောက်ဖုန်းပြုံးလိုက်၏။ သူလျှောက်သွားလိုက်ပြီး ကိတ်မုန့်အိုးတစ်ခုကိုယူလိုက်သည်။
"ကဲလာ အားလုံး မြည်းကြည့်ကြ"
ကျောက်ဖုန်းက အခြားသူများအား ကိတ်မုန့်များပေးသည်။ ကိတ်မုန့်အစများမှာ အများကြီးရှိသည်ဆိုသော်လည်း ဤနေရာတွင် လူ ၅၀ ကျော်ရှိနေသည်ကို မေ့မထားသင့်ချေ။ ထို့ကြောင့် လူတိုင်း ကိတ်မုန့်နည်းနည်းစီသာ စားလို့ရပေသည်.
"ဝိုး အရမ်းကောင်းတာပဲ။ သူဌေး ကိတ်မုန့်က အရမ်းအရသာရှိတယ်။ မင်းက တကယ်ကိုအံ့ဩဖို့ကောင်းတာပဲ" နည်းပြလျိုမှာ စားနေရင်းဖြင့် ကျန်းဟန်အား လက်မထောင်ပြသည်။
အခြားသူများကလည်း ဤကိတ်မုန့်သည် သူတို့စားဖူးသမျှတွင် အကောင်းဆုံးဖြစ်ကြောင်း ချီးမွမ်းမဆုံးဖြစ်နေကြ၏။
ကျန်းဟန်သူတို့အား ကြည့်ကာ တစ်ချက်ပြုံးလိုက်သည်။ ကြက်ဥ၊ နို့နှင့် အခြားပါဝင်ပစ္စည်းများ၏အနံ့သင်းသင်းလေးမှာ ခံတွင်းထဲသို့ စိမ့်ဝင်သွား၏။ အနည်းငယ် ချိုစိမ့်သော်လည်း အရမ်းကြီးမချိုလွန်းချေ။ ကိတ်မုန့်အား တစ်ကိုက်လေးကိုက်ရုံဖြင့် လူများ ချက်ချင်းနှစ်ချိုက်သွားစေသည်ဟုပြောလျှင် လွန်မည်မထင်ချေ။
"မဆိုးဘူး"
ကျန်းဟန်က စားပြီးသည်နှင့် အလုပ်ပြန်စသည်။
အခြားဘုတ်ပြားတစ်ခုပေါ်တွင် ကျန်းဟန်လိုအပ်သည့် သစ်သီးဝလံများနှင့် အသီးအရွက်တစ်ချို့ရှိသည်။
သူသည် မုန်လာဥနီကိုယူကာ ဘေးမှ ဓားတစ်ချောင်းဆွဲထုတ်လိုက်သည်။ ကျန်းဟန်၏လက်မှာ လျင်မြန်စွာ လှုပ်ရှားသွား၏။ ဓားရောင်တစ်လက်လက်က အားဟူနှင့်အခြားသူများအား မျက်စိစူးသွားစေသည်။
သူသည် ဓားအား လျင်မြန်စွာ လှုပ်ရှားနေသည်။
နည်းပြလျိုမှာ ပါးစပ်ကြီးဟလျက်ဖြစ်နေ၏။
သူဌေးသည် ဓားမာစတာတစ်ယေဦက်ဖြစ်လိမ့်မည်ဟု ခံစားရသည်။
ငါးစက္ကန့်အကြာတွင် သစ်ပင်တစ်ပင်ပုံစံထွက်လာသည်။ ပင်စည်နှင့် အကိုင်းအခတ်များအားလုံးရှိပြီး အကိုင်းအခက်များမှာ ဆံချည်မျှင်ကဲ့သို့ ပါးလျသော်လည်း ၎င်းတွင် အရွက်များမရှိချေ။
