ရတီ နေခဲ့တဲ့ အဆောင်တင်သာမက သူမနဲ့ အမှတ်မထင် ဆုံတွေ့ခဲ့သည့် bar ကိုပါ Lia သွားခဲ့သေးသည်။
"သူက အချိန်ပိုင်း သီချင်းဆိုတဲ့သူပါ ဒီမှာလုပ်တာ ဘယ်နှလမှ မရှိသေးဘူး လွန်ခဲ့တဲ့ နှစ်လလောက်က အလုပ်ထွက်သွားတာလေ ကျန်တာတော့ ကျွန်တော်တို့လည်း သေချာမသိဘူး "
မန်နေဂျာ၏ စကားဖြစ်သည်။
Lia ဘက်က ဒီလောက်ပဲ တက်နိုင်တော့တာမို့ ရတီ့အကြောင်း ဆက်လက်စုံစမ်းဖို့ လက်လျှော့လိုက်တော့သည်။
ဒီအတိုင်း ကလေးကို တစ်ယောက်တည်းမွေးဖို့ ဆုံးဖြတ်ထားတာဖြစ်ပြီး သူမကို သေချာ စောင့်ရှောက်မယ့်သူနဲ့ တွေ့ဖို့သာ ဆုတောင်းရတော့မည်။
Christine ကို စာမေးပွဲအတွက် အကူအညီပေးပြီးနောက်ပိုင်း ထို ကလေးမလေးက Lia အပေါ်ပိုပြီး ခင်မင်လာသည်။
သူမ အားတဲ့ အခါတွေမှာ သူမ အလုပ်မှာ ကြုံတွေ့ရတဲ့ ဟာသတွေ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကြောင်းတွေ ဆေးရုံမှာ သရဲခြောက်တဲ့ အကြောင်း အရာတွေကိုရော Lia ဆီကို ပို့ထားလေ့ရှိသည်။
Lia က အလုပ်များလို့ seen မပြရင်တောင် နောက်ရက်တွေမှာ ပို့တဲ့ စာအရေအတွက်ကလျှော့သွားခြင်းမရှိပေ။
အလုပ်ဆင်းပြီး နားတဲ့ အချိန်ရောက်မှ Lia က သူမ ပို့ထားတဲ့ စာတွေကို တစ်ခုချင်း ဖတ်ပြီး reply ပြန်လေ့ရှိသည်။
ထိုသို့ ပြုလုပ်ချင်းက သူမတို့ နှစ်ယောက်ကြားက အလေ့အကျင့်လိုပင် ဖြစ်လာ၏။
နောက်ပိုင်းမှာ ဆေးပညာနဲ့ ပတ်သက်တဲ့ article တစ်ခုတွေ့ရင် Lia က အရင်ဆုံးဖတ်ပြီး Christine ဆီ ဝေမျှ တဲ့ အလေ့အကျင့်ပါရသွားသည်။
Christine နားမလည်တာရှိတဲ့အခါလည်း Lia ဆီသာ လာမေး၏။
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အပြင်မှာ တစ်ခေါက်သာ တွေ့ဖူးပေမယ့် online ပေါ်မှာတော့ အတော်လေး အဆင်ပြေနေသည်။
Christine သည် ခေတ်ဆန်ကာ အများနဲ့ မတူတဲ့ အတွေးအခေါ်ရှိသည့် မိန်းကလေးဖြစ်သည်။
သူမ မှန်တယ်ထင်တဲ့ အရာကို ရဲရဲဝံ့ဝံ့ ပြောဆိုရဲတာကြောင့် Lia ရဲ့ အကြိုက်နဲ့ ကိုက်ညီသည့် ပုံစံမျိုးလည်း ဖြစ်သည်။
တစ်ခုသော ပိတ်ရက်မှာ Christine က သူမ စာမေးပွဲ ပြီးသွားပြီဖြစ်တာကြောင့် စာမေးပွဲအတွက် အကူအညီပေးတာကို ကျေးဇူးတင်တဲ့ အနေနဲ့ နေ့လည်စာကျွေးချင်တယ်လို့ဆိုလာတယ်။
Lia ကလည်း လက်ခံကာ နှစ်ယောက်သား နေ့လည်စာစားတာအပြင် shopping ထွက်ရင်း နေ့တစ်ဝက်လောက် အချိန်ဖြုန်းဖြစ်သည်။
ဈေးဝယ်ရတာ Lia ရဲ့ ဝါသနာမဟုတ်။
Christine နောက်ကို လိုက်ပြီး သူမ ဝယ်သမျှ ပစ္စည်းတွေကို စိတ်ရှည်လက်ရှည်ကြည့်ပေးသည်။ Christine က သူမနောက်လိုက်ပြီး ဘာမှ သိပ်မဝယ်တဲ့ Lia ကို အားနာကာ...
