သူတို့တွေ အတူတူရှိလာခဲ့ကြတာ တစ်နှစ်ပြီးတစ်နှစ်။ တစ်ယောက်အတွက် တစ်ယောက်ရဲ့ အရေးပါမှုက ဘေးလူတွေအမြင်မှာတောင် ဘယ်လောက်ထိအရာရောက်သလဲဆိုရင် ပတ်ဆောင်းဟွန်းမြင်တာနဲ့ ရှင်းဂျယ်ယွန်းကိုတန်းတွေးမိစေသလို ရှင်းဂျယ်ယွန်းကိုမြင်တာနဲ့ ပတ်ဆောင်းဟွန်းကို အမှတ်ရစေတဲ့အထိ။
ရွက်ဟောင်းတွေကြွေတဲ့နွေဦး
သစ်ပင်တွေ အရိုးပြိုင်းတဲ့နွေ
ရွက်စိမ်းတွေနဲ့ အလှခြယ်တဲ့မိုး
နှင်းခဲဖွေးဖွေး ဖုံးလွှမ်းခံထားရတဲ့ဆောင်း
ဆယ်နှစ်သားအရွယ်လေးကစလို့ ၁၆နှစ်အရွယ် လူပျိုဖော်ဝင်စပြုလာတဲ့အထိ ဘဝရဲ့နေရာတိုင်း အချိန်တိုင်းမှာ ဆောင်းဟွန်းက ဂျယ်ယွန်းအနားရှိပေးခဲ့တယ်။
ဂျယ်ယွန်းကြည့်ဖူးတဲ့ တရုတ်သိုင်းကား "မက်မွန်မြေက ချစ်တေးတစ်ပုဒ်"ထဲမှာ မင်းသမီးယုံအော် ပြောဖူးတာရှိတယ်။ နွေဦးမှာ သစ်ရွက်ကြွေတွေကို ဖမ်းမိရင် ဆုတောင်းပြည့်တယ်တဲ့။
အလေးအနက်လဲမဟုတ်ပါဘဲ ဒီတိုင်းပြောလိုက်တဲ့ ဇာတ်ဝင်ခန်းထဲက စကားလေးတစ်ခွန်းကတောင် ဆောင်းဟွန်းနဲ့ပတ်သက်လာရင် အရူးလေးလိုဖြစ်နေတဲ့ ဂျယ်ယွန်းအပေါ် အများကြီးသက်ရောက်ပါတယ်။
သစ်ပင်ကြီးတွေအောက် မတ်တပ်ရပ်စောင့်ပြီး ရွက်ကြွေတွေကို လိုက်ဖမ်းရတာ။ ဖမ်းလို့မိရင် လက်ခုပ်လေးထဲထည့်၊ သစ်ရွက်လေးကို စကားတိုးတိုးပြောလို့ လေနဲ့ပြန်မှုတ်ပစ်ရတယ်။
"ငါဆောင်းဟွန်းကို အရမ်းချစ်တယ်နော်
ငါပြောတာကြားရင် ဆောင်းဟွန်းလဲ ငါ့ကိုပြန်ချစ်အောင် ကူဆုတောင်းပေးကြနော်"ဆိုပြီး။
ဆောင်းဟွန်းကတော့ သစ်ရွက်ကြွေတွေကို လိုက်လိုက်ဖမ်းနေတဲ့ သူ့ကိုကြည့်ပြီး ပြောရှာပါတယ်။ "မင်းOCDများဖြစ်နေသလား"တဲ့။
ဘဝရဲ့ အပျော်ဆုံးအချိန်တွေကိုပြောပါဆိုရင် နွေရာသီမှာ ဆောင်းဟွန်းနဲ့အတူ ဟန်မြစ်ဘေးထိုင်ရတာပဲ။
သူတို့တွေ အရိပ်ကောင်းကောင်းရတဲ့ သစ်ပင်ကြီးအောက်ထိုင်ကြတယ်။ အလှစိုက်ပျိုးထားတဲ့ ပန်းလေးတွေရှိတယ်။ အဲပန်းလေးတွေပေါ် ဝဲနေတဲ့ ရောင်စုံလိပ်ပြာလေးတွေလဲ ရှိတယ်။ ညနေခင်းဆို နေဝင်ချိန်ဟာ သိပ်ကိုလှပတယ်။