ထို့ပြင်သစ်ပင်၏အမြစ်သည် တံစူးတစ်ခုပုံသဏ္ဍာန်ရှိသည်။ တစ်ခုပြီးသွားသည်နှင့် ကျန်းဟန်က ကိတ်မုန့်ထဲသို့ ဂရုတစိုက်ထည့်သည်။
ဤသို့ဖြင့် အရွက်မပါသည့် သစ်ပင်အချို့ကို ဖန်တီးကာ ကိတ်မုန့်တစ်ဝိုက်တွင် စိုက်ပျိုးလိုက်သည်။
ထိုနောက် ပန်းသီး၊ ဖရဲသီးနှင့် အခြားအသီးအနှံ့များ၊ ပန်းများစွာကို ထွင်းကာ ကိတ်မုန့်ပေါ်တွင် ညင်သာစွာ နေရာချထားသည်။
၎င်းက ကိတ်မုန့်အား လဆန်းတောင်၏ယေဘူယျကောက်ကြောင်းကို ဖော်ပြသွားစေသည်။
ဤသို့ဖြင့် လဆန်းတောင်ပေါ်ရှိ အရာများကို တစ်ခုပြီးတစ်ခု ပေါင်းထည့်ခဲ့သည်။
ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ကျန်းဟန်သည် ဝက်၊ နွား၊ သိုး၊ ကြက်၊ ဘဲ၊ ငန်း၊ ခွေး စသဖြင့် ပုံစံအမျိုးမျိုးရှိသည့် ဘီစကွတ်အသေးလေးများကို စိတ်ကြိုက်ပြင်ဆင်ထားခဲ့သည်။ တိုင်ဟူနွားနက်၊ သိုးဝက်များ၏အရောင်အသွေးကွဲပြားမှုကိုပင် ပြသနေသည်။ ၎င်းတို့အား တောင်နောက်ဘက်ဧရိယာတွင် တစ်ခုပြီးတစ်ခု နေရာချထား၏။
မကြာမီတွင် လဆန်းတောင်ကြီးတစ်ခုလုံး၏မြင်ကွင်းက ကိတ်မုန့်ပေါ်တွင် ကွက်ကွက်ကွင်းကွင်းပြသထားလေသည်။
"ဘုရားရေ။ တကယ်ကိုထူးခြားလွန်းတဲ့ကိတ်မုန့်ပဲ"
"သူဌေးက တကယ့်ကိုအံ့ဩစရာပဲ။ ဒါက အနုပညာဆန်တဲ့အလုပ်တစ်ခုပဲ"
"ဒီလက်ရာနဲ့သာဆို သူ ကိတ်မုန့်လောကကို စိုးမိုးလို့ရနေပြီ"
"..."
အားဟူနှင့် အခြားသူများမှာ ရှေ့တွင်ရပ်ကာ အသံးတိုးတိုးဖြင့် ချီးကျူးကြသည်။
ရှုခင်းများမှာ ပြည့်စုံသွားသော်လည်း ဇာတ်ကောင်များလိုနေသေး၏။
ဤသည်က ကျန်းဟန်အတွက် အရေးအကြီးဆုံးခြေလှမ်းဖြစ်သည်။
သစ်သားပန်းပုထွင်းခြင်းပင်။
သစ်သားပန်းပုထွင်းခြင်းသည် ရိုးရာလက်မှုပညာရပ်တစ်ခုဖြစ်သည်။
ကျန်းဟန်လုပ်ချင်သည့်အရာမှာ ရိုးရာသစ်သားပန်းပုထွင်းခြင်းနှင့်မတူချေ။ သူပြုလုပ်ချင်သည့်အရာသည် ပို၍ သိမ်မွေ့သည့်အရာဖြစ်သည်။
သူသည် ဘေးနားရှိ သစ်သားတစ်တုံးကိုယူကာ ဓားအမျိုးမျိုးဖြင့် ရေးထွင်းလေသည်။