"အကြာကြီး လျှောက်ရတာ ညောင်းနေရောပေါ့ ဒီလိုလုပ်ပါလား ရုပ်ရှင်ကြည့်ပြီး ခဏနားရအောင်လေနော် "
Lia လည်း သဘောတူလိုက်၏။
မိန်းကလေးနှစ်ယောက် တူတူ ဈေးဝယ်ထွက်ပြီး ရုပ်ရှင်ကြည့်တာ ဘယ်သူမှ ထူးဆန်းတဲ့ မျက်လုံးနဲ့ ကြည့်မှာ မဟုတ်ပေမယ့် ပေါက်ပေါက်ဘူး တစ်ဘူးကို ကြားမှာ ချထားရင်း နှစ်ယောက်သား အို့တို့အန်းတန်းဖြစ်နေခဲ့သည်။
ပြနေသည့် ဇာတ်ကားက ပြန်ပေးဆွဲခံရသည့် ကလေးငယ်အား ကယ်ဖို့ ကြိုးစားသည့် စုံထောက်ကားဖြစ်သည်။
ကလေး၏ မိခင်က ကလေးအား ကယ်တင်ဖို့ စုံထောက်၏ စကားကို နားမထောင်ဘဲ အရဲစွန့် စွန့်စားသည့် အခန်းတွေများ၏။ မင်းသမီးက Lia သိပ်မရင်းနှီးသည့် အာရှမင်းသမီးဖြစ်ကာ သရုပ်ဆောင် မဆိုးလှပေ။
"အမေတွေက သတ္တိအရမ်းရှိတာပဲနော် "
Christine က မှတ်ချက်ပေးသည်။
"ကျွန်မရဲ့ စီနီယာတစ်ယောက်ပြောတယ် သူ့ဆီမှာပြနေတဲ့ လူနာတစ်ယောက်က သူ့ အသက် အန္တရာယ်ရှိနေတာတောင် သူ့ ဗိုက်ထဲက ကလေးကို မဖြတ်ချဘူးပဲ ပြောတယ်တဲ့ ဘယ်လောက်တောင် ထူးဆန်းလဲ မျက်နှာတောင် သေချာမမြင်ရသေးတဲ့ အသားစိုင်လေးကို အဲ့လို ပေးဆပ်နိုင်ရလား ကျွန်မ သာဆိုရင်တော့ အဲ့လို မလုပ်နိုင်လောက်ဘူး "
"မင်းက မိခင်ကောင်းတစ်ယောက် ဖြစ်လာမှာပါ "
ရုပ်ရှင်ထဲ ဈာန်ဝင်နေတာကြောင့် သူတို့ရဲ့ အခုအခြေအနေက date နေတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာဆိုတာကို Lia မေ့သွား၏။
Christine က Lia ကို တစ်ချက်ကြည့်ပြီး ပြုံးကာ အကြည့်ကို ပိတ်ကားပေါ်သို့ ပြန်ရွှေ့လိုက်သည်။
"ကျွန်မ Liaကို သဘောကျတယ် "
အခုတော့ Lia အာရုံက Jen ဆီ့ကို အလုံးစုံရောက်သွားပါပြီ။
"အင်း..."
"အဖြေက 'အင်း' ပဲလား "
"တွဲကြည့်ကြမယ် "
Christine က မျက်တောင်လေးများ ကိုင်းညွှတ်သွားသည့်အထိ ပြုံးလာသည်။
သူမ အစကတည်းက ထိုအဖြေကို ခန့်မှန်းထားသည့်အတိုင်း...
စာမေးပွဲမှာ သူမ မျှော်လင့်ထားသည့် အမြင့်ဆုံး ရလာဒ်ကို ရလာသလိုမျိုး ပြီးပြည့်စုံတဲ့ ခံစားမှု...
နောက်ဆုံးတော့ Lia က သူမ ရည်းစားဖြစ်လာခဲ့ပြီ။
နှစ်ယောက်လုံး ရုပ်ရှင်ကို ဇာတ်သိမ်းအထိ မကြည့်ကြဘဲ အပြင်သို့ ထွက်လာကြသည်။
Lia က Christine ကို့ မေးသည်။
"အခု ဆေးရုံပြန်သွားမှာလား "
"အိမ်ပြန်မှာ "
Christine ကို အိမ်ပြန်လိုက်ပို့ဖို့အတွက် မဖြစ်နိုင်တော့။ သူမမှာ Night duty ရှိနေသေးသည်။
"အဲ့ဒါဆို Taxi ငှားပေးလိုက်မယ် "
"အွန်း..."
