ကျောင်းကားတွေဟာ တောင်ခြေမှာ ထိုးရပ်သွားပြီး ကလေးတွေအကုန် ကျောပိုးအိတ်လွယ်တဲ့သူကလွယ်၊ လက်ဆွဲအိတ်သယ်တဲ့သူကသယ်နဲ့ ကားပေါ်ကဆင်းလာကြတယ်။
အဲထဲမှာ ကျောပိုးအိတ်လဲလွယ်၊ လက်ဆွဲအိတ်နှစ်ခုကို တစ်ခုတစ်ဖက်စီသယ်ပြီး ဆင်းလာတာက ပတ်ဆောင်းဟွန်း။ ဂျယ်ယွန်းက သူ့အိတ်သူ့ဘာသာသယ်ပါ့မယ်ပြောတာတောင် မရဘူး၊ ဇွတ်တွေလုပြီးသယ်လာတာ။ ဆောင်းဟွန်းပုံစံက အိတ်တင်သယ်ရုံမကဘဲ သူ့ကိုပါ တောင်ပေါ်ထိ ကျောပိုးသွားချင်နေတဲ့ပုံမို့ ဂျယ်ယွန်းလဲ တိတ်တိတ်လေး နေနေရတယ်။
"ကျောင်းသားတွေအကုန်နားထောင်ကြ!!! တောင်ပေါ်က ဘုန်းကြီးကျောင်းမှာ တည်းမှာနော်!! ဆူဆူညံညံမလုပ်ကြနဲ့ဦး။ ဆရာ၊ဆရာမတွေ ဘုန်းကြီးကို ရောက်ပြီဆိုတဲ့အကြောင်း သွားလျှောက်ပြီးတဲ့အထိ အလိုက်တသိ တိတ်တိတ်လေးနေကြ!"
"ဟုတ်ကဲ့ပါ ဆရာကြီး!!!"
အားလုံးတညီတညွတ်ထဲဝိုင်းဖြေလိုက်တာဆိုတော့ အသံကဟိန်းထွက်သွားတယ်။ သစ်ကိုင်းပေါ်နားနေတဲ့ ငှက်တွေတောင် အုပ်လိုက်ကြီးထပျံကုန်တဲ့အထိ။
"တိတ်တိတ်နေပါဆိုမှ အော်ချလိုက်ကြတာ"
ဆရာကြီးက သူ့နားကိုလက်နဲ့ပွတ်ပြီး ပြောရှာတယ်။
x
သူတို့တွေလှေကားထစ်တွေအများကြီးတက်ရတယ်။ တောင်က မမက်စောက်တာပဲကျေးဇူးတင်ရမယ်။ မဟုတ်ရင် အကုန်ဟောဟဲလိုက်နေမှာ။ ဆရာမတချို့ ဘုန်းဘုန်းကိုသွားလျှောက်တဲ့အထိ တိတ်တိတ်လေးနေပြီးနောက် ကျောင်းသားတွေနေရမယ့် အနောက်ဘက်ခြမ်းက ဧည့်ဆောင်တွေမှာ နေရာရသွားတယ်။
တောင်အပေါ်ဘက်က နေရာအကျယ်ကြီး။ သစ်ပင်တွေလဲအများကြီးရှိပြီး ရှေးဟောင်းတစ်ထပ်ကျောင်းဆောင်တွေကြား အရိပ်အုပ်အုပ်လေးနဲ့ သိပ်လှတာပဲ။
"ဒီမရောက်တာတောင်ကြာလှပြီ"
"ဟင် မင်းကဒီရောက်ဖူးလို့လား။ ငါတောင် ဒီနေရာရှိလို့ရှိမှန်းမသိဘူး"
"ဒါငါ့အမေ ကိုးကွယ်တဲ့ဘုန်းကြီးလေ။ ommaမဆုံးခင်က တစ်လတစ်ခါလာနေကြ"
"အာ..."
"ဒါနဲ့ ငါတို့ဘယ်အခန်းမှာနေရမှာ?"
"မသိဘူး။ ငါလဲ သူများသွားတဲ့နောက် လိုက်နေတာပဲ"
"ဆောင်းဟွန်း ငါသိသလောက် အနောက်ဘက်ကျောင်းဆောင်တွေမှာ သရဲရှိတယ်တဲ့သိလား"
"တကယ်ကြီး!!!"
