နှောင်ကြိုး ၊ နှောင်ကြိုး

By JE_Rain

343K 20.5K 1.3K

အင်းဝခေတ် (ရတနာပူရမင်းနေပြည်တော်)ကို အခြေခံ၍ ရေးသားထားသော စိတ်ကူးယဉ် ဇာတ်လမ်းလေးတစ်ပုဒ်သာဖြစ်သည် ။ Written b... More

Part 1(Zawgyi)
Part 1(Unicode)
Part 2(Zawgyi)
Part 2(Unicode)
Part 3(Zawgyi)
Part 3(Unicode)
Part 4(Zawgyi)
Part 4(Unicode)
Part 5(Zawgyi)
Part 5(Unicode)
Part 6(Zawgyi)
Part 6(Unicode)
Part 7(Zawgyi)
Part 7(Unicode)
Part 8(Zawgyi)
Part 8(Unicode)
Part 9(Zawgyi)
Part 9(Unicode)
Part 10(Unicode)
Part 11(Zawgyi)
Part 11(Unicode)
Part 12(Zawgyi)
Part 12(Unicode)
Part 13(Zawgyi)
Part 13(Unicode)
Part 14(Zawgyi)
Part 14(Unicode)
Part 15(Zawgyi)
Part 15(Unicode)
Part 16(Zawgyi)
Part 16(Unicode)
Part 17(Zawgyi)
Part 17(Unicode)
Part 18(Zawgyi)
Part 18(Unicode)
Part 19(Zawgyi)
Part 19(Unicode)
Part 20(Zawgyi)
Part 20(Unicode)
Part 21(Zawgyi)
Part 21(Unicode)
Part 22(Zawgyi)
Part 22(Unicode)
Part 23(Zawgyi)
Part 23(Unicode)
Part 24(Zawgyi)
Part 24(Unicode)
Part 25(Zawgyi)
Part 25(Unicode)
Final Part(Zawgyi)
Final Part(Unicode)
စာအုပ် Instock ဝယ်လို့ရပါပြီ

Part 10(Zawgyi)

2.7K 116 3
By JE_Rain

နန်းတော်ရဲ့အပြင်ဘက်က ရွာနီးစပ်များနှင့် ဒေသများသို့ လျှို့ဝှက်ကာ တိုင်းခန်းလှည့်လည် ကြည့်ရှုစစ်ဆေးမည်ဟုသာ ညီလာခံမှာ မိန့်ကြားခဲ့ပြီး နန်းတော်ကိုစောင့်ရှောက်ဖို့အတွက်နှင့် ညီလာခံမှာ ကြီးကြပ်ကွပ်ကဲဖို့အတွက် ဦးရီးတော်စစ်သေနာပတိချုပ်ကြီးအား ခေတ္တခဏ အာဏာပေးအပ်၍ ဘုရင်မ'မဟာစရီမုဒ္ဒြာဒေ၀ီ´ဟာ အစ်မတော်'မဟာရတနာပဒုမ္မာဒေ၀ီ´ နှင့်အတူ တိုင်းပြည်မြောက်ဘက်ဖျားဆီသို့ တိတ်တဆိတ် ခရီးထွက်ခဲ့ပါတော့သည်။ ထိုခရီးစဉ်တွင် ဘုရင်မ၏ ကိုယ်ရံတော်တပ်ဖွဲ့နှင့်အတူ ယုံကြည်စိတ်ချရသော သစ္စာတော်ခံများဖြစ်ကြသည့် အထူးတပ်ဖွဲ့မှ စစ်သည်တော်တစ်စုသာ လိုက်ပါလာခဲ့ကြသည်။ ခရီးစဉ်အကြောင်းကိုလည်း နန်းတော်တွင်ကျန်ရှိခဲ့သော ဦးရီးတော်တစ်ဦးတည်းသာ သေသေချာချာသိပေသည်။

သွားရသည့်ခရီးစဉ်မှာ အစပိုင်းမှာတော့ ရွှေဘုံသာမြို့တော်ကြီးမှတစ်ဆင့် ရွာနီးစပ်လေးတွေကို ဖြတ်သန်းသွားရသည်။ ထိုမှတစ်ဆင့် တောလမ်းခရီးများကိုလည်း ကျော်ဖြတ်သွားလာရသည်မို့ တောတောင်ရေမြေရဲ့ သဘာဝအလှတရားတွေကို ပဒုမ္မာဒေ၀ီ တစ်ယောက် ၀၀လင်လင် ကြည်ရှုခံစားခွင့် ရခဲ့ချေပြီ။ မုဒ္ဒြာ ကငယ်ရွယ်စဉ်ကတည်းက ဖခမည်းတော် ၊ ဦးရီးတော်တို့နှင့်အတူတူ နယ်စပ်ဒေသဘက်သို့ မကြာခဏလိုက်ပါခဲ့ဖူးသူဖြစ်သော်လည်း အစ်မတော်ပဒုမ္မာ ကတော့ ဟိုးငယ်ငယ်လေးကတည်းက ရွှေဘုံသာနန်းတော်ကြီးထဲမှာပဲမွေး ၊ ထိုနန်းတော်ကြီးထဲမှာပဲ ကြီးပြင်းလာသူဖြစ်ကာ နန်းပြင်မြို့တွင်းထဲကိုတောင်မှ မုဒ္ဒြာ ကခေါ်ဆောင်မှသာ ရောက်ဖူးသူဖြစ်၏။ ဒီလို တောလမ်းခရီးကို တစ်ခါမျှ မသွားဖူးသူဖြစ်ကာ တောတောင်ရေမြေရဲ့ သဘာဝအလှတရားစစ်စစ်ကိုတော့ ယခုမှပဲ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးခြင်းဖြစ်ပေသည်။