သူသည် သစ်သားပန်းပုထွင်းခြင်းအကြောင်းကို သိပ်မသိချေ။ သူ၏စိတ်နှလုံးထဲမှ ပုံစံအတိုင်းလိုက်၍ လုပ်နေခြင်းဖြစ်သည်။ သူ့အတွက် ပန်းပုထွင်းထုပြီးရန် ခွန်အားကို နူးညံ့သိမ်မွေ့စွာ ထိန်းချုပ်ရန်လိုအပ်သည်။
ဤအလုပ်မှာ အချိန်အများကြီးယူရမည့်အလုပ်ဖြစ်သည်။
ကျန်းဟန်သည် ၎င်းအား ရေးထွင်းပြီးရန် နှစ်နာရီကြာအောင် အချိန်ယူခဲ့သည်။
ထိုနောက်တွင် သစ်သားပန်းပုပုံသဏ္ဍာန်မှာ ပုံပေါ်လာသည်။
ကျန်းဟန်နှင့် ဇီယန်သည် တစ်ယောက်ကိုတစ်ယောက်မှီကာ ထိုင်နေပြီး မုန့်မုန့်ကာ သူတို့၏ခြေထောက်နားတွင် ထိုင်နေသည်။ တာဟေးနှင့် ရှောင်ဟေးက သူတို့၏အနောက်တွင် ထိုင်နေ၏။
သစ်သားပန်းပု၏အောက်တွင် ရေးထွင်းရန်နှင့် ပြုပြင်ရန်အတွက် သစ်သားဘုတ်လေးတစ်ခုကျန်ရှိသည်။
သစ်သားပန်းပုမှာ ပုံသဏ္ဍာန်ရှိသော်လည်း အသက်ဝင်မှုစိတ်ဝိဉာဉ်မရှိချေ။
၎င်းမှာ နောက်ဆုံးအဆင့်ဖြစ်သည့် ဆေးရောင်ခြယ်ရန်လိုအပ်ပေသည်။
သူသည် အိတ်ဆောင်ဘောပင်ဖြင့် ရေးဆွဲလိုက်ပြီး တစ်နာရီအချိန်ကုန်သွား၏။
ဤသို့ဖြင့် သစ်သားပုပန်းမှာ အသက်ဝင်လာသည်။
ဇီယန်သည် ပန်းနုရောင်ဂျာကင်၊ လယ်သာဘောင်းဘီတိုနှင့် အနက်ရောင်စတော်ကင်ကိုဝတ်ဆင်ထားသည်။ ကျန်းဟန်သည် ချည်သားကုတ်နှင့် ဂျင်းဘောင်းဘီကိုဝတ်ထား၏။ မုန့်မုန့်သည်လည်း ချည်သားကုတ်နှင် ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားပြီး နားအုပ်လည်းဝတ်ထားသည်။
မုန့်မုန့်ပြုံးနေရုံသာမက ဇီယန်သည်လည်း နှုတ်ခမ်းထောင့်မှာ ကွေးညွှတ်နေလေသည်။ သူမ၏မျက်နှာတွင် ချိုမြန်သည့် အပြုံးတစ်ခုရှိနေ၏။
ထိုနောက်တွင် ကျန်းဟန်သည် အောက်ဘက်ရှိ နေရာလွတ်ဘုတ်တွင် စာလုံးအချို့ရေးထွင်းလိုက်သည်။
ကျန်းဟန်၊ ဇီယန်နှင့် မုန့်မုန့်။ ပျော်ရွှင်ဖွယ်မိသားစု။
ထိုသို့လုပ်ပြီးနောက် ကျန်းဟန်သည် ကိတ်မုန့်ပေါ်သို့ သစ်သားပန်းပုအား တင်လိုက်ပြီး နောက်ဆုံးအဆင့် ခရင်မ်ခြယ်ခြင်းကို စတင်လိုက်သည်။
အဖြူရောင်ခရင်မ်ဖြင့် နှင်းသဏ္ဍာန်ရှုခင်းကို ချက်ချင်းတွေ့မြင်နိုင်သွားသည်.
