When You Find Lost Love Again

By Htet-Bo

138K 10.9K 2.9K

3.6.2021 - 11.5.2022 More

Character (1)
Character (2)
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Character (3)
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Final (UNI)
Character - 4

Final ( ZGI)

1.4K 32 0
By Htet-Bo

အေးချမ်းလှသော ဒီဇင်ဘာဆောင်း၏မနက်ခင်းလေးတစ်ခုနှင့် စတင်၍။

အဖြူရောင်ဝတ်စုံပြည့်နှင့် အမျိုးသားနှစ်ဦးသည် တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင်ကြည့်ကာ ပြုံးလို့ရွှင်လို့။ ဝဲဘက် ရင်ဘတ်တွင် ဆင်ယင်ထားသော အချစ်ကိုဖော်ကျူးသည့် နှင်းဆီပန်းငယ်သည် တလောကလုံးတွင် အလှဆုံးပန်းဟု တင်စားရလောက်သည်အထိ ကျက်သရေရှိစွာ ဝင့်ထည်နေသည်။
မျက်ဝန်းတွေက မျည်ရည်စတွေဟာ ဝမ်းနည်းနေ၍မဟုတ် ကြည်နူးလွန်း၍၊ပျော်ရွှင်လွန်းနေ၍ ဖြစ်သည်။အပြုံးတွေဟာ ကမ္ဘာကြီးတစ်ခုလုံးကို အပိုင်စားရထားသလိုပါပဲ။ လက်အစုံတို့ဟာ မလွှတ်တမ်း တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်သွယ်ယှက်လျက်။ ထိုအမျိုးသားငယ်နှစ်ဦးကို မြင်တွေ့လျှင် အချစ်ဆိုတာဟာ ချိုမြိန်ခြင်းအရသာပါလားဟု သတ်မှတ်ကြပေလိမ့်မည်။ ထိုကဲ့သို့ပင် ချစ်ခြင်းတရားကိုဖော်ပြနေသော ဓာတ်ပုံဟာ မင်္ဂလာအိပ်ခန်းတွင်ရှိသော မင်္ဂလာကုတင်ခေါင်းရင်းထက်တွင် ခမ်းခမ်းနားနားတည်ရှိနေသည်။ ထိုမျှပင်မကသေး ချစ်စရာတစ်ထပ်တိုက်အိမ်ငယ်လေး၏ နေရာတိုင်းတွင် မင်္ဂလာဓာတ်ပုံများကို ချိတ်ဆွဲထားသေးသည်။ အချစ်တွေပြည့်နှက်နေသောထိုအိမ်ငယ်လေးတွင် အမျိုးသားလေးနှစ်ဦးနှင့် အပင်ငယ်လေးတွေ အေးချမ်းစွာနေထိုင်ကြသည်။

" ဟုတ် မေမေ အခုပဲ အဝတ်တွေထည့်နေကြတာ ခနနေထွက်လာတော့မှာ "

ခရီးဆောင်အိတ်နှစ်လုံးကို ရှေ့ချကာ
ကောင်လေးတစ်ယောက်အလုပ်ရှုပ်နေသည်။ ခရီးဆောင်အိတ်ထဲ ဖြည့်ရန်အတွက် အစီအရင်ချထားသော လိုအပ်သည့် အဝတ်အစား၊အသုံးအဆောင်ပစ္စည်းများဖြင့် အိပ်ခန်းငယ်လေးဟာ ပြည့်နှက်နေသည်။

" ကားကို ဂရုစိုက်မောင်းနော် သား တောင်တက်တောင်ဆင်းလမ်းအကွေ့တွေ သတိထားနော် ညဘက်တွေဆိုသတိထားမောင်း "

ချိုကာသိမ်မွေ့နေသော မေမေ့၏စကားသံတွေကို ရန်းတစ်ယောက်ကြားပြီး ရန်း ပြုံးလိုက်သည်။ရန်း ပြုံးသလိုပင် ဝန်းကလည်း ပြုံးပြုံးကြီးလုပ်ကာ နားထောင်နေသည်။

" မေမေရယ် မေမေပြောနေတာနဲ့နောက်ကျနေပြီ ဝန်းအိမ်ကိုလည်း ဝင်ရဦးမှာ "

ဝန်းအနား အတင်းတိုးပြီး သူတို့စကားဝိုင်းထဲ ဝင်ပါတော့ " ငါ့သားငါသတိပေးနေတာ " ဆိုပြီး ရန်း ဝင်ပြောတာ မကြိုက်တဲ့ပုံစံနဲ့ မေမေ့အသံက ခပ်ပြတ်ပြတ် ထွက်လာသည်။

" မေမေ့သားအရင်းက သားနော် မချစ်တော့ဘဲ နေတော့မှာ"

ရန်း စိတ်ဆိုးဟန်ဆောင်ကာ ပြောလိုက်တော့ " မချစ်နဲ့ပေါ့ " ဟုဆိုကာ ဖုန်းချသွားလေသည်။မေမေက အရင်ကလိုပဲဝန်းကို သိပ်ချစ်သည်။အရင်က ရန်းဆီ ဖုန်းဆက်တိုင်း ဝန်းကို အရင်မေးတတ်သည်။အခုကျတော့ ရန်းဆီ ဖုန်းမဆက်တော့ဘဲ ဝန်းကိုသာ တိုက်ရိုက်ဆက်တော့သည်။ ဝန်းကလည်း မေမေ၊မေမေနှင့် အဖြစ်သည်းသည်။တခါတလေ သူတို့သားအမိကို ကြည့်ပြီး မနာလိုဖြစ်ကာ စိတ်ကောက်ရသေးသည်။ " မေမေက အစ်ကို့ကိုပိုချစ်တာပါ ဘယ်လိုဖြစ်လို့ စိတ်တွေကောက်နေရတာလဲ " ဆိုပြီး ဝန်းက ဆူလို့ ချော့လို့ ဝန်းနဲ့ ပြေလည်သွားရင် မေမေ့ဆီဖုန်းဆက်ကာ " မေမေက သားတို့ နှစ်ယောက်ကိုသွေးခွဲနေတာ " ဆိုပြီး ကလေးဆန်ပစ်သေးသည်။ အဲ့လိုစိတ်ဆိုးတိုင်း မေမေက ရယ်မောကာ ချော့တတ်သည်။ထိုအချိန်မှ ရန်းက အချော့ခံရသည်။

" အစ်ကိုကလည်း မေမေတို့က စိတ်ပူလို့ကို "

ဘေးမှာလာထိုင်ကာ ရန်းထည့်လက်စ ပစ္စည်းတွေကို သူ့ဘက်ဆွဲကာ ခရီးဆောင်အိတ်ထဲ ပစ္စည်းတွေ ထည့်ရင်းပြောလာတဲ့ ဝန်းကို နှာတချက်မှုတ်လိုက်ပြီး အိပ်ခန်း အပြင်သို့ ထွက်လာလိုက်သည်။

ဧည့်ခန်းတွင် မမြင်ဖူးတဲ့ နှင်းဆီပန်းစည်းတစ်စည်းကို တွေ့လိုက်ရသည်။ မနက်က မတွေ့မိပါဘူး။

" ဒါ ဘယ်ကပန်းစည်းလဲ ဝန်းငယ် "

ဝန်းက ရီးဆောင်အိတ်နှစ်လုံးကို တွန်းကာဆွဲရင်း အိပ်ခန်းထဲက ထွက်လာသည်။ပြီးနောက် ရန်းလက်ထဲကပန်းစည်းကို ကြည့်ပြီး နူးနူးညံ့ညံ့ပြုံးသည်။

" Meaning of love ရဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ်တဲ့ Production က လာပို့သွားတာ "

အပန်းရောင်ဖျော့ဖျော့နှင်းဆီတွေကို သေသေသပ်သပ်စည်းနှောင်ထားတဲ့
ပန်းစည်းလေးဟာ မျက်စိအမြင်အေးချမ်းလှသည်။ ပြုံးနေတဲ့ဝန်းရဲ့ပါးတစ်ဖက်ကို ဖွဖွဆွဲလိုက်ပြီး ဝန်းနဲ့အတူလိုက်ပြုံးမိသည်။

" အမှတ်တရများတဲ့ ပန်းစည်းပဲ " ဟုတီးတိုးဆိုလိုက်သည်။တစ်နှစ်တောင်ရှိသွားပြီလား၊ဒီလိုဆိုတော့လည်း အချိန်က ကုန်တာ တကယ်ကိုမြန်တာပဲ ဟုစိတ်ထဲကနေ ရေရွတ်လိုက်သည်။

" သစ်ခက်လွှားရော အဆင်ပြေရဲ့လား "

တစ်ခါတလေ အမှတ်ရပေမဲ့လည်း မပြောဖြစ်တဲ့အရာတွေ၊ မသုံးဖြစ်တာကြာပြီဖြစ်တဲ့နာမ်စားလေးကို နှုတ်ကထုတ်မေးလိုက်သည်။ ဒီနှစ်အတွင်းအဆက်အသွယ်လုံးဝမရှိခဲ့ဘူးမဟုတ်လား။ဝန်းကသက်ပြင်းငယ်လေးကိုအသာချသည်။မျက်ဝန်းလေးတွေဟာတည်တည်ငြိမ်ငြိမ်။

" လွှားကို အဆက်အသွယ်မရလို့ လက်ဆောင်မပို့ဖြစ်ဘူးတဲ့ အစ်ကို "

