"ဖလော်ရီဒါပြည်နယ် မာရာမီမှ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ခ်လန်းသို့ လေယာဉ်အမှတ် JetBlue 4015နှင့် လိုက်ပါလာသော ခရီးသည်များထဲ ကျွန်တော်ရဲ့ 7kgအလေးချိန်ရှိ Navy Blueခရီးဆောင်handbagလေးကို မှားယူသွားမိသူများရှိရင် အောက်ပါလိပ်စာအတိုင်း ပြန်လည်ပို့ဆောင်ပေးဖို့ တောင်းဆိုပါတယ်။ အကယ်၍ အိတ်တစ်ခုလုံးပြန်လည်ပို့ဆောင်ရတာ အဆင်မပြေရင်လဲ အိတ်ထဲက Canon ELPH 10AF (Ixus AF-S / IXY 20) cameraတစ်မျိုးထဲ သေချာထုပ်ပိုးပြီး ပြန်လည်ပို့ဆောင်ပေးလို့ရပါတယ်။ ကျေးဇူးပြုပြီး ကူညီပါခင်ဗျာ။ ဒီcameraထဲမှာ ကျွန်တော့်အချစ်ဦးနဲ့ ပတ်သက်ပြီး အမှတ်တရတွေအများကြီး သိမ်းဆည်းထားလို့ပါ။ သူနဲ့ပတ်သက်တဲ့ ပိုင်ဆိုင်မှုအထောက်အထားဆိုလို့ ကျွန်တော့်မှာ ဒီဓာတ်ပုံတွေပဲရှိပါတယ်။ ကျေးဇူးပြုပြီး ဖလင်လိပ်တွေကိုပဲဖြစ်ဖြစ် ကျွန်တော့်ဆီ ပြန်ပို့ပေးပါခင်ဗျာ
လိပ်စာ : xxxxxx Oakland
Ph no : xxxxxx "
ရွှေဝါရောင်ဆံနွယ်တွေကို ပိုနီတေးပုံစံ ခပ်မြှင့်မြှင့်မြှောက်စီးထားပြီး နားနှစ်ဖက်ကိုအုပ်လို့ on-ear earphoneအဖြူရောင်လေးတပ်ထားတဲ့ ကလေးမလေးက နံရံပေါ်ကပ်ထားတဲ့စာကိုဖတ်ပြီး သက်ပြင်းဖွဖွချလိုက်တယ်။
တကယ့်ကို သူမအမှားပဲ။ ပစ္စည်းကိုသေချာမကြည့်ဘဲ အရောင်တူတာတစ်ခုထဲနဲ့တင် ငါ့ဟာဆိုပြီး ကမန်းကတန်းဆွဲလို့ လေယာဉ်ပေါ်ကနေ ပြေးဆင်းလာခဲ့တာဖြစ်တယ်။
အိမ်ကနေအဝေးမှာ ၄နှစ်လောက်ကျောင်းသွားတက်ခဲ့ပြီး အိမ်ပြန်လာခွင့်မရှိခဲ့တာကြောင့် အခု ရတုန်းရခိုက်လေး လျှပ်စီးတွေလက် ပျာယာတွေခတ်ပြီး အကုန်ကုန်အလွဲလွဲအချော်ချော်ဖြစ်ကုန်တော့တာ။ တစ်ယောက်ထဲလွဲရတာ အားမရလို့ သူများကိုပါ သွားပြီးဒုက္ခပေးလိုက်သေး။
အိမ်ပြန်ရောက်တော့ မိသားစုဝင်တွေအားလုံးနဲ့ ပွေ့ဖက်နှုတ်ဆက်၊ နေ့လည်စာစားပြီး တရေးတောင်အိပ်လိုက်သေးတာ။ ပြီးမှ ပစ္စည်းတွေနေရာချမယ်ဆိုပြီး အိတ်ကိုဖွင့်လိုက်တော့ သူဝယ်လာတာတွေတစ်ခုမှမတွေ့ရတာကြောင့် ခေါင်းပန်းကြီးသွားတာတော့အမှန်။ အဖေ့ကို ပေးဖို့ဆိုပြီး စျေးကြီးပေးဝယ်လာတဲ့ဝိုင်ပုလင်းကရော ဘယ်ရောက်သွားတာလဲ။
လက်ရှိအိတ်ထဲမှာတွေ့နေရတာတွေက...