"မဟုတ်ဘူး။ လျှောက်ပြောတာ"
"Yrrr ရှင်းဂျယ်ယွန်း မင်းနာတော့မယ်"
ဆောင်းဟွန်းက သွားစိပြီး ကျိန်းလိုက်တော့ ဂျယ်ယွန်းက တဟားဟား ရယ်ပါတယ်။
လုပ်ချင်ရာလုပ်ပြီး ပျော်နေတဲ့ဂျယ်ယွန်းရယ်သံလေးတွေက သူ့အတွက်အားဆေးတစ်ခွက်ပါပဲ။ ငယ်ငယ်က အတန်းထဲမှာ မိန်းကလေးတွေယူလာတဲ့ မိတ်ကပ်ဘူးလိုကစားစရာလေးတွေကို သတိရမိတယ်။ ဘူးလေးပိတ်ထားရင် ဘာသံမှမထွက်ဘဲ ဖွင့်လိုက်တဲ့အခါကျ အထဲက နှင်းလျှောစီးနေတဲ့မင်းသား၊မင်းသမီးအရုပ်သေးသေးလေးနှစ်ခုနဲ့ chritmasသံစဉ်နောက်ခံအသံလေးထွက်လာမျိုးလေ။ သူလဲ ဂျယ်ယွန်းရယ်သံလေးတွေကို အဲလို ဖန်ဘူးလေးထဲပဲဖြစ်ဖြစ် သိမ်းထားလို့ရရင်ကောင်းမယ်။
x
နေရာမယ့်အခန်းတွေခွဲတော့ AတွေBတွေနဲ့ ခွဲမယ်ထင်နေတာ။ နေချင်တဲ့သူနဲ့နေချင်သလိုနေကြဆိုမှ သူ့မှာ ပြုံးပြုံးလေးနဲ့ ဂျယ်ယွန်းသွားရာနောက် အထုပ်နှစ်ခုဆွဲပြီးလိုက်ရတယ်။ ဂျယ်ယွန်းက အတော်ချောင်ကျတဲ့အခန်းတစ်ခုရွေးပြီးနောက်မှာ သူတို့အဲအခန်းထဲနေဖြစ်ကြတယ်။
အေးစက်စက်ကြမ်းပြင်ပေါ်မှာ မွေ့ရာပါးပါးတချို့ကခင်းပြီးသား။ ခေါင်းအုံးတွေ အဆင်သင့်ချထားပြီး စောင်တွေခေါက်လျက်သားရှိနေတာကိုလဲတွေ့ရတယ်။ အခန်းကအလင်းရောင်လဲကောင်းကောင်းမရပါဘူး။ တခြားအဆောင်တွေနဲ့ယှဉ်ရင်ဝေးကဝေးသေးတယ်။ ဒါကြောင့်ထင်တယ် ဒီဘက်ကို ဘယ်သူမှရောက်မလာဘူး။
သူတို့တွေအင်္ကျီလဲ၊ ပစ္စည်းတွေကိုနေရာချထားပြီး ပြန်ထွက်လာတော့ ပင်မဘုန်းကြီးဆောင်ရဲ့အနောက်ဘက်နေရာလွတ်မှာ ဆရာ၊ဆရာမတွေ အလုပ်ရှုပ်နေတာတွေ့လိုက်တယ်။ ညနေ မီးပုံပွဲအတွက် ပြင်ဆင်နေတာဆိုပဲ။ ဆောင်းဟွန်းနဲ့ဂျယ်ယွန်းလဲ ထင်းတွေကူသယ်ပေးဖို့ဆုံးဖြတ်လိုက်တယ်။
တောင်ပေါ်ကတောက နွေဦးမှာတောင် အေးစိမ့်စိမ့်။ ဒါပေမယ့် သူကိုင်ထားမိတဲ့ဂျယ်ယွန်းလက်ဖဝါးသေးသေးလေးက ပေးတဲ့ အနွေးဓာတ်ကိုတော့ မထိုးဖောက်နိုင်ပါဘူး။ ဂျယ်ယွန်းက တပင်လုံးအပြာတွေလွှမ်းနေတဲ့ စိန်ပန်းပြာအပင်ကြီးတွေကို အံ့ဩတကြီးလိုက်ကြည့်နေတယ်။
