လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၃၅ )
ကိုးရေ.. ပြန်လာလှည့်
“ ငိုနေစရာ ဘာအကြောင်းရှိလို့လဲ..”
မာရေကျောရေ ရှိလှသော အသံကြီးတသံကြောင့် ကိုး ခေါင်းငုံ့ ငိုနေရာမှ ခေါင်းမော့ကြည့်လိုက်မိသည်။ မျက်ရည်များကြား ဝိုးတဝါး မြင်လိုက်ရသည်က ရှုံ့တွညှိုးလျှော်နေသော အဘွားအိုကြီးတဦးဧ။် မျက်နှာ။
မျက်နှာပေါ်က အရေပြားတို့ဟာ ကြည့်ရဆိုးစွာ ရွတ်တွနေသည်မို့ ကိုးမှာ မြင်မြင်ချင်း လန့်ဖြန့်သွားရသည်။ သေချာပြန်ကြည့်တော့မှ ထိုအဘွားကြီးသည် ဒေါ်ခင်အေးတယောက် အမေဟု ခေါ်ကာ ကိုးကွယ်နေသော ထူးဆန်းသည့် အဘွားကြီးပင် ဖြစ်သည်။
အိမ်မှာတွေ့ခဲ့ရသည့်အခေါက်ထက် အဆပေါင်းများစွာ ပိုမိုအိုမင်းရင့်ရော်နေဟန်ရှိပြီး ထိုအဘွားကြီးက သူ့ကို မျက်လုံးစိမ်းကြီးများနှင့် ငုံ့မိုးကြည့်နေလေသည်။ ကြောက်စရာကောင်းတဲ့ အငွေ့အသက်တွေဟာ ထိုမျက်လုံးကြီးများထဲမှ အလျှံပယ်ထွက်နေရင်း..
“ သော်တာ့အတွက် ဒီလိုပေးဆပ်ရတာ မတန်ဘူးလို့ မင်း ထင်နေတာလား..”
“ မဟုတ်ဘူး..”
ကိုး မျက်ရည်တွေသုတ်ကာ ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။
“ ကျွန်တော် ဒီ့ထပ်ပိုကြာကြာလေး အကိုနဲ့ အတူရှိနေချင်ရုံတင်ပါ.. ကျွန်တော် ဒီအတိုင်းလေး နည်းနည်းလောက် အကိုနဲ့ ထပ်နေချင်..”
ထိုအဘွားကြီးက ကိုးရဲ့အဖြေစကားကို မကြားဟန်ပြုကာ တောင်ဝှေးကြီး တဒေါက်ဒေါက်နှင့် ကိုးအနားမှ ထွက်သွားလေသည်။
“ နည်းနည်းလောက် အချိန်ပေးလို့မရဘူးလား..”
သူ့ဆီက နင့်နင့်နဲနဲ တောင်းဆိုသံကို ကြားပါရဲ့နဲ့ ထိုအဘွားကြီး တချက်လှည့်မကြည့်ပေ။
ကျွန်တော့်မွေးနေ့လေး အထိပါပဲ..
“ လာ.. လိုက်ခဲ့..”
ထိုအဘွားကြီးက တောင်ဝှေးကြီးကို ဒုန်းခနဲ ဆောင့်ကာ ခေါ်လိုက်သည့်အခါ ကိုးရဲ့ခြေလှမ်းများဟာလည်း သူ့အလိုလို ထိုအဘွားကြီးနောက်ကနေ ဖြည်းဖြည်းမှန်မှန် လိုက်လျှောက်သွားလေတော့သည်။
“ ဒီအစီအရင်က နဂိုကတည်းက အင်မတန် အစွမ်းထက်လွန်းတယ်.. ကျုပ်တောင် မနည်းထိန်းခဲ့ရတာ.. အဲ့လို ညှိနှိုင်းလို့ရမယ်ထင်နေတာလား..”
ဆူညံနေတဲ့ ပတ်ဝန်းကျင်က လူသံ၊ ကားသံတွေကြားမှာမှ ထိုအဘွားကြီးရဲ့စကားလုံးတိုင်းကို ထင်ရှားပြတ်သားစွာ ကြားနေရသည်။
“ ကျုပ် ကိုယ့်အတတ်ကိုစူးပြီး မယ်ခင်အေးတို့ ရွာသချို ၤင်းမှာ သွေးပွက်ပွက်အန်ရင်း သေမလို ဒုက္ခရောက်နေတုန်းက မယ်ခင်အေး ရေခပ်ဆင်းတဲ့အချိန်နဲ့တိုးခဲ့ပါရောလား.. မယ်ခင်အေးကပဲ ကျုပ်ကို သချို ၤင်းမြေထဲကနေ ဆွဲထုတ်ကယ်တင်ခဲ့တာ.. အဲ့ကတည်းက ကျုပ် မယ်ခင်အေးတို့ မိသားစုကို မသိရာ မမြင်ရာကနေ စောင့်ရှောက်ပေးခဲ့တယ်ဆိုပါတော့..”
ဇာတ်ကြောင်းစုံခင်းပြနေသည်ကို စိတ်မဝင်စားပေမဲ့ တခြားဘာမှမတတ်နိုင်တော့ပြီမို့ ကိုးတယောက် အနောက်ကနေ ကပ်လိုက်ရင်း တိတ်တိတ်ကလေးပဲ နားထောင်နေလိုက်သည်။
“ မယ်ခင်အေး ဗိုက်ကြီးတော့.. သော်တာက ဗိုက်ထဲမှာတင်ကို အတော်အားနည်းရှာတာ.. မွေးလာတော့လည်း ကျုပ် တခါမှ မတွေ့ဖူးတဲ့ ဂြိုလ်ဆိုးအနင်းခံ အချိန်ပုပ်ကြီး.. အသက်ပါလာတာကို ကံကောင်းတယ်ပြောရမယ်.. မယ်ခင်အေးလည်း ဒီသနားစရာ သားလေးအတွက် နည်းလမ်းမျိုးစုံသုံးပြီး ကယ်တင်ရှာပါတယ်.. နောက်ဆုံး ဘယ်လိုမှမရတာနဲ့ ကျုပ် ဝင်ပါရတော့တာပဲ..”