အသက်တွေကြီးလာပြီး ကမ္ဘာကြီးရဲ့တခြားနေရာမှာ သွားနေရမယ်ဆိုရင်တောင်မှ သူက ဟန်မြစ်ကမ်းကို အလှဆုံးနေရာလို့ ထင်နေမိဦးမှာပဲ။
သူတို့တွေ ကော်ဖီတစ်ခွက်ကို အတူတူသောက်ကြတယ်။ ပေါင်မုန့်ဆိုလဲ ဆောင်းဟွန်းတဝက်၊ သူတဝက်။ ညနေခင်း မြစ်ကမ်းနဘေး လမ်းလျှောက်တဲ့သူတွေ၊ ပြေးတဲ့သူတွေ၊ နောက်ပြီးခွေးလေးတွေနဲ့လမ်းလျှောက်တဲ့သူတွေ။
ပါပီပိစိ လှုပ်စိစိလေးတွေ လမ်းလျှောက်တာကိုကြည့်ရတာ အရမ်းအသည်းယားဖို့ကောင်းတယ်။ corgiလေးတွေဆို ဖင်တုံးလေးတွေကို ရိုက်ပစ်ချင်စရာလေး။ ဆောင်းဟွန်းက သူတို့ကိုကြည့်ရင်းပြောတယ်။ "မင်းလဲ ခွေးပေါက်လေးနဲ့တူတယ်"ဆိုပြီး။
ဂျယ်ယွန်းလဲ ဆောင်းဟွန်းကို မျက်စောင်းထိုးကြည့်လိုက်ပါတယ်။ သူက corgiလေးနဲ့တူတာဆို ဆောင်းဟွန်းက Samoyedနဲ့ တူတာလေ။ ခွေးသေးသေးလေးတွေက တိမ်တိုက်သေးသေးလေးတွေဆို ဆောင်းဟွန်းက တိမ်တိုက်အကြီးကြီး။ ဖွေးဥပြီး ချစ်စရာကြီးဖြစ်နေတာ။
နွေရာသီရောက်ပြီဆိုတိုင်း စွန်လွှတ်လိုက်၊ အရုပ်တွေနဲ့ဆော့လိုက်၊ ဆောင်းဟွန်း ခွံ့ကျွေးတဲ့ ဖရဲသီးတွေစားလိုက်နဲ့။ အချိန်တွေက ဒီလိုပဲ ကုန်ဆုံးခဲ့တယ်။
အစေ့မပါတဲ့ ဖရဲသီးစိတ်တွေထဲ မတော်တဆ အစေ့ပါလာလို့ ထွေးထုတ်မယ်ကြံတောင် မြစ်ကမ်းဘေး ဒီတိုင်းထွေးလိုက်လို့မရဘူးလေ။ အမှိုက်ပစ်တယ်ဆိုပြီး ဒဏ်ငွေရိုက်ခံရမှာ။ အဲတော့ ဆောင်းဟွန်းက သူ့လက်နဲ့ခံပေးတယ်။ "ဒီထဲထွေးလိုက်"ဆိုပြီး။
ဒီလိုတွေအရမ်းဂရုစိုက်နေတာ ဂျယ်ယွန်းက ဘယ်လိုလုပ်မချစ်ဘဲ နေနိုင်ပါ့မလဲ။ ဆောင်းဟွန်းရဲ့ဖြစ်တည်မှုက သူ့အတွက်တော့ ပူပြင်းတောက်လောင်နေတဲ့ နွေခေါင်ခေါင်မှာတောင် ရင်ထဲအေးသွားစေတဲ့ ကျောက်စက်ရေလေးပဲ။
မိုးရာသီရောက်ပြီဆို သူတို့တွေ နှစ်ယောက်ထဲ ထီးတစ်ချောင်း အတူတူဆောင်းတယ်။
အဲပတ်ဆောင်းဟွန်းက ငတုံးကြီး။ တုံးတာမှ တော်တော်လေးကိုတုံးတဲ့ ငတုံးအကြီးစားပါ။
