လူရာချီပါဝင်တဲ့ ဘင်ခရာတီးဝိုင်းတစ်ခုလုံးရဲ့ အခရာဖြစ်တဲ့ ဆောင်းဟွန်းက နာမည်ကြီးသထက်ကြီးလာတယ်။
ဆောင်းဟွန်းကို တွေ့ချင်လွန်းလို့ဆိုပြီး တခြားကျောင်းတွေကမိန်းကလေးတွေတောင် သူတို့တက်နေတဲ့ကျောင်းထိ လာလာချောင်းတာမျိုးရှိတယ်။
တကယ်လို့များဆိုတဲ့ အတွေးနဲ့ ဆောင်းဟွန်း ကောင်မလေးရသွားမှာ စိုးရိမ်မိပေမယ့်... ဆောင်းဟွန်းကြည့်ရတာ ဘာမှလဲ သိပုံမရပါဘူး။ အမြဲ အေးတိအေးစက်။ ဘယ်မိန်းကလေးမှလဲ သူ့ကိုဖွင့်ပြောရဲမယ်မထင်ဘူး။
လက်ရဲဇတ်ရဲပြောရဲတဲ့ကောင်မလေးမျိုးရှိလာရင်တောင်...
"ဆောင်းဟွန်းရှီကို ကျွန်မချစ်တယ်"
"ကျွန်တော်လဲ ကိုယ့်ကိုကိုယ်ချစ်ပါတယ်"
-
"ဆောင်းဟွန်းရှီဖို့ ချောကလက်လေး"
"ဝိတ်ချနေလို့ ချောကလက်စားမရဘူးဗျ"
-
"ဆောင်းဟွန်းအိုပါးဖို့ ညီမကိုယ်တိုင်ပြင်ဆင်ထားတဲ့ ကွတ်ကီးဘူး"
"ကျွန်တော် ကွတ်ကီးမကြိုက်လို့ပါ"
"ဟင် အဲဒါဆို လက်ထဲကကွတ်ကီးဘူးက.."
"အာ ဒါကျွန်တော့်သူငယ်ချင်းစားဖို့ ကျွန်တော်ကိုယ်တိုင်လုပ်လာတာ"
-
"ဆောင်းဟွန်းနီး တစ်နေ့က ကော်ဖီဆိုင်မှာ vanilla latteသောက်နေတာတွေ့မိလို့လေ။ အဲတာ ငါဒီနေ့ ဆောင်းဟွန်းနီးဖို့ ဝယ်လာခဲ့တယ်"
"အဲ ဘာလို့နင်တွေငါတွေနဲ့ ပြောနေတာလဲ"
"ဟင် ငါကဆောင်းဟွန်းနီးရှေ့မှာထိုင်တာလေ။ တစ်ခန်းထဲအတူတူတက်လာတာ ၃နှစ်တောင်ရှိပြီကို"
"ဟုတ်လား။ သတိမထားမိဘူး"
-
"ဆောင်းဟွန်းရှီ စပျစ်ဆိုဒါဘူးတွေ အမြဲဝယ်နေတာတွေ့လို့ noonaဝယ်လာပေးခဲ့တယ်"
"ဟုတ် ကျေးဇူးဗျ။ ကျွန်တော်မကြိုက်ဘူးရယ်။ ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းကတော့ အရမ်းကြိုက်တာ။ ကျွန်တော်က သူ့ဖို့ဝယ်ပေးနေကြ"
-
အဲလို အဲလို မိန်းကလေးတွေကို ရုပ်တည်ကြီးနဲ့ ချေချတာတွေက ဂျယ်ယွန်းနား ပြန်ရောက်လာတယ်။ အတန်းထဲက မိန်းကလေးတွေက ဂျယ်ယွန်းကိုဆို တအားအားကျတာ။ ဆောင်းဟွန်းနဲ့ အရမ်းခင်လို့တဲ့လေ။
ဆောင်းဟွန်းက ဂျုနီယာလေးတွေအတွက် နည်းပြဝင်လုပ်ပေးတာတောင် သူဘောလုံးကန်တဲ့ကွင်းထဲ အမြဲမရောက်ရောက်အောင်လာတယ်။ သူ့ဖို့ ရေဘူး၊ အချိုရည်၊ ပဲနို့ အမြဲအသင့်။