လွန်ခဲ့တဲ့ ၁ နာရီလောက်က စကားအဆက်မပြတ်ပြောနေသည့် ကြက်တူရွေးမလေး Christine က ဘယ်ဆီဘယ်ဝယ်ရောက်သွားပြီ မသိ။
"ပြန်ရောက်ရင် ဖုန်းဆက်လိုက်နော် "
"အွန်း..."
ကားနောက်ခန်းမှာ ဝင်ထိုင်ပြီးတဲ့အထိ Christine မှာ Lia ကို မျက်လုံးချင်းဆုံမကြည့်သေးပေ။
"အွန်းပဲ ဖြေနေတော့မှာလား "
Lia သူ့ရဲ့ နှုတ်ခမ်းပေါ်မှာ နူးညံ့စိုအိသည့် အထိအတွေ့ ကို ခံစားလိုက်ရသည်။
ကားသမားက GPS ကြည့်နေတာကြောင့် နောက်ခန်းက သူတို့ ကို မမြင်လိုက်ပေ။
"ကောင်းကောင်းပြန်နော် "
Christine စီးနင်းလိုက်ပါသွားတဲ့ Taxi ထွက်သွားတာနဲ့ Lia ဆေးရုံကို တန်းပြန်သွားခဲ့သည်။
သူ ဆေးရုံကို သွားပြီး မိနစ် ၂၀ ကျော်လောက်ကြာမှာ Christine က သူမ အိမ်ပြန်ရောက်ပြီ ဖြစ်ကြောင်း ဖုန်းဆက်လာသည်။
ဒီနေ့က ပထမဆုံး နေ့ဖြစ်တာကြောင့် Lia ဒီနေ့ Date ကို ပြက္ခဒိန်မှာ မှတ်ထားလိုက်သည်။
အလုပ်အကိုင်ရော ပိုက်ဆံရော အမေ့ရဲ့ ကျန်းမာရေးအတွက်ရော ပူပန်စရာလျော့သွားပြီမလို့ သူလည်း relationship တစ်ခုကို စတင်သင့်ပြီ။
မဟုတ်တဲ့ ကိစ္စတွေ အပေါ်မှာ အာရုံမထားဖြစ်နေအောင် တစ်စုံတစ်ယောက် သူ့ ဘေးမှာရှိနေတာအကောင်းဆုံးပင်။
____
Lia နဲ့ Christine ရဲ့ ရက် ၁၀၀ ပြည့်တဲ့နေ့ ...
ထိုနေ့က Timing ကောင်းတော့ မဟုတ်ခဲ့ပါ။
Lia ရဲ့ အလုပ်က ၈ နာရီမှ အလုပ်ဆင်းရတာကြောင့် မည်သည့်အစီအစဉ်မှ မရှိခဲ့။
အလုပ်ပြီးပြီးချင်း Lia က Christine ဆီကို လိုက်သွားသော်လည်း Christine က သူမ မရောက်ခင် မိနစ်အနည်းငယ်ကတင် အရေးပေါ် ဆေးရုံကားနဲ့ အတူထွက်ခွာသွားတာကြောင့် ထိုင်စောင့်နေရုံသာ။
Christine အလုပ်လုပ်နေတဲ့ R ဆေးရုံက တော်တော်များက သူတို့နှစ်ယောက် အကြောင်း သိနေပုံရကာ သူနာပြုလေးများက အစ သူ့ကို ပြုံးစိပြုံးစိနဲ့ တစ်ချက်တစ်ချက်ကြည့်နေကြသည်။
ဘယ်လောက်မှ မကြာလိုက်။ ဆေးရုံကား အသံနဲ့ အတူ ဒုန်းဆိုင်း တွန်းလာသည့် ဘီးတပ်ကုတင်။
Lia ဦးဆုံးမြင်လိုက်တာက အခြားဆရာဝန်တွေကို ခွဲစိတ်ခန်းပြင်ဖို့ ညွှန်ကြားနေတဲ့ ဆရာဝန်ဘေးက Christine ဖြစ်သည်။
ထိုဆရာဝန်က Christine ပြောပြောနေကျ သူ့ စီနီယာဖြစ်နိုင်သည်။
Christine က လူအုပ်ထဲကနေ Lia ကို အကြည့်တစ်ချက်ဖြင့်သာ နှုတ်ဆက်လာသည်။
Lia သိလိုက်သည်။ ထို အကြည့်က ဆိုလိုချင်သည်မှာ 'ဒီနေ့ သူတို့နှစ်ယောက်ရဲ့ date ဖို့ မဖြစ်နိုင်တော့' ဟူ၍ပင်။
ထိုအချိန် လျှပ်တပြတ်မြင်လိုက်ရသည့် ကုတင်ပေါ်က လူနာရဲ့ မျက်နှာကြောင့် Lia တောင့်ခဲသွားသည်။
သူမ အမှတ်မမှားပါ။ လူနာသည် သတိမေ့နေသည့် အနေအထားနဲ့ ရှိနေသော်လည်း အရင်ကထက် ဖြူဖျော့နေသော်လည်း သူမရဲ့ အောက်ပိုင်းက သွေးများနဲ့ ဖုံးလွှမ်းနေသော်လည်း...