ဂျယ်ယွန်းကဖြင့် သူနဲ့ထီးတစ်ချောင်းထဲ အတူတူဆောင်းချင်လို့ သေချာထီးယူမလာတာကို သူက အပိုတစ်ချောင်းတောင် ယူလာသေးတယ်။ ဘယ်သူက ထီးမရှိဘူးပြောလို့လဲလို့။ ပြီးတော့ တစ်ယောက်ထဲ ခေါက်ထီးနှစ်လက်နဲ့ ကျောင်းလာရတာ ဘယ်လောက်တောင် အရူးဆန်နေသလဲ မသိဘူးလား။
အရမ်းကိုမှ ပိန်းတိန်းနေတာလေ။ နောက်သည်းမခံနိုင်တော့လို့ အော်ပစ်လိုက်တယ်။ အော်ပြန်တော့လဲ ပြန်ကြည့်တဲ့အကြည့်က တကယ့်ငပိန်းအကြည့်။system novelတွေထဲက အဖြစ်မရှိဘဲ cheatတွေအများကြီးရတဲ့ဇာတ်လိုက်တောင် သူ့လောက် ပိန်းမယ်မထင်ဘူး။
မိုးရာသီမှာဆို ဂျယ်ယွန်းအတွက် အကြိုက်ဆုံးအချန်သုံးနည်းက ဆောင်းဟွန်းနဲ့အတူ ရပ်ကွက်ငယ်လေးတွေထဲက လမ်းကြားလေးတွေထဲ စက်ဘီးစီးရတာပဲ။ အတူတူစီးတာဆိုလို့ တစ်ယောက်တစ်စီးစီလို့တော့ မထင်လိုက်နဲ့ပေါ့နော်။ တစ်စီးထဲကိုမှ ဂျယ်ယွန်းက ဆောင်းဟွန်းခါးကို လက်နှစ်ဖက်နဲ့ ဝှိုက်၊ ဟောသလို ဟောသလို ကမ္ဘာကြီးကိုပိုက်ထားသလို တင်းတင်းကြပ်ကြပ်ဖက်ပြီး နောက်ကနေ လိုက်စီးတာ။
နှစ်ယောက်လုံး ထီးလဲမပါ။ အဝတ်တစ်ထည် ကိုယ်တစ်ခု စက်ဘီးတစ်စီးနဲ့။ လမ်းကြားလေးတွေက အပေါ်ကိုတက်သွားတာတွေရှိသလို အောက်ကိုလျှောသွားတာတွေလဲရှိတယ်။ မတ်နေတဲ့လမ်းတွေပေါ်စီးရင် ဆောင်းဟွန်းက ဟောဟဲ ဟောဟဲနဲ့ လျှာထွက်နေတော့တာ။ လမ်းရဲ့အဆုံးမှာတော့ သူတို့ကြိုက်တဲ့ ဖက်ထုပ်ခေါက်ဆွဲဆိုင်ရှိတယ်။
မိုးအေးအေးမှာ ပူပူနွေးနွေး ဖက်ထုပ်ပြုတ်ကို နှစ်ယောက်အတူတူ လုသောက်ဖူးတယ်။ ဘဝက ဘာမှမရှိရင်တောင် ဆောင်းဟွန်းတစ်ယောက်ထဲနဲ့တင် အရာရာပြီးပြည့်စုံပြီထင်ခဲ့တာ။ တစ်ခါမှ ဒီလောက်တိကျသေချာနေတဲ့ ခံစားချက်မျိုး မခံစားဖူးဘူး။ အေးစိမ့်နေတဲ့ မိုးရေထဲမှာတောင် ဆောင်းဟွန်းအနားမှာရှိနေလို့ နှလုံးသားလေး နွေးနေရတာမျိုးလေ။ သူဖြင့် ဆောင်းဟွန်းကို အရမ်းချစ်တာပဲ။