ခရင်မ်သည် မြင်ကွင်းတစ်ခုလုံးအား ချက်ချင်းပြောင်းလဲသွားစေသည်။ အမှန်တကယ် ရင်ခုန်စရာ ရိုမန်တစ်ဆန်သည့်မြင်ကွင်းပင်။ ကွက်ကွင်ကွင်းကွင်းဖြစ်နေသည့်ခြေရာအချို့၊ ကျန်းဟန်၏ခြေရာမှာပိုကြီးပြီး၊ မုန့်မုန့်၏ခြေရာလေးများမှာ အသေးဆုံးဖြစ်သည်။ တာဟေး၏ဝက်ဝံခြေသည်းရာ၊ တာဟေး၏ခွေးခြေရာများပင်ပါရှိပြီး သူတို့အားလုံးတွင် ခြေရာကိုယ်စီရှိကြသည်။
ဤမွေးနေ့ကိတ်သည် ယခင်က မုန့်မုန့်လက်ဆောင်ပြန်ယူလာခဲ့သည့် ရောင်စုံရွံ့ပန်းပုနှင့် တူ၏။
သို့သော် ကွားခြားချက်မှာ ဤသည်က ကျန်းဟန်၏အနာဂတ်မျှော်လင့်ချက်အား ကိုယ်စားပြုနေခြင်းပင်။
သူသည် မုန့်မုန့်အား နှင်းများနှင့်ကစားရန် ခေါ်သွားချင်ပြီး ဇီယန်ကိုလည်း အချိန်တိုင်း ပြုံးပျော်နေစေချင်သည်။ ဤသည်က ကျန်းဟန်၏အတွေးပင်။ ဇီယန်၏မွေးနေ့တွင် သူကိုယ်တိုင်လုပ်ထားသည့် ဤကိတ်မုန့်လေးဖြင့် သူ၏အတွေးများကို ထုတ်ဖော်ပြချင်ခဲ့သည်။
သို့သော် ၎င်းမှာ မပြီးသေးချေ။
ပတ်ဝန်းကျင်ရှိ သစ်ပင်များကြောင့် မုန်လာဥနီများမှာ နီရဲနေ၏။
နောက်ဆုံးအဆင့်မှာ မုန်လာဥနီအား ခရင်မ်သုတ်ရန်ဖြစ်သည်။
သတိမထားမိလိုက်ပါက ၎င်းကို ပျက်စီးသွားစေမည်ဖြစ်သည့်အတွက် ဤသည်က အခက်ခဲဆုံးအဆင့်ဟု ဆိုနိုင်သည်။ ကျန်းဟန်သည်ပင် ဂရုတစိုက်ဖြင့်လုပ်နေရ၏။
ကျန်းဟန်၏အမူအရာနှင့် လှုပ်ရှားမှုများကိုကြည့်ပါလေ။
ရှိနေသည့်လူတိုင်းမှာ အံ့အားသင့်တုန်လှုပ်ကြေသည်။ ဤသည်ကိုကြည့်ခြင်းဖြင့် သူ၏မိသားစုအား မည်မျှဂရုစိုက်ကြောင်း သိနိုင်ပေသည်။
အားလုံးပြီးသွားသည့်အခါ မိုးလင်းသွားပြီဖြစ်သည်။
"ကောင်းပြီ။ ဘေးမှာထားလိုက်တော့"
ပြီးသွားသည့်နောက်တွင် ကျန်းဟန်က မတ်တပ်ထရပ်ကာ လက်ကိုခါ၍ ပြောလိုက်သည်။
"ဟုတ်ကဲ့" ကျောက်ဖုန်းက ခေါင်းညိတ်ကာ တွန်းလှည်းအား တွန်းလာလိုက်သည်။
သူ၊ အားဟူ၊ ရှုရုံ၊ နည်းပြလျိုတို့က ကိတ်မုန့်ဗန်း၏ထောင့်နေရာအသီးသီးတွင်နေရာယူလိုက်ကြသည်။ ကိတ်မုန့်အား မ နေရင်းဖြင့် ကျောက်ဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် အခြားသူများ သတိပေးသည်။
"ဖြည်းဖြည်း၊ သာသာလေးလုပ်ပါ။ အားဟူ သတိထား။ ရှုရုံသတိထားပြီးလုပ်။ ဖြည်းဖြည်းပဲလုပ်..."