ဝန်းက စိတ်မကောင်းစွာဆိုသည်။
အားလုံးနဲ့ အဆက်အသွယ်ဖြတ်သွားသည်ကိုး။ Social Media ပေါ်မှာလည်း မတွေ့ဖြစ်တာကြောင့် ထိုကောင်လေးအဆင်မှပြေရဲ့လားဟု ရန်းရောဝန်းပါ စိတ်ထဲကနေ စိတ်ပူမိတာတော့အမှန်ပင်။

" ငါတို့မင်္ဂလာတစ်နှစ်ပြည့်နှစ်ပတ်လည်ကျရင် သူ့ဆီသွားလည်ကြမလား ပြည်ပခရီးထွက်ရင်းပေါ့ "

တစ်ခါလောက်တော့ သေချာတွေ့ပြီး စကားတွေ အများကြီးပြောချင်ပါသေးသည်။အစကတည်းက ရင်းနှီးဖြစ်ခဲ့ရင်ကောင်းမယ်လို့ တွေးမိသည်။ ထွေးပွေ့ပေးချင်စိတ်လည်းရှိပါသည်။

" ကောင်းသားပဲ လွှားမိဘတွေကို ကလေးယူတာနဲ့ပတ်သက်ပြီးမေးရမယ်နော် "

ဝန်းပြောလိုက်သည့် စကားကြောင့်အတွေးတွေဟာ ကြက်ပျောက်ငှက်ပျောက်။ မလွယ်ကူတဲ့အရာကို သိပ်လိုချင်သောဝန်းငယ်ကြောင့် တခါတခါစိတ်ညစ်ရသေးသည်။ နှစ်ယောက်သားအကြား အချစ်တွေကို နေရာလွတ်မရှိအောင် ပြည့်သိပ်ကျပ်အောင်ဖို့ပြီး နေပါရစေပါဦး။

" တော်တော့ သွားမယ် "

ငြင်းမယ်ဆိုတာ ဝန်းကြိုသိနေပြီသားဆိုပေမဲ့ မရရအောင်ချွဲချင်သေးသည်။

" နော်လို့ "

အစ်ကို့လက်ကိုဆွဲကာ ကလေးတစ်ယောက်လိုပူဆာတော့ အစ်ကို အံ့ကြိတ်ကာ ပြုံးသည်။  အစ်ကို့မျက်ဝန်းတွေ လှုပ်ရှားလာပြီမလို့ ဝန်း အနိုင်ရသူ အပြုံး ပြုံးလိုက်သည်။ သိပြီးသားပင်။ ဝန်းချွဲရင် အစ်ကိုဖြည့်ဆည်းပေးပြီးသား အဟင်း။

" မကြားဘူး မကြားဘူး "

ရုတ်တရက် အစ်ကိုက ဝန်းဆွဲထားတဲ့လက်ကို အတင်းရုန်းကာ နားပိတ်ပြီး ပြေးထွက်သွားလေသည်။

" အစ်ကိုမပြေးနဲ့ လဲမယ် "

ပြေးထွက်သွားတဲ့ အစ်ကို့ကိုစိုးရိမ်စွာလှမ်းအော်ရင်း ခရီးဆောင်အိတ်နှစ်လုံးကိုဆွဲကာ နောက်ကလိုက်ရတော့သည်။

ကိုယ့်အလိုမလိုက်တော့ သူ့အလိုကိုလိုက်ရတော့မှာပဲ။ချစ်တာကိုး။

.

တောင်စဉ်တောင်တန်းများသည် ဖြူလွှသော မြူလွှာအထပ်ထပ်၏ သိပ်သည်းစွာ ဖုံးအုပ်ဝန်းရံခြင်းကို လှလှကြီးခံနေရသည်။ မြက်ခင်းပြင်သည် စိုထိုင်းကာမြက်ရွက်ပါးလေးများသည်လည်း နှင်းမြူများ၏ ဝါးမြိုခြင်းကို ခံထားရသောကြောင့် အေးခဲတောင့်တင်းနေသည်။ စံတော်ချိန်ဟာ 10 နာရီထိုးလုနီးပါရှိနေပြီဖြစ်သော်လည်း အနွေးဓာတ်ပေးမဲ့ နေရောင်ခြည်ညှင်းညှင်းလေးဟာ  အင်အားကြီးနေသော မြူနှင်းတွေကို မထိုးဖောက်နိုင်ဘဲရှိလေသည်။ ဒါဟာဆောင်း၏သရုပ်ကိုဖော်နေခြင်းပေလား။

ထူထဲသော အဝတ်အထည်တို့ကို  အားကိုးတကြီးဖက်တွယ်ကာ အအေးဒဏ်ကို ခုခံရသည်။အဖုံးအကွယ်မဲ့လေသော မျက်တောင်ကော့ကော့လေးသည် နှင်းမှုန်လေးတွေရဲ့ တိုက်ခိုက်ခြင်းကို ခံရသောကြောင့် အေးခဲကာ တောင့်နေလေသည်။ပါးမို့မို့တို့က နီရဲကာ အေးစက်နေသည်။နှုတ်ခမ်းပါးတို့က မသိမသာတဆတ်ဆတ်တုန်နေသည်။အနွေးဦးထုပ်လေးမဖုံးအုပ်ပေးထားတဲ့နားဖျားလေးတွေသည်လည်း အအေးဒဏ်ကြောင့် ရဲပတောင်းခတ်နေလေသည်။ ခုံတန်းရှည်လေးပေါ်ထိုင်ကာ  ငြိမ်သက်သော မျက်လုံးများဖြင့် အဝေးတနေရာကို မျက်တောင်မခတ်တမ်း ကြည့်နေလေသည်။ တောင်တန်းတွေကိုလား၊မြူဆိုင်းတွေကိုလား၊မြက်ခင်းပြင်ကျယ်ကိုလား ဘယ်ကိုကြည့်နေသည်လည်းဆိုတာ ခန့်မှန်းမရဘဲရှိနေလေသည်။

" လွှား "

နွေးထွေးညင်သာစွာ လွှင့်ပြယ်လာသော  အမည်နာမသည် သူ့ထံကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသော်လည်း သူသည် ကြားဟန်မပြုပေ။
ငြိမ်သက်မြဲ ငြိမ်သက်ဆဲ၊ ကြည့်မြဲတိုင်းကြည့်ဆဲ ။

" အပြင်မှာ အေးလွန်းပါတယ် သားရယ်အထဲဝင်ရအောင်လေနော် "

မလှုပ်မယှက်ထိုင်ကာ တနေရာကိုငေးမောနေသော သားဖြစ်သူကြောင့် ဦးရိုးရှင်းသွင် လည်း သားဖြစ်သူဘေးတွင် အသာဝင်ထိုင်ရင်း သားဖြစ်သူနှင့်အတူလိုက်ပါငေးမောလိုက်သည်။

သားဖြစ်သူ၏လက်ကိုဆုပ်ကိုင်လိုက်တော့ အေးစက်တောင့်တင်းကာ တုန်ရီနေလေသည်။

" ဖေဖေ သေချာမကြည့်လိုက်မိဘူး ဖေဖေ့လွှားလေး အရမ်းအေးနေပြီမဟုတ်လား ဖေဖေတောင်းပန်ပါတယ် "

အေးခဲနေသောလက်လေးကို ကြည့်ကာ စိတ်မကောင်းခြင်းများစွာ ဖြစ်ရသည်။
လက်ထဲက လက်အိတ်လေးကို သားဖြစ်သူရဲ့လက်မှာ သေချာဝတ်ပေးကာ မြန်မြန်နွေးစေရန် အာငွေ့ပေးပြီး သားဖြစ်သူလက်ကို မလွတ်တမ်းဆုပ်ကိုင် ထားလိုက်သည်။ပူသည်၊အေးသည်ကို ဖေဖေ့သားက မခံစားတော့ဘဲ။

" ဒီနေ့ သားနဲ့ချိန်းရဲ့ဇာတ်ကားလေးက တစ်နှစ်ပြည့်သွားပြီတဲ့ memory တွေ ပြန်တက်နေတာ ဖေဖေတွေ့တယ် သားကို ချစ်တဲ့သားပရိသတ်တွေက သားကိုရှာနေကြလေရဲ့ "

အကြားအာရုံသည် အလုပ်လုပ်နေသည်လား ကိုယ်တိုင်ပင်သိလိမ့်မည်။ နားထောင်နေသည်လားကို သေချာစွာမသိသော်လည်း အမှတ်တရတွေ သတိတရဖြစ်စေရန် အင်တိုက်အားတိုက်ပြောပြချင်သည်။ ကန်ရေပြင်သည် ငြိမ်သက်ရုံတင်မဟုတ် ကဲလွန်းသော အအေးဒဏ်ကြောင့် အေးခဲ၍ပင်နေလေသည်။

" မနှစ်က ဒီလိုအချိန်မှာ သားသိပ်သွားချင်ခဲ့တဲ့ ဖေဖေတို့ရဲ့မွေးရပ်မြေကိုသွားခဲ့တယ်မဟုတ်လား ဖေကြီးမသိအောင် ဖေဖေကတိတ်တိတ်လေးလွှတ်လိုက်တာလေ အဟင်း "