" မြင်တွေ့ရတဲ့ ရှုခင်းတွေက သာယာလွန်းတယ်မဟုတ်လားအစ်မတော် ? "

ကြီးမာလှသော လှည်းယာဉ်၏ ပြူတင်းတံခါးကနေပြီး ပိတ်ကာထားသော အ၀တ်စကို လက်ဖြင့်လှပ်ထားကာ အပြင်ဘက်ရှုခင်းတွေကို ငေးကြည့်ရင်း ရင်သပ်ရှုမောနေသော အစ်မတော်ကို မုဒ္ဒြာ မေးလိုက်တော့ အစ်မတော်က သူ့ဘက်ကို တစ်ချက်လေးလှည့်ကြည့်ပြီး ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်ပြသည်။

" အင်မတန်မှသာယာပြီး အေးချမ်းလှပါပေတယ် ညီမတော်ရယ် .. သစ်ပင်ကြီးတွေအထက်ဆီမှ ကြားနေရတဲ့ ကျေးဌက်လေးတွေရဲ့ တွန်ကျူးသံကလည်း သာယာနာပျော်ဖွယ်ရာ ကောင်းလွန်းလှတယ် .. "

အစ်မတော်၏စကားကြောင့် သူလည်းလိုက်ပါပြုံးလိုက်မိသည်။

" ရှေ့မှာ တစ်ထောက်နားတဲ့အခါကျရင် .. လှည်းယာဉ်ပေါ်က ခဏဆင်းပြီး အနီးနားတစ်ဝိုက်မှာ အညောင်းအညာပြေ လမ်းဆင်းလျှောက်လှည့်ပါ အစ်မတော်ရတနာ .. "

" ကောင်းပေသားပဲ ... သစ်ရိပ်ကောင်းကောင်းမှာ ခဏတဖြုတ်ထိုင်ရင်း တောတောင်ရဲ့ ရနံ့ကို ၀၀လင်လင်ရှုရှိုက်ချင်နေတာနဲ့ အတော်ပေပဲ ညီမတော်ရယ် .. "

ပခုံးပေါ်မှာတင်ထားတဲ့ ပ၀ါစလေးက အောက်သို့လျှောကျလာသဖြင့် သွယ်လျလျလက်ချောင်းလေးတွေနဲ့ ပခုံးပေါ်ပြန်ဆွဲတင်နေသည့် အစ်မတော်ကို မုဒ္ဒြာ ဘေးတစောင်းလေး ငေးကြည့်ရင်း

" အစ်မတော်ရဲ့ဆန္ဒအတိုင်း ဖြစ်ရပါစေမယ် .. "

X    X     X     X     X

" သဘာဝရဲ့အလှတရားက တို့တွေရဲ့ရွှေနန်းတော်ကြီးအလှဂုဏ်ထက်တောင်မှ ပိုသာလွန်နေသလိုပဲနော် ညီမတော် .. "

ကြည်လင်အေးမြနေသော ရေတွေတသွင်သွင်စီးဆင်းလျက်ရှိသည့် စမ်းချောင်းလေးတစ်ခု၏နံဘေး၌ ခရီးတစ်ထောက်နားနေကြစဉ်အချိန်တွင် အစ်မတော်က ထိုစမ်းချောင်းလေးကိုငေးကြည့်ရင်း ပြောဆိုနေခြင်းဖြစ်ပေသည်။

" သာလွန်သလိုရှိတာ မဟုတ်ဘူး အစ်မတော်ရတနာရဲ့ သိပ်ကို သာလွန်လွန်းနေတာ .. အစ်မတော်တော့မသိဘူး စရီကတော့လေ ဟောဒီလို တောတောင်တွေရဲ့ သဘာဝအလှတရားကို ပိုပြီးနှစ်သက်တယ် ... ဒီလိုနေရာမျိုးလေးမှာပဲ တိတ်တဆိတ်နဲ့ အေးအေးချမ်းချမ်းနေချင်ခဲ့တာက စရီ့ရဲ့ စိတ်ကူးအိမ်မက်ပေပဲ .. ငယ်စဉ်အခါက ဖခမည်းတော်ရယ် ဦးရီးတော်ရယ်နဲ့အတူတူ ဒီတောအုပ်ထဲကို စရီပထမဦးဆုံးအကြိမ်ရောက်ခဲ့ဖူးတုန်းက ဘယ်လိုစိတ်ကူးမိလဲ သိပါရဲ့လား ? "

စမ်းချောင်းနံဘေးမှာ ရပ်နေရာကနေ သူငုတ်တုတ်လေးထိုင်ချလိုက်ပြီး အစ်မတော်ကို မေးလိုက်သောအခါတွင် အစ်မတော်ကလည်း သူ၏နံဘေးမှာ လာထိုင်ချရင်း ခေါင်းလေးတစ်ချက်ခါပြ၏။

" တစ်နေ့နေ့ကျရင် အစ်မတော်ကို ဒီတောအုပ်ထဲကိုခေါ်လာပြီး ဟောဒီက စမ်းချောင်းနံဘေးလေးမှာပဲ နန်းတော်ကြီးတစ်ခုဆောက်ပြီး အတူတူနေကြမယ်လို့ပေါ့ .. ဘယ်တော့မှ မခွဲမခွာပဲနဲ့ .. ထာဝရလေ .. "

သူပြောနေစဉ်အချိန်အတွင်းမှာ အစ်မတော်ဟာ မေးဖျားလေးကို လက်ဖြင့်ထောက်ထားရင်း သေချာအာရုံစိုက်၍ နားထောင်နေပါသည်။ စကားပြီးဆုံးသွားတဲ့အချိန်မှာတော့ အစ်မတော်ဟာ ပြုံးတယ်ဆိုရုံမျှလေးသာ ပြုံးပါသည်။