သစ်ကိုင်းအခက်များကဲ့သို့ ကျိုးပဲ့လွယ်သည့်အစိတ်အပိုင်းများစွာပါရှိသည်။ ဂရုမစိုက်မိပါက ကျိုးကြေသွားမည်ကို သူစိုးရိမ်သည်။
ဤသို့ဖြင့် သူတို့သည် ကိတ်မုန့်အား တွန်းလှည်းပေါ်သို့ ဂရုတစိုက်ထည့်လိုက်ကြသည်။ ကျောက်ဖုန်းသည် လှည်းအား မတွန်းဝံ့ချေ။
"ကျွန်တော်တို့ တွန်လှည်းကို အထဲဘယ်လိုသယ်မလဲ"
ကျန်းဟန်က ရယ်မောလိုက်ပြီး ပြောလိုက်၏။
"ဒီတိုင်းပဲ တွန်းသွားလိုက်ပါ။ အဆင်ပြေတယ်"
အကယ်၍ တစ်စုံတစ်ယောက်က ၎င်းအား တစ်ချက်ထိရုံဖြင့် ကျိုးသွားစေနိုင်ပါက ကျန်းဟန်သည် ၎င်းကိုပြုလုပ်ရန် အချိန်အများကြီး ဖြုန်းနေမည်မဟုတ်ချေ။
"ရပါ့မလား" ကျောက်ဖုန်းက သေချာအောင် အတည်ပြုသည်။
"ရတယ်" ကျန်းဟန်က ခေါင်းညိတ်သည်။
"ဒါဆို ကျွန်တော် တွန်းသွားလိုက်မယ်" ကျောက်ဖုန်းသည် တွန်းလှည်းကို ဘယ်ဘက်ရှိ အခန်းတစ်ခုစီသို့ ညင်သာစွာတွန်းသွားလိုက်ပြီးနောက် အအေးခန်းထဲသို့တန်း၍ တွန်းထည့်လိုက်သည်။
တံခါးပိတ်လိုက်ပြီးနောက်မှာ ကျောက်ဖုန်းမှာ စိတ်သက်သာရာရသွားသည်။
"ငါအရင်ပြန်လိုက်ဦးမယ်" ကျန်းဟန်က အချိန်အားကြည့်လိုက်ရာ ၆ နာရီ မိနစ် ၃၀ နီးပါးရှိပြီဖြစ်ရာ ကုမ္ပဏီမှ ပြန်လာခဲ့သည်။
၆ နာရီ ၄၀ မိနစ်တွင်။
ဇီယန်မှာ အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်လိုက်၏။
နာရီအားကြည့်လိုက်ရာ သူမ အိပ်ရာထသင့်ပြီမှန်းသိလိုက်သည်။
တစ်မိနစ်ခန့် ငြိမ်သက်စွာ လှဲနေလိုက်ပြီးနောက် ထကာ အိပ်ခန်းထဲမှ ထွက်လာပြီး ရေချိုးခန်းထဲသို့ ဝင်သွား၏။
သို့သော် သူမ ရေချိုးခန်းတံခါးလက်ကိုင်ကို ကိုင်လိုက်သည့်အချိန်၌ စားသောက်ဆိုင်မှာ တိတ်ဆိတ်လွန်းနေသည်ကို ခံစားလိုက်ရသည်။ သူမ အံ့ဩသွား၏။
ပုံမှန်အားဖြင့် ဤအချိန်တွင် ကျန်းဟန်သည် မီးဖိုချောင်ထဲတွင် မနက်စာပြင်ဆင်လေ့ရှိ၏။ ယနေ့ ဘာကြောင့် အသံမကြားရသနည်း။