ရယ်မောလိုက်သော်လည်း ပြုံးပျာ်၍မနပေ။ ငြိမ်သက်နေသော သားဖြစ်သူသည် မိမိကိုလှည့်ပင်မကြည့်၊မျက်လုံးချင်းပင်မဆုံပဲ သူ့အား မရှိသည့်လူတစ်ယောက်လိုပင်။ ဝမ်းနည်းခြင်း၊ပျော်ရွှင်ခြင်းကိုလည်း ဖေဖေ့သားကမခံစားတော့ဘဲ။

" သားသွားခဲ့တာနေရာစုံပဲနော် ဘုရားတွေလည်းအစုံဖူးခဲ့ရတာ ဖေဖေတို့မရောက်ဖူးတဲ့နေရာတွေတောင်သားကရောက်ခဲ့သေးတယ် သားကသိပ်ကံကောင်းတာပဲ "

လက်ထဲက လက်ကလေးကို ဖွဖွညှစ်ရင်းဆိုလိုက်သည်။ " သားက သိပ်ကံကောင်းပါတယ် " လို့နောက်တကြိမ်တိုးဖွဖွရေရွတ်ကာ ကျလုဆဲမျက်ရည်တွေကို မျက်တောင်ပုတ်ခတ်ကာသိမ်းလိုက်သည်။ ထို့နောက် ခပ်ဖွဖွရယ်လိုက်ရင်း " ဖေဖေက ဒီစကားကို ပြောထွက်သေးတယ်နော် " ဟု သားဖြစ်သူအား ဂရုဏာသက်စွာကြည့်ရင်း အက်ကွဲစွာပြောလေသည်။

" ဖေဖေတို့မြန်မာလူမျိုးတွေက ဖော်ရွေကြတယ်မလား "

အရင်တချိန်က ဒီလိုမေးခွန်းတွေကို အခုလို တကူးတကမေးနေစရာပင် မလို။ " ဖေဖေရေ " ဆိုပြီး တနေ့တာမှာဖြစ်ခဲ့သမျှ၊ကြုံခဲ့သမျှ အရာရာသေးသေးဖွဲဖွဲလေးတောင် မချန်ဘဲ အသံချိုချိုလေးနဲ့ တစီတတန်းကြီးပြောပြနေကြ။အခုတော့လည်း သူမဟုတ်တဲ့အတိုင်းပဲ။ တိတ်ဆိတ်လို့ ။ ပြုံးခြင်း၊ရယ်ခြင်းတွေလည်းကွယ်ပျောက်လို့။

" အဲ့အချိန်တွေတုန်းက သားပျော်ခဲ့ရဲ့လားဟင် "

အဆုံးသတ်အဖျားသံဟာ မငြိမ်မသက်။ငါ့သားလေးပျော်ခဲ့မှာပါလို့ မျှော်လင့်တကြီးတွေးရင်း ဝမ်းနည်းဆို့နစ်မှုတွေဟာ ထိန်းမရတားမရ တုန်ရီလှိုက်မောတက်လာသည်။

" ဒီလိုတွေဖြစ်မယ်ဆိုတာ ကြိုသိခဲ့ရင် သားမြန်မာပြည်သွားမှာကို ဖေဖေမရမကတားခဲ့မှာပဲ ဖေဖေ လွှားကိုအလိုလိုက်ခဲ့မှာမဟုတ်ဘူး ဖေကြီးစကားကိုပဲ နားထောင်ခဲ့မိမှာ အချိန်တွေကို နောက်ပြန်ဆုတ်လို့ ဘယ်ရတော့မလဲနော် ဒါပေမဲ့လေ ဖေဖေလေ အရင်လို ဖေဖေ့လွှားရဲ့ ချွဲသံတွေကို သိပ်ကြားချင်တာပဲ ဖေကြီးနဲ့ အချစ်တွေစမ်း စနောက်ကြရင်း ရန်ဖြစ်ကြတာလေးတွေကို မြင်ချင်သေးတယ် ဖေဖေတို့မြင်ခွင့်မရှိတော့ဘူးလားဟင် "

ပြုံးခြင်း၊ရယ်ခြင်း၊ငိုခြင်း၊မဲ့ခြင်း မရှိတော့တဲ့ သားဖြစ်သူ၊ ငြိမ်သက်နေတဲ့ သားဖြစ်သူ ၊ မျက်လုံးချင်းမဆုံတော့တဲ့သားဖြစ်သူ ၊ ခံစားချက်မဲ့နေတဲ့သားဖြစ်သူကို ကြည့်ကာ ရင်ကွဲနာကျကာ ငိုကြွေးမိသည်။

တီတီတာတာလေးတွေကို ပြန်ကြားချင်သည်။ အမြဲပြုံးရယ်ကာ သွက်လက်နေတဲ့ ကလေးလေးကို ပြန်မြင်ချင်သည်။
" ဖေဖေရေ ဖေကြီးကလွှားကို စ နေတယ် " ဆိုပြီး တိုင်ပြောထူတဲ့ကလေးလေးကို ပြန်လိုချင်သည်။

" ဖေဖေ့လွှားကို သိပ်လွမ်းတယ်  မြင်နေရတာတောင် လွမ်းနေမိတယ်  ဖေဖေ မကောင်းဘူးနော် လွှား ဘယ်လိုဖြစ်နေဖြစ်နေ ဖေဖေက သိပ်ချစ်တယ်နော် ဒါပေမဲ့လေ ဖေဖေ့လွှားက ဖေဖေ့ကို မှတ်မိနေရင် သိပ်ကောင်းမှာပဲ "

မှတ်ဉာဏ်တွေ ပျောက်ဆုံးကာ ခံစားချက်မဲ့နေသော သားဖြစ်သူကိုဖက်ကာငိုကြွေးနေသည့် ဦးရိုးရှင်းသွင် ။ သားအဖနှစ်ဦးကိုကြည့်ကာ တိတ်တဆိတ်မျက်ရည်ခိုးသုတ်နေသည့် ဖခင်တစ်ဦး ။

ချစ်တဲ့သူတွေကို မြင်နေတာတောင်မှ ချစ်တဲ့သူမှန်းမသိတော့ဘူး။အချစ်တွေကို မခံစားတတ်တော့ဘူး။ဘယ်လောက်နာကျင်စရာကောင်းလိုက်သလဲ။ဒီအကြောင်းတွေကို ဘယ်သူမှ တစ်ဦးတစ်ယောက်မှ မသိခဲ့ကြဘူး ။ အရာအားလုံးကို သားဖြစ်သူက မည်သူ့ကိုမှအသိမပေးပါဘဲ ပြည်ဖုံးကားချကာ ရှောင်တိမ်းလာခဲ့သည်မဟုတ်လား။

နေ့စဉ်နှင့်အမျှ သားဖြစ်သူရဲ့ မွေးစဉ်ကာလကစလို့ မကုန်နိုင်တဲ့အမှတ်တရတွေကို သားဖြစ်သူကို ပြောပြရင်း၊ခံစားရင်း၊ငိုကြွေးရင်းနဲ့ တနေ့တာကို ကုန်ဆုံးနေတဲ့ ဘယ်သူမှမသိကြတဲ့ အဝေးက မိသားစုငယ်လေး။

အချစ်ကိုလည်း မသိတော့ဘူး ၊ အမုန်းကိုလည်း နားမလည်တော့ဘူး ။
သူ့ဦးနှောက်ဟာ ဗလာနတ္ထိ ။
မိသားစုကို သူမသိတော့ဘူး။
မိသားစုကတော့ သူကို အရင်ကထက်ပိုဂရုစိုက်ကာ ချစ်ဆဲ၊နွေးထွေးဆဲ။
သူချစ်တဲ့သူကို မသိတော့ဘူး။
သူချစ်တဲ့သူကတော့ သူ့ကိုသတိရဆဲ။
အရာအားလုံးကို သူမေ့သွားပြီ။
ပျော်စရာတွေ၊ဝမ်းနည်းစရာတွေ၊အမှတ်တရကောင်းတွေ၊အမှတ်တရဆိုးတွေ။
အရာအားလုံးကတော့ သူ့ကိုတမ်းတဆဲ၊အမှတ်တရတိုင်းမှာ သူပါဝင်ဆဲ၊သူထင်ကျန်ဆဲ။
တစ်ဖက်က ကြည့်တော့ ပြစ်ဒဏ် ၊ တဖက်က ကြည့်တော့ ဆုလာဘ်။

.