" အဲ့ဒီစိတ်ကူးအိမ်မက်တွေအကုန်လုံးက အစ်မတော်ကြောင့်ပဲ ပျက်စီးသွားခဲ့ရတာ မဟုတ်လား ? "

အစ်မတော်မေးတော့ သူချက်ချင်းခေါင်းခါယမ်းပြလိုက်သည်။

" မဟုတ်ရပါဘူးအစ်မတော်ရယ် .. "

ရေကြည်လေးတွေစီးဆင်းလျက်ရှိသော စမ်းချောင်းလေးဘက်သို့ ခေါင်းလှည့်လိုက်မိပြီး သူအချိန်အတော်ကြာတဲ့အထိ ငေးကြည့်၍သာ နှုတ်ဆိတ်နေမိသည်။ ခဏနေတော့ ရေစီးသံနှင့်ကျေးဌက်တို့၏ မြည်ကျွေးသံကလွဲ၍ ဆိတ်ငြိမ်လျက်ရှိသော ထိုနေရာလေးနား၌ အစ်မတော်၏ အသံအေးအေးလေးတစ်ခွန်းက ထွက်ပေါ်လို့လာခဲ့သည်။

" လမ်းမှာ ရွာလေးတွေကို ဖြတ်သန်းခဲ့ရတဲ့အချိန်တုန်းက အစ်မတော်တစ်ခုတွေးမိခဲ့တယ် .. အစ်မတော်တို့ ညီအစ်မနှစ်ယောက်သာ ဘုရင့်သမီးတော်တွေအဖြစ် မမွေးဖွားကြပဲ ရွာငယ်လေးတစ်ခုက သာမန်မိသားစုလေးတစ်စုမှာသာ မွေးဖွားခဲ့ကြမယ်ဆိုရင် သိပ်ကောင်းမှာပဲလို့ပေါ့ .. "

အစ်မတော်ရဲ့မျက်နှာကို ပြန်လှည့်ကြည့်ရင်း သူတိတ်တိတ်ဆိတ်ဆိတ်လေးသာ နားထောင်နေခဲ့မိသည်။

" သာမန်ရွာသူလေးတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင် ယခုလိုမျိုး စောင့်ထိန်းစရာ ဂုဏ်ပုဒ်တွေ စည်းမျဉ်းစည်းကမ်းတွေလည်း သိပ်ပြီးများများစားစားရှိမှာမဟုတ်ပေဘူး ... "

အစ်မတော်ရဲ့စကားတစ်ခွန်းဟာ မုဒ္ဒြာ အဖို့တွေးတောစရာတွေအများကြီးနဲ့ စဉ်းစားစရာမေးခွန်းတွေ အများကြီးရရှိစေခဲ့သည်။ သို့ပေမဲ့ သူဘာတစ်ခွန်းမှ ပြန်မမေးပဲ နှုတ်သာဆိတ်နေလိုက်သည်။

" အရှင်မဘုရား .. နေ၀င်ဖို့ရာ အချိန်လည်း သိပ်မလိုလှတော့ဘူးဆိုတော့ ဒီညအဖို့တော့ သည်နေရာမှာပဲ တပ်စွဲပြီး စခန်းချလိုက်ရင်ကောင်းမလားဘုရား .. "

တိတ်ဆိတ်နေတဲ့အခြေအနေတစ်ခုကို တပ်မှူးဒိဗ္ဗ ကဖြိုခွင်းလိုက်တော့ သူအတွေးနယ်ချဲ့နေရာမှ အသိတရားပြန်ဝင်လာလေသည်။

" ကောင်းသားပဲ ဒိဗ္ဗ ရဲ့ .. သည်လိုဆိုရင် အပေါ်ဘက်မှာရှိတဲ့ ရေတံခွန်ရှိရာထံ အစ်မတော်ကို လိုက်ပို့ဆောင်ပေးလို့လည်းရပေတာပဲ .. "

" မှန်လှပါ သည်လိုဆို ကျွန်တော်မျိုး ဒီနေရာမှာပဲ တပ်စွဲဖို့ ပြင်ဆင်လိုက်ပါတော့မယ် ဘုရား .. "

လိုက်ပါလာသည့် အယောက် ၂၀ ခန့်သာရှိသော အထူးတပ်ဖွဲ့မှ စစ်သည်တော်တွေဟာ ညအတွက် တပ်စခန်းချဖို့ ပြင်ဆင်နေကြသည်။ ထိုအချိန်တွင် မုဒ္ဒြာ ကတော့ အစ်မတော်ရဲ့လက်ကိုဆွဲကာ ရေတံခွန်ရှိရာဆီသို့ ထွက်လာခဲ့လိုက်ပြီး အစောင့်အရှောက်အဖြစ် တပ်မှူဒိဗ္ဗ နှင့် အထိန်းတော်ကြီး ခင်ဦး ၊ မယ်ဇာ တို့ ၃ ယောက်ကိုသာ ခေါ်ဆောင်လာခဲ့၏။

အစ်မတော်ကတော့ တောင်တက်လမ်းတစ်လျှောက်တွင်ရှိသော ပန်းပင်လေးတွေကိုသာ ငေးမောပြီး ပျော်ရွှင်ကြည်နူးနေပါတော့သည်။

" စရီ .. "

" ဘုရား .. "

" ဟော .. ဟိုးသစ်ပင် ပင်စည်ကြားမှာ ကပ်ပွင့်နေတဲ့ ခရမ်းနဲ့အဖြူအစင်းလေးတွေ ရောစပ်ထားတဲ့ပန်းက ဘာပန်းတုန်းကွဲ့ ? အရမ်းကိုလှပတာပဲ ညီမတော်ရယ် .. "