တခါတလေကျ ဘာလို့ ဒီလောက်ဂရုစိုက်ပေးနေတာလဲဆိုပြီး မိုက်ရူးရဲဆန်ပစ်ချင်တယ်။ ရင်ထဲကနေ လည်ချောင်းထဲထိ လှိုက်တက်လာတဲ့ သိုဝှက်ထားမိတဲ့ ချစ်ခြင်းတွေကို ဟစ်အော်ပစ်လိုက်ချင်တာ။
"ငါမင်းကိုအရမ်းချစ်တယ်
ငါမင်းကို တကယ်အရမ်းချစ်တယ်
ငါမင်းကို ရူးလောက်အောင်ထိ ချစ်နေပြီ
မင်းမရှိတဲ့ငါ့ဘဝကို တွေးတောင်မတွေးရဲလောက်အောင်ထိ မင်းကိုချစ်နေမိပြီ"
သတ္တိရှိရှိ ဒီလိုတွေထုတ်ပြောပစ်လိုက်ချင်တာ။
ဒါပေမယ့် သူက ဘယ်သူမို့လဲ။ ဘဝမှာ ကံကောင်းခြင်းဆိုတာတွေကို များများစားစားမကြုံဖူးတဲ့ ရှင်းဂျယ်ယွန်းလေ။ သူ့ဘဝက မွေးလာထဲက အဖေကမလိုချင်ခဲ့တဲ့သား။ တွယ်တာမိတဲ့အမေကလဲ လူ့လောကမှာ မရှိတော့ဘူး။
နေထိုင်ရှင်သန်လာတဲ့ သက်တမ်းတလျှောက်လုံးမှာ ဘုရားပေးတဲ့ဆုလာဘ်ဆိုလို့ ဆောင်းဟွန်းကို သူငယ်ချင်းအဖြစ် ပိုင်ဆိုင်ခွင့်ရတာရယ်၊ ဘယ်တုန်းကကံစမ်းမိမှန်းတောင်မသိဘဲ တစ်နှစ်စာဖရီးသောက်ခွင့်ရသွားတဲ့ စပျစ်ဆိုဒါပရိုးမိုးရှင်းလေးရယ်ပဲ ရှိတာ။
တကယ်လို့ သူဖွင့်ပြောလိုက်ပြီးမှ ဆောင်းဟွန်းက "မင်းငါ့ကိုဒီလိုတွေတွေးနေတာလား"ဆိုပြီး စိတ်ဆိုးပြီး ထားသွားခဲ့ရင်..
သူရူးသွားလိမ့်မယ်။
သူတကယ် သွက်သွက်ခါအောင် ရူးသွားလိမ့်မယ်။
အဖြေကိုမမျှော်လင့်ရဲတဲ့သူ့အတွက် လုပ်နိုင်သမျှက ဆောင်းဟွန်းဘေးမှာ၊ ဆောင်းဟွန်းခွင့်ပြုထားတဲ့ သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ နေမြဲနေရာလေးအတိုင်းနေပြီး ဆောင်းဟွန်းကို တိတ်တိတ်လေး ချစ်နေဖို့ပါပဲ။
🍂
ဖိုးဖိုးက ဂျယ်ယွန်းကို ဆက်သွယ်လာတယ်။ ဂျယ်ယွန်းဖုန်းနံပါတ် ဘယ်လိုရသွားလဲမသိပါဘူး။ ဒါပေမယ့် ဖိုးဖိုးက မလုပ်နိုင်တာမရှိလောက်အောင်ထိ အရမ်းဩဇာအာဏာကြီးတဲ့သူလေ။ ဒီတော့ ဂျယ်ယွန်းအကြောင်းတွေစုံစမ်းဖို့ဆိုတာ ဖိုးဖိုးအတွက် ခက်မယ်မထင်ဘူး။
ဖေဖေ ဂျယ်ယွန်းအပေါ် ဂရုစိုက်လာတဲ့အကြောင်းတွေ ပြောလိုက်တော့ ဖိုးဖိုးက အရမ်းဝမ်းသာသွားတယ်။ Australiaပြန်လာချင်လား မြေးလေးလို့လဲ မေးသေးတယ်။ ဂျယ်ယွန်း အတော်လေးလန့်သွားတယ်။