မိုးကောင်းကင်ကြီးကို ထိလုမတက်မြင့်မားနေသောအုတ်တံတိုင်းကြီးကို ရန်းတအံ့တသြငေးကြည့်နေမိသည်။ မြို့ဝင်ရိုးတံခါးကဲ့သို့ကြီးမားသောတံခါး၏ဟိုဘက်ဒီဘက်တွင်အနက်ရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားသောအစောင့်များရှိသည်။

ဘေးမှာထိုင်နေတဲ့ဝန်းကိုကြည့်လိုက်တော့ မှုန်ကုပ်ကာဆူပုပ်နေသည်။

" ဘာလို့လာတာလဲ ရှုပ်ရှုပ်ယှက်ယှက် "
ဟု စိတ်ပျက်စွာ ညည်းပြသည်။ ဝန်းလက်ကို ဆွဲယူကာ ရန်း ရင်ဘတ်ဆီသို့ကပ်လိုက်သည်။

" ခံစားရလား ငါစိတ်လှုပ်ရှားနေတယ် "

ခပ်ဟဟရယ်ရင်း ပြောတော့ ရန်းလက်ကိုဖြှစ်ကာနှစ်သိမ့်ပေးသည်။

နန်းတော်သမျှ ခမ်းနားသောအိမ်ကြီးကို ကြည့်ကာ ဒီလိုကြီးကျယ်တဲ့ အဆင့်အတန်းက ပေါက်ဖွားလာတာပါလား ဟု ပထမဆုံးအကြိမ် အတွေးဝင်မိသည်။ ကားရပ်လိုက်တော့ အိမ်ကြီးထဲကနေ ဝန်းနဲ့ထပ်တူဆင်သော ကျက်သရေအပြည့်နှင့် အမျိုးသမီးဟာ အပြေးထွက်လာပြီး ပြုံးကာ ဆီးကြိုသည်။သူမ၏ပျော်ရွှင်ဝမ်းမြောက်မှုကို မဖုံးဖိနိုင်ဘဲရှိလေသည်။ဝန်းက အမေတူသားပဲဟု ဒုတိယအကြိမ်ထပ်တွေးမိပြန်သည်။ ပထမအကြိမ်က မနှစ်က ဆိုင်မှာလာတွေ့တုန်းကဖြစ်မယ်။

" အချိန်တွေနောက်ကျနေပြီကို ဘာလို့ဝင်လာရတာတုန်း "

စကားခံဟာ လာတာမကြိုက်သည့်ပုံဟုထင်ရပေမဲ့ အမှန်ကား လှိုက်လှိုက်လှဲလှဲ ကြိုဆိုခြင်းဖြစ်သည်။သူမသားအိမ်ပြန်လာတာကို အင်မတန်ပျော်ရွှင်ပုံပေါ်သည်။ ဝန်းကို တစိမ့်စိမ့်ကြည့်ကာ မျက်ရည်တွေတောင် ဝဲကာနေသည်။ အမေ မဟုတ်ပေလား။သားကို ဘယ်လောက်လွမ်းနေရှာမလဲ။

" ဒါဆို သွားတော့မယ် "

" ဖြန်း "

သူ့ကိုလွမ်းနေတဲ့ အမေကို ပွေ့ဖက်မယ်မပြုဘဲ မသိတတ်တဲ့သားလုပ်နေတဲ့ ဝန်းကြောင့် အကျင့်ပါနေတဲ့ လက်က မသိလိုက်ခင်မှာပင် ဝန်းကျောပေါ် ဗြောတီးပြီးသားဖြစ်သွားသည်။

" အ! အစ်ကို့ နာတယ် "

ရန်းရဲ့ခပ်ပြင်းပြင်း လက်ဆကြောင့် ဝန်းရှုံ့မဲ့သွားသလို ဝန်းအမေသည်လည်း ပါးစပ်အဟောင်းသားဖြင့် ကြောင်ကြည့်လျက်ရှိသည်။

" အာ " ဝန်းကျောပေါ်မှ လက်ကိုရုတ်ကာ နောက်သို့ အမြန်ဝှက်လိုက်ပြီး ဝန်းအမေကို အားနာစွာကြည့်လိုက်တော့ ဝန်းအမေက သဘောကျစွာရယ်လိုက်ပြီး ရန်းကို အိမ်ထဲသို့ ဆွဲခေါ်သွားသည်။

ဝန်း အိမ်ကို ပထမဆုံးအကြိမ်ရောက်ဖူးခြင်းပင်။ အင်မတန်ပင် ခမ်းနားလွန်းသည်။ ဇာတ်လမ်းတွေထဲက လူချမ်းသာအိမ်တွေလိုပင် တန်ဖိုးကြီးသော မီးဆိုင်းများ၊ ပန်းအိုးများ၊ပန်းချီကားချပ်များဖြင့် ဧည့်ခန်းကိုအလှဆင်ထားသည်။ ဝန်းဟာ ဂုဏ်ရှိသောအိမ်က သားမှန်းသိသော်လည်း ဒီလောက်မြင့်မားလိမ့်မယ်မထင်ထားပေ။

သို့သော်လည်း အိမ်ကြီးဟာ ခြောက်ကပ်၍နေသည်။ အငွေ့အသက်တွေဟာ ရခေဲရျိုကျထားသလို အေးစက်လွန်းသည်။ အိမ်ဆိုသည့် ဂုဏ်ပုဒ်တွေ လိုအပ်နေသည်။

" အမေတို့ကို ကန်တော့သွားချင်လို့ပါ "

အိမ်ရှင့်သားက နှုတ်ပိတ်ကာနေတော့ ရန်းကပင် အလိုက်တသိ စရသည်။

" သူ့အဖေကတော့ မရှိဘူးကွယ် "

ဝန်းအမေက ရန်းကို အားနာဖွယ်ကြည့်ကာဆိုသည်။ ဒါတွေဟာ အသိမပေးရင်တောင် နားလည်ရမဲ့အရာတွေဖြစ်သည်။ဝန်းသည် အခုထိမိဘတွေနဲ့ ပြေလည်မှုမရသေးပေ။ဝန်းဖေဖေသည် အခုထိ ဝန်းကို နားမလည်ပေးနိုင်သေးပေ။ဝန်းမေမေကတော့ သတ္တိမွေးကာ ဝန်းဆီ တဖြေးဖြေး ချည်းကပ်လာလေပြီ။ဝန်းတို့မိသားစုလေး နွေးထွေးလာဖို့ရန်း အစွမ်းကုန် ကြိုးစားရန် တွေးထားသည်။လက်တွေ့မှာလည်း အကောင်အထည်ဖော်မည်။

" ပြန်လာမှ အဖေ့ကို သပ်သပ်လာကန်တော့ပါဦးမယ် "

ဝန်းနဲ့အတူ ဝန်းအမေကို ကန်တော့သည့်အခါ ဝန်းအမေ၏ပီတိမျက်ရည်များဟာ စိမ့်စမ်းရေအလား။

" မကြာခဏလာလည်ပါ မိသားစုတွေဖြစ်နေပြီပဲ မဟုတ်လား "

မိသားစုဆိုတဲ့ စကားလုံးလေး သုံးလိုက်တာကြောင့် ရန်းလှိုက်လှိုက်လှဲလှဲ ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။

ဝန်းကသာ ရန်းမိသားစုနဲ့ ရင်းနှီးပေမဲ့ ရန်းကတော့ ဝန်းမိသားစုနဲ့ရင်းနှီးဖို့ အခုမှ ခြေတစ်ချောင်းစဝင်ရသည်မဟုတ်လား။

" ကျန်းမာရေးရော ကောင်းတယ်မဟုတ်လား "

တစ်ဦးနှင့်တစ်ဦးကြား အနည်းငယ်အနေခက်ကာ ပြောစရာစကားများ နည်းနေသေးသည်ကြောင့် ရှာကြံကာဝိုင်းဖွဲ့နေရသော စကားဝိုင်းတစ်ခုဖြစ်နေလေသည်။

" ဟုတ်ကဲ့ ကောင်းပါတယ်ခင်ဗျ အမေ့ကျေးဇူးကြောင့်ပါပဲ အရင်နှစ်က  ကျွန်တော့်ကို အချိန်မှီဆေးရုံပို့ပေးခဲ့လို့ ခုလိုကျန်းကျန်းမာမာနေနိုင်နေတာပါခင်ဗျ "

ဒီလိုအချိန်မှာ ဒီလိုစကားတွေပြောသင့်ရဲ့လား ရန်း မသိ။တွေ့ဆုံခဲ့ဖူး၊ကြုံခဲ့ဖူးသော အခါသည် ထိုအခါသာရှိသည်မို့ ဆုံသည့်အခါ ကျေးဇူးတင်စကားသာ  ခေါင်းထဲပေါ်လာသည်။ထို့ကြောင့် အချိန်တွေ ဘယ်လောက်ပြောင်းသွားပါစေ ထိုစကားကိုသာ ပြောဖြစ်နေမိသည်။

" အဲ့ဒါကို ခုထိစိတ်ထဲထားနေသေးလားအဲ့အတွက် ဝန်မယူထားပါနဲ့တော့ကွယ် အမေတို့က ဘာမှလုပ်ပေးခဲ့တာမရှိပါဘူး ဟိုကောင်လေးကသာ သားကိုအများကြီးကူညီခဲ့တာပေါ့ "

ဝန်းအမေ၏စကားထဲတွင် နာမ်စားအသစ်တစ်ခုကို ကြားလိုက်တာကြောင့်နားမလည်စွာဖြစ်နေသည်။ ဝန်းကို ကြည့်တော့ သူလည်း မသိဘူးဆိုသည့်မျက်နှာထားနှင့် ခေါင်းရမ်းပြသည်။

" ဘယ်ကောင်လေးကို ပြောတာလဲဗျ "

ပြီးခဲ့ပြီးသောအရာဟာ အခုမှအစဖြစ်နေသလား။ ဟောင်းနေသော အကြောင်းအရာအသစ်တစ်ခုကို အခုမှကြားသိရပြီး အယောင်ယောင်အနနကြောင်အစွာပင် ရှိနေသည်။

" အဲ့နေ့က ကောင်လေးကို သားမမှတ်မိဘူးလား "

ကောင်လေး ဟူ၍ ဝန်းအမေ၏သက်တော်စောင့်ပင် ရှိနေခဲ့တာမဟုတ်ဘူးလား။ ထိုအချိန်က သူနာပြုတွေပြောတဲ့ရန်းကို ချီပြေးလာတဲ့ကောင်လေးက ဝန်းအမေပြောနေတဲ့ ကောင်လေးလား။ရုတ်တရက် ဦးနှောက်ပင် ခြောက်လာသည်။