"ကျန်းဟန်ရေ"
ဇီယန် သူ့အား ခေါ်လိုက်သည်။
ပြန်ဖြေသူမရှိချေ။
"ကျန်းဟန်"
ဇီယန်၏အသံမှာ ၃ ဒက်စီဗယ်တိုးလာသည်။
သူမသည် ငါးစက္ကန့်ခန့်စောင့်နေသော်လည်း စားသောက်ဆိုင်မှာ တိတ်ဆိတ်နေဆဲပင်။
သာမန်အားဖြင့် သူမ ဤသို့ခေါ်လိုက်သည့်အခါ ကျန်းဟန်မှာ လျင်မြန်စွာတုံ့ပြန်နေကျဖြစ်၏။
"ကျန်းဟန် ရှင်ဘယ်မှာလဲ"
ထိုနောက် ဇီယန်သည် လှေကားသို့အမြန်ပြေးသွား၏။ သူမ ပထမထပ်သို့ရောက်လာသော်လည်း ကျန်းဟန်အား မတွေ့ချေ။ ထိုနောက် ဒုတိယထပ်သို့ အမြန်ပြန်သွားကာ ဒုတိယအိပ်ခန်းတံခါးကိုဖွင့်လိုက်သော်လည်း သူ့အား မတွေ့သေးချေ.
ဤအချိန်တွင် ကျန်းဟန်အား ရှာမတွေ့သဖြင့် ဇီယန် စိတ်ထဲ ဗလာကျင်းသွား၏။
ဤရက်အနည်းငယ်အတွင်းမှာပင် ဇီယန်သည် မနက်အိပ်ရာထတိုင်း ကျန်းဟန်အား မြင်ယောင်လာမိသည်။
တစ်ခါတစ်ရံတွင် အကျင့်မှာ များစွာပြောင်းလဲသွားနိုင်၏။
ဇီယန်သည် ဒုတိယအိပ်ခန်းတံခါးဝတွင်ရပ်ကာ စိတ်နှင့်ကိုယ်နှင့်မကပ်ဖြစ်နေသည်။
ရုတ်တရက် အောက်ထပ်မှာ တံခါးဖွင့်သံထွက်လာ၏။
ဇီယန်မှာ အသိစိတ်ပြန်ဝင်လာပြီး ပထမထပ်သို့ အလျင်အမြန်ပြေးသွားသည်။ ဤအခိုက် သူမသည် ဘာကိုမှ မကြောက်ရွံ့တော့သလိုပင်။
ဧည့်သည့်ရှိနေလျှင်ပင် သူမအား သိရှိဖော်ထုတ်မိသွားမည်ဖြစ်သော်လည်း ယခုအချိန်၌ သူမသည် ကျန်းဟန်အား တွေ့ချင်သည့်စိတ်သာရှိတော့သည်။
ကံကောင်းစွာဖြင့်ပင် သူမ လှေကားထောင့်နားသို့ ပြေးသွားသည့်အခိုက်တွင် ကျန်းဟန် တက်လာသည်ကို တွေ့လိုက်ရ၏။
"ကျန်းဟန် ရှင်ဘယ်သွားတာလဲ" ဇီယန်မှာ ထောင့်နားသို့ကပ်၍ နူးညံ့စွာမေးသည်။
ကျန်းဟန်သည် အိပ်ချင်မူးတူးမျက်လုံးများဖြင့် အဖြူရောင်ညအိပ်ဝတ်စုံဝတ်ဆင်ထားသည့် ဇီယန်အား စိုက်ကြည့်နေ၏။
သူသည် ပြန်ဖြေဖို့ပင် မေ့သွားပြီး သူမဆီသို့ တန်း၍ လျှောက်သွား၏။
-အပိုင်း(၂၈၆) ပြီး