"မင်းသိလား ဩဇီမှာ ဒီလိုပင်လုံးကျွတ်ပန်းပွင့်တဲ့အပင်တွေအများကြီးရှိတာ"လို့လဲ ပြောသေးတယ်။ ဂျယ်ယွန်းစိတ်လေးကလေ.. မြင်ဖူးနေကြအရာကိုတောင် သူသဘောကျရင် ထပ်တလဲလဲမြင်ရတာကိုပျော်နေတာ။ တဆက်ထဲမှာဆိုသလို စဉ်းစားမိတော့ ငယ်ငယ်ကခွေးချစ်တတ်တဲ့ကောင်လေးဟာ ခုချိန်ထိ လမ်းမှာ ခွေးပေါက်စလေးတွေတွေ့ရင် ငုတ်တုတ်ထိုင်ပြီး သူငယ်ချင်းနဲ့တွေ့ရသလို နှုတ်ဆက်တတ်တုန်း။ အလယ်တန်းက စပျစ်အရသာဆိုဒါကို အရမ်းကြိုက်တဲ့ကောင်လေးဟာ convenience storeတွေသွားရင် ဒီအရသာ၊ ဒီတံဆိပ်ကိုပဲ ရွေးနေတုန်း။ ရေခဲမုန့်ဆိုရင်လဲ ချောကလက်အရသာမှချောကလက်အရသာ။ အခုချိန်ထိ ဘာဆိုဘာမှမပြောင်းလဲဘူးရယ်။
ဒီလိုဆိုတော့လဲ ဂျယ်ယွန်းအချစ်ကိုရတဲ့သူက အင်မတန်ကံကောင်းတဲ့သူဖြစ်မှာပဲလို့တွေးမိတယ်။ ဂျယ်ယွန်းက အရမ်းအစွဲအလန်းကြီးမှန်း သူသိတယ်လေ။ ဒါဆိုဒါပဲ ဘယ်တော့မှပြောင်းလဲမယ့်သူမဟုတ်ဘူး။ သူကတော့ ပေါ်မလာသေးတဲ့ ဂျယ်ယွန်းကောင်မလေးကို တွေးတွေးပြီး မနာလိုနေရပြန်ပါပြီ။
"selfieဆွဲရအောင်"
သစ်ကိုင်းခြောက်တွေကောက်နေတုန်း ဂျယ်ယွန်းက လှမ်းအော်ပြောတယ်။
"ဖုန်းကယူလာသေးတာလား"
"ယူရမှာပေါ့ဟ။ ဖုန်းမပါဘဲ အပြင်သွားနေတာကမှ ထူးဆန်းဦးမယ်"
ဖုန်းတစ််ခုလုံးကို ကျောင်းဆောင်ထဲထားပစ်ခဲ့တဲ့ ဆောင်းဟွန်းကတော့ ဂျယ်ယွန်းဆူတာခံလိုက်ရတာပါပဲ။
"Wow ရှင်းဂျယ်ယွန်း။ ဖုန်းလဲလိုက်ပြန်ပြီလား။ ဘောစိပဲဟေးးး။ တစ်နှစ်ကို ပန်းသီးတစ်လုံး"
"မျက်နှာပြောင်မနေနဲ့။ ဒီနားလာ။ ဓာတ်ပုံရိုက်ကြမယ်"
သူတို့တွေ စိန်ပန်းပြာတွေကို နောက်ခံထားပြီး ဓာတ်ပုံတွေအများကြီးရိုက်ဖြစ်တယ်။ ဂျယ်ယွန်းခေါင်းပေါ်ကနေ လက်လေးနှစ်ချောင်းထောင်ဖို့ သူခေါင်းကို ဂျယ်ယွန်းနားဝှစ်ခနဲဆိုပြီး ကပ်ချပစ်လိုက်တယ်။
"မင်းဆံပင်က ငါ့မျက်နှာပေါ်ရောက်နေပြီ ယားလိုက်တာ"
ဂျယ်ယွန်းက ပြောရင်းနဲ့ ဘေးဘက်ကိုလှည့်ချလိုက်တော့..