ဖက်ထုပ်ခေါက်ဆွဲစားပြီးရင်တော့ လမ်းဆင်းလေး ရောက်ပါပြီ။ အရှိန်နဲ့ဝှီးခနဲ လမ်းတလျှောက်လျှောဆင်းရတာ ရင်ထဲကို လှပ်ခနဲ လှပ်ခနဲ အေးနေတာပဲ။ ရပ်ကွက်သေးသေးလေးရဲ့ ပတ်ဝန်းကျင်ကလဲ သိပ်လှတယ်။ မီးခိုးခေါင်းတိုင်ပါတဲ့ အုတ်နီအိမ်လေးတွေနဲ့၊ ခြံဝန်းကိုယ်စီ။ ခြံဝန်းက နွယ်ခက်သစ်ပင်တွေနဲ့ ဝန်းရံလို့။ လမ်းတလျှောက်အစီအရီပေါက်နေတဲ့ စိန်ပန်းပြာအပင်ကြီးတွေက တလောကလုံးကို အပြာရောင်ချယ်မှုန်းထားသလားထင်ရအောင် အစွမ်းကုန်လှနေတာ။ ဒီနေရာကို စက်ဘီးအတူတူစီးလာရတိုင်း ဂျယ်ယွန်းစိတ်ထဲမှာ ဆောင်းဟွန်းနဲ့အတူတူ မိုးကုပ်စက်ဝိုင်းကို တစ်ပတ်ပတ်နေရတယ်လို့ ထင်မိတော့တာပဲ။
ဆောင်းရာသီကတော့ ဂျယ်ယွန်းအကြိုက်ဆုံးပေါ့။ သူရော၊ ဆောင်းဟွန်းရောရဲ့ မွေးနေ့က ဆောင်းတွင်းမို့ပါ။
ဆောင်းဟွန်းမွေးနေ့မရောက်ခင် ၂လ၃လအလိုလောက်ထဲက သူ့မှာအလုပ်တွေရှုပ်ပြီ။ မြို့ရဲ့main attractionနေရာတွေက ဆိုင်ကြီးတွေကိုသွားပြီး ဆောင်းဟွန်းနဲ့လိုက်မယ့်ပစ္စည်းရွေးရတာ။ ချစ်ဦးသူကို ပေးတာဆိုတော့ အခြားလူတွေနဲ့လဲ မတူချင်။ limited editionပေးရင်တောင်မှ သူများနဲ့တူနေဦးမှာ။
အဲအချက်ကို သေးသေးပိစိလေးတောင် မကျေနပ်တဲ့ဂျယ်ယွန်းက Gucci၊ LV၊ Prada၊ Chanelတို့လို brandကြီးကြီးတွေဆီမှာ customized designတွေ အပ်ပစ်တာပဲ။
ဆောင်းဟွန်းနဲ့ ဆင်တူဝတ်ရအောင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တစ်ခါအပ် နှစ်ယောက်စာ၊ သူကိုယ်တိုင်designရွေးပြီး ဆောင်းဟွန်းကြိုက်တဲ့အဖြူရောင်လေးတွေ အဓိကထားပြီး အပ်ပေမယ့် ဆောင်းဟွန်းကတော့ သူပေးတဲ့လက်ဆောင်တွေသုံးတာ တစ်ခါမှ မတွေ့ဖူးဘူး။ သူကဖြင့် မွေးနေ့လက်ဆောင်ကို အဓိပ္ပာယ်ရှိအောင် codeလေးတွေ အမြဲထည့်ပေးလာတာ။ အဲcodeလေးတွေက ဘာသာပြန်ခိုင်းလိုက်ရင် ဆောင်းဟွန်းနာမည်နဲ့မွေးနေ့၊ ပြီးတော့ သူ့နာမည်နဲ့မွေးနေ့ ဘေးချင်းကပ်ထားတာလေးထွက်လာတယ်။ အဲပတ်ဆောင်းဟွန်း တကယ်ဘာကြီးလဲ မသိဘူးနော်။ သူအသေးစိတ်စီစဉ်ထားရတာတွေလဲ သိပုံမပေါ်ဘူး။
