"နင်အရူးလား နင်လုပ်တာမဟုတ်ဘဲ ဘာလို့ဝန်ခံလိုက်ရတာလဲ "
ထမင်းစားချိန်မို့လို့ သုံးယောက်သားခေါင်မိုးထပ်မှာ ကော်ဖီခွက်ကိုယ်စီနဲ့ မေဦးက မကျေနပ်စွာ ဒေါသတကြီးပြောဆိုနေသည်
"မေဦးရယ်တော်ပါတော့ ငါလည်းအကြောင်းရှိလို့ပေါ့ "
"ဘာအကြောင်းလဲ အခန့်မသင့်ရင် အလုပ်ပြုတ်သွားနိုင်တယ် နင်နားလည်လား ပြီးတော့နင်မရှက်ဘူးလား နင်သဘောကျနေတဲ့သူကနင့်ကိုလက်ညှိုးငေါက်ငေါက်ထိုးပြီးပြောဆိုနေတာ "
"ရှက်စရာလား အမှားလုပ်လို့ဆူတာလေ ငါကဘာလို့ရှက်ရမှာလဲ နားငြီးတယ်ဟယ် ပိတ်လိုက်တော့ "
"နင်တို့နှစ်ယောက် တော်ကြပါတော့ ပြသနာကပြီးနေပြီကို "
နေခြည်က သူတို့နှစ်ယောက်ကြားထဲဝင်ရင်း ပြောလိုက်သည်
"ငါကမခံနိုင်လို့ပါ ကိုယ်လုပ်တဲ့အပြစ်ကိုယ်ယူတာမဟုတ်ဘဲ တခြားသူရဲ့အပြစ်ကိုတမင်ယူပြီး ကိုယ့်သိက္ခာကိုချနေတာ နင်က "
"နင်အဲ့လောက်ဒေါသမကြီးနဲ့ ကဲ ငါရှင်းပြမယ်
တကယ်ဆိုငါဘယ်သူ့မှမပြောဘူးဆုံးဖြတ်ထားတာမရတော့ဘူး ထိုင်လိုက်ဦး"
သုံးယောက်သားထိုင်ခုံမှာထိုင်လိုက်ကြရင်း ရှိန်းကအလယ်ကဝင်ထိုင်လိုက်သည်။
"ကဲ ပြောစမ်းပါဦး ဘယ်သူ့အစားနင်ကအပြစ်
ခံလိုက်ရတာလဲ "
"သွန်းသွန်းလေ တကယ်ဆိုအဲ့ကိစ္စကငါတို့နှစ်ယောက်ကိုင်တာဆိုပေမဲ့ငါ့မတိုင်ပင်ဘဲ သူလုပ်တာ ဒါပေမဲ့ သူ့မှာမိဘနှစ်ပါးကိုလည်းလုပ်ကျွေးရသေးတယ် ယောကျာ်းကလည်းသေပြီ သားသမီးနှစ်ယောက်နဲ့ သူလုပ်တဲ့ဟာကလူနာသေသွားရင် သူ့အတွက်ခက်ခဲမှာလေ "
အကြောင်းစုံကိုသိသွားတော့လည်း နေခြည်နဲ့မေဦး မအံ့ဩပါ ရှိန်းကအဲ့လိုလူမျိုးဆိုတာ အရင်ထဲကသိတယ်မလား ဒါပေမဲ့ဆူတဲ့သူကအန်တီဖြစ်နေတာတော့ မခံချင်စရာဖြစ်ပြီး ဒေါသထွက်နေတာပေါ့ ...
" သူများကိုကူညီတာတော့ကောင်းပါတယ် ဒါပေမဲ့ ကိုယ့်ကိုထိခိုက်ခံပြီးတော့မကူညီနဲ့ သူငယ်ချင်းရယ် " နေခြည်မှ
" ဘာလို့သွားပြောနေတာလဲ နေခြည်ရယ် သူက မေတ္တာရှင်မလေး လေ သူ့နောက်ကျောဓားနဲ့ထိုးသွားရင်တောင် ဓားလေးနာသွားမလားဆိုပြီးစိုးရိမ်နေတဲ့လူစားမျိုး " မေဦးမှ
"နင်ကလည်းဟာ......"