သူ့နှုတ်ခမ်းတွေနဲ့ ဂျယ်ယွန်းပါးပြင်ထိကပ်သွားတယ်။
ရုတ်တရပ်အရာအားလုံးတိတ်ဆိတ်သွားသလိုပဲ။ တောထဲကငှက်လေးတွေရဲ့ တီတီတာတာမြည်ကြွေးသံကိုလဲ မကြားရတော့ဘူး။ အကြားအာရုံဟာ ရုတ်တရပ်ရပ်တန့်သွားပြီး အမြင်အာရုံကလဲ ဂျယ်ယွန်းတစ်ယောက်ထဲကိုပဲ မြင်တော့တယ်။
ခန္ဒာကိုယ်တစ်ခုလုံးကဆဲလ်တွေအကုန် တစ်နေရာထဲမှာ ရပ်တန့်သွားတာ။ အလုပ်လုပ်တာဆိုလို့ နှလုံးတစ်ခုပဲရှိတော့တယ်လို့ ခံစားရတယ်။ ကျယ်ကျယ်လောင်လောင်ခုန်နေတဲ့ရင်ခုန်သံတွေကို သတိပြုမိမိချင်း ချက်ချင်း ဂျယ်ယွန်းအနားကနေ ခွါလိုက်ရတယ်။
သိသိသာသာနီရဲနေမယ့် သူ့မျက်နှာကိုမမြင်အောင် ခေါင်းကိုအောက်ငုံ့ချလို့ လက်သီးကို ခပ်တင်းတင်းဆုပ်လိုက်ရတယ်။ လက်တစ်ဖက်ကတော့ ခုန်နေဆဲဖြစ်တဲ့ဘယ်ဘက်ရင်ဘတ်ပေါ် အသာတင်မိသွားတယ်။
"ဒီပုံလှသားပဲ"
ဓာတ်ပုံထဲမှာတော့ သူတို့နှစ်ယောက်လုံး ဖလန်နယ်အကွက်အင်္ကျီလေးတွေဝတ်ထားတာကြောင့် ဆင်တူလေးနဲ့ ချစ်ဖို့ကောင်းနေတယ်။
ဒါပေမယ့် မဟုတ်သေးဘူးလေ။ အခုက သူပဲဖြစ်နေတာလား။ သူပဲ ရင်တွေတအားခုန်နေပြီး အသက်ရှုဖို့မေ့တဲ့အထိဖြစ်သွားတာ။ ဂျယ်ယွန်းက ဘာမှမခံစားရဖူးလား။ ဒီတိုင်း.. သာမန်မတော်တဆဖြစ်မိတဲ့အဖြစ်အပျက်လေးလို လျှော်လိုက်တော့မှာလား။
ဆောင်းဟွန်းရင်ထဲ အတွေးတွေအများကြီးဝင်လာပြီး နှလုံးသားကို တူနဲ့ထုချခံလိုက်ရသလို အောင့်တက်သွားတယ်။
အင်းလေ.. ဒီတိုင်းသူငယ်ချင်းပဲဟာ
သူဘာကို မျှော်လင့်နေရတာလဲ...