စိတ်ဆိုးချင်ပေမယ့်လဲ မဆိုးရက်ပါဘူး။ ဆောင်းဟွန်းက သူ့မွေးနေ့မှာဆို လက်ဆောင်သေးသေးလှလှလေးတွေ အများကြီးပေးတယ်။ အဲပစ္စည်းသေးသေးလေးတွေကို ဂျယ်ယွန်းက မသုံးရက်ဘူးလေ။ အလှထိုင်ကြည့်နေတာတောင် "အော် ဆောင်းဟွန်းနီးပေးတာ" ဆိုပြီး အီမိုနေတဲ့ ကလေးသေးသေးလေးလို အကြည့်လေးနဲ့ အကြာကြီးထိုင်ကြည့်နေမိတော့တာ။
ဆောင်းဟွန်းပေးတဲ့ လက်ဆောင်လှလှလေးတွေကို အခန်းထဲက ဗီရိုအဖြူလေးထဲ ထည့်သိမ်းထားတယ်။ အဖြူရောင်ဆေးသုတ်ထားတဲ့ အကန့်တွေအများကြီးပါတဲ့ ဗီရိုထဲမှာ ဆောင်းဟွန်းနဲ့ပတ်သက်လို့ အမှတ်တရတွေ အများကြီးရှိတယ်။ ခိုးရိုက်ဖူးတဲ့ ဆောင်းဟွန်းပုံလေးတွေ၊ ဆောင်းဟွန်းဝယ်တိုက်ဖူးတဲ့ စပျစ်ဆိုဒါဘူးခွံလေးတွေ၊ ဆောင်းဟွန်း သူ့အိမ်လာလည်တုန်းက ကိုင်သွားတဲ့ ခဲဖျက်တုံးလေးကအစ သူ့ကုတင်ပေါ်လှဲချသွားတုန်းက ခင်းထားတဲ့ အိပ်ရာခင်းလေးအဆုံး။ ဒီဗီရိုလေးက ဆောင်းဟွန်းနဲ့ပတ်သက်လာရင် သူ့အတွက် ခံစားချက်တွေအများကြီးပေးစွမ်းနိုင်တဲ့ ကမ္ဘာငယ်လေးပါပဲ။
🍂
အခုတလော ဘေးအိမ်က အသံတွေကြားရတယ်။ တစ်အိမ်နဲ့တစ်အိမ်ကြား ခြံအကျယ်ကြီးတွေ ခံနေတာတောင် အသံတွေက ကြားကြားနေရတာ။ အဖေလုပ်သူက ကလေးလေးကို ရိုက်နေတာထင်တယ်။ တအားစိတ်တိုဖို့ကောင်းတာပဲ။
အ့ကြောင့် ဂျယ်ယွန်း မှန်ဘီလူးလေး ဝယ်လာပြီး အိမ်ခေါင်မိုးထပ်ကိုတက်လို့ တဖက်ခြံထဲ ချောင်းကြည့်ရတယ်။ ပြတင်းပေါက်ပိတ်မထားတဲ့အခန်းထဲမှာ ကြောင်သေးသေးလေးတစ်ကောင်ကို တွေ့လိုက်ရတယ်။ တကယ်တော့ အဲတာ လူသေးသေးလေးပါ။ ဒါပေမယ့် ကြောင်လေးတစ်ကောင်နဲ့တူတယ်။
ဂျယ်ယွန်း အဲကလေးလေးပေါ် မြင်မြင်ချင်း ဂရုဏာသက်မိသွားတယ်။ ဒါကြောင့် ကလေးလေးအဖေ အပြင်ထွက်သွားတဲ့အခါတိုင်း တဖက်ခြံရဲ့bellကိုတီးလို့ ကလေးလေးဆီကို မုန့်တွေ သွားပို့ပေးတယ်။ စကားတွေပြောပေးတယ်။ ကလေးလေးကတော့ သူ့ကို မလှုပ်မယှက်လေးကြည့်ပြီး သူပေးသမျှမုန့်တွေယူ၊ သူပြောသမျှစကား နားထောင်ပြီး ဘာမှမတုံ့ပြန်ပဲနေတာ။ တကယ်တော့ သူ့စကားတောင် နားထောင်ရဲ့လားမသိပေမယ့် သူကတော့ နားထောင်တယ်လို့ပဲ သတ်မှတ်လိုက်တယ်။