သူ့လက်မောင်းကို ဆုပ်ကိုင်ထားရင်း မေးမြန်းနေသည့် အစ်မတော်ကြောင့် သူပင်စည်ရင်းနားသို့ မော့ကြည့်လိုက်ပြီး

" သြော် အဲ့ဒါက တောတွင်းသစ်ခွပန်းလေ အစ်မတော်ရဲ့ .. အစ်မတော်နှစ်သက်တယ်ဆိုရင် စရီတက်ခူးပေးပါ့မယ် .. "

" အိုး ညီမတော် မခူးပါနဲ့ .. တပ်မှူးဒိဗ္ဗကိုပဲ ခူးခိုင်းလေကွဲ့ .. "

အနောက်က တပ်မှူးရှိရာဆီသို့ လက်ညှိုးညွှန်ရင်း အစ်မတော်ပြောလိုက်တော့ ခပ်ခွာခွာမှ လိုက်ပါလာသော ဒိဗ္ဗ ကော ၊ မယ်ဇာ နှင့် ခင်ဦး တို့ပါ အနားသို့ ခပ်သွက်သွက်ရောက်လာကြ၏။

" ဘာအလိုများရှိပါသလဲဘုရား .. "

" ဘာမှမဟုတ်ပေဘူး ဒိဗ္ဗ .. ဒီမယ် အစ်မတော်က ဟိုးပင်စည်ပေါ်ကပ်ပေါက်နေတဲ့ တောတွင်းသစ်ခွပန်းကို နှစ်သက်တော်မှုတယ်ဆိုလို့ ငါတက်ခူးပေးမလို့လုပ်နေတာ .. "

" ဟာ အရှင်မကိုယ်တိုင် မတက်ပါနဲ့ .. ကျွန်တော်မျိုး တက်ခူးပေးပါ့မယ် .. "

" မတက်လေနဲ့ ဒိဗ္ဗ .. အစ်မတော်အတွက် ငါကိုယ်တိုင်ပဲ ခူးပေးချင်တာ .. "

တစ်ခွန်းထဲပြောပြီး သူကိုယ်တိုင် မြင့်မားလှသော သစ်ပင်၏ပင်စည်ကို ဖက်၍ အပင်ပေါ်သို့ တက်လေတော့သည်။ တောလမ်းခရီးမှာမို့ အ၀တ်အစားကို ဘုရင်မတစ်ပါးလိုမျိုး ၀တ်စုံပြည့် ၀တ်ဆင်ထားခြင်းမဟုတ်ပဲ ဒိဗ္ဗ တို့လိုမျိုး ယောကျာ်းသားစစ်သည်တော် တစ်ဦးကဲ့သို့ ပေါ့ပါးလွတ်လပ်စွာ ၀တ်ဆင်ထားခြင်းကြောင့် အပင်ပေါ်သို့ လျင်မြန်သွက်လက်စွာ တွယ်တက်နိုင်ခြင်းဖြစ်၏။ အနီးနားမှာက လူရင်းတွေချည်းပဲမို့ ရာဇအိနြေ္ဒလည်း အထူးတလည်ထိန်းသိမ်းနေစရာ မလိုတော့ပြီ။

" သတိထား စရီ .. ခြေချော်ကျဦးမယ်ကွဲ့ .. "

အောက်ကနေ စိတ်ပူပန်စွာ လှမ်းပြောနေသည့် အစ်မတော်ကြောင့် သစ်ပင်ရဲ့အကိုင်းအခတ်တွေကို တွယ်ဖက်တက်နေရင်းနဲ့ မုဒ္ဒြာ ပြုံးလိုက်မိသေးသည်။ လက်ထဲတွင် လိုချင်နေသည့်ပန်းကို ရလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် အမြင့်တစ်နေရာကနေ အောက်သို့ပေါ့ပါးသွက်လက်စွာပဲ ဘုတ်ခနဲ ခုန်ဆင်းလိုက်တော့ အစ်မတော်က ရင်ဘတ်ကို လက်ဖြင့်ဖိထားရင်း

" အောင်မလေးလေး .. သတိထားဖို့ အော်ပြောနေတဲ့ကြားက လက်လွတ်စပယ် ခုန်ဆင်းရလေသလား စရီရဲ့ .. မတော်လို့ ခြေခေါက်ပြီး လဲကျမှဖြင့် ဒုက္ခရောက်နေပါ့မယ် .. "

သူ့ရဲ့လက်မောင်းကို လက်ဖ၀ါးနုနုဖြင့် ဖွဖွလေးလာရိုက်ပြီး ပြောနေသည့်အစ်မတော်ရဲ့ စကားကြောင့် သူအားရပါးရရယ်မောလိုက်မိသည်။

" အစ်မတော်ရယ် စရီက ကလေးသူငယ်မဟုတ်တော့ပါဘူး .. စစ်အောင်ပွဲတွေ အကြိမ်ပေါင်းများစွာရရှိဖူးတဲ့ စစ်ဘုရင်မကြီးတစ်ပါးပါ .. အစ်မတော်ကတော့လေ အင်မတန်မှကို စိုးရိမ်ပူပန်တတ်လွန်းတယ် .. "

သူပြန်ပြောတော့ အစ်မတော်ဟာ သူ့ကိုမျက်စောင်းလေးထိုးကာဖြင့်

" အိုး ... ဘယ်လောက်ပဲ အောင်ပွဲတွေရတဲ့ စစ်ဘုရင်မကြီး ဖြစ်နေပါစေဦး .. ထိခိုက်ဒဏ်ရာ မရအောင်တော့ သတိပေးရမှာပါပဲ ... ဘာလို့လည်းဆိုတော့ ဒီဘုရင်မကြီးကို ဒဏ်ရာသေးသေးလေးတောင် မရစေချင်လို့ပဲ .. "

