အချိန်အားဖြင့် ညနေ ၃နာရီခွဲခန့်...
တစ်စထက်တစ်စ အပူချိန်လျော့ကျလာသည့်နေမင်းကြီးနှင့်အပြိုင် ပုဂံမြေမှ ပုပ္ပားမှ တရိပ်ရိပ်ပြေးနေသည့် ဆိုင်ကယ်လေးတစ်စီး
အဝါရောင်ဆိုင်ကယ်လေးကား လမ်းအကွေ့အကောက်အလိုက် အလိုက်သင့်ကလေး ပြေးလွှားနေသည်မှာ မောင်းနှင်သူ၏ကျွမ်းကျင်မှုကို လှစ်ဟပြနေသည့်အလား...
ဂျင်းဘောင်းဘီရှည်အနက်အား လည်ပိတ်T-shirtအဖြူစွတ်စွတ်ဖြင့်တွဲဝတ်ထား၍ မာန်စွယ်ကျစနေမင်း၏ အလင်းရောင်အောက် ဆိုင်ကယ်မောင်းနှင်သူ၏ ဖြူစင်ဝင်းဖန့်သည့်အသားအရေမှာ ထင်းနေလျှက်သား...
ပခုံးစွန်း၌ ကြိုးတစ်ချောင်းတည်းလွယ်ထားခြင်း ခံထားရသည့်ကျောပိုးအိတ်အနက်ကလေးမှာလည်း ကောင်ငယ်လေး၏ကျောပြင်ထက်၌ လျော့ရိလျောရဲတွဲခိုကာ ဘယ်ညာယမ်းခါနေလေတော့သည်။
တရှိန်ထိုးပြေးနေသည့် ဆိုင်ကယ်လေးက အနည်းငယ်အရှိန်လျှော့သွားကာ မောင်းနှင်နေသူ၏ဦးခေါင်းကလည်း တစ်စုံတစ်ခုအား ရှာဖွေနေသယောင်ဖြင့် တောင်ခြေအနီးဝန်းကျင်ဆီဝေ့ဝဲသွား၏။
ခဏပါပင်...
ပုပ္ပားတောင်ကလပ်နှင့် မနီးမဝေး လူတစ်ခေါ်စာခန့်မှ စံကားဝါပင်ကြီးအောက်မှ လူစုစုအားမြင်လိုက်သည်နှင့်တစ်ပြိုင်နက် မှန်ချထားသည့် helmetထဲမှ ခပ်ဝါဝါမျက်ဝန်းတစ်စုံက သိသိသာသာပင် လက်ခနဲဖြစ်သွားသယောင်...
ထို့နောက် အချိန်အတော်ကြာ ခရီးနှင်လာသည့်ဆိုင်ကယ်လေးက ထိုလူများရှိသည့်နေရာ၌ ငြင်သာစွာထိုးရပ်သွားသည်။
ဆိုင်ကယ်စီးနင်းလာသူက helmetမှန်ကိုပင့်တင်လိုက်သည့်အခါ လှပသောအဝါရောင်မျက်ဆန်တို့နှင့် လွန်စွာချောမောနုနယ်သည့် မျက်နှာလေးပေါ်ထွက်လာ၏။
လူးကပ်စ်က ဆိုင်ကယ်လက်ကိုင်ပေါ် တံတောင်လေးတင်ထားလျှက်မှ စွဲဆောင်မှုရှိစွာရယ်ပြလာရင်း...
" ကျွန်တော် နောက် ကျသွား လား အစ်ကို "
မျက်ဆန်ဝါလေးများ ပိတ်ကျသွားသည်အထိ ရယ်ပြလာသော ကောင်ငယ်လေးကြောင့် စောစောကအထိ စောင့်နေရ၍ဘူနေကြသည့် လူအချို့မှာ မည်သို့မှစိတ်မဆိုးနိုင်ပါတော့လေ...
မိမိတို့ကိုယ်တိုင် မသိလိုက်ခင်မှာပင် စကားပီသအောင်ကြိုးစားပြောနေသည့်လေသံနှင့် ချစ်စဖွယ်အပြုံးပိုင်ရှင် ထိုကောင်လေးအား အားလုံးအလိုအလျောက် ပြန်ပြုံးပြနေမိလျှက်သားပါပင်..