၃၊ ၄လလောက်ကြာပြီးနောက်မှာ ကြောင်လေးက သူ့ကို ခင်တွယ်လာပုံရတယ်။ သူ ခြံပြင်ထွက်ပြီဆိုရင် နောက်ကနေ တကောက်ကောက်လိုက်လာတယ်။ သူကျောင်းသွားတဲ့အချိန်ဆိုလဲ ကျောပိုးအိတ်လေးလွယ်ပြီး အိမ်ရှေ့ကနေ ရပ်ကြည့်နေတယ်။
အဲကြောင်လေးကို ဂျယ်ယွန်း အဖော်ရအောင် ဆောင်းဟွန်းနဲ့ မိတ်ဆက်ပေးလိုက်တယ်။ ကြောင်ပေါက်လေးက အခုဆို သူ့ညီလေးပဲ။ သူ့ညီလေးကို ဆောင်းဟွန်းလဲ ချစ်မှာ။
ဒါပေမယ့် တစ်နေ့ကျ ကြောင်ပေါက်လေးက ပြောလာတယ်။ ကျွန်တော် "အစ်ကိုဆောင်းဟွန်းကိုချစ်တယ်" ဆိုပြီး။
ထိတ်လန့်တုန်လှုပ်သွားတဲ့ အမူအရာနဲ့ သူက ဂျောင်ဝန်းမျက်လုံးတွေကို စိုက်ကြည့်မိလိုက်တယ်။ သူ ဆောင်းဟွန်းအပေါ် ပျော်ဝင်သလိုမျိုး အကြည့်တွေကို တွေ့လိုက်ရတဲ့အခါ...
ဆောင်းဟွန်းဆီက "ငါလဲသူ့ကိုချစ်ပါတယ် ညီလေးလိုမဟုတ်ဘဲ"ဆိုတဲ့ စကားကိုကြားလိုက်ရတဲ့အခါ...
မေမေ ခဏဏပြောဖူးတဲ့ စကားတစ်ခွန်းက သူ့အသိစိတ်မှာ အသက်ဝင်လာတယ်။
"ကိုယ့်ပျော်ရွှင်မှုအတွက် လူတစ်ယောက်ကို ဆွဲထားရတာ နှစ်ဖက်လုံး ပင်ပန်းတယ်"
ဖေဖေနဲ့ မေမေရဲ့ ရန်ပွဲတွေကို မြင်ယောင်လာတယ်။
ဆောင်းဟွန်းနဲ့ ဒီလိုတွေရန်ဖြစ်ပြီး ဝေးသွားရတာထက်ဆိုင်ရင် သူ့ဘက်က ခြေတလှမ်းနောက်ဆုတ်လိုက်တာ ပိုကောင်းပါလိမ့်မယ်။
ဒီလိုနဲ့ သူက သူ့ဘဝကဇာတ်ခုံပေါ်က မင်းသားလေးလို့ထင်မိခဲ့တဲ့ ဆောင်းဟွန်းကို မနီးမဝေးနေရာလေးမှာပဲ ရပ်ကြည့်လို့ တိတ်တိတ်လေး လက်လွှတ်ခဲ့မိတယ်။
🍂
Suggested song - 树洞 by 欧阳娜娜 & 陈飞宇
တကယ်တမ်း မြန်မာသီချင်းတွေ တစ်ပုဒ်မှမသိဘူး။ မမ ညွှန်းတာတွေ ထည့်နေတာ။ ကိုက်ချင်မှကိုက်မှာ Ficနဲ့ :3
အာ ခဏ
မသိတဲ့သီချင်းကို ဖြုတ်ပြီး အခုပဲ သိတဲ့တရုတ်သီချင်းပြောင်းလိုက်ပါပြီ။