အစ်မတော်ပြောလိုက်တဲ့စကားက သူ့ရင်ကို လှိုင်းထန်သွားစေခဲ့သည်။ အစ်မတော်ထိုသို့ပြောတိုင်း သူသဘောကျမိတာမှ တအားကိုပဲဖြစ်၏။
လက်ထဲမှာရှိနေတဲ့ တောသစ်ခွပန်းခတ်ဆီမှ ပန်းပွင့်လေးတစ်ပွင့်ကို ချွေလိုက်ကာ အစ်မတော်၏ ဖြူနုထွတ်နေသော နားဖျားလေးကြားသို့ ထိုးညှပ်ပေးလိုက်ပြီး

" ဟောဒီ့တောသစ်ခွပန်းလေးရဲ့အလှတရားနဲ့ အစ်မတော်ရဲ့ ကျက်သရေအဖြာဖြာရှိသော အလှဂုဏ်ရည်နဲ့ ပေါင်းစပ်လိုက်တော့ မိုးကောင်းကင်ပေါ်က စန္ဒာလနတ်သမီးရဲ့အလှတောင်မှ အစ်မတော်၏လှခြင်းဂုဏ်အင်ကို တုနှိုင်းယှဉ်လို့ ရပေလိမ့်မည်မထင်ဘူး .. "

သူ့ရဲ့နှုတ်မှထွက်ကျလာသော စကားတစ်ခွန်းကြောင့် အစ်မတော်ရဲ့မျက်နှာလေးဟာ ပန်းနုရောင်သမ်းပြီး နားရွက်ဖျားလေးတွေကလည်း အသည်းယားစရာကောင်းအောင်ပင် နီရဲလို့လာသည်။ ရှက်သွေးဖြာနေသည့် အစ်မတော်ရတနာ ဟာခေါင်းလေးကို အောက်သို့ငုံ့လျက် တောသစ်ခွပန်းခတ်လေးကို ကိုင်ထားရင်း ပြုံးတော်မှုနေပါသည်။

X    X    X    X    X    X

တောင်စောင်းထက်ဆီမှ အရှိန်အဟုန်ဖြင့် စီးကျလျက်ရှိသော ရေတံခွန်ကြီးကို အနီးကပ်မြင်တွေ့လိုက်ရသော အစ်မတော်သည် အင်မတန်မှကို အံ့သြ၀မ်းသာလျက်ရှိသည်။

" လှလိုက်တာ ... တအားကို လှတာပဲ စရီရယ် .. သည်လိုမြင်ကွင်းမျိုးကို အစ်မတော် တစ်ခါမှ မမြင်တွေ့ဖူးဘူး .. ရတုတွေ ကဗျာတွေထဲမှာ ဖတ်ရှုလေ့လာခဲ့ရတဲ့ တောတောင်ရေမြေသဘာဝရဲ့ အလှတရားတွေကို အခုမှပဲ လက်တွေ့မြင်တွေ့ဖူးတော့တယ် .. သည်ခရီးကို ခေါ်ဆောင်လာပေးခဲ့တဲ့ ညီမတော်စရီကို တအားကိုကျေးဇူးတင်တာပဲကွယ် "

တစ်ခါမှမမြင်တွေ့ဖူးခဲ့တဲ့အလှတရားတွေကို လက်တွေ့မြင်လိုက်ရသဖြင့် အစ်မတော်ဟာ ကလေးငယ်တစ်ယောက်သဖွယ် ပျော်ရွှင်စိတ်လှုပ်ရှားနေပါတော့သည်။

" စောစောနက စရီတို့မြင်တွေ့ခဲ့ရတဲ့ အောက်ကစမ်းချောင်းလေးက ဒီရေတံခွန်ကနေပြီး အစတည်လာတာလေ .. "

" သြော် .. "

အစ်မတော်ဟာ သြော် ဟုတစ်ခွန်းမျှသာရေရွတ်ရင်း ရေတံခွန်ပေါ်မှ အောက်သို့ အရှိန်အဟုန်ဖြင့် တဝေါဝေါစီးကျလျက်ရှိသော မြင်ကွင်းကို ချောင်းစပ်နှုတ်ခမ်းဘေးနားက အနက်ရောင်ကျောက်တုံးအကြီးကြီးတစ်ခုပေါ်၌ မတ်တပ်ရပ်၍ငေးကြည့်နေလေသည်။ သို့ပေမဲ့ မုဒ္ဒြာ ကတော့ သူ့အစ်မတော်ကိုသာ ဘေးတစောင်းလေးရပ်ကြည့်နေရှာသည်။ မုဒ္ဒြာ အတွက်တော့ ရေတံခွန်ကြီးရဲ့အလှတရားက အစ်မတော်ရဲ့ အလှတရားလောက် စွဲဆောင်မှုရှိမနေခဲ့ပါ။ ကျောက်တုံးကြီးအလယ်မှာ မတ်တပ်ရပ်နေသော အစ်မတော်ဟာ ဟိုးမိုးပေါ်က ဆင်းသက်လာတဲ့ နတ်သမီးလေးတစ်ပါးကဲ့သို့ပင်။ အ၀ါရောင်ပိုးသားပေါ်၌ အဖြူရောင်ချိတ်လှိုင်းလေးများရှိနေသော လုံချည်ကိုဝတ်ဆင်ထားပြီး အောက်မှ ထိုင်မသိမ်းစ အဖြူလွလွလေးကတော့ လေတိုက်ခတ်တိုင်း အပေါ်သို့ လွှားခနဲ လွှားခနဲ မြောက်တက်လို့နေသည်။ အ၀ါရောင်ဖျော့ဖျော့ ရင်စည်းပိုးချည်အင်္ကျီပေါ်မှာမှ လက်ရှည်အဖြူရောင်ပိုးသားအင်္ကျီအား ၀တ်ဆင်ထားပြီး အပေါ်မှ အ၀ါဇာပ၀ါပါးလေးအား ရစ်ပတ်ခြုံလွှမ်းထား၏။ အနောက်ဘက်က ထိုင်မသိမ်းစအပေါ်နား၌ အဆုံးသတ်သွားသော  ဇာပ၀ါစလေးဟာ လေတစ်ချက်တိုက်တိုင်း အနောက်ဘက်သို့ တလွင့်လွင့်ဖြင့် မျောလွင့်နေပါသည်။ အပေါ်သို့မြှင့်၍ စုချည်ပြီး ရစ်ထုံးထားပါသော ပိတုန်းရောင်ဆံထုံးပေါ်၌ အဖြူရောင်ပုလဲကြိုးလေးဖြင့် ရစ်ပတ်ကာ တန်ဆာဆင်ထား၏။ ဆံထုံးထဲမှ အနည်းငယ်ပြေလျော့ကျလျက်ရှိသော နားအနောက်ဘက်မှ ဆံစမျှင်လေးတွေဟာ လေယူရာသို့ ယိမ်းနွဲ့နေကြပါသည်။ သူကိုယ်တိုင် ပန်ဆင်ပေးထားသည့် တောသစ်ခွပန်းလေးကတော့ အစ်မတော်ရဲ့ ပန်းနုရောင်သမ်းနေသော နားဖျားလေးပေါ်မှာ ရှိနေဆဲပင်။ ထို့အပြင်ညဈေးတန်းမှာတုန်းက သူလက်ဆောင်ဝယ်ပေးထားတဲ့ မဟူရာလည်ဆွဲလေးသည်လည်း အစ်မတော်ရဲ့လည်တိုင်ဖြူဖြူလေးပေါ်မှာ ကျက်သရေရှိစွာ တည်ရှိနေပါသည်။

