"ကိုကို ရှင်းမ်ကို ချစ်မိပြီထင်တယ်"
အလောတကြီးပုန်းရှောင်သည့်တိုင် နားဖျားညွှတ်မတတ်ပဲ့တင်လာတဲ့ စကားလုံးတွေထဲ ၊
ဂျယ်ယွန်းက သူခနခနကျင်လည်ဖူးခဲ့ရာ အိပ်မက်ကမ္ဘာမှာလို လက်တွေ့တံခါးပေါက်ဆီ ကယောင်ကတမ်းပြေးကြည့်မိသေးသည် ။
သူ့တစ်ကိုယ်လုံးမယ် တုန်ရီမတတ် ။
ရေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲထွက်တော့မည့်အတိုင်းပင် ဂျယ်ယွန်းမှာ ပြာယာခတ်ရသည်။
"ရှင်းမ်"
"ကိုကို စကားအေးဆေးပြောချင်တယ်"
"တံခါးဖွင့်ပေးဦး"
တံခါးခေါက်သံက ဆက်တိုက်လို ခွင်းလာ၏။
တားထားတဲ့ စည်းပါးပါးလေးကို ကိုယ်စီကျူးလွန်ချင်လာကြသော နှလုံးခုန်သံတွေကတော့ ဤမျှထက် ကျယ်လောင်တော့ပေပြီ။
"ကို....ကျနော်"
"ဘာလို့များ ရှောင်ထွက်သွားရတာလဲကွာ"
တံခါးဖွင့်ဖွင့်ချင်းတင်ပင် ဟီဆွန်းက သူ့ကျောပြင်ကျယ်ထဲ ဂျယ်ယွန်းတစ်ကိုယ်လုံးနစ်ဝင်မတတ်ပွေ့ဖက်လိုက်တော့ ဆောင်းဦးလေတွေပါ အမြင်ကတ်ပုဒ်မတပ်မိလာလေရဲ့ ။
အခန်းဝရံတာမှာချိတ်ဆွဲထားတဲ့ မိုးပြာရောင် စက္ကူတံခွန်ခမျာ မနားစတမ်းဝေ့ယမ်းရသည် ။
"မဟုတ်မှလွဲ"
"ကိုယ့်ကို စိတ်ကုန်သွားတာလားဟင်"
"ဟုတ်တယ်"
"ခုမှ ဖွင့်ပြောလို့ စိတ်ကုန်သွားပြီ"
ကိုကိုအီဟီဆွန်းက ဂျယ်ယွန်းအနားမှာသာဆို ဘယ်လောက်တောင်နုံချာလိုက်လေခြင်းလိမ့်။
ဂျယ်ယွန်းက လက်သီးဖွဖွအားကိုးနှင့် သူ့ရင်ဘတ်ကျယ်ထဲဒဏ်ခတ်တော့ သမင်မျက်ဝန်းတွေဆီက ရယ်သံလွင်လွင်တို့ ဂျယ်ဂျူရဲ့အပြာရောင်မိုးတိမ်တွေထဲ မျောလွင့်နေတော့သည်။
"ဒီ၅စက္ကန့်စာ စကားလေးကြားရဖို့အတွက်
ကျနော်စောင့်ခဲ့ရတာရက်ပေါင်း၅၀၀မကပါလား"
"ကိုကိုတောင်းပန်ပါတယ် အချစ်ရယ်"
"ဘာအတွက်လဲ"
"အရာရာပါပဲ"
"ကိုယ်က မင်းအတွက်ဆိုအမြဲပျော့ညံ့နေမိတယ်"
ဟီဆွန်းက သူ့လက်ချောင်းရှည်မျော့မျော့တို့အားကိုးနှင့် မျက်နှာဖူးဖူးကို သိမ်းပိုက်လာခိုက်၊ တိုင်ကပ်နာရီလက်တံလည်သံတွေကိုပါ ဖမ်းမမိနိုင်တော့လောက်အောင် ဂျယ်ယွန်း ရင်ဖိုရ၏။
ခေါင်းတစ်လုံးစာမျှ ကွာဟတဲ့အရပ်အမြင့်ကြား သိုင်းဖက်ထားဆဲမို့ တစ်ယောက်သောသူရဲ့ရင်ဘတ်ဝမှာ ဆိုက်ကပ်သော မြင်းခွာသံတို့ကို ၊