အဲ့လိုပြောပြီးမျက်ရည်ဝဲတတ်လာသည် မျက်ရည်ကျသင့်တာပေါ့ အန်တီဆူထားတာကို သူချစ်ရတဲ့အန်တီလေ
"ကဲ ထုံးစံအတိုင်း ငိုပါပြီ တိတ်တိတ် ရှိန်းရယ် အန်တီကလည်းပြောသာပြောတာ စိတ်ထဲကမပါပါဘူး စိတ်မကောင်းမဖြစ်ပါနဲ့ အန်တီ့ကိုလည်းစိတ်မဆိုးပါနဲ့ ရုတ်တရက်ဆိုတော့ သူလည်းဒေါသထွက်သွားလို့ပါ "
ရှိန်းခေါင်းလေးကို သူ့ရင်ခွင်ထဲထည့်ထားပြီး နေခြည်တယောက်ပြောလိုက်သည်
"စိတ်မဆိုးပါဘူး အန်တီကငါ့ကို အပြစ်မြင်သွားပြီ ပထမဆုံးအမှားကကြီးကြီးမားမားဆိုတော့ အန်တီလည်းငါ့အေပါ်ဒေါသပြေမှာမဟုတ်ဘူး"
ချော့ကာမှ ပုခုံးလေးသိမ့်သိမ့်တုန်ပြီး ရှိုက်ငိုနေတော့သည်
"တွေ့လား တွေ့လား နင်အခုလိုခံစားတတ်နေရင် အစထဲကသူများကိုမကူညီနဲ့လေ "
"ကဲ မေဦးရယ် နင်တော်ပါတော့ နင်ကလေ မီးလောင်ရာလေပင့်နေတယ် "
"ငါကသူ့အတွက်ပြောတာပါ ဒါကိုနားမလည်ဘူး ကဲ ဆရာမကြီးရယ် မငိုနဲ့တော့ ညနေကျ တခုခုသွားစားမယ်လေ ဘယ်လိုလဲ " မေဦးမှ
"အေးးပါ ငါလည်းဝမ်းနည်းသွားလို့ အခုတိတ်ပြီ "
မျက်ရည်များကိုလက်ချောင်းလေးတွေနဲ့သုတ်လိုက်ရင်း ရှိန်းတယောက် ပြန်ဖြေလိုက်သည် မျက်နှာကတော့မသာမယာဖြစ်နေတုန်း
.........
ဒေါ်နန်းခင်ထားမောင် ကတော့ နေ့ခင်းထမင်းတောင်စားမဝင် သူဆူတာလွန်သွားသလား မျက်နှာလေးညှိုးနေသောကလေးမကိုကြည့်ရင်းစိတ်မကောင်းဖြစ်မိတာတော့အမှန် ထမင်းစားမဝင်တော့မဲ့အတူတူ ကော်ဖီတခွက်ဖျော်ရင်း အပေါ်ထပ်သို့တတ်ခဲ့သည် သူစိတ်ညစ်နေသည်မလား အဲ့တာကြောင့် တောင်တန်းတွေကိုကြည့်ရင်းစိတ်ဖြေရဦးမယ်လေ
ကလေးမ သုံးယောက်ကိုမြင်တော့ သူရှေ့ဆက်မသွားတော့ ပြန်ဆင်းဖို့ဟန်ပြင်တုန်းမှာ နေခြည်ပြောနေတဲ့
"ဘယ်သူ့အစားနင်ကအပြစ်ခံလိုက်ရတာလဲ "
ဆိုတဲ့စကားလုံးက ခြေလှမ်းတွေကိုရပ်တန့်သွားစေသည် တံခါးအကွယ်မှာရပ်နေရင်းသူတို့ပြောသမျှကိုအစအဆုံးနားထောင်နေလိုက်သည်
အကြောင်းစုံကိုသိသွားတော့ မျက်ရည်နဲနဲတော့ဝဲမိသည် ဘယ်သူ့အတွက်နဲ့မှမျက်ရည်မကျတဲ့ငါ အဆုံးပြောရရင် ယောကျာ်းနဲ့ကွာရှင်းတုန်းကတောင်မျက်ရည်တစက်မကျတဲ့ ငါ ဘာကြောင့် သူ့အတွက်မျက်ရည်ကျနေရတာလဲ
အဖြစ်မှန်ကိုသေချာမစုံစမ်းဘဲ ဒေါသထွက်တဲ့အတိုင်းမစဥ်းစားဘဲ ပြောဆိုမိလို့ ကလေးမကို သေချာတောင်းပန်ရဦးမှာပါလား