စောင့်နေသူများမှာ ထက်နောင်အပြင် ယောက်ျားလေး ငါးယောက် မိန်းကလေးနှစ်ယောက်မို့ စုစုပေါင်းရှစ်ယောက်ဖြစ်လေသည်။
လေးယောက်လုံးက တုတ်တုတ်ဘေးတွင်ရပ်နေကြကာ ထိုအဖွဲ့၏ ကျောထက်၌လည်း ကျောပိုးအိတ်ကိုယ်စီအပြင် ဘေးပတ်ပတ်လည်တွင်လည်း အထုတ်အပိုးများက ပြန့်ကျဲလျှက်...
အစ်ကို့အပြောအရ ဤလူစုရပ်တောင်ကလပ်ခြေရင်းနှင့် တောင်မကြီးမှာ အတော်အလှမ်းဝေးသေး၍ ကားလမ်းဝင်သာသည်အထိ တောင်မကြီးသို့ တုတ်တုတ်ဖြင့်တက်ကြရမည်ဟု လူးကပ်စ်သိထားလေသည်။
ထက်နောင်က ဘယ်ဘက်ပါးပြင်မှ ဒဏ်ရာပါးခွက်လေးနစ်ဝင်သွားသည်အထိ ပြုံးလိုက်ရင်း လူးကပ်စ်နှင့် သူ့တပည့်များကို မိတ်ဆက်ပေးလိုက်၏။
" နောက်မကျပါဘူးကွာ ကဲ မိတ်ဆက်ပေးရရင် ဒါက ဆရာပြောတဲ့ လူးကပ်စ်ဒါမွန်တဲ့ လူးကပ်စ်ရေ သူတို့က အစ်ကို့တပည့်တွေပဲ သက်နောင်နောင်၊ ထက်ဝေအောင်၊ အောင်ကိုဟိန်း၊ သန်းဇော်၊ ဇင်မင်းထက်၊ စန်းစန်းဝေ၊ သီတာအေးတဲ့ တောင်အတူတူတက်ကြမဲ့သူတွေဆိုတော့ ခဏနဲ့ ခင်သွားကြမှာပါ "
" လူးကပ်စ် ပါ တွေ့ရ တာ ဝမ်းသာပါ တယ် "
" ကျွန်တော်တို့လဲ ဝမ်းသာပါတယ်ဗျ "
" အစ်ကိုက ချောလိုက်တာ "
" အစ်ကို့ အသံလေးက တစ်မျိုးပဲနော် "
" ဟုတ်ပ စကားလေးပြီး ဝဲသလိုနဲ့ပီနေတာ အဲ မပြောပြတတ်တော့ဘူး "
" မျက်နှာကလဲ ဖြူပြီးနုဖက်နေရော "
" ကျေး ဇူးပါ "
ထက်နောင့် တပည့်များက တစ်ယောက်တစ်ပေါက်နှုတ်ဆက်လာကြသည်မို့ လူးကပ်စ်အားလုံးကို ပြုံးပြလိုက်ရ၏။
" ကဲ ကဲ ဒါဆို လူးကပ်စ်ဆိုင်ကယ်ကို အစ်ကိုတို့အိမ်မှာ သွားထားရအောင်လေ နောင်နောင်တို့အဖွဲ့က ဒီမှာပဲ ခဏစောင့်နေနော် "
" ဟုတ်ကဲ့ဆရာ "
ပြောပြောဆိုဆို ထက်နောင်က ဆိုင်ကယ်နောက်ဘက်၌ဝင်ထိုင်ရင်း လူးကပ်စ်ပခုံးလေးအား အသာဖိကိုင်လာသည်မို့ လူးကပ်စ်ကျောလေးပင် မတ်ခနဲဖြစ်သွားရသည်။
ထည်လဲတွဲလာခဲ့သည့် မိန်းမချောလေးများနှင့်ပင် ငြိမ်သက်နေခဲ့သည့်နှလုံးသားက ကျောဘက်မှအမျိုးသားကြောင့် ပရမ်းပတာခုန်လှုပ်၏။
ဆိုင်ကယ်လက်ကိုင်ပေါ်မှ လူးကပ်စ်၏လက်ချောင်းလေးများပင် တဆက်ဆက်တုန်ခါနေသည်မှာ မယုံနိုင်ဖွယ်ပါပင်။
" ဟေ့ မောင်းလေ အစ်ကိုနောက်က လမ်းပြမယ် "
" ဟုတ် ဟုတ်ကဲ့ "
လူးကပ်စ် ခေါင်းတစ်ချက်ညိတ်ပြရင်း ဆိုင်ကယ်လေးကို အစ်ကိုလမ်းညွှန်သည့်အတိုင်း မောင်းနှင်လိုက်တော့သည်။
ကျွန်တော်မောင်းနှင်သည့် ဆိုင်ကယ်လေးက အစ်ကို့လမ်းညွှန်မှုအောက် လည်ပတ်လျှက်...