အစက လက်တစ်ဖက်ထဲနဲ့ပွေ့ထားတဲ့သစ်ကိုင်းခြောက်တွေက အပြန်မှာ လက်နှစ်ဖက်နဲ့သယ်တာတောင် ပိုလေးနေသယောင်။
🍂
"ဟိတ်ကောင်တွေ မြန်မြန်စားကြ။ ခဏနေ ဂိမ်းကစတော့မယ်"
အတန်းခေါင်းဆောင်က မြိုစို့နေဆဲဖြစ်တဲ့စားပွဲဝိုင်းဘက် လာအော်တော့ စားနေတဲ့သူတွေတောင် လည်နင်ကုန်တယ်။ ဆောင်းဟွန်းလဲ ရုတ်တရပ်သီးကုန်လို့ ဂျယ်ယွန်းက ဘေးနားကနေ Coca Colaသံဘူးထိုးပေးပြီး ကျောကုန်းကိုခပ်ဖွဖွပုတ်လို့ သောက်ခိုင်းနေရတယ်။
"ဘာဆော့မှာလဲ"
"ဂေါ်လီပစ်ကြမယ်"
"ဂေါ်လီပါလား"
"မပါဘူးလေ"
"အ့ဆို စွန်လွှတ်ပြိုင်ကြမယ်"
"ညဘက်ကြီး ဘယ်မျက်စိနဲ့ကြည့်ပြီး ဘယ်စွန်ကိုလွှတ်မှာလဲဟ"
တစ်ယောက်တစ်ပေါက်စကားပြောသံတွေက ဆူညံလို့နေတယ်။ မီးပုံကနေထွက်ကျလာတဲ့ မီးစလေးတွေက တဖျစ်ဖျစ်အသံမြည်လို့။
"ဖန်ပုလင်းလှည့်ကြမယ်လေ။ ကျတဲ့သူက truth or dareကြိုက်တာရွေးပေါ့"
ကောင်မလေးတစ်ယောက်က ဝင်ပြောလိုက်တော့ အသံတွေက တိတ်ဆိတ်သွားတယ်။ မကြာပါဘူး ညည်းညူသံအပြည့်နဲ့ ကောင်လေးတွေဆီက အသံထွက်လာပြန်ရော။
"ဟာ အဲတာ မိန်းကလေးတွေကစားတဲ့ဂိမ်းကြီးဟ"
"အဲဒါဆို ဘာလဲ။ နင်တို့က တောင်ပေါ်လာပြီး ဝူခုံးကားထဲကလို သိုင်းချချင်တာလား"
"......"
နောက်ဆုံးတော့ သူတို့တွေ truth or dareကစားဖို့ ဆုံးဖြတ်လိုက်ကြတယ်။
x
လရောင်ရယ်၊ မီးပုံကရတဲ့အလင်းရောင်ရယ်၊ ဘုန်းကြီးကျောင်းဆောင်ထဲကလာတဲ့ ဆိုလာပြားမီးအရောင်ကို အားပြုလို့ ကျောင်းသားတွေအားလုံး မီးပုံဘေးမှာ ပတ်ပတ်လည်ဝိုင်းထိုင်နေကြတယ်။
"ဘယ်သူစမလဲ"
"အတန်းခေါင်းဆောင်စလေ"
အစက ဖန်ပုလင်းလှည့်ဖို့ပြင်ထားပေမယ့် အသက်မပြည့်သေးလို့ အရက်မသောက်ရတာကြောင့် ဖန်ပုလင်းကမရှိ။ Colaဘူးတွေနဲ့ spriteဘူးခွံတွေပဲရှိတယ်။ နောက်တော့ colaဘူးကိုပဲ တစ်ယောက်လက်ထဲတစ်ယောက်ထည့်ရင်း သီချင်းဆုံးတဲ့အချိန် လက်ထဲဘူးကိုင်ထားဆဲဖြစ်တဲ့သူက ခိုင်းတာလုပ်ရမယ်လို့ သဘောတူလိုက်ကြတယ်။
ပထမဆုံးကျသွားတာ ကောင်မလေးတစ်ယောက်။
ကျောင်းသားတွေပြောနေတာကိုကြားပြီး အဲကောင်မလေးက ဆောင်းဟွန်းတို့Aခန်းကလို့ သိလိုက်ရတယ်။ ၄နှစ်ဆက်တိုက် Aခန်းမှာပဲနေလာတာတဲ့။ ဆောင်းဟွန်းဖြင့် အတန်းထဲသူရှိလို့ရှိမှန်းတောင် မသိဘူး။
ပိုအံ့ဩစရာကောင်းတာက အဲကောင်မလေးက cheerleaderတဲ့လေ။ ဆိုလိုတာက ပြီးခဲ့တဲ့အလယ်တန်းတလျှောက်လုံး သူနဲ့တွဲပြီး လေ့ကျင့်ခဲ့ရတာပေါ့။ ဘင်ခရာတီးဝိုင်းခေါင်းဆောင်ရယ်၊ cheerleadingအဖွဲ့ခေါင်းဆောင်ရယ်က နောက်လိုက်တွေကို ဦးဆောင်ရတာမို့ ဘာပြီးရင် ဘာဆက်လုပ်ကြမယ်ဆိုပြီး ခဏဏအစည်းအဝေးထိုင်ပြီး တိုင်ပင်ရတယ်လေ။ ဆောင်းဟွန်းဖြင့် အဲကောင်မလေးရုပ်ကို မေ့တောင်မေ့နေပြီ။ အခုသူများတွေပြောတာကြားမှ ဘယ်သူလဲမှတ်မိတော့တယ်။
"ဒီထဲမှာ သဘောကျနေတဲ့သူရှိလား"
"ရှိတယ်"
ကောင်မလေးက ပတ်ဆောင်းဟွန်းကို ကြည့်ရင်း ရှက်ပြုံးလေးပြုံးလို့ ဖြေတယ်။
"Wow wow ဘယ်သူလဲပြောပြ ပြောပြ"
အတော်လဲလှတဲ့မိန်းကလေးဆိုတော့ သူမရဲ့အဖြေက ကောင်လေးတွေကြား ပွက်လောရိုက်သွားစေတယ်။
ကောင်မလေးကလဲ သူ့ကိုပြုံးပြုံးလေးကြည့်၊ ဆောင်းဟွန်းကလဲ တောင့်တောင့်ကြီးပြန်ကြည့်။ နောက်တော့ မနေနိုင်တာနဲ့ အကြည့်လွှဲလိုက်မိတယ်။
"ကဲ ကဲ ဆက်ဆော့မယ်!!!"