" ဟို ကျွန်တော့်ကို အမေတို့ ဟိုကျွန်တော် လဲကျနေတာမြင်ပြီး အမေတို့ ကျွန်တော့်ကို ဆေးရုံပို့ပေးခဲ့တာမဟုတ်ဘူးလား "

ရန်း သိထားသလို မေးကြည့်သည်။ ရန်းသိထားတယ်ဆိုသည်ကလည်း ရန်းကိုယ်တိုင်ဖြစ်နိုင်ချေကို ကောက်ချက်ချကာ တွေးယူမှတ်ထားသော အကြောင်းအရာဖြစ်သည်။

"အဲ့လိုမဟုတ်ဘူးသားရဲ့ အဲ့နေ့က အမေတို့သားဆီလာတဲ့လမ်းမှာ ကောင်လေးတစ်ယောက်က သားကို ပွေ့ချီပြီးပြေးလာတယ်လေ အမေတို့ကားကို မြင်တော့ ကားရှေ့ကို ဝင်တိုးပြီး အကူအညီတောင်းရော သူ့မျက်နှာက အရမ်းကို ပူပန်ပြီးစိုးရိမ်ကြီးနေတာကို မှတ်မိသေးတယ် သူ့မိသားစုဝင်တစ်ယောက်ယောက် တစ်ခုခုဖြစ်လာတယ်လို့ထင်တာပေါ့ ကားပေါ်ရောက်မှ သားမှန်းသိတယ် ကောင်လေးပုံစံက စိတ်နဲ့လူနဲ့မနည်းကပ်အောင်လုပ်ထားရတဲ့ပုံမလို့ သားနဲ့တစ်ခုခုပတ်သက်နေတယ်လို့တောင် ထင်ခဲ့သေးတာ "

အမေ့စကားကြားပြီးနောက် ဝန်း မျက်မှောင်ကြုတ်လိုက်သည်။ အစ်ကို့ကို ဘယ်သူက စိုးရိမ်ပြီး ဆေးရုံပို့ခဲ့တာလဲ။ ကြည်နေတဲ့စိတ်တွေဟာ အလိုလိုထိုင်းမှိုင်းကာ နောက်ကျိလာသည်။ အသဲအသန်စဉ်းစားနေတဲ့ အစ်ကို့ကိုပါ အမြင်မကြည်လာချင်တော့။

" ဟင့်အင်း ကျွန်တော်မသိဘူး ကျွန်တော့်ကို အမေတို့ ဆေးရုံပို့ခဲ့တာပဲ သိတာ "

ရန်းပြောတော့ ဝန်းအမေက တစ်ခုခုကို စဉ်းစားမိဟန်နှင့် မျက်လုံးကို ပင့်လိုက်သည်။

" အော် အဲ့ကောင်လေးရဲ့ လည်ပင်းမှာအမှတ်ရှိတယ် မှတ်မှတ်ရရကို မှတ်မိနေတယ် "

လည်ပင်းကအမှတ် ။ လည်ပင်းမှာ အမှတ်ရှိတဲ့သူ ဘယ်သူများလဲ။ သိနေသလိုပင် ၊ တွေ့ခဲ့ဖူးသလိုပင်။သိပ်တော့ မသေချာ။ စဉ်းစားကြည့်သော်လည်း စဉ်းစားလို့မရ။

" ကဲပါ အစ်ကိုရယ် နောက်မှအေးဆေးစုံစမ်းကြည့်တာပေါ့ အခုအချိန်ကမသေးတော့ဘူး သွားရအောင် "

မကြာခင်မှာ နေဝင်တော့မည်။အချိန်နှောင်းနေပြီဖြစ်တာကြောင့် ဝန်း စကားဝိုင်းထဲ ဝင်ရတော့သည်။ ဦးနှောက်ကိုအလုပ်ပေးနေသော အစ်ကို့အား အမြန်ခေါ်ထုတ်ရတော့သည်။ ပေါ့ပေါ့ပါးပါး ခရီးဆက်ချင်သည်။ အစ်ကို့ကို ဘာအပူအပင်မှမရှိဘဲ လွတ်လွတ်လပ်လပ် ပျော်နေစေချင်သည်။ နှစ်ဦးသားရဲ့ဒီလိုအချိန်မှာ အစ်ကို့နှလုံးသားထဲ၊ရင်ထဲ၊ဦးနှောက်ထဲမှာ ဝန်းတစ်ယောက်သာနေရာအပြည့်အပိုင်ယူထားချင်သည်။ အစ်ကို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ဝန်းပဲလိုချင်သည်။ တခြားလူကို ဖဲ့ပေးနေတာကို ဝန်း သဘောမကျပေ။

.

ဘေး၌လိုက်ပါလာသည့် အစ်ကိုသည်
မှိုင်တွေနေသည်ဟု ထင်ရသော်လည်းတစ်ခုခုကို အလေးအနက်စဉ်းစားနေသည်ကို ဝန်း သတိပြုမိသည်။

" အမေပြောတာကို စဉ်းစားနေတာလား အစ်ကို "

အစ်ကိုနှင့်ဝန်း အသိမှားထားသောအကြောင်းအရာတစ်ခု၊ အစ်ကိုနှင့်ဝန်းမသိသေးသော အကြောင်းအရာတစ်ခုကိုတစ်နှစ်အကြာမှ မိခင်ဖြစ်သူထံကနေကြားသိရပေမဲ့ ဒါဟာ တွေးစရာတစ်ခုပဲမဟုတ်ပေလား။သို့ပေမဲ့လည်း မေးခွန်းလည်းမရှိ၊ အဖြေလည်းမရှိ၊ ရွေးချယ်စရာလည်းမပေးထားတဲ့ ကွက်လပ်ပေါက်ကြီးကို ဘယ်လိုဖြည့်စွက်လို့ရနိုင်မလဲ။

" အင်း ဘယ်သူများလဲ ဝန်း "

အစအနပင် မသိရတဲ့အရာကို ဘယ်လိုများတွေးသိရမလဲ။ သူဘယ်သူလဲ ဆိုတာကလွဲလို့ ဘာမှပင် စဉ်းစားစရာကရှိမနေပေ။

" သူကိုယ်တိုင်တောင် သူ့ကိုမသိစေချင်တာ "

ဝန်း ပြောလိုက်တော့ မျက်လုံးလေးကလယ်ကလယ်နဲ့ ကြည့်လာသည်။

" အစ်ကို့ဆီက တစ်ခုခုလိုချင်တာဖြစ်ဖြစ် အစ်ကို့ကို တမင်ချဉ်းကပ်ချင်တာပဲဖြစ်ဖြစ် ရည်ရွယ်ချက်ရှိရှိနဲ့ အစ်ကို့ကို ကူညီခဲ့တာဆိုရင် သူအစ်ကို့ဆီလာမှာပေါ့ ပျောက်ချင်းမလှပျောက်သွားတယ်ဆိုကတည်းက သူ့ကိုမသိစေချင်လို့နေမှာပေါ့ ကူညီဖို့သပ်သပ်ပဲ လုပ်ခဲ့တာနေမှာပေါ့ အစ်ကိုရဲ့ ဝယ်သူတို့ ဒီတိုင်း ခရီးသွားလမ်းသွားလမ်းလာတွေထဲကပဲနေမှာပါ အရမ်းမတွေးနဲ့ကွာ နောက်တွေ့ဆုံဖို့ဖန်လာရင် အဲ့အချိန်ကျမှ ကျေးဇူးစကားဆိုကြစို့ "

ဖြစ်နိုင်ချေ ရှိတာလေးတွေကို စဉ်းစားပြီး အစ်ကို့ကို ဖြေသိမ့်ပေးတော့ " အဲ့လိုပဲ လုပ်ရတော့မှာ " ဆိုပြီး သက်ပြင်းခပ်ဖွဖွချသည်။ ခဏတာငြိမ်သက်သွားပြီးနောက် ကြည်နူးတဲ့အပြုံးပြုံးကာ ဝန်း ပါးပြင်ကို ဖွဖွလေးလာပုပ်သည်။

" ဘယ်တုန်းက လူကြီးလေးဖြစ်သွားတာလဲ "

ဝန်း အသာအယာပြုံးလိုက်သည်။ အမြဲတမ်း ဝန်းကို ဖြေသိမ့်ပေးခဲ့တဲ့
အစ်ကို့ဆီကနေ သင်ယူခဲ့ခြင်းပေါ့။ အခုလည်း အစ်ကိုက မတွေးတတ်တာမှမဟုတ်ဘဲ တွေးဖို့မေ့နေခဲ့တာ။

" မဖြစ်ပါဘူး ကလေးပဲ အစ်ကို့ကလေးပဲ လုပ်မှာ "

ခပ်နောက်နောက်ပြောတော့ အသံထွက်အောင် ရယ်မောလိုက်ရင်း စိတ်ကို ဖြေချလိုက်သည်ထင်။

.