ဂျယ်ယွန်းကြားလင့်နေရတဲ့ ဤအခိုက်အတန့်က ရေတံခွန်ထိပ်ဖျားနားခြေစုံရပ်နေရသည့်နှယ် ။
အန္တရာယ်မှန်းသိလျက်နှင့်ပင် လောကကိုမေ့လို့ ခုန်ချဖို့ရာ ဂျယ်ယွန်းဝန်မလေးတော့သည့်နှယ် ။
"ကို"
"ဒါ အိပ်မက်မဟုတ်လား... "
"ကိုကိုနဲ့ကျနော် အပြာရောင်အိပ်မက်လေးထဲ အတူတူဆော့ကစားနေကြတာပဲနေမှာ"
" အိပ်မက်တစ်ခုထက်မပိုခဲ့ရင်လည်း
နိုးလာတဲ့အခါ အတိုးချပြီး ကိုယ်ဝန်ခံပါ့မယ်"
"ရှင်းမ်ကို အပြာရောင်တွေထက်ချစ်ရတာကို"
ယှက်နွယ်ခံလိုက်ရသည့် လက်ချောင်းလေးတွေထဲကနေ နွေဦးကို ဂျယ်ယွန်းထိတွေ့မိ၏ ။
လူတွေသောင်းပြောင်းဖွဲ့နွဲ့တတ်ကြလွန်းတဲ့
အချစ်ဦးပုံပြင်တွေထဲက ဇာတ်ဝင်တေးတစ်ပုဒ်
လွင့်စင်လာတာပင်ဖြစ်ရမည်။
"ရှင်းမ်"
"မင်းရဲ့ဆယ်ကျော်သက်ဖလင်ချပ်တွေထဲ
ကိုယ့်လက်ကိုပဲ ဆုပ်ကိုင်ထားပေးနိုင်မလား"
"ဆယ်ကျော်သက်လွန်တဲ့အခါမှာရော
ကိုကို ကျနော့်လက်တွေကိုတွဲဝံ့ပါဦးမလား"
ကိုယ်စီအဖြေတုန့်ပြန်မလာကြတော့သော လေထုထဲတွင် သက်ပြင်းဖွဖွရှိုက်သံတွေ နှောနေ၏။
စကားလုံးမဲ့ကာ ဆိတ်ငြိမ်သက်သွားတဲ့အခန်းထဲ ရောပြွန်းနေသည့် ခံစားချက်ကြိုးကသူတို့နှစ်ဦးလုံးရဲ့ရင်ဝကို တင်းတင်းကြပ်ကြပ်ချည်နှောင်လုထားသည် ။
"ကလေးရယ်"
"ကိုယ်ခုချိန်မှာပြောနိုင်သေးတာက သိပ်ချစ်တယ်ဆိုတာကလွဲပြီး....."
ပါပီတစ်ကောင်လိုအသနားခံသည့် မျက်ဝန်းလေးတွေမှာ ပုလဲတချို့ခချင်လာတော့ ၊
ဟီဆွန်းက ထိုကောင်လေးရဲ့နှုတ်ခမ်းဖူးဖူးပေါ်
သူ့ဘဝအတွက်ပထမဦးဆုံးအနမ်းကို ခြွေသည် ။
ချိုလွင်သည် ။
သက်တန့်ခပ်ရေးရေးဖြတ်ပြေးသွားသည့်နှယ် ရူးသွပ်စေမတတ် လှလွန်း၏။
ဤအခိုက်အတန့်က ဟီဆွန်းအတွက် သူသိပ်ကြိုက်သော R&B တေးသွားတွေကို ဂစ်တာအိုပေါ် တီးခေါက်ရတဲ့အချိန်တွေအားလုံးထက်သာလွန်နေတော့ ၊
ကမ်းစပ်ဆင်းကာ ငေးကြည့်နေကြ ငါးပြာပြာတို့ကိုပင် ဟီဆွန်းက ပထမဆုံးအကြိမ်မေ့မိခဲ့ပြီ။
🦈----------------------------------------------------
"ငါတို့ဂျယ်ယွန်းလေး
ကြက်ကြော်များများထည့်စားလေ
သားလေးလာမယ်ဆိုလို့အများကြီးမှာထားတာ "
"ခုတောင် ဗိုက်အင့်လှပြီမေမေလေးရဲ့"
"မေကြီးတို့များနော်"