ဒါပေမယ့် ဖိုးဖိုးက အတင်းအကြပ်မပြောလို့ တော်ပါသေးတယ်။ သူဖြင့် ဆောင်းဟွန်းကို ထားမသွားနိုင်ပါဘူး။ ဆောင်းဟွန်းနဲ့ နာရီပိုင်းလေးတောင် မခွဲနိုင်ပါဘူးဆို။
ဆောင်းဟွန်းကို မျက်စိရှေ့မြင်နေလျက်တောင် လွမ်းနေမိတဲ့သူက ဖိုးဖိုးပို့ပေးတဲ့မုန့်ဖိုးတွေနဲ့ latest IPhoneတစ်လုံးဝယ်ပစ်လိုက်တယ်။
ဆောင်းဟွန်းကို ဓာတ်ပုံရိုက်ဖို့။ ဆောင်းဟွန်းပုံတွေ သိမ်းထားဖို့။
နှစ်ယောက်သားအပြင်ထွက်လည်တိုင်း တစ်ရက်မှာတစ်ခေါက်လောက် နှေးနှေးလေးလမ်းလျှောက်ပြီး ဟိုငေးဒီငေးနဲ့ ကျန်ခဲ့ချင်ယောင်ဆောင်လို့ ဆောင်းဟွန်းနောက်ကျောလေးကို ဖျတ်ခနဲဓာတ်ပုံရိုက်ရတာ၊
Cafe counterမှာ သူ့ဖို့ vanilla latteဝယ်ပေးနေတဲ့ ဆောင်းဟွန်းကို ထိုင်နေတဲ့စားပွဲဝိုင်းလေးကနေ ဓာတ်ပုံခိုးရိုက်ရတာ၊
တခါတလေ ဖုန်းသုံးနေသလိုမျိုးနဲ့ ယှဉ်လျက်ရှိနေတဲ့၊ ထိစပ်နေတဲ့ သူတို့လက်ဖဝါးလေးတွေကို ဆောင်းဟွန်းမရိပ်မိအောင် ဓာတ်ပုံမြန်မြန်ရိုက်ပစ်ရတာမျိုး။
သူ့ဖုန်းထဲမှာ ပုံတစ်သောင်းရှိရင် တစ်သောင်းတစ်ထောင်က ဆောင်းဟွန်းပုံတွေ။
တစ်ထောင်က ဘယ်ကရောက်လာတာလဲဆို ဖုန်းထဲstorageမဆန့်တော့လို့ iCloudထဲ ပို့ထားရတာလေ🥺
ဖိုးဖိုးလုပ်ပေးတဲ့ သူ့ဘဏ်အကောင့်passwordတောင် ဆောင်းဟွန်းမွေးနေ့ နံပါတ် ပြောင်းထားတာပါဆို။
ဖေဖေ့ကိုလဲ အခန်းတက်အောင်ကြိုးစားပါ့မယ် ကတိပေးပြီး school excursionစီစဉ်ခိုင်းထားရတာ။ ဖေဖေက ကျောင်းကိုထောက်ပံ့နေတဲ့အဓိကရှယ်ယာရှင်တွေထဲပါတာဆိုတော့ ဖေဖေ့စကားတစ်ခွန်းနဲ့တင် ကျောင်းအုပ်ကြီးနဲ့ ညှိလို့ရသွားတယ်။
တကယ်လဲ သူBခန်းထိ တက်သွားခဲ့တာကြောင့် school excursionထွက်ရဖို့ သေချာသွားတယ်။
သွားမယ့်နေရာလေးကိုလဲ ဂျယ်ယွန်းကိုယ်တိုင်ရွေးထားတာ။ မေမေနဲ့ အတူသွားခဲ့ဖူးတဲ့ တောင်ပေါ်ဘုန်းကြီးကျောင်းလေး။
ဆိတ်ငြိမ်အေးချမ်းနေတဲ့ တောင်ပေါ်ရောက်လာတော့ သူတိတ်တိတ်လေးပြောနေမိတယ်။ အနောက်ဘက်ကျောင်းဆောင်တွေထိ သွားပြီးတော့လေ။ "မေမေ ကျွန်တော့်ဘဝတလျှောက်လုံးအတူတူရှိချင်မိတဲ့ သူ့ကို ခေါ်လာခဲ့တယ်"ဆိုပြီး။