မြို့ပြကြီးရဲ့အပြင်ဘက်ကို ထွက်လိုက်သည်နှင့် အေးမြတဲ့လေပြေလေးတစ်ဆုပ်ဟာ ရန်းပါးပြင်ကို ခပ်ရွရွ လာကျီစယ်သည်။ ကားမှန်ကို တစ်ဆုံးထိချလိုက်ရင်း အပြင်ဘက်ကို ငေးမောကြည့်တော့ လမ်းသွယ်ပျိုးဥယျာဉ် ဆိုတဲ့ဆိုင်းဘုတ်ကို မြင်လိုက်ရသည်။

" လမ်းသွယ်ကို ခနဝင်ရအောင် ဝန်းငယ် အန်တီပျိုးကို လမ်းကြုံဝင်နှုတ်ဆက်ချင်လို့ "

လမ်းသွယ်နဲ့ အလုပ်လုပ်နေပေမဲ့ ပျိုးဥယျာဉ်ကို ကိုယ်တိုင်လာတာမျိုးတော့ သိပ်မရှိခဲ့ဖူးပေ။ အလုပ်တွဲလုပ်ဖို့ရာအတွက် စုံစမ်းသည့်အခါကသာ ရောက်ဖူးသည်။သုံးနှစ်လောက်တော့ ကြာပြီထင်သည်။ လမ်းသင့်တုန်းလေး ဝင်ချင်တဲ့စိတ်ပြင်းပြလာသည်ကြောင့် ဝန်းကို ပြောတော့ ဝန်းက ကားရပ်ပေးချင်ပုံမပေါ်။

" တော်ကြာနေဝင်တော့မှာ အစ်ကိုရဲ့ "

ဝန်းပြောတာလည်းဟုတ်သည်။ နေ့ကောင်းကင်ကနေ နေလုံးကြီးက တအိအိကျဆင်းနေပြီဖြစ်သည်။ ခရီးဆက်ဖို့က လိုသေးသည်။ သို့သော်လည်း။

" ခနပါကွာ ဒီရက်ပိုင်းအပင်တွေမယူသေးကြောင်း မပြောရသေးလို့ "

လမ်းသင့်နေတာပဲမဟုတ်လား။ခနလေးဝင်လိုက်တော့လည်း ဘာမှမဖြစ်သွားပါဘူးလေ။ ဥယျာဉ်ထဲဝင်ဖို့ရာ ပူဆာမိပြန်သည်။

" နောက်မှ ဖုန်းဆက်လည်းရတာပဲ "

ဝန်းက စိတ်မရှည်သောလေသံနဲ့ ပြောလာသည်။ဝန်းပြောနေသည်က သဘာဝကျသည်။ရန်းဖြစ်ချင်တာလည်း သဘာဝကျသည်ပဲ။

" အော် ကဲ ခနပါဆို "

နှောင်းနေသောအချိန်ကြောင့် ဒီဥယျာဉ်ကို လုံးဝမဝင်ချင်တော့ပေမဲ့ အတင်းပူဆာနေသော အစ်ကို့ကြောင့် ဥယျာဉ်ထဲဝင်လိုက်ရတော့သည်။ ဟိုနေရာဝင်၊ဒီနေရာဝင် နဲ့ ဒီအမျိုးသားနဲ့တော့ သိပ်ခက်တယ်။

" ဆင်းလေ "

ကားပေါ်ကမဆင်းဘဲ မျက်နှာကြီးကို မှုန်ကုပ်ကာပေကပ်ထိုင်နေသော ဝန်း။

" မဆင်းဘူး ကားပေါ်ကပဲ စောင့်မယ် "

ကဲ ကြည့် ။ ရှိုန်းမြင့်မိုရ်ဝန်း တို့က စဆိုးပြီ။ ဒီနေရာလေးကို တခဏလေးဝင်တာလည်း မကြိုက်ပြန်ဘူး။ သူမဝင်ချင်တာကို အတင်းဝင်ခဲ့လို့ မျက်နှာကြီးကဆူပုပ်နေလေရဲ့ကွယ်။

" အန်တီပျိုးက ငါတို့မင်္ဂလာဆောင်ကို တကူးတကလာပြီး တက်ထားတာ သူ့ဆီရောက်ပြီး မနှုတ်ဆက်ရင်ရိုင်းရာကျတာပေါ့ကွ လာ ဆင်း"

သူ့ကိုချော့မပြောဘဲ လေသံနဲ့ပြောတော့ လူကို ဘုကြည့်ကြည့်ပြီး " အကြာကြီးမနေဘူးနော် " ဆိုပြီး ဆောင့်အောင့်ကာဆင်းလာသည်။တကယ် ကလေးလေးပဲဟု တွေးကာပြုံးရသေးသည်။

ဝန်းလက်ကို တွဲကာ ဥယျာဉ်ထဲ ခြေလှမ်းစချလိုက်တော့ စံပယ်နံ့သင်းသင်းလေးကို ခံစားရသည်။ ရင်းနှီးနေတဲ့ ရနံလေးပေပဲ။ ဥယျာဉ်ထဲရှိအလုပ်သမားများဟာ ရန်းတို့နှစ်ဦးကိုမြင်သည်နှင့် နှုတ်ဆက်ကြသည်။ ဒီပုံရိပ်တွေကို ရင်းနှီးနေသည်။တစ်နေရာရာမှာ သေချာပေါက်မြင်ဖူးနေသလိုပင်။

" ဝန်း ငါတို့ ဒီနေရာကိုလာဖူးသေးလား "

" မသိဘူး "

ဝန်းနဲ့နှစ်ယောက်အတူလာဖူးခဲ့သလား  မေးကြည့်တော့ အမျိုးသားလေးက စိတ်မကြည်နေ။ ကျောပြင်ကျယ်ကြီးကို နောက်တစ်ချက်လောက် ခပ်နာနာ တီးပစ်လိုက်ချင်သည်။

.

" အန်တီပျိုး "

ပျိုးပင်တွေကြား အလုပ်ရှုပ်ဟန်ရှိနေသည့် အန်တီပျိုးကို တွေ့ရသည်။ဝမ်းသာအားရ ရန်းအော်ခေါ် တော့ တအံ့တသြဖြစ်ကာ ရန်းတို့ဆီ အပြေးနှင်လာသည်။

" ရန်းတို့ပါလား ဘယ်လိုမျက်စိလည်ပြီး ရောက်ခဲ့ကြတာတုန်း "

မူပိုင်အပြုံးချိုချိုလေးကို ဆင်မြန်းကာ နွေးထွေးစွာ ကြိုသည်။အန်တီပျိုး၏ မျက်နှာလေးသည် သိပ်ကို ကြင်နာတတ်သည့်ပုံပင်။တကယ်လည်း ရန်းတို့အပေါ် ပျူငှာပါသည်။

" တောင်ကြီးသွားမလို့ အန်တီပျိုးရဲ့ လမ်းသင့်တာနဲ့ဝင်လာတာ မင်္ဂလာဆောင်တုန်းက အန်တီပျိုးကိုသေချာမနှုတ်ဆက်လိုက်ရတာနဲ့ "

ရန်းပြောသည့်စကားကို ဖွဖွပြုံးကာနားထောင်ရင်း ခေါင်းတခါခါလုပ်ပြသည်။

" မလိုပါဘူးကွယ် ဧည့်သည်တွေက များသကိုး အဲ့ဒီတော့ ကြင်စဦးမောင်နှံ ဟန်းနီးမွန်းထွက်ကြမှာပေါ့ "

ရန်းတို့နှစ်ဦးကို ကြည့်ကာ ပြုံးတုံ့တုံ့ပြောလာသော အန်တီပျိုးကြောင့် ရန်း ရှက်သွေးကြွယ်မိသည်။ဝန်းကို ကြည့်လိုက်တော့ အပြုံးအရယ်ကင်းသောမျက်နှာသေဖြင့် ရပ်ကာနေသည်။လူမှုရေးမရှိတဲ့ကောင်၊ဘယ်လောက်သင်ပေးသင်ပေးမတိုးတက်လာဘူး ဟု ရန်းစိတ်ထဲကနေ အားမလိုအားမရ ကြိတ်ပြီး ရေရွတ်လိုက်သည်။

" အဲ့လိုဆိုရမှာပဲ အန်တီပျိုးရေ မိဘအိမ်လည်းပြန်ရင်းပေါ့ "

" ကောင်းတယ် ကောင်းတယ် "

အလိုက်အသင့်ဖြေဆိုလိုက်သော  ရန်း၏အဖြေကို အန်တီပျိုးက အပြည့်အဝထောက်ခံလေသည်။

" အန်တီပျိုး ကျွန်တော်အနောက်က နေကြာခင်းဆီ ခနလောက်သွားကြည့်လို့ရမလား "

ရန်း တောင်းဆိုလိုက်ပြီးနောက် ပြုံးရယ်နေသောအန်တီပျိုး၏မျက်နှာသည် လျှပ်တပြက်အတွင်း တည်ကြည်သွားသည်။ထို့နောက် ရန်းကို စူးစိုက်ကာကြည့်နေသည်။

" အနောက်မှာ နေကြာခင်းရှိမှန်းဘယ်လိုသိတာလဲ ဒီကဝန်ထမ်းတွေတောင် အကုန်မသိကြဘူး ထိန်းသိမ်းတဲ့လူတွေလောက်သိတာ "

သိလိုဇောနဲ့ မေးနေသော အန်တီပျိုး၏အသံဟာ အနည်းငယ်ပင်အက်ရှနေဟန်။ ရန်းပင် အတွေးကျပ်သွားသည်။ဘယ်လိုစိတ်ကူးနဲ့ မေးလိုက်မိသည်ကို ကိုယ်တိုင်ပင်မသိပေ။