ရေတံခွန်ဘက်ကို ငေးကြည့်နေရာမှ ပဒုမ္မာ ဟာ မုဒ္ဒြာ ဘက်သို့ ဖျတ်ခနဲခေါင်းလှည့်ကြည့်လိုက်သောအခါတွင် သူ၏မျက်နှာတော်ကို မျက်တောင်တစ်ချက်မခတ်ပဲ တွေတွေလေးငေးမောနေတဲ့ မုဒ္ဒြာ အားမြင်တွေ့လိုက်ရ၏။ နှစ်ယောက်သား အကြည့်ချင်းဆုံသွားကြပြီးနောက် တူညီသော အပြုံးနှစ်ခုက နှစ်ယောက်စလုံး၏ မျက်နှာပေါ်တွင် လှပစွာ ပေါ်ထွန်းလာကြလေသည်။

" ငေးလှချည်းလား စရီရဲ့ .. "

" အစ်မတော်က သတိမထားမိလို့ပါ .. စရီ ကဟိုးငယ်ငယ်လေးကတည်းက ယခုလိုပဲ အစ်မတော်ရဲ့ မျက်နှာတော်ကို အမြဲတစေငေးကြည့်နေခဲ့ရသူပါ .. "

သူပြောလိုက်တော့အစ်မတော်က တည်ငြိမ်အေးချမ်းတဲ့ မျက်ဝန်းတွေနဲ့ အတန်ငယ်ကြာအောင် စိုက်ကြည့်လို့နေသည်။

" အစ်မတော် သိချင်တာ တစ်ခုလောက်မေးချင်တယ် ညီမတော် .. "

" ဘာများမို့လို့ စကားခံနေရသလဲ အစ်မတော်ရဲ့ .. တန်းပြီးသာ မေးကောပေါ့ .. "

သူ့စကားကြောင့် အစ်မတော်ဟာ တစ်ချက်လေးပြုံး၏။

" အစ်မတော်အပေါ်မှာ စရီ ထားရှိတဲ့ချစ်ခြင်းမေတ္တာက ညီအစ်မသံယောဇဉ်ထက် သာလွန်ပိုကဲတဲ့မေတ္တာဖြစ်တယ်ဆိုတာကို ဘယ်လိုလုပ်ပြီး တိတိကျကျသိရှိခဲ့ရသလဲ ? ဘယ်အချိန်မှာကတည်းက သိခဲ့သလဲ ညီမတော် "

" တိတိကျကျသိရှိခဲ့ရတာက သက်တော် တစ်ဆယ့်ရှစ်နှစ်အရွယ်လောက်ကပေါ့ .. မှတ်မှတ်ရရ ဒုဌ၀တီမြစ်ကမ်းနံဘေးမှာ ပြေးလွှာဆော့ကစားဖြစ်ကြတဲ့ နေ၀င်ခါနီးအချိန်လေးမှာ .. အဲ့သည်နေ့က .. "

စကားကိုဆက်မပြောသေးပဲ ထိုနေ့ရက်က အဖြစ်အပျက်လေးကို ပြန်ပြီးမြင်ယောင်မိလိုက်တာနှင့် သူ့ရဲ့မျက်နှာထက်မှာ အပြုံးလေးတစ်ပွင့်က အလိုလျောက်ပွင့်လန်းလို့လာပါသည်။

" ယခုထိ အဲ့ဒီနေ့က အဖြစ်အပျက်လေးကို ပြန်တွေးမိလိုက်ရုံနဲ့တင် သည်ရင်ဘတ်က နွေးထွေးသွားပြီး လှိုက်ခနဲဖြစ်သွားရပြန်တယ် .. "

ရင်ဘတ်ပေါ်သို့ လက်လေးဖိထားရင်း ရေတံခွန်ဘက်သို့ ငေးကြည့်လျက် မုဒ္ဒြာ သည်ကိုယ့်ဘာသာရေရွတ်နေဟန်လေးဖြင့် ခပ်တိုးတိုးလေးပြောနေချိန်၌ ပဒုမ္မာ ရဲ့မျက်ဝန်းတွေဟာ ရွှန်းစိုတောက်ပလျက်ရှိနေပါသည်။