ဆောင်းဟွန်းကတော့ ဒါတွေသိမယ်မထင်ပါဘူး။ သူတို့ထင်းကောက်သွားတုန်းက မတော်တဆ ဆောင်းဟွန်းနှုတ်ခမ်းနဲ့ သူ့ပါးပြင်ထိကပ်သွားတုန်းကတောင် ဆောင်းဟွန်းကြည့်ရတာ စိတ်ညစ်နေသလိုမျိုး။ အစိုးရိမ်လွန်နေသလိုမျိုး။
မဟုတ်မှလွဲ ဆောင်းဟွန်းက သူ့ကို တကယ်ပဲ သူငယ်ချင်းထက် သေးသေးပိစိလေးတောင် ပိုချင်စိတ်တောင် မရှိတာများလားနော်။ ဒါကြောင့် စိတ်ညစ်နေတာထင်တယ်။ သူလဲ အလိုက်တသိနဲ့ ဒီကိစ္စကို မသိသလို နေပေးလိုက်တယ်။
ဆောင်းဟွန်းနဲ့ အတူတူရိုက်ဖြစ်တဲ့ selcaလေးကိုတော့ favoriteထဲ ထည့်လိုက်တယ်။ ခရီးကနေ အိမ်ပြန်ရောက်ရင် မိုးပြာရောင်ဒိုင်ယာရီထဲ ရင်ခုန်သံတွေ စာစီရဦးမယ်။ စာအရှည်ကြီးရေးရမယ်။ ဖြစ်နိုင်မယ်ဆို ဒီည မျက်နှာမသစ်ချင်တော့ဘူး။ ဆောင်းဟွန်းအနမ်းလေး ပါသွားမှာကြောက်ရတယ်။ ဒီအနမ်းငွေ့ငွေ့လေးတွေ ဖြစ်နိုင်မယ်ဆိုရင် တသက်လုံးရချင်တယ်။
မီးပုံဘေးမှာ သူတို့တွေ ဂိမ်းဆော့တော့ ကောင်မလေးတစ်ယောက်က ဆောင်းဟွန်းကိုကြည့်ပြီး "ငါချစ်တဲ့သူ ဒီမှာရှိတယ်"လို့ ပြောတယ်။ တကျောင်းလုံးမှာ အလှဆုံးမိန်းကလေးက ဆောင်းဟွန်းကိုကြိုက်နေတာပဲ။ ဘေးနားမှာထိုင်နေတဲ့ ဂျယ်ယွန်းတို့အခန်းက ကောင်လေးတွေကတော့ "ပတ်ဆောင်းဟွန်း အရမ်းကံကောင်းတာပဲ"၊ "သူတို့နှစ်ယောက် တကယ်လိုက်တယ်"ဆိုတာမျိုးတွေပြောနေတာ ကြားလိုက်ရတယ်။
သူဝမ်းနည်းသွားမိတယ်။ ရင်ထဲမှာ မီးခိုးရောင်တွေပြည့်နှက်လာပြီး မိုးအုံ့အုံ့လေး ရွာနေသလိုပဲ။
ဒါကြောင့် သူ့အလှည့် သူ့ကို "ကြိုက်တဲ့သူရှိလား"မေးတော့ "မရှိဘူး"လို့ ပြောလိုက်တယ်။ သူ့မှာ ဆောင်းဟွန်းမျက်နှာတည့်တည့်ကြည့်ပြီး "ရှိတယ်"လို့ ပြောနိုင်ဖို့ အင်အားမရှိဘူးလေ။ အားလုံးက သူ့ကို တမျိုးမြင်သွားရင် ဆိုတာထက်... ဆောင်းဟွန်းက သူ့ကိုရှောင်ဖယ်သွားရင် သူဘာမှတတ်နိုင်မယ်မထင်ဘူး။