ကျွန်တော့်နှလုံးသားသည်လည်း အစ်ကို့ထိန်းချုပ်မှုအောက်၌သာ ပြေးလွှားခုန်ပေါက်နေလျှက်...
အစ်ကိုတို့ရွာလေးက ထိုလမ်းခွဲလေးမှ သိပ်မဝေးပါ။
အချိန်ခဏမျှအကြာ အစ်ကို့တားမြစ်ချက်အရ မကျဉ်းမကျယ်ခြံလေးတစ်ခုရှေ့၌ ဆိုင်ကယ်ရပ်လိုက်ရ၏။
ခြံဝန်းထံမှအိမ်လေးက ရိုးရှင်းသည့် နှစ်ထပ်ပျဉ်ထောင်အိမ် သပ်သပ်ရပ်ရပ်ကလေးဖြစ်သည်။
အိမ်ထဲ လူမရှိ၍ထင့်...
ခြံတံခါးနှင့် အိမ်တံခါးတို့အား လုံလုံခြုံခြုံပိတ်ထားလျှက်သား တွေ့လိုက်ရသည်။
ခြံထောင့်မှ ပင်လုံးဝါထိန်သည်အထိ ပွင့်နေသည့်စံကားဝါတို့ကြောင့် ပန်းရနံ့တို့က အဝေးမှပင်သင်းပျံ့ကြိုင်လှိုင်နေလျှက်...
ထက်နောင်က ခြံဝန်းတံခါးအားဖွင့်ပေးလိုက်သည်မို့ လူးကပ်စ်လည်း ဆိုင်ကယ်လေးကိုတွန်းရင်း ခြံထဲထိရောက်လာရ၏။
တစ်ဆက်တည်းမှာပင် ထက်နောင်က အိမ်သော့ကို ဖွင့်လိုက်ပြီးမှ လူးကပ်စ်ဆိုင်ကယ်ကို အိမ်ထဲနေရာချပေးလိုက်ကာ...
" လူးကပ်စ် ရေသောက်ချင်သေးလား အပေါ့အပါးသွားချင်ရင်လဲ ရတယ်နော် "
" နေ ပါစေ အစ်ကို ကျွန်တော်တို့ ဟို လူတွေ ဆီ ပြန်သွား ကြတာ ပေါ့ "
" ဟုတ်ပြီဗျာ "
လူးကပ်စ် ဆိုင်ကယ်လက်ကိုင်၌ချိတ်ထားသည့် camping tantsလေးအားလှမ်းယူခိုက် ထက်နောင်လက်က အရင်ရောက်သွားကာ ထိုအထုပ်လေးအားဆွဲယူသွားရင်း...
" အစ်ကို သယ်လာခဲ့မယ် "
" ရ ပါတယ် အစ်ကို မလုပ် "
လူးကပ်စ်စကားမဆုံးသေးမီ ထက်နောင်က ခြေလှမ်းကြီးများဖြင့် အိမ်ပေါက်ဝဆီရောက်သွားပြီမို့ လူးကပ်စ်တစ်ယောက် အနည်းငယ်ချောင်ကာလျောကျချင်နေသည့် ကျောပိုးအိတ်လေးအား ပင့်တင်ရင်း အမြန်ပြေးလိုက် လိုက်ရလေသည်။
ထက်နောင် အိမ်ပေါက်ဝအား ပြန်သော့ခတ်နေသည်ကိုရပ်ကြည့်နေခိုက် အစ်ကို့ထံမှရနေကျ စကားဝါရနံ့တို့က နှာဖျားဝသို့ တိုးဝင်လာပြန်၏။
သတိထားရှူရှိုက်မိလေ သင်းပျံ့လာလေဖြစ်သည့်စကားဝါရနံ့ကြောင့် လူးကပ်စ်၏နှုတ်ခမ်းဖျားလေးများကပါ တဖြည်းဖြည်းပြုံးယောင်သန်းလာလျှက်...