" အာ ဒီလောက်ဥယျာဉ်အကျယ်ကြီးမှာ နေကြာခင်းရှိတာ မဆန်းပါဘူး အန်တီပျိုးရဲ့ ဒီလိုပဲမှန်းပြောကြည့်တာပေါ့ "

အကြပ်အတည်းလွတ်အောင် ဖြေလိုက်သော်လည်း အန်တီပျိုးက တွေးဆဆဖြင့် တွေဝေနေသည်။ရန်းသည်လည်း တွေးဆဆဖြစ်နေသည်။ဝန်းကို ကြည့်တော့ ဘာတွေဖြစ်နေကြတာလဲ ဆိုသည့်မျက်နှာထားလေးနှင့်။

" နေကြာခင်းဆီကို ဘယ်သူ့မှအဝင်မခံဘူးကွဲ့ "

အန်တီပျိုး၏စကားဟာ ရန်းကို အနေရခက်စေသည်။မျှော်လင့်ချက်ကို ရိုက်ချိုးခံရသလို ခံစားရသည်။ ဘာအတွက်ကြောင့်ပါလိမ့်။ ဝန်းက မျက်မှောင်ကုပ်ကာ အန်တီပျိုးကို စိုက်ကြည့်နေသည်။

" ဒါပေမဲ့လည်း ရှေးဆက်ရန်းမလို့ အဝင်ခံလိုက်မယ် "

သဘောထားပြည့်ဝသောအန်တီပျိုးဟုမှတ်ချ ချလိုက်ပြန်သည်။စဉ်းစားစရာပင်။ နေကြာခင်းဟာ မည်မျှပင်အဖိုးထိုက်တန်နေသနည်း။အကြောင်းတစ်စုံတစ်ရာများ ရှိနေလေသလား။

မျက်စိတဆုံး နေကြာပင်လယ်ကြီးဟာ  ခမ်းနားထည်ဝါစွာ တည်ရှိနေသည်။ မျက်နှာဟာ အလိုလိုပြုံးပျော်လာပြီးနေကြာခင်းဆီ ပြေးသွားလိုက်သည်။ ဝတ်ရည်စုပ်ယူနေကြသော တဝီဝီအသံပေး ပျားပိတုန်းများဖြင့်လည်းစည်ကားနေသေးသည်။ မကြာခင်မှာ တောင်ယံတွေနောက် ပုန်းကွယ်တော့မည့်နေမင်းကြီးသည် လှပလွန်းပြီး မပူပြင်းသော ပုစွန်ဆီရောင်ကို ဖြန့်ကျက်ကာ ညနေခင်းဆည်းဆာအဖြစ် ဖန်တီးလိုက်သည်။ ညနဆည်းဆာ၏ထောက်ပံ့မှုကြောင့် နေကြာခင်း၏အလှသည်  ပျောက်ကွယ်သွားမှာပင် စိုးလှသည်။နေကြာတွေသည် နေမင်းကို ကျောပေးကာ ရန်းတစ်ယောက်ကိုသာ မျက်နှာမူနေသလိုခံစားရသည်။လတ်ဆတ်အေးမြစွာတိုက်ခတ်လာသော လေကိုတဝကြီးရှုရှိုက်ကြီး စိတ်တို့သည် ပေါ့ပါးမြူးထူးနေသည်။ ဒီမြင်ကွင်းကို ဘာကြောင့် ဖုံးကွယ်ထားကြသလဲ။နှမြောစရာကောင်းလိုက်တာ။

နေကြာခင်းကို ကြည့်ကာပျော်နေတဲ့ အစ်ကို့ကြောင့် ဝန်းအလိုလိုပြုံးမိသည်။ပြောတော့လည်း နေကြာခင်းတွေ တွေ့ရင် ငိုတယ်တဲ့ ၊ အခုကျတော့ပျော်နေလိုက်တာများ ။

မကြာခင်မှာ အမှောင်ယံတွေ ကြီးစိုးတော့မှာကို သတိထားမိလာတာကြောင့် နေကြာတွေကို ခွဲခွာရတော့မည်။ ရန်းပျော်နေတာကြောင့် ဝန်းက ဘာမှမပြောဘဲစောင့်နေပုံရသည်။

ငါမငိုပါလား။အခုမှ သတိထားမိသည်။ပါးထက်မှာ မျက်ရည်တွေရှိမနေ။ ကိုယ့်ကိုကိုယ် ထူးဆန်းနေရင်း ဝန်းက အော်ခေါ်နေသည်ကြောင့် ဝန်းဆီအပြေးသွားလိုက်သည်။ နေကြာခင်းကို လက်ဝှေ့ရမ်းကာ နှုတ်ဆက်တော့ " ကလေးလုပ်နေပြန်ပြီ " ဆိုပြီး ဝန်း ဆီက အသံထွက်လာသေးသည်။

ကားရပ်ထားတဲ့နေရာထိ လိုက်ပို့တဲ့ အန်တီပျိုးကို နှုတ်ဆက်ကာ နှစ်ဦးသား ကားပေါ်တက်လိုက်ကြသည်။

" အန်တီပျိုး သွားတော့မယ် ဒီတလောတော့ အပင်တွေမယူသေးဘူးနော် "

" ကဲ ရောင်းအားတွေကျပြီပေါ့ "

ရန်းကို အန်တီပျိုးက စနောက်နေသေးသည်။

" ပြန်လာရင် နှစ်ဆ ပိုကြိုးစားရောင်းပါ့မယ် ခင်ဗျာ "

ရန်းရဲ့တက်ကြွနေသည့် အသံကြောင့်  အန်တီပျိုးက သဘောကျစွာရယ်သည်။ရန်းက ရှက်ရန်းရန်းကာ လိုက်ရယ်ရင်း အပြန်အလှန် လက်ဝှေ့ရမ်းပြကာ နှုတ်ဆက်ကြသည် ။ဝန်းကတော့ ခပ်တုံ့တုံ့ပြုံးကာ ကားကိုဖြေးညှင်းစွာမောင်းရင်း လမ်းသွယ်ပျိုးဥယျာဉ်နဲ့ တစတစဝေးကာ တဖြေးဖြေးနဲ့ ချန်ရစ်ခဲ့လေတော့သည်။

.

ရယ်သံလေးတလွင်လွင်ကြောင့် ထိုင်ရာမှ ထကာ ပြတင်းပေါက်ကို အသာဟကြည့်တော့ နေကြာခင်းထဲ ခုန်ပေါက်ကာ ပျော်ရွှင်နေတဲ့ ထိုလူသားကို ကြည်နူးစွာ မြင်လိုက်ရသည်။ တစိမ့်စိမ့်ကြည့်ကာ တသိမ့်သိမ့်ပြုံးရင်း မျက်တောင်မခတ်တမ်း ငေးမောနေမိသည်။ရင်ထဲ၌ အေးချမ်းဖွယ်ရာတည်း။

အမှောင်ရိပ်တွေ တရိပ်ရိပ်ပြိုဆင်းလာလေတော့ ထိုလူသားလည်း ဒီနေကြာတွေကို ကျောခိုင်းချန်ရစ်ခဲ့လေပြီပေါ့။လက်ဝှေ့ရမ်းကာ နှုတ်ဆက်ခြင်းဖြင့် သူ့သံယောဇဉ်ကို ပြသခဲ့လေသေးသည်။ ထိုလူသားခုန်ပေါက်ခဲ့သည့် ဒီနေရာ၊ ပြုံးပျော်ခဲ့သည့် ဒီနေရာ ။

ဆောင်းညနေခင်းဟာချမ်းစိမ့်စိမ့်။လည်တိုင်လေးနွေးဖို့ အညိုရောင်မာဖလာလေးကို ပတ်လိုက်သည်။ နွေးထွေးသွားလို့နေသည်။ ညနေခင်းဆည်းဆာဟာ ပျောက်ကွယ်လုလု။ ဟိုးအဝေး တစ်နေရာကို လွမ်းဆွေးဆွေးငေးမောကြည့်ကာ ပြုံးလိုက်သည်။

ဝေး ။
နေ လည်း ဝေး
လေ လည်း ဝေး
ပန်း လည်း ဝေး
ပျား လည်း ဝေး
အရာရာဟာ ဝေး...။

.