ကွယ်ပျောက်သွားအောင် ထိုးသိပ်ထည့်သိမ်းထားခဲ့သော အမုန်းတရားတို့ကို ပြန်လည်ခေါ်ဆောင်နေသည့်အလား ထိုအဘွားကြီးက ဆက်ပြောလာသည်။
“ မင်းက နဂိုမွေးရာပါ ကံဇာတာက အကောင်းဘက်ချည်းမှာ.. မင်းရဲ့ဘဝအကျိုးပေးကံကိုက ရှင်ရင်ရွှေထီး၊ သေရင်မြေကြီးပဲ.. ချမ်းချမ်းသာသာ ကျန်းကျန်းမာမာ နေရမယ့်ကံပါလာပြီးသား.. ပြီးတော့ သော်တာ့အတွက်လည်း မိတ်ဖက်ကောင်း နေ့နံမို့လို့ မင်းကို တမင်ခေါ်မွေးစားခိုင်းခဲ့တာ..”
ထိုအဘွားကြီးက ပြောလက်စ စကားတို့ကို ရပ်တန့်လိုက်ပြီး တုန်တုန်ရီရီ ဖြစ်လာလေတော့သည်။
“ ဒီလိုတွေအထိ ဖြစ်ရတာ မင်းကြောင့်..”
ဒေါသသံဖြင့် ငေါက်ငမ်းခံလိုက်ရသောကြောင့် ကိုးရဲ့ဒေါသတွေက တလိပ်လိပ် မြှင့်တက်လာချေပြီ။
“ ဟိုအရင်ကတည်းက ခင်ဗျားကို ကျွန်တော် သိခဲ့ရင်.. ကျွန်တော် အရင်ဆုံး သတ်မယ့်လူဟာ ခင်ဗျားပဲ.. လူတယောက်ရဲ့ကံတရားကို ယုတ်ညံ့တဲ့နည်းတွေနဲ့ လုယူချင်တဲ့ဟာတွေ.. ခင်ဗျားတို့ ဘာမို့လို့လဲ..”
အံကြိတ်ကာ ကြုံးဝါးလိုက်သော်ငြားလည်း ထိုအဘွားကြီးကိုတော့ ကိုး မထိဝံ့။ ထိုအဘွားကြီး ရှေ့ကို ရောက်နေတဲ့အချိန်တွေတိုင်း သူဟာ အကောင်အထည်မရှိတဲ့ နာမ်သက်သက်ရယ်လို့ ခံစားနေရတယ်။ထိုအဘွားကြီးဟာ သူ ပြန်လည်ရှင်သန်လာသည့်အကြောင်းကို သိနေရုံတင်မက၊ ဒီလိုပြန်လည်ရှင်သန်လာဖို့အတွက် တမင်တကာ လုပ်ဆောင်ခဲ့တာ ဖြစ်ရမယ်။
အရင်ဘဝက သူ့ဆန္ဒ၊ သူ့သဘောတူညီချက်မပါပဲ လုပ်ခဲ့ရတဲ့ ဒီအစီအရင်ကို အခုတခါ သူ့ဆန္ဒ၊ သူ့သဘောတူညီချက်ပါအောင် ပြန်စီရင်ဖို့ သေသွားပြီးသားသူ့ကို ပြန်ဆွဲခေါ်ခဲ့နိုင်တာကတော့ နယ်နယ်ရရ အစွမ်းတော့ မဟုတ်နိုင်။
“ ဒီအစီအရင်တွေက ဂါထာလေးရွတ်ရုံ၊ မန်းလေးမှုတ်ရုံနဲ့ အောင်မြင်နိုင်တာတွေ မဟုတ်ဘူး.. မင်းလည်း မင်းအသက်နဲ့ရင်းထားရသလို၊ ကျုပ်လည်း ကျုပ်ပညာနဲ့ရင်းထားရတာ.. မယ်ခင်အေးက ကျုပ်အသက် တခါကယ်ပေးဖူးတဲ့ ကျေးဇူးကြွေးရှိလို့ ဒီလိုတွေ ပြန်ပေးဆပ် ပြန်လုပ်ပေးရတာပဲ.. ဒီအတွက်လည်း ကျုပ် ကျိန်ဆိုထားပြီးသား.. ဒီအစီအရင် အောင်မြင်တာနဲ့ ကျုပ်ပညာတွေကန်းပြီ.. ကျုပ်တို့ ဒါတွေလုပ်နေတာ သော်တာ့အတွက်ပဲမဟုတ်လား..”
ထိုအဘွားကြီးက လက်ထဲကတောင်ဝှေးကြီးကို ဒုန်းခနဲ မြည်အောင် ထပ်ဆောင့်ချပြီး ပြောလိုက်တဲ့အချိန်.. အရိုးပေါ် အရေတင်နေတဲ့ လက်ချောင်းတွေ တဂျွတ်ဂျွတ် မြည်ကုန်တာကို ကိုး ကြားလိုက်ရသည်။
သူ ထင်တာ မမှားဘူးပဲ။ အစကနေ အဆုံးအထိ ထိုအဘွားကြီးရဲ့ လက်ချက်ပဲကိုး။ ထိုအဘွားကြီးက ကျေးဇူးကြွေး၊ သူကတော့ မေတ္တာကြွေး။
ဒီလိုဆိုပြန