" မွှေး တယ် "
" ဟင် "
" စံ ကားဝါ ရနံ့ "
" ဪ အိမ်ရှေ့အပင်ကနေမယ် စကားဝါတွေပွင့်နေတယ်လေ ကဲ ကဲ သွားရအောင် "
လူးကပ်စ် ရေရွတ်လိုက်သည့်စကားကြောင့် အံ့အားသင့်ဟန်မေးလာသည့်အစ်ကိုက အိမ်ရှေ့မှစံကားဝါပင်ကို မေးဆက်ပြလာရင်း သူ့ဘာသာ အဖြေပြန်ပေးလာသည်။
လူးကပ်စ် အသာပြုံးလိုက်မိ၏။
သူဆိုလိုသည့်စံကားဝါရနံ့မှာ အပင်မှရနံ့မဟုတ်ဘဲ အစ်ကို့ထံမှကိုယ်သင်းနံ့နှင့်ရောယှက်နေသည့် စံကားဝါရနံ့ဖြစ်ကြောင်း သူ မပြောဖြစ်ပါလေတော့။
တောင်ကလပ်မှ အဖော်များဆီ ခပ်သွက်သွက်ကလေး ခြေလျှင်လျှောက်သွားလိုက်ကြရင်းမှ လူးကပ်စ် အစ်ကို့ကို ခေါ်ကြည့်လိုက်၏။
" အစ်ကို "
" ဟင် "
" စံကားဝါ ပန်းရဲ့ meaningအကြောင်း ပြောပြ မယ်ဆိုတာ မှတ် မိသေးလား "
လူးကပ်စကားကြောင့် ထက်နောင်က သဘောတကျရယ်ရင်း...
" ကြည့်စမ်း လူးကပ်စ်က မှတ်မိနေတာပဲ ဟုတ်ပါရဲ့ လူးကပ်စ်မေးတဲ့ အဲ့နေ့ကတည်းက စံကားဝါရဲ့ ပန်းစကားကို အစ်ကို ချက်ချင်းရှာကြည့်ခဲ့သေးတယ် မပြောဖြစ်တာပဲရှိတာ "
" ဒါဆို အခု ပြော ပြလေ "
" ဟားဟား ဟုတ်ပါပြီကွာ အစ်ကိုပြောပြပါ့မယ် သေချာနားထောင်နော် "
လူးကပ်စ်ခေါင်းညိတ်ပြလိုက်သည့်အခါ ထက်နောင်က အသာပြုံးပြလိုက်ရင်း...