" မှတ်မိပါသေးရဲ့လား အစ်မတော်ကို လက်ဆောင်ပေးခဲ့တဲ့ ယုန်ကလေး ဥယျာဉ်တော်ထဲမှာ သေဆုံးသွားခဲ့တဲ့ နေ့တုန်းက .. စရီ အစ်မတော်ကို နန်းပြင်ဘက်က ဒုဌ၀တီမြစ်ကမ်းနံဘေးကို ခေါ်ဆောင်သွားပေးခဲ့တဲ့ အချိန်ကိုလေ .. "

သူမေးလိုက်တော့ အစ်မတော်ရဲ့မျက်နှာ၌ ပြုံးရိပ်သမ်းသွားခဲ့သည်။

" မှန်မိပါ့ကွယ် .. ယုန်လေးသေသွားလို့ အစ်မတော် ၀မ်းနည်းစွာနဲ့ မျက်ရည်ကျမိတဲ့နေ့ရက်ပေါ့ .. ညီမတော်ကြောင့်သာ အဲ့သည်နေ့က အစ်မတော် ပြန်ပြီးစိတ်ဘ၀င် ကြည်လင်သွားခဲ့ရတာလေ .. မြစ်ကမ်းစပ်မှာ တစ်ယောက်တစ်ပြန် ရေပက်ဆော့ကစားခဲ့ကြတယ် မဟုတ်ပေလား "

" ဟုတ်ပေတယ် အစ်မတော် ... အမှတ်မထင်တဲ့ အထိအတွေ့လေးတွေကနေတစ်ဆင့်ပဲ ခံစားချက်က ပိုမိုထင်ရှားလာခဲ့တာ .. ငယ်စဉ်အရွယ်ကတည်းက စရီ ကအစ်မတော်ရဲ့ အရိပ်အောက်မှာပဲ လက်ပွန်းတတီးနေပြီး ကြီးပြီးလာခဲ့ရသူပါ ... ငယ်ရွယ်စဉ်ကတည်းက အစ်မတော်ဆီမှာ ကြင်နာယုယတဲ့ ထွေးဖက်မှုတွေ အကြိမ်ပေါင်းများစွာခံခဲ့ရတယ် .. ငယ်ရွယ်တုန်းကတော့ တိတိကျကျမသိခဲ့ပေမဲ့ အစ်မတော်ရဲ့ ထွေးဖက်မှုကိုရရှိတိုင်း အရမ်းနှစ်သက်ပျော်ရွှင်ခဲ့ပါပေတယ် .. သို့ပေမဲ့ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ဤနှလုံးသားထဲကလာတဲ့ ခံစားချက်တွေက ပြောင်းလဲကုန်တယ် .. "

ဘယ်ဘက်ရင်ဘတ်ပေါ်သို့ လက်လေးဖြင့်ဖိအုပ်ထားရင်း သူစကားဆက်ပြောလေသည်။

" အစ်မတော်ဘက်ကတော့ ဘာရယ်မဟုတ်ပဲ အမှတ်တမဲ့ စရီ့ ကိုထွေးဖက်လိုက်တာမျိုးပါပဲ .. သို့ပေမဲ့ စရီ့ ရဲ့ရင်ထဲမှာတော့ မြစ်လယ်ခေါင်မှာ ၀ဲဂယက်တစ်ခုဖြစ်ထွန်းသွားသလိုမျိုး ခံစားရစေတယ် .. နွေးထွေးလွန်းတဲ့ခံစားချက်နှင့်အတူ ဆိုင်းသံဗုံသံတွေကဲ့သို့ မြည်ဟီးလျက်ရှိတဲ့ မိမိရဲ့ နှလုံးခုန်သံကိုပါ အမြဲတစေသတိထားမိခဲ့တယ် .. ပြီးတဲ့နောက်မှာလည်း ထိုသို့သောထွေးဖက်မှုမျိုးကို စရီ တစ်ယောက်ထဲပဲ ရချင်ခဲ့တယ် .. ဘယ်အရာမဆိုပါ .. ဂရုစိုက်ပေးတဲ့အပြုအမှုသေးသေးဖွဲ့ဖွဲ့လေးတွေကအစ စရီ့ အတွက်ပဲ သီးသန့်ဖြစ်စေချင်ခဲ့တယ် .. မျက်စိရှေ့မှာ အစ်မတော်က တခြားသောညီမတော်တွေ မောင်တော်တွေကို ဂရုစိုက်ပေးတာမြင်နေရရင်ကို စိတ်ကအလိုလျောက် ၀မ်းနည်းလာတာမျိုး ၊ ဒေါသထန်လာတာမျိုးတွေ မကြာခဏ ခံစားတတ်လာတယ် .. "

" အဲ့ဒါက အတ္တမဟုတ်ပေဘူးလား ညီမတော် ? "