မိန်းကလေးတွေဘက်က အသံထွက်လာတာကြောင့် သူတို့တွေ ဒီဂိမ်းကို ဆက်ဆော့ဖြစ်တယ်။ စောစောကလို မေးခွန်းတွေ ထပ်မမေးကြတော့တာ တော်သေးတယ်ပြောရမယ်။ မဟုတ်ရင် နေရခက်နေကြတော့မှာ။
ဒီတစ်ခေါက် သီချင်းသံဆုံးတော့ colaဘူးက ဂျယ်ယွန်းဆီမှာ။ ဂျယ်ယွန်းဆီမှာဆိုကလဲ ရိုးရိုးတန်းတန်း လက်ထဲရောက်သွားတာမဟုတ်ဘူး။ သီချင်းဆုံးတော့မှာကြောက်လို့ ဘေးကကောင်မလေးကပစ်ပေးလိုက်တာ ခေါင်းကိုဒေါင်ကနဲပဲ။ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ဆောင်းဟွန်းပျာယာတွေခတ်ပြီး ချက်ချင်းထသွားတော့မလို့။ အရေးထဲ သူ့အင်္ကျီကို ဘေးမှာထိုင်နေတဲ့အတန်းခေါင်းဆောင်က တက်ဖိထားလို့ ထမရဖြစ်နေတယ်။
"ရရဲ့လား ရှင်းဂျိတ်ခ်"
Colaဘူးပစ်ပေါက်လိုက်တဲ့ကောင်မလေးက စိုးရိမ်တကြီးလာမေးတာတွေ့လိုက်တယ်။
"ရပါတယ် ဘာမှမဖြစ်ဘူး။ ဂိမ်းပဲဆက်ဆော့ရအောင်"
"ငါတို့မေးမယ် ဒီတစ်ခေါက် ရှင်းဂျိတ်ခ်ကို ငါတို့မေးမယ်"
မိန်းကလေးတွေဘက်က လက်တွေပါထောင်ပြီး ဝိုင်းအော်ကြတယ်။
"ရှင်းဂျိတ်ခ် ဒီထဲမှာ နင်ကြိုက်နေတဲ့သူရှိလား"
"မရှိဘူး"
ဂျယ်ယွန်းက ခေါင်းကိုခပ်ဖွဖွပွတ်ရင်း ချက်ချင်းပြန်ဖြေတယ်။ ဆောင်းဟွန်းရင်ထဲမှာတော့ အတော်ပြင်းအားများတဲ့ငလျင်တစ်ခုလှုပ်သွားသလိုပဲ။ နှလုံးသား နှစ်ခြမ်းကွဲသွားသလို ခံစားရတယ်။ တဖက်က စဉ်းစားကြည့်လိုက်တော့လဲ စိတ်သက်သာရာရပါတယ်လေ။ ဂျယ်ယွန်းက သူ့လဲမကြိုက်ဘူး။ ဘယ်သူ့ကိုမှလဲကြိုက်မနေဘူး။ သူသာမကျော်သင့်တဲ့စည်းကို ကျော်ပြီး မဝံ့မရဲနဲ့ စိတ်ကူးယဉ်နေမိတာ။
ညကတဖြည်းဖြည်း နက်သထက်နက်လာတယ်။ ကျောင်းသားတွေကတော့ ဂိမ်းကိုဆက်ဆော့နေကြတုန်းပဲ။ ၁၀နာရီထိုးတော့ သီချင်းသံအဆုံးမှာ colaဘူးက ဆောင်းဟွန်းလက်ထဲရောက်သွားတယ်။