" လမ်းသွယ်ဥယျာဉ်က ခံစားချက်တစ်မျိုးပေးတာပဲ ငါ့ရင်ထဲတောင်တစ်မျိုးကြီးပဲ သိလား ဝန်း "

အပျော်တွေလွှမ်းခြုံကာ ရယ်မောခဲ့ပေမဲ့ ကျောခိုင်းကာထွက်ခွာခဲ့ပြန်တော့လည်း တစ်စုံတစ်ရာဟာ ကျန်ခဲ့လေသလား၊အစိတ်အပိုင်းတစ်ခု လွတ်ဟာသွားလေသလား၊ ခံစားချက်တို့မည်သည်ကို ကားဂရုတစိုက်မောင်းနှင်နေတဲ့ ဝန်းအား ဖွင့်ဟာပြောပြမိသည်။

" တူတူပဲ "

ဝန်းက ဦးတည်ရာကိုသာ စူးစိုက်ကြည့်၍  ဖြေလာသည်။ဝန်းရော ရန်းလိုခံစားနေရသလား။

" မျက်နှာကြီးက ဘာလို့မှုန်ကုပ်နေတာလဲ "

ကားမောင်းရင် လမ်းကိုမကြည့်ဘဲ ရန်းကိုသာကြည့်နေတတ်လွန်းတာကြောင့်အမြဲဆူရတဲ့ကောင်လေးက အခုတော့နှုတ်ဆိတ်ကာ အရှေ့ကိုသာ စူးရဲစွာကြည့်နေသည်။ အနည်းငယ်ကျုံ့နေသော နဖူးကြွက်သားတွေက ဒီကောင်လေးတစ်ခုခုကို အလိုမကျနေမှန်း သိသိသာသာဖော်ပြနေသည်။ ရန်းကို ပစ်ထားသလိုခံစားနေရတာကြောင့် ပါးတင်းတင်းလေးကို ဖွဖွဆွဲကာ မေးတော့ ချော့တဲ့ကလေးပိုငို ဆိုသည့်အတိုင်း မျက်နှာပို၍ အလိုမကျဟန်ဖြစ်လာကာ သူ့ပါးလေးကို ဖွဖွကိုင်ထားတဲ့ ရန်းရဲ့လက်ကို ဖယ်ချသည်။

" အစ်ကိုက အကြာကြီးနေနေတာကိုနောက်ကျနေပါပြီဆို "

ကလေးငယ်တွေ စိတ်ဆိုးသလို ပြောနေတဲ့ ဝန်းသည် အသဲယားပြီး သိပ်ကို ချစ်စရာကောင်းနေတာကြောင့် ရန်းပြုံးလိုက်သည်။ညဘက်တွေမှ ကားမောင်းချင်ပါတယ်ဆိုလို့ အမြဲတမ်း ညဘက်မှခရီးထွက်နေကျကို အခုမှ ခံစားလွယ်ပြီး စိတ်ဆိုးနေပြန်သည်။အမှောင်ယံတွေ စပျိုးနေတဲ့ပတ်ဝန်းကျင်ကို ကြည့်ကာ သတိထားမောင်းနေရတဲ့အမျိုးသားလေးကြောင့် ကိုယ်ကပဲ အပြစ်ရှိနေသလိုလိုပင်။

" ကလေးလား မင်းက "

ရန်း ဆိုတော့ ရန်းကို မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လာသည်။

" အစ်ကိုက ကျွန်တော့်ကိုဘာဖြစ်စေချင်နေတာလဲ ကလေးဖြစ်ခိုင်းလိုက် လူကြီးဖြစ်ခိုင်းလိုက် "

ဝန်း ရဲ့ အသံဟာ ခပ်ဆတ်ဆတ် ၊ ခပ်မာမာ။ အတည်ပင် စိတ်ဆိုးနေသည်ကြောင့် ရန်းဘက်က လျှော့ရတော့သည်။

ဝန်းနည်းတူ မျက်မှောင်ကြုတ်ကာ ဝန်းအား ကြည့်လိုက်ပြီး သူ ရန်းကို ပြောသည့်လေသံအတိုင်း ပြောလိုက်သည်။

" ငါ့အမျိုးသားပဲ ဖြစ်စေချင်တယ် "

ရန်း စကားကြောင့် တည်တင်းနေတဲ့ဝန်းရဲ့မျက်နှာလေးဟာ ချက်ချင်းပြေလျော့သွားရုံတင်မက အပြုံးရိပ်ပါသန်းလာသည်။သို့သော်လည်း ပျော်မွေ့ချင်သောစိတ်ကို အတင်းမြိုသိပ်ကာ စိတ်ဆိုးချင်ယောင်ဆောင်ထားပုံက မြတ်နိုးချင်စရာအတိ။

" ဖြစ်နေပြီလေ "

တင်းမရတော့သောနှုတ်ခမ်းပါးတွေဟာ ပွင့်ဟလာပြီး ပြုံးတုံ့တုံ့။

" အေး ဟုတ်သားပဲ ချစ်လား "

ကားမောင်းနေသော သူ့မျက်နှာကိုအတင်းကြည့်ကာမေးတော့ ရယ်သံသာသာလေးထွက်လာသည်။

ရန်း၏လက်ကို ဆွဲယူကာ တဖွဖွနမ်းရင်း ပြုံးနေပြန်သည်။

" ချစ်တယ် "

နေ့စဉ်နေ့တိုင်း၊အချိန်တိုင်းအခါတိုင်းကြားနေရတဲ့ ထိုစကားလေးတစ်ခွန်းဟာ ဘယ်တော့မှမရိုးနိုင်ဘဲ ကြားလိုက်ရသည့်အခါတိုင်း နှလုံးသားအတွင်းသို့ တသိမ့်သိမ့် စီးဝင်ကာ ရင်ခုန်ရဆဲ။ ဝန်းကို တစိမ့်စိမ့်ကြည့်ရင်း ရှက်ပြုံးလေး ပြုံးရပြန်သည်။ယှက်နွယ်ထားသော လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်လိုက်တော့ ရင်ခုန်နှုန်းတွေက ပို၍မြန်ဆန်လာသည်။ထိုခံစားချက်ကိုပဲ နှစ်သက်မြတ်နိုးလွန်းရပါသည်။

" ငါလည်း ချစ်တယ် "

အပြုံးတွေ မသတ်နိုင်တော့သော ဝန်းက ရန်း၏ပါးလေးကို တောင်းဆိုနေတာကြောင့် ဝန်း နှုတ်ခမ်းနား ကပ်ကာ ပါးထိုးပေးရသေးသည်။ ပါးပြင်ပေါ် ဖိကပ်လိုက်သော နှုတ်ခမ်းပါးဟာ သိမ်သိမ်မွေ့မွေ့နှင့် ဒီနေ့လည်း နူးညံသောအနမ်းလေးကို ဖန်တီးပြန်သည်။

" ဘယ်လောက်ထိလဲ "

အချစ်တွေပြည့်နေသော မျက်ဝန်းတွေနဲ့အတူ ကြင်နာစွာမေးလာသည့်မေးခွန်းကို ဖြေဆိုဖို့ မမေးခင်ကတည်းက အသင့်အနေအထား ပြင်ထားပြီးဖြစ်သည်။

" ဟော......ဒီလောက်ကြီး "

လက်နှစ်ဖက်ကို စက်ဝိုင်းသဏ္ဍန်အားပါးတရ ဝိုင်းပြကာ ဖြေတော့ ထိုလူသားလေးသည် သဘောကျကာ နှစ်နှစ်ခြိုက်ခြိုက် ရယ်မောလေသည်။ ဒါဟာ အဆန်းတကြယ်တော့ မဟုတ်။ အချိန်တိုင်းမေးကာ အချိန်တိုင်းဖြေဆိုနေရသော အမေးအဖြေဖြစ်သည်။ပြီးနောက် အချိန်တိုင်း ပျော်ရွှင်ရယ်မောကာ ရင်ခုန်ချစ်ရမြဲပင်။ မေးနေကြမေးခွန်းမေးပြီးလို့ ဖြေနေကျအဖြေကို ကြည်ကြည်နူးနူးနားထောင်ပြီးလျှင်တော့ ပြောနေကျစကားတစ်ခွန်းကို ပြောတော့မည်။

" ကျွန်တော်က ဟောဒီလောက်ကြီးရဲ့နှစ်ဆ "

နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် လေးနက်စွာ ကြည့်ရင်း ပြုံးလိုက်ကြသည်။ ထို့နောက် ရယ်သံလွင်လွင်လေးတွေ ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်တခွင် အမှောင်ယံများကြီးစိုးလာသော်လည်း ဖြာကျနေသောလရောင်အေးအေးက အင်အားကြီးစွာလွှမ်းခြုံထားသည်။တိုက်ခတ်နေသောည၏လေပြေလေအေးလေးတွေကို ခံစားရင်း ၊ အလင်းတန်းမျှင်လေးတွေကို အားပြုရင်း ၊ မှိတ်တုတ်မှိတ်တုတ်ကြယ်လေးတွေကို တစ်ပွင့်နှင့်တစ်ပွင့်ချိတ်ဆက်ကာ ပုံဖော်ကြရင်း ၊ ရင်ခုန်သံသံစဉ် ငြိမ့်ငြိမ့်ညောင်းညောင်းလေးကို ဖော်ကျူးကြရင်း ။

The End.

Continue Reading

You'll Also Like

181K 23.7K 45
Title ✿ Heart of Glass Original Author ✿ Jing Shui Eng Translator : Yundun, Cheshire Status : 11 chapters + 2 extras (Com...
335K 18.3K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
8.8K 503 61
အတိတ်ကလှမ်းခဲ့တဲ့ခြေရာတွေကိုပြန်ရေတွက်ကြည့်တဲ့အခါ သူနဲ့အတူတူလှမ်းခဲ့တဲ့ခြေရာတွေက ပိုများနေလို့ သူ့ကိုသတိတောင်ရသွားတယ် အမြဲတမ်းအတူတူရှိခဲ့တဲ့ အဲ့ခြေရ...
31K 1.7K 43
ဇွဲလပြည့်ဆိုသောလူသားလေးနှင့် သူ၏မောင်ဆိုသောကောင်ငယ်လေးတို့၏ချစ်ခြင်းမေတ္တာအကြောင်းရေးဖွဲ့ထားသည့် ဝတ္ထုလေးတစ်ပုဒ်..... 「First Creation 🌼」 Start Date...