အဲနေ့ညမှာ ဆောင်းဟွန်းက သီချင်းဆိုတယ်။ အတန်းခေါင်းဆောင်ရွေးပေးတဲ့သီချင်းကို ဆိုတာဆိုပေမယ့်လဲ သီချင်းစာသားတွေက သူ့အဖြစ်နဲ့တိုက်ဆိုင်နေလွန်းလို့ သူ့မှာ ဆောင်းဟွန်းကို စေ့စေ့တောင် မကြည့်ရဲဘူး။ သူ့မျက်နှာက မီးအလင်းရောင်ဟပ်နေတဲ့ နီဆွေးဆွေးပန်းသီးလေးတစ်လုံးနဲ့ တူနေလောက်တယ်။ "မင်းနှုတ်ခမ်းလေး စွဲလန်းဖူးတယ်"ဆိုတဲ့ သီချင်းစာသားမှာ တကယ်ပဲ ဆောင်းဟွန်းရဲ့ သူ့ပါးပြင်ပေါ်တံဆိပ်ကပ်ခဲ့တဲ့ အနမ်းငွေ့ငွေ့လေးကိုပဲ ထပ်တလဲလဲတွေးနေမိလို့လေ။
သူကသာရှက်နေတာ။ ဆောင်းဟွန်းက သူ့ကိုကြည့်တောင်မကြည့်ဘူး။ ကောင်မလေးတွေဘက်ပဲ ကြည့်နေတာ။ သူတအားစိတ်ဆိုးပါတယ်။
အဲညက သူတို့တွေ တောင်ရဲ့အနောက်ဘက်ခြမ်းမှာ ညကောင်းကင်ယံကို အကြာကြီးအတူတူကြည့်ဖြစ်တယ်။ ကြယ်တစ်စင်း ကြွေကျသွားတာတွေ့တော့ သူဆုတစ်ခု အမြန်တောင်းလိုက်တယ်။ ဘယ်တော့မှ မပြောင်းမယ့်တောင်းဆုပေါ့။ အမြဲတမ်းတောင်းဆိုနေကြဆု၊ ဖြစ်ချင်မိတဲ့ တစ်ခုတည်းသောဆန္ဒ၊ နောင်သံသရာတွေထိပါ ယူဆောင်သွားချင်မိလောက်အောင်ထိ ပြည့်စေချင်မိတဲ့ ဆုကလေး။
"ငါ ဆောင်းဟွန်းကို အရမ်းချစ်သလို ငါချစ်တဲ့အချစ်မျိုးနဲ့ ဆောင်းဟွန်းလဲ ငါ့ကိုပြန်ချစ်နိုင်ပါစေ" ဆိုပြီး။
ဆောင်းဟွန်းကို ဘာဆုတောင်းလဲမေးတော့ ဘာမှမတောင်းဘူးတဲ့လေ။ ဆောင်းဟွန်းက အရမ်းကြီးလိုချင်နေတာမျိုး မရှိဘူးထင်ပါတယ်။
သူက ကြယ်တွေနဲ့တူလားလို့ မေးတော့လဲ ဆောင်းဟွန်းက "မတူပါဘူး"လို့ ပြန်ဖြေတယ်။
သူကတော့ ဆောင်းဟွန်းကို ကြယ်လေးလို ချစ်တာလေ။ အမြဲတောက်ပစေချင်တယ်။ သူ့အတွက်မဟုတ်တောင်၊ သူက ပိုင်ခွင့်မရခဲ့တောင် ဆောင်းဟွန်းကိုတော့ ထိပ်ဆုံးမှာပဲရှိစေချင်တယ်။
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တော့ ညတိုင်း ညတိုင်း ကြယ်တွေကို ဆောင်းဟွန်းနဲ့ အတူတူရေတွက်ချင်မိတာပေါ့။
ဒီဘဝအဆုံးထိ...
နောက်ထပ်နောက်ဘဝတွေအထိ
သံသရာစက်ဝန်းတစ်ခုလုံးကို ပတ်ဆောင်းဟွန်းဆိုတဲ့ဝဲကယက်ထဲ ပစ်ထည့်လို့ ပိုင်ဆိုင်သမျှ စိတ်နဲ့ခန္ဒာ အကုန်စုံးစုံးမြုပ်ပစ်လိုက်ချင်တာပါ။
🍂
မကောင်းမှန်းသိတယ်😭 ရာသီဥတုက အရမ်းပူအိုက်ပြုတ်၊ မီးကမလာနဲ့။ ဘယ်လိုမှ moodမဝင်ဘူး😿
တော်ပြီ😠 နောက်တစ်ပိုင်းကို ဆောင်းရာသီရောက်မှပဲ အေးအေးဆေးဆေးရေးတော့မယ်😤