အစ်မတော်က စကားတစ်ခွန်းဝင်ထောက်တော့ သူခေါင်းတစ်ချက်ညိတ်လိုက်မိသည်။

" အတ္တတော့ အတ္တပေါ့ .. တစ်စုံတစ်ယောက်အပေါ်ချစ်မြတ်နိုးမိခဲ့ပြီဆိုလျှင် အတ္တကတော့ အနည်းနဲ့အများ ယှက်နွယ်ကြစမြဲပဲလေ အစ်မတော်ရယ် .. မိမိထက် တခြားသူကို ပိုပြီးဂရုစိုက်မိလိုက်တဲ့ ဟန်ပန်အမှုအရာမျိုးကို မြင်တွေ့လိုက်ရတဲ့ အခါမျိုးမှာ ဒေါသမထန်ခဲ့ဘူးဆိုရင်တောင်မှ ၀မ်းနည်းမှုနဲ့ ရင်ဘတ်ထဲက ဆစ်ခနဲနာကျင်သွားတဲ့ နာကျင်မှုမျိုးကတော့ တွေ့ကြုံကြရလိမ့်မယ် ... အတ္တကင်းမဲ့တဲ့ချစ်ခြင်းဆိုတာက မိခင်ဖခင်က ကိုယ့်သားသမီးအပေါ်ပေးတဲ့မေတ္တာမျိုး .. နောက်ပြီး အစ်မတော်က စရီ့အပေါ်မှာ ထားရှိခဲ့တဲ့ မေတ္တာတရားမျိုးပေါ့ .. "

ရေတံခွန်ကို ငေးကြည့်နေရင်းကနေ အစ်မတော်ဘက် မျက်နှာလှည့်ကာ ငုံ့ကြည့်မိလိုက်ချိန်၌ အစ်မတော်ဟာ သူ့အား ပုလဲလုံးနှင့် သဏ္ဍာန်ဆင်သော မျက်ဝန်းဝိုင်းဝိုင်းလေးတွေနှင့် မျက်တောင်မခတ်ပဲ ကြည့်နေရှာတာကို မြင်တွေ့လိုက်ရသည်။

" စရီ့ အပေါ်မှာ အစ်မတော်ထားရှိခဲ့တဲ့ မေတ္တာတရားက အတ္တနဲ့ လောဘစိတ် ကင်းမဲ့ခဲ့တယ် မဟုတ်ပါလား ? "

" လောဘစိတ် ? ဟုတ်လားစရီ ? "

လွမ်းမောဖွယ်လေသံဖြင့် မေးလိုက်သည့် သူ့ရဲ့အမေးကို အစ်မတော်က ပြန်ပြီး မေးခွန်းထုတ်လေသည်။

" မှန်ပါ့ ... လောဘစိတ် .. လောဘစိတ်ဆိုတာက ကိုယ်တွယ်တာမိတဲ့လူသားအပေါ်မှာပဲ ဖြစ်တည်တတ်တဲ့ စိတ်မျိုး ... ပိုင်ဆိုင်လိုစိတ်ပေါ့ .. သည်လူက ကိုယ့်အတွက်ပဲ ဖြစ်စေချင်ခဲ့တာမျိုး ... မိမိတွယ်ငြိနေမိတဲ့ သံယောဇဉ်အတိုင်း ထပ်တူထပ်မျှကျတဲ့ ချစ်ခြင်းမျိုးကို ပြန်မရခဲ့ဘူးဆိုရင်တောင်မှ ထိုလူသားကို မိမိအနားမှာပဲ အချိန်ပြည့် ဆက်ရှိနေစေချင်တာမျိုးပေါ့ အစ်မတော် ... "

သူ့ထံမှ စကားပြီးဆုံးသည်အထိ စောင့်မျှော်နေတဲ့ အစ်မတော်ရတနာ ဟာနောက်ဆုံး၌ သက်ပြင်းလေးတစ်ချက် ချလိုက်လေသည်။

" ညီမတော်လည်း အတော်လေးကို စိတ်ပင်ပန်းခဲ့ရရှာမှာပဲကွယ် .. "

အစ်မတော်၏ စကားကို အပြုံးလေးတစ်ခုဖြင့်သာ သူတုံ့ပြန်ခဲ့ပါသည်။

" ဘာမှတွေးတောမနေပါနဲ့တော့ အစ်မတော် .. စိတ်ကြည်လင်လန်းဆန်းသွားအောင်လို့ စရီ တို့ညီအစ်မနှစ်ယောက် ဟိုးငယ်ငယ်တုန်းကလိုမျိုး ရေဆော့ကစားကြမယ်လေ .. "

အပြုံးလေးဖြင့် ပြောဆိုလိုက်သည့် သူ့ရဲ့ပါးပြင်ကို အစ်မတော်က လက်ဖ၀ါးဖြူဖြူနုနုလေးတွေနဲ့ အားရပါးရ ဘယ်ညာဆွဲညှပ်ကိုင်ထားပြီး

" သဘောတူပေတယ် ညီမတော် .. "

'သြော် ငါ့အစ်မတော်ရဲ့ စိတ်ထဲမှာတော့ ငါက ဘယ်တော့မဆို ချစ်စရာကောင်းတဲ့ ညီမငယ်လေးတစ်ယောက်အနေနဲ့ပဲ ထာဝရတည်ရှိနေမယ်ထင်ပါရဲ့´ လို့စိတ်ထဲကနေ ရေရွတ်ရင်း နှလုံးသားနေရာကနေ ဆစ်ခနဲတော့ နာကျင်သွားရသည်။ သို့ပေမဲ့ အစ်မတော်ရှေ့မှာတော့ အပြုံးမပျက်နိုင်ရှာပေ။

မျှော်လင့်ချက်လေး မဆိုစလောက်ထားခဲ့မိလို့ထင်ပါရဲ့ နှလုံးသားကတော့ အင်မတန်မှကို နာကျင်သားစ်မတော်ယ်

X    X    X    X    X    X

Continue Reading

You'll Also Like

2.5M 93.2K 32
Dawn, a girl in her early twenties living in a poor neighborhood with her sick mother and teenage brother. Her father has abandoned them for a rich w...
22.2M 685K 29
"Ethan." Aiden pauses. "I want you." He softly bites my ear. "I want to kiss you more than you will ever know." Trying to avoid the daily beatings of...
128K 10.8K 68
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
354K 29.7K 40
အချစ်ဆိုတာ လူသားတွေမှာရှိသတဲ့လား"