" ဒီလိုလေ လူးကပ်စ်ရဲ့ စံကားဝါပန်းလေးတွေက နူးညံ့သိမ်မွေ့ခြင်းနဲ့ မိမိကိုယ်ကိုလေးစားခြင်းရဲ့ သင်္ကေတလို့ သတ်မှတ်ကြတယ်လေ ဖုန်းရွှေပညာအရတော့ စံကားဝါပန်းတွေက ကံကောင်းခြင်းကိုကိုယ်စားပြုပြီး အမဓာတ်လို့ဆိုပြန်တယ် အဲ အနောက်တိုင်းအယူအဆအရတော့ စံကားဝါတွေဟာ အလှတရား၊ တည်ငြိမ်မှု၊ မြင့်မြတ်မှု၊ အပြစ်ကင်းစင်မှုနဲ့ ဂုဏ်သိက္ခာကို ဖော်ညွှန်းပါတယ်တဲ့ "
" စိတ် ဝင်စား စရာပဲ နော် အစ်ကို "
" ဟုတ်တယ် စံကားပန်းတွေကို အရောင်အလိုက်လဲ ခွဲခြားကြပြန်သေးတယ် စံကားဝါဟာ နေနတ်ဘုရားကို ကိုယ်စားပြုပြီး စံကားဖြူကတော့ လနတ်ဘုရားကို ကိုယ်စားပြုတယ်တဲ့လေ စံကားစိမ်းကတော့ ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်းနဲ့ ကံကောင်းခြင်းဖြစ်ပြီး စံကားနီကတော့ အဖရိုဒိုက် ဒါမှမဟုတ် ဗီးနပ်အချစ်နတ်ဘုရားကိုကိုယ်စားပြုသလို ပျိုမြစ်နုနယ်ခြင်းနဲ့ ချစ်ခြင်းမေတ္တာလဲဖြစ်ပါတယ်တဲ့ "
စံကားနီက ချစ်ခြင်းမေတ္တာတဲ့လား
ဪ...လွဲလိုက်လေခြင်း
ကျွန်တော်ကတော့ စံကားဝါဆီမှာ ချစ်ခြင်းကို ရှာတွေ့ခဲ့ပါရောလား
ရုတ်တရက် ထောက်ခံခြင်းမရှိ ငြိမ်သက်သွားသည့်အခြေအနေကြောင့် ထက်နောင် ဘေးမှ လူမျိုးခြားလေးကို ခေါ်ကြည့်လိုက်မိ၏။
" လူးကပ်စ် "
ထိုအခါမှ မျက်ဆံဝါလေးများက သူ့ဆီချက်ချင်းပြန်ကြည့်လာကာ ပျာပျာသလဲထူးလာလေသည်။
" ဗျာ "
" ဘာတွေတွေးနေလဲကွ အစ်ကိုပြောတာကြားရဲ့လား '
ပြုံးစစမေးလာသူကြောင့် လူးကပ်စ်အသာပြုံးပြလိုက်ရရင်း...
" ဟုတ် ကဲ့ဗျ ကြားပါ တယ် ဆက် ပြောလေ အစ်ကို "
" ဆက်ပြောစရာဆိုရင် ဪ တစ်ခုရှိသေးတယ် လူးကပ်စ်ရဲ့ ကိုရီးယားမှာတော့ ဒီစံကားဝါပန်းလေးရဲ့ အဓိပ္ပာယ်က အချစ်ဦးနဲ့ကွေကွေကွင်းခြင်းလို့လဲ ဆိုကြပြန်တယ် မိန်းကလေးတစ်ယောက်ကို စံကားဝါပန်းတွေပေးရင် မင်းက သိပ်လှတဲ့စံကားဝါတွေနဲ့ထိုက်တန်တယ်လို့ အဓိပ္ပာယ်ရပြီး မိန်းကလေးရဲ့ အလှကိုလဲ သွယ်ဝိုက်ရည်ညွှန်းရာရောက်ပါတယ်တဲ့လေ "
" ယောက်ျား လေး ဆိုရင် ရော အစ်ကို "
" ဟင်... "
" ယောက်ျားလေးကို စံကားဝါတွေပေးရင်ရော "
ဒီတစ်ကြိမ် ငြိမ်သက်သွားမိသူက ထက်နောင်သာ...
လူမျိုးခြားလေး၏ မထင်မှတ်ထားသည့်မေးခွန်းအား သူ ရှာမကြည့်မိသလို စဉ်းလည်းမစဉ်းစားမိခဲ့။
ထိုအဖြေကလည်း ရှိလည်းရှိလိမ့်မည်မထင်...
" အဲ့ အဲ့ဒါတော့ မတွေ့မိဘူးလူးကပ်စ်ရဲ့ အဲ့လိုမရှိဘူးထင်တယ် "
" ဘာ လို့လဲ အစ်ကို "
" ဟင် "
ဆွံ့အစွာဖြေလာသည့် ထက်နောင့်စကားသံအဆုံး လူးကပ်စ် မျက်နှာလေးကို နာကျင်စွာမဲ့လိုက်ရင်း...