"သူ့ဗိုက်ထဲက ထွက်လာတဲ့ သားတွေကိုကြ
ရှိတယ်တောင်မမှတ်ဘူး"
ဘာလိုလိုနှင့် ဟီဆွန်းတို့ထမင်းစားပွဲဝိုင်းထဲ အိမ်သားတစ်ယောက်အတိုင်းသား ဂျယ်ယွန်းခြေဆန့်ခဲ့ခြင်းမှာ ရှစ်နှစ်တာပင်လွန်လာပြီဖြစ်၏။
ပွဲတော်ပိတ်ရက်တွေရောက်တိုင်း ဂျယ်ယွန်းက
ဟီဆွန်းတို့အိမ်လာလည်ရတာကို ခုံမင်ပြီး ၊
ရံဖန်ရံခါ ဟီဆွန်းမေမေနှင့်နှစ်ယောက်သား ဒုံမွန်စျေးပတ်ကာ အချိန်ဖြုန်းတတ်သေးသည်။
ခြေချလိုက်ရုံတင် နှာဖျားထဲ ပူဒီနာ(ပူစီနံ) ရနံ့တွေသင်းနေတတ်တဲ့နှစ်ထပ်အိမ်အိုရဲ့နေရာအများစုမှာဟီဆွန်းအဖေကိုယ်တိုင်ရိုက်ကူးထားသည့်
ဆေးရောင်စုံဖလင်ချပ်တွေ ချိတ်ဆွဲထားသည်။
အများစုက Seonimgyoတံတားပေါ်နှင့် ကမ်းစပ်မှာအခြေတည်သောပုံရိပ်တို့ကိန်းအောင်းနေ၏။
ကိုကိုဟီဆွန်း အပြာရောင်တွေကိုမြတ်နိုးတတ်ခြင်းက သူ့အဖေဆီမှသက်ဆင်းသောအမွေလေးဖြစ်လိမ့်မည်ဟုပင် ဂျယ်ယွန်းက ဓာတ်ပုံတွေငေးရုံတင် တထစ်ချယုံကြည်ထားသည်။
"ဘာတွေများ ဒီလောက်တောင်ငေးနေတာတုန်း
ကိုယ့်အိမ်ကို မမြင်ဖူးတာလဲမဟုတ်ဘဲနဲ့"
"မြင်ဖူးလဲငေးရတာကို ကျနော်ပျော်တယ်လေ
ကိုကို့အငွေ့အသက်တွေ ခိုအောင်းလို့နေမယ်"
"ရှင်းမ်ကလေ...တအားကို မှ တအား"
"ဘာဖြစ်လဲ တအား..."
"ဟူးး...မသိတော့ဘူးကွာ
တကယ့်ခွေးပေါက်လေးသာဆို
ကိုကို မင်းကိုကိုက်ပစ်မိမှာပဲ ရှင်းမ်ရယ်"
ဟီဆွန်းက သူ့နှာခေါင်းချွန်ချွန်ကို ဂျယ်ယွန်းရဲ့ ပါးပေါင်မုန့်လုံးလေးဆီ တိုးဝင်အပ်တော့ ကလေးပေါင်ဒါမှုန့်နှင့်အသွင်တူသော ကိုယ်သင်းရနံ့လေးကို ဆောင်းဦးလေကြား တဝကြီးရှူရှိုက်မိ၏။
ရေခဲသေတ္တာအနား ခိုးချောင်ခိုးဝှက်တည်နေရသောချစ်ခြင်းက မဆိုသလောက် ရူးနှမ်းနှမ်းဆန်ပေမယ့် သူတို့နှစ်ဦးကတော့ လောကကြီးကိုမေ့လျက် ပြိုင်တူရီမောနေသေးရဲ့ ။
🦈--------------------------------------------------------
"ဖေကြီးပြန်လာပြီ သားတို့ "
"ဟော...ဂျယ်ယွန်းလေးရော ရောက်နေတာကိုး"
"ဟုတ် အန်ကယ်"
"ခနနေတောင် ပြန်တော့မလို့"
"ဒီညနေ စောလှချည်လားဖေကြီး "
"စောလှချည်ရဲ့ဆို မြင်ကွင်းထဲကို့လို့ကန့်လန့်တွေရှိနေလို့ပြန်လာခဲ့တာပေါ့ကွာ "