သူမက ရတီဆိုတာ သေချာသည်။
အံ့ဩတုန်လှုပ်မှုကြောင့် Lia ခြေလှမ်းများက အနည်းငယ်နောက်ကျသွားသည်။
ဘီးတပ်ကုတင်က ခွဲစိတ်ခန်းထဲသို့ရောက်သွားပြီဖြစ်သည်။
တကယ်ဆို သူမသည် Christine နဲ့ တွေ့ဖို့ မရှိပါက အိမ်ပြန်ပြီ နားဖို့ စီစဉ်ထားသည်ပင်။
အခုတော့ ခွဲစိတ်ခန်းရှေ့မှာ ထိုင်စောင့်နေမိသည်။
"Christine ကို စောင့်နေတာလား ဒေါက်တာ "
ဆေးရုံမှာ သူတို့နှစ်ယောက်အကြောင်းသိနေတဲ့ Christine ရဲ့ သူငယ်ချင်း ဆရာဝန်မလေး တစ်ယောက်က မေးလာသည်။
"အော်...ဟုတ်...ဒါနဲ့ လူနာရှင်နဲ့ရော ဆက်သွယ်ပြီးပြီလား "
"ဟုတ်ကဲ့ ဆက်သွယ်ထားပါတယ် ခဏနေရင် ရောက်လာမယ်နဲ့တူတယ် "
ပြောသည့်အတိုင်းပင် ငါးမိနစ်လောက်ကြာတော့ အသက်လေးဆယ်ကျော်အရွယ် မိန်းမတစ်ယောက်ရောက်လာသည်။ ဟိုတစ်ခါက ရတီနဲ့ အတူတွေ့ခဲ့တဲ့ အမျိုးသမီးပင်။
သူမပုံက အသက်လုနေတဲ့ လူနာရှင်ထက် အလုပ်ခွင်ကို လာရောက်ကြည့်ရှုစစ်ဆေးသည့် အလုပ်ရှင်တစ်ယောက်လိုပင်။
သူမ ခွဲခန်းရှေ့ရောက်လာပြီး ဘယ်လောက်မှ မကြာ... ခွဲခန်းထဲက Christine ထွက်သည်။
Christine က လူနာရှင်ဆိုသည့် အမျိုးသမီးဆီကို အလောတကြီးလျှောက်သွားကာ...
"စိတ်မကောင်းပေမယ့် အခု လူနာရဲ့ အခြေအနေက ကလေးရော မိခင်ရော အသက်ရှင်နိုင်ခြေနည်းပါတယ် ဖြစ်နိုင်ရင်..."
"ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် ကလေးကိုပဲ ကယ်ပေးပါ "
Christine က အတန်ငယ် ကြောင်အ သွားပြီး မျက်တောင် တဖျက်ဖျက်ခတ်လိုက်မိသည်။
ထို့နောက် ချက်ချင်းပဲ ခွဲခန်းထဲပြန်ဝင်သွားသည်။ Lia ထိုင်နေသည်ကို သူမ မြင်လိုက်သော်လည်း အကြည့်တစ်ချက်သာ ဆုံလိုက်နိုင်၏။
လူနာရှင် အမျိုးသမီးက မျက်နှာ မစိမ်းသည့် Lia ကို မြင်လိုက်တော့ ချက်ချင်းမျက်နှာပျက်သွားသည်။
Lia လည်း သူမက Lia တို့ ဆေးရုံကို မကြာခဏ ဝင်ထွက်နေတာမလို့ မျက်မှန်းတန်းမိနေသည်။
"အန်တီက ရတီနဲ့ ဘယ်လို ပတ်သတ်လဲ "
Lia လိုရင်းကိုပဲ မေးလိုက်သည်။ သူမ အမှတ်မမှားဘူးဆိုရင် ထိုမိန်းမက မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်သည့် ကပြားတစ်ယောက်ဖြစ်သည်။
"ကျွန်မက သူ့ အဒေါ်နဲ့ မခြားပါဘူး "
ထို မိန်းမက အတတ်နိုင်ဆုံး ပုံမှန်လိုဖြစ်အောင် ကြိုးစားဖြေနေသော်လည်း သူမ အပြုံးက သိပ်မပီပြင်ပေ။
နောက်ပြီး ခုလို အခြေအနေမှာ ပြုံးနေတာ ပိုပြီး ထူးဆန်းနေသည်။
သူမက စိတ်မလုံ၍လား မသိ စကားအချို့ ထပ်ပြောလာသည်။
"ရတီ သိပ်ခေါင်းကြောမာတာ သူက သူ့ကလေးကိုပဲ ဦးစားပေးကယ်ဖို့ အမြဲပြောနေခဲ့တာ... သူ့ ကိုယ်ဝန်အခြေအနေက သိပ်ပြီး မဟန်တာကို သိတာတောင်...ဟင်း "
Lia ဘာမှ ထပ်မမေးတော့။
ထိုမိန်းမ ပါးစပ်က ထွက်လာသည်က အမှန် တစ်ခုမှ မပါနိုင်ပေ။
ရတီက ကလေးကို မလိုချင်ခဲ့ပေ။ ရွေးချယ်စရာသာရှိပါက သူမသည် သူမ ဗိုက်ထဲက ကလေးကို မွေးမည်မဟုတ်ပါ။
သေချာသည်က ဒီ ကိစ္စသည် အရင်က Lia ထင်ထားသလို ရတီက စိတ်ပြောင်းသွားပြီး သူ့ ကလေးကို မွေးဖို့ ဆုံးဖြတ်ခဲ့တာ မဖြစ်နိုင်ပေ။
အခု ဘေးက မိန်းမရဲ ပြောပုံဆိုပေါက်ကို ကြည့်ချင်းဖြင့် သူမဆီမှာ ရတီ့ဆီက ကလေးကိုပဲ ကယ်ရမယ်ဆိုတဲ့ သေချာသည့် ခံဝန်ကတိတစ်ခု ရှိနေဟန်တူသည်။
ဒီလိုမှ မဟုတ်ရင် ဒီလောက် တည်ငြိမ်နေမည် မဟုတ်ပေ။
ခွဲခန်းတံခါးပွင့်လာပြန်သည်။
ကလေးလေးက လမပြည့်ဘဲ မွေးလာတာဖြစ်နိုင်သည်။ Christine က ကလေးကို စောင့်ကြည့် ဖန်လုံခန်းထဲသို့ ခေါ်ဆောင်သွားသည်။
Christine ရဲ့ စီနီယာလည်း ထွက်လာပြီး လူနာရှင် မိန်မကို လာတွေ့သည်။
"ကလေးအမေရဲ့ အခြေနေက စိတ်မချရတာကြောင့် စောင့်ကြည့်ရဦးမယ် အရမ်းကြီးတော့ မျှော်လင့်ထားလို့ မရဘူး ကျွန်မတို့လည်း အကောင်းဆုံး ကြိုးစားထားပါတယ်။ ဂရုစိုက်ဖို့ အတန်တန်မှာထားတဲ့ ကြားက မတော်တဆမှုက ဘယ်လိုလုပ်ဖြစ်သွားတာလဲ "
"ကျွန်မ...ကျွန်မလည်း မသိပါဘူး အဲ့ ကောင်မလေးက ကျွန်မ စကားကို နားမထောင်ဘူး အိမ်မှာပဲ ငြိမ်ငြိမ်နေပါဆိုတာကို ဘယ်လိုလုပ်ပြီး အပြင်မှာ လျှောက်သွားနေတာလဲ မသိဘူး "