"ဟားဟားဟား ငါဒီအခွင့်အရေးစောင့်နေတာကြာပြီကွ။ ပတ်ဆောင်းဟွန်းကို သီချင်းဆိုခိုင်းရမယ်"
ဆောင်းဟွန်းကို အတော်ခင်တဲ့ Aခန်းအတန်းခေါင်းဆောင်က ဝမ်းသာအားရပြောတယ်။
"ဒီကောင် အသံတအားကောင်းတာ။ သူကျောင်းစတိုခန်းရှင်းတုန်းက သီချင်းဆိုနေတာ ငါကြားဖူးတယ်။ မင်းတို့မကြားဖူးဘူးမလား"
"သီချင်းက ငါတို့ရွေးမယ်။ မင်းမရွေးနဲ့"
"ဟာ အတော်ပဲ။ သီချင်းဆိုမယ်ဆို ငါဂစ်တာပါတယ်"
ဘင်ခရာတီးဝိုင်းမှာတုန်းက ခင်ခဲ့တဲ့ drumတီးတဲ့ကောင်လေးက ဝင်ပြောတယ်။ ပြီးတော့ ဘယ်အချိန်ထဲက စားသောက်ခုံတွေဘက်ထုတ်ထားမှန်းမသိတဲ့ ဂစ်တာအသေးလေးကို ပြေးယူလာတယ်။
"အခုနာမည်ကြီးနေတဲ့သီချင်း အဲတာဆိုပြ"
"အခုက ဘာတွေနာမည်ကြီးနေတာလဲ"
ဆောင်းဟွန်းလဲ သူတို့ဘာပြောနေမှန်းမသိလို့ ပြန်မေးရတယ်။
"သူငယ်ချင်းလေ။ အဲသီချင်းဆို"
"အာ..."
ဆောင်းဟွန်း ဂစ်တာကြိုးတွေကို စညှိလိုက်တယ်။ နားထောင်လို့သိပ်ကောင်းတဲ့သီချင်းသံက တဖြည်းဖြည်း ထွက်ပေါ်လာတယ်။
"မင်းအနားမှာ အမြဲနေချင်တယ်
မင်းရဲ့ပုံရိပ်လေးလဲ တမ်းတဆဲ
သူငယ်ချင်းလို့ ပြောနေပေမယ့်
ငါရင်ထဲက ချစ်နေခဲ့
အဆိုးဆုံးတွေကိုလဲ မြင်နေတယ်
ဝေးရမှာကြိုသိတဲ့ ငါ့ရင်ထဲ
သူငယ်ချင်းလို့ ပြောနေပေမယ့်
အမြဲ... ငါရင်ထဲက ချစ်နေခဲ့"
သီချင်းက ဝမ်းနည်းဖို့ကောင်းလောက်အောင်၊ နေရာမှာတင် ထိုင်ငိုပစ်ချင်လောက်ထိ သိပ်ကိုသနားဖို့ကောင်းနေတယ်။ သူဂျယ်ယွန်းကို မကြည့်ရဲဘူး။ သူ့ခံစားချက်တွေကို ထိန်းနိုင်မှာမဟုတ်ဘူး။ ဒီအချိန် မျက်ဝန်းတွေထဲကဖြစ်ဖြစ် သူဘာတွေဖြစ်နေသလဲဆိုတာ ဂျယ်ယွန်းသိရင် သူ့ကိုမုန်းသွားလိမ့်မယ်။
ဆောင်းဟွန်းက သက်ဆိုင်သူ စိတ်မသက်မသာမဖြစ်စေဖို့အတွက် ဒီသီချင်းကို အတန်းထဲက ကောင်မလေးတွေဘက်ကိုသာကြည့်ပြီး ဆိုနေခဲ့ပါတယ်။
🍂
Suggested song - သူငယ်ချင်း by ဉာဏ်လင်းအောင်