"ဘာလို့လဲဖေကြီးရဲ့
ခရီးသွားတွေ ဆူလွန်းလို့လား "
"အဲ့လိုဆိုရင်တောင် နေသာဦးမယ်"
"ခုက ယောင်္ကျားနှစ်ယောက်ဖက်လှဲတကင်းနမ်းနေကြတာကွာ"
"ဘယ်လောက်တောင်စိတ်ရှုပ်စရာကောင်းလေခြင်းလဲ"
ခြံဝန်းထဲ ဆီးကြိုလာတဲ့ ဟီဆွန်းအဖေအသံမှာဒေါသထက် ရွံရှာမုန်းတီးစိတ်တို့က စွက်နှောနေသည်။ တင်းမာဆဲ နဖူးကြောစိမ်းတွေက စိတ်ပျက်ခြင်းအသွင်ဆီဦးတည်လွန်း၏။
တံခါးထောင့်နား ရပ်နေဆဲဖြစ်သည့်ဂျယ်ယွန်းဆီ ဟီဆွန်းဖြတ်ခနဲမဝံ့မရဲကြည့်လိုက်တော့ နွမ်းလျသွားတဲ့မျက်ဝန်းအိမ်ထဲ ကြယ်တွေမှေးမှိန်လုပြီ။
"သြော် ရှင်ဆိုသည်မယ်လည်းလေ
၂၁ရာစုထဲပဲ ရောက်နေပြီ
ဒါတွေက ဆန်းလို့လား "
"မဆန်းဘူး
ဒါပေမယ့် မဖြစ်သင့်ဘူးလေကွာ
လောကီလောကသဘာဝကို ဖျက်စီးနေကြတာ
ဘယ်လိုတောင် ရွံစရာကောင်းလိုက်လဲ"
"ငါ့သားနှစ်ယောက်လုံး အဲ့ဒီလိုတွေမဟုတ်လို့
တော်ပါသေး"
"ဖေကြီးရယ်
သူတို့ရဲ့ ဖြစ်တည်မှုက ဖေကြီးကိုဘာများလာနှောင့်ယှက်နေကြလို့လဲ "
စကားဝိုင်းထဲဆိတ်ငြိမ်ကာမျက်နှာပျက်လာသည့်ဟီဆွန်းကို အစ်ကိုကြီးက တိတ်တိတ်လေး အရိပ်အကဲခတ်ပြီး သက်ပြင်းဖွဖွချမိရဲ့။
ဂျယ်ယွန်းကတော့ ဟီဆွန်းရဲ့ငါးကန်လေးဆီသာ တွေတွေလေးငေးကြည့်လျက်ပင် ငြိမ်သက်နေတော့သည် ။
"ဟီဆွန်း"
"မင်းညီလေးကို ပြန်လိုက်ပို့ဦးလေကွာ"
"မှောင်နေပြီ"
"ရတယ် ကိုကို"
"ကိုယ့်ဘာသာပဲပြန်ချင်လို့လိုက်မပို့နဲ့တော့နော် "
"မေမေလေးနဲ့ အန်ကယ်
ကျနော် ပြန်ဦးမယ်ဗျ"
အိမ်ပြန်လမ်းဆီဦးတည်လာတဲ့ ဂျယ်ယွန်းရဲ့လက်ကို ဟီဆွန်းက ဖမ်းဆွဲပြီးဟန့်တားလိုက်ပေမယ့်၊
တကယ်တမ်းရပ်တန့်မိနေသည်မှာတော့ သူ့နှုတ်ဖျားဝက စကားလုံးတွေပင်ပေ။
"ကိုကို"
"ကျနော် ကိုယ့်ဘာသာပဲပြန်ပါရစေနော်
ကောင်းကောင်းအနားယူလိုက်ဦး"
လှစ်ခနဲထွက်သွားတဲ့ဂျယ်ယွန်းရဲ့နောက်ကျောလေးကိုကြည့်ရုံတင် အသံတိတ်လျက်ဟီဆွန်းငိုကြွေးမိသည်ထင်ပါသည်။
ဂျယ်ယွန်းမြတ်နိုးရတဲ့ မျက်တောင်နက်နက်လေးရဲ့ထောင့်စွန်းတွေမှာတိမ်လွှာမဲ့သော မိုးသားတချို့ဝေ့ဝဲနေတော့သည်။
🦈-----------------------------------------------------
re upload
၂-၁၁-၂၀၂၂🍁