ရတီ့ကို ICU အခန်းသို့ ရွှေ့လိုက်ကြသည်။
လူနာရှင်ဆိုတဲ့ မိန်းမကတော့ ကလေးကို ကြည့်ဖို့ ထွက်သွား၏။
Lia က အဝတ်အစားလဲပြီး ထွက်လာမည့် Christine ကို စောင့်နေသည်။
အချိန်က နောက်တစ်ရက်ကို ကူးသွားပြီ ဖြစ်တာကြောင့် သူတို့နှစ်ယောက်ရဲ့ ရက် 100 ပြည့် date ကတော့ မရှိတော့လောက်ပေ။
"ဘာလို့ စောင့်နေတာလဲ ပြန်ရောပေါ့ ဒီရက်ပိုင်း night duty တွေချည်း ကျနေတာကို "
"Christine ကိုယ် ခုဏက လူနာနဲ့ တွေ့လို့ရလား "
"ဘာလို့လဲ ? အသိလား "
"အင်း...ကိုယ် သူ့ကို သိတယ် "
Christine က သူမရဲ့ စီနီယာ ဆရာဝန်ကို အကူအညီတောင်းပြီး Lia ကို ICU ခန်းထဲဝင်နိုင်ဖို့ စီစဉ်ပေး၏။
Christine ရဲ့ စီနီယာသည်လည်း Lia ကို သိနေတာ တော်သေးသည်။ ရတီ့ကို တွေ့ဖို့ စကား အများကြီး မပြောလိုက်ရပေ။
ဒါ့အပြင် သူကပါ ICU အခန်းကို Lia နဲ့ တူတူဝင်လာခဲ့သည်။
Christine ရဲ့ စီနီယာပြောပုချက်အရ ရတီ့ရဲ့ ယာဉ်မတော်တဆမှုက ပြင်းထန်တာကြောင့် ကလေးကို ကယ်တာကသာ အကောင်းဆုံးရွေးချယ်မှု ဖြစ်ခဲ့သည်။ ဟူ၍ပင်။
"အဲ့ ယာဉ်မတော်တဆမှုကရော သွေးရိုးသားရိုးဟုတ်ရဲ့လား
ဒေါက်တာလည်း သိမှာပါ လူနာရှင်မိန်းမက လုံးဝ မူမမှန်ဘူး " Lia က ဆိုသည်။
"ရဲနဲ့ အမှုဖွင့်ပြီးသားဆိုတော့ ကျမလည်း ဆက်ပြီး ဝင်ပါမနေတော့တာပါ...လူနာရှင်ရဲ့ ပုံစံက သိပ်ပြီး မဟုတ်ပေမယ့် သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စဆိုတော့... ပြီးတော့ ကလေးအဖေကလည်း မရှိဘူးလေ ကျွန်တော် အများကြီး မေးရင် မကောင်းဘူးမလား "
မှန်တော့လည်း မှန်သည်။ ဒီကိစ္စမှာ သူ့ရှေ့က ဆရာဝန်လည်း Lia လိုပဲ ဘာမှ မတတ်နိုင်ပေ။
ပြီးတော့ ဒီဆေးရုံမှာ မျိုးဆက်ပွား ကျန်းမာရေး ဌာနမရှိပေ။ သားဖွားမီးယပ်ဌာနသာ ရှိတာကြောင့် ဘယ်သူမှ ရတီ့ကို အငှားကိုယ်ဝန်ဆောင် ဆိုတာကို ဆက်စပ် စဉ်းစားမိမည် မဟုတ်။ အဘယ့်ကြောင့် ဆိုသော် တကယ့် အငှားကိုယ်ဝန်ဆောင်ဆို ဒီလို အစိုးရဆေးရုံကို လာမည် မဟုတ်သောကြောင့်ပင်။
"ဒါနဲ့ သူ့ ကိုယ်ဝန်က ဘယ်လောက်ရနေပြီလဲ "
"၈ လကျော်ပြီ..."
ဒါဆို သူ့မှာ ရှိပြီးသား ကလေးမှန်နေတာပဲ။
Lia အိမ်ပြန်လာခဲ့သည်။
သူမ ရတီ့ကို ပြန်လည် သတိရစေပြီး ဒီ ကာလထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မေးချင်၏။
အိမ်မှာ လူက အနားရနေသော်လည်း စိတ်ကတော့ အတွေးမျိုးစုံတွေးမိနေသည်။
နေ့လည်တွင်တော့ Christine ဆီက ဖုန်းဝင်လာသည်။
Lia ရဲ့ ဆုတောင်း မပြည့်ခဲ့ပါ။
နေ့လည် ၂ နာရီ ၁၀ မိနစ်မှာ ရတီက လောကကြီးကနေ ထွက်ခွာသွားခဲ့ပြီ။