" ယောက်ျားလေး မို့ သိပ်လှတဲ့ စံကား ဝါနဲ့ မထိုက်တန် တော့ဘူးတဲ့ လား အဲ့ လိုလား အစ်ကို "
" မဟုတ်တာ အဲ့လိုမဟုတ်ပေမဲ့... "
ဖြေရန်အခက်တွေ့သွားပုံရသည့် ထက်နောင့်ပုံစံကြောင့် လူးကပ်စ် မျက်နှာကိုမော့ကာ တစ်ချက်ရယ်လိုက်ရင်း စကားလမ်းကြောင်း ပြောင်းပစ်လိုက်သည်။
" ကျွန်တော် က နောက် တာပါ ဒါနဲ့ စံကား ဝါပင်ရဲ့ သက်တမ်းက ရော ဘယ်လောက် ကြာလဲအစ်ကို "
" အင်း စံကားဝါပင်တွေက လွန်ခဲ့တဲ့နှစ်သန်းပေါင်း တစ်ရာကျော်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး စကားဝါပင်တစ်ပင်ကလည်း နှစ်ရာချီရှင်သန်နိုင်တယ်လို့ အစ်ကိုတို့သိရတယ်လေ "
" တ ကယ် "
" တကယ်ပေါ့ လူးကပ်စ်ရဲ့ ကဲ စကားပြောတာမောနေတော့မယ် ဟိုမှာ ကိုယ်တို့အဖွဲ့တွေတောင်စောင့်နေကြပြီ တောင်တက်ဖို့ရယ်ဒီပဲလား "
ထက်နောင်ပြောမှ ရှေ့မလှမ်းမကမ်းတွက် စုရပ်သို့ပင်ရောက်လုနေပြီဖြစ်ကြောင်း သတိပြုလိုက်မိ၏။
လူးကပ်စ် အစ်ကို့ကို ခေါင်းညိတ်ပြလိုက်ရင်း...
" ဟုတ် ရယ်ဒီပဲ "
ထို့နောက် နှစ်ဦးသားလုံး စောင့်နေသူများဆီ တက်ကြွသည့်ခြေလှမ်းများဖြင့် လျှောက်သွားလိုက်ကြရင်း တောင်တက်ခရီးစဉ်ကိုစတင်ရန် လောဆော်လိုက်လေသည်။
" ကဲ သွားကြစို့ အားလုံး ကားပေါ်တက်ကြ့ "
" ခဏ ခဏလေး ဆရာ "
သီတာအေးအသံကြောင့် ပုပ္ပားတောင်ကလပ်အား ကျောပေးလျှက် တောင်မကြီးဆီခရီးစဉ်စရန် တက်ကြွနေသူများ ရပ်တန့်သွားကြ၏။
သီတာအေး မျက်မှန်သမားဖြစ်ကာ အသားဖြူဖြူ ပိန်ပိန်ပုပုလေးဖြစ်သည်။
အချောအလှကြီးမဟုတ်သော်လည်း လူကောင်သေးသေးလေးမို့ အရုပ်သေးသေးလေးကဲ့သို့ဖြစ်နေကာ ပျော့ဖက်ပုံရ၍ အားလုံးစိတ်ထဲ၌ အထူးတလည် ဂရုစိုက်နေမိသူပင်။
" ဘာဖြစ်လို့လဲ သီတာအေး "
သီတာအေးက အသာပြုံးရင်း လမ်းဘေးမှ ကျောက်စရစ်ခဲတစ်လုံးအား ကောက်ကိုင်လိုက်ကာ သူ(မ)ကျောပိုးအိတ်ထဲ အသာထည့်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်က...
" မောင်ကျောက်ခဲ နင် ငါတို့နဲ့လိုက်ခဲ့နော် "
"မယ်သီတာ အစုတ်မ ငါတို့က ခရီးမစရသေးဘူး ဘာများဖြစ်တာလဲလို့ "
ဇင်မင်းထက်စကားအား သီတာအေးက မျက်စောင်းပြန်ထိုးရင်း ခပ်စွာစွာလေသံဖြင့်...