အိုဟောင်းနေတဲ့အညိုရောင်သားရေပတ်စာအုပ်တစ်အုပ်ရယ်၊ ကင်မရာတစ်လုံး၊ ဓာတ်ပုံတွေထည့်ထားတဲ့albumတစ်ခု၊ ပန်းခြောက်လေးတွေထည့်ထားတဲ့ဖန်ပုလင်းတစ်လုံး။
အိတ်ကအသစ်ဖြစ်နေသလောက် အထဲမှာပါတဲ့ပစ္စည်းတွေအကုန် ဟောင်းနွမ်းနေလို့ အတော်အံ့ဩသွားရသေး။ ဘာတွေလဲဖွင့်ကြည့်မယ်ကြံပြီးမှ သူများကိစ္စစပ်စုလို့မသင့်တာကြောင့် အိတ်ကိုပြန်ပိတ်ပြီး လေဆိပ်ဆီထွက်လာခဲ့တာဖြစ်တယ်။
တော်ပါသေးတယ်ပြောရမယ်၊ သူမရဲ့အိတ်ကို airport lost and foundမှာ လွယ်လွယ်ကူကူ ရှာတွေ့လိုက်နိုင်လို့။ မှားပါလာတဲ့handbagကိုထားခဲ့မယ်လုပ်ရာက notice boardမှာကပ်ထားတဲ့စာရွက်ကို သွားတွေ့တယ်။ ကိုယ်ကမှားတာဆိုတော့လဲ ကိုယ်ကပဲ ပြန်သွားပေးရမှာပေါ့လို့ ဆုံးဖြတ်ချက်ချရင်း....
🍂
ကော်ဖီဆိုင်ရဲ့ မျက်နှာချင်းဆိုင်ကခုံမှာလာထိုင်တဲ့လူကိုကြည့်ပြီး Harleenအတော်အံ့အားသင့်မိသွားတယ်။ အသက်၆၀ကျော်အရွယ် အဘိုးကြီးလာမယ်ထင်ထားတာ။ အခုတော့ အတော်နုပျိုတဲ့လူတစ်ယောက်ကို တွေ့လိုက်ရလို့လေ။ ထိုလူက အလွန်ဆုံးရှိမှ ၄၀အရွယ်လောက်ဖြစ်မယ်။ သူမဖြင့် တကယ် အဘိုးတစ်ယောက်ယောက်လာမယ်ထင်လို့ ကော်ဖီဆိုင်တောင် လူကြီးတွေသက်တောင့်သက်သာဖြစ်စေမယ့် vintageအပြင်အဆင်မျိုး ရွေးထားရတာ။
"စောင့်ရတာကြာသွားလားမသိဘူးဗျ။ ကျွန်တော်တောင်းပန်ပါတယ်"
ထိုလူက စရောက်လာထဲက ရိုးရိုးကျိုးကျိုးစကားဆိုပြီး ချက်ချင်းပင် တောင်းပန်စကားပြောလိုက်တာကြောင့် "ဟင် ယဉ်ကျေးလိုက်တာ"ဆိုပြီး စိတ်ထဲတွေးမိသွားတယ်။
"မဟုတ်တာ။ ကျွန်မကသာ တောင်းပန်ရမှာပါ။ အိတ်မှားသယ်မိသွားလို့လေ။ တကယ်အားနာမိပါတယ်။ လိုက်ရှာရတာ အရမ်းဗျာများနေခဲ့မှာပဲ"
"အခုပြန်တွေ့ပြီပဲ။ အားနာစရာမလိုပါဘူး။ ကိုယ်တိုင်ကိုယ်ကျ လာပို့ပေးတဲ့အတွက် ကျေးဇူးတောင်တင်ရဦးမှာပါ"
ထိုသူက Harleenလှမ်းပေးလိုက်တဲ့အိတ်ကို လက်နှစ်ဖက်ဖြင့် အသေအချာယူပြီး ခပ်ဆဆပြုံးတယ်။
အဲဒီအပြုံးက နှင်းမှုန်တွေကျစဆောင်းဦးမနက်ခင်းမှာ နေရောင်ခြည်ခပ်နွေးနွေးကို တွေ့ရှိလိုက်ရသလိုမျိုး။ နွေးထွေးတယ်။ သက်တောင့်သက်သာရှိလှတယ်။
"ဟိုဟာလေ ပစ္စည်းလေးတွေ စစ်ကြည့်လိုက်ပါဦး"
"ဟုတ်ကဲ့ခင်ဗျ"
လက်ချောင်းရှည်ရှည်သွယ်သွယ်တွေက Navy blue handbagကိုဖွင့်လို့ ပစ္စည်းတွေကို တစ်ခုပြီးတစ်ခုထုတ်ပြီး စားပွဲပေါ်တင်လိုက်တယ်။