" အေး ငါကလဲ တစ်ခုခုဖြစ်မှာစိုးလို့ပဲ မောင်ကျောက်ခဲကိုခေါ်တာလေ "
" ကဲ ကဲ ကလေးတွေ စကားများမနေနဲ့တော့ ညနေ နေမဝင်ခင် တောင်တက်ခရီးစလိုက်ရအောင် "
ထက်နောင်စကားကြောင့် ကလေးများငြိမ်သက်သွားကြကာ ကားပေါ်တစ်ယောက်ချင်း တက်လိုက်ကြရင်း
တောင်မကြီးဆီ ဆက်လက်ချီတက်ရန်ပြင်ကြလေတော့သည်။
ကားပေါ်ရောက်သည်နှင့် ထုံးစံအတိုင်း လူးကပ်စ်အမေးတို့က စတင်လာလေပြီ။
" အစ်ကို "
" ဟင် "
" စောစောက လေ မောင် ကျောက် ဘာဖြစ်လဲ "
ထက်နောင် ပြုံးလိုက်မိ၏။
သူ့၏ လူမျိုးခြား စပ်စုစိန်လေးကား စတင်စပ်စုလာလေပြီ။
" မောင်ကျောက်ခဲလေ အင်း အဲ့ဒါက အယူအဆတစ်ခုပေါ့လေ လူကိုးယောက်ခရီးမသွားကောင်းဘူးတဲ့ အဲ့ဒါကြောင့် လူကိုးယောက်ဖြစ်နေတဲ့အခါ တစ်ဆယ်ပြည့်အောင် မောင်ကျောက်ခဲကိုခေါ်သွားတယ်ပေါ့ကွာ "
ထက်နောင်စကားကြောင့် လူးကပ်စ်က မျက်မှောင်လေးကုတ်သွားရင်း...
" ကိုးဂဏန်းက ကောင်းတယ်မဟုတ်လားအစ်ကို "
" ဟေ "
" ပဲရ်ကတော့ ကိုးကြိုက်တယ် ကိုးနဝင်းဆိုပြီး ကိုးဂဏန်းကိုသိပ်ကြိုက်ပြီး တစ်ခုခုဆို ၉ရက် ၁၈ရက် ၂၇ရက်နေ့တွေမှာလုပ်တာကို "
လူးကပ်စ်စကားကြောင့် ထက်နောင် ထပ်မံရယ်မောလိုက်မိ၏။
လူမျိုးခြားလေးပြောသည်မှာလည်း ဟုတ်မှန်ကာ အကျိုးအကြောင်း ဆီလျော်နေပြန်လေသည်။
အယူအစွဲအချို့ကား မေးခွန်းထုတ်စရာဖြစ်နေသည်မှာလည်း အမှန်ပါပေ...
" အင်း ဟုတ်ပါတယ် ကိုးဂဏန်းကို ကြိုက်ကြတာလဲမှန်ပေမဲ့ ကိုးယောက်ခရီးထွက်ရင်တော့ ဘာလို့မောင်ကျောက်ခဲကိုခေါ်ကြသလဲတော့ အစ်ကိုလဲမသိတော့ဘူးကွာ "
သူ့စကားကြောင့် လူးကပ်စ်ကပါ ရယ်မောလာ၏။
" အစ်ကိုက အားလုံးသိ တယ် ထင်နေ တာ အစ်ကို မသိတာ လဲ ရှိ သေးတာ ကိုး "
" ဟာကွာ ဒါက ချီးကျူးတာလား ချီးကျူးတာ မဟုတ်ဘူးလားတောင် မသိတော့ဘူး "
" ချီးကျုး တယ်ပဲ မှတ် ပါအစ်ကို "
" ကောင်းပါပြီဗျာ မင်းလေးက ချီးကျုးတယ်ပြောရင် ကိုယ်ကလဲ ချီးကျူးတယ်ပဲ မှတ်ပါတယ် "
ရယ်သံမပြတ်ခဲ့သည့် တောင်တက်လမ်းသည် ဘေးကပ်လျှက်မှ မျက်ဆန်ဝါလေးကြောင့်သာ...
သူသိချင်မိပါ၏။
အနှီမျက်ဆန်ဝါလေးသည် သူ့ဘဝလမ်းကိုရော ရယ်သံများဖန်ဆင်းပေးနိုင်ပါသလား
14.3.23
Tuesday
ရွှန်းလဲ့ကျော်