ပန်းခြောက်လေးတွေ ထည့်ထားတဲ့ဖန်ပုလင်းတစ်လုံး
ဒိုင်ယာရီစာအုပ်ဟောင်းလေးတစ်အုပ်
ဓာတ်ပုံအယ်ဘမ်တစ်ခု
ထို့နောက် ငွေရောင်ဘက်သန်းတဲ့မီးခိုရောင်ကင်မရာလေးတစ်လုံး။
ထိုလူက ကင်မရာကိုချက်ချင်းပင် ဖွင့်စစ်ကြည့်တယ်။
"ဟူး တော်ပါသေးရဲ့။ ပုံတွေရှိသေးလို့"
"ရှင့် အချစ်ဦးရဲ့ပုံတွေလား"
"ဟားဟား ဟုတ်ပါဗျာ။ ကျွန်တော့်ရဲ့နှစ်ယောက်မရှိနိုင်တဲ့အချစ်ဦးနဲ့ အချစ်ဆုံးရဲ့ ပုံတွေ"
ထိုသူက သွားစွယ်လေးတွေပေါ်လာတဲ့အထိ ရယ်မောရင်းပြောတယ်။
အဲဒီအချိန် စားပွဲထိုးလေးက Harleenမှာထားတဲ့ကော်ဖီခွက်လာချတော့ စားပွဲပေါ်ရှုပ်နေတဲ့ပစ္စည်းတွေကို ဘေးကိုဖယ်ပေးရတယ်။
ပစ္စည်းတွေရွေ့ရင်း မတော်တဆ ဖွင့်ဟမိသွားတဲ့ ဓာတ်ပုံအယ်ဘမ်...
ပုံထဲမှာ မြင်လိုက်ရတာ ဆယ်ကျော်သက်အရွယ် ကောင်လေးနှစ်ယောက်။
ရေခဲပြင်စကိတ်ကွင်းမှာရိုက်ထားတဲ့ပုံဖြစ်ဟန်တူပြီး နှစ်ယောက်လုံးက သွားတွေအစီအရီပေါ်တဲ့အထိ အားရပါးရရယ်မောလို့နေတယ်။ သေချာကြည့်လိုက်တော့ ကောင်လေးတစ်ယောက်ရဲ့နှာတံပေါ်က မှည့်လေးက ဓာတ်ပုံထဲမှာတောင်ထင်းလို့ရယ်။
ဟင်...
Harleen သူမရှေ့မှာထိုင်နေတဲ့သူကို သတိထားကြည့်လိုက်မိတယ်။
ညာဘက်ပါးပြင်ပေါ်ကမှည့်လေး..
နှာတံဘယ်ဘက်က ထင်းနေတဲ့မှည့်လေး...
အို.. ဒါ ဒီဦးလေးရဲ့ ပုံတွေပဲ။
ရှေ့ကလူကတော့ သူမကို ကြည့်မနေခဲ့။ ထိုအစား လှန်လျက်မိသားဖြစ်သွားတဲ့ ဓာတ်ပုံကိုသာ ဆွေးဆွေးမြေ့မြေ့ကြည့်နေခဲ့တယ်။
ဘာစကားတစ်ခွန်းမှမဆိုဘဲ အကြည့်တွေနဲ့တင် သဘောပေါက်လိုက်ပါတယ်။
"ကျွန်တော်နဲ့ ကျွန်တော့်အချစ်ဦးအကြောင်း နားထောင်ချင်လား"
ကြေကွဲနေဟန်ရှိပြီး ရင်မဖွင့်ရရင် ရေနက်နက်မှာမွန်းကြပ်တော့မလိုဖြစ်နေတဲ့ မျက်ဝန်းတွေကြောင့် Harleen သူမခေါင်းကို ဖြည်းဖြည်းညင်သာ ငြိမ့်ပြလိုက်တယ်။
"ကျွန်တော့်နာမည် ပတ်ဆောင်းဟွန်းပါ။ ဆောင်းဟွန်းရှီလို့ပဲ ရင်းရင်းနှီးနှီးခေါ်လို့ရပါတယ်"
ထိုဓာတ်ပုံကို ငေးကြည့်နေတဲ့ ပတ်ဆောင်းဟွန်းအတွေးတွေက အတိတ်တစ်နေရာကို အလည်ရောက်ရှိသွားတော့တယ်။
- Time Spent Walking Through Memories -
기억을 걷는 시간
Suggested song - Time Spent Walking Through Memories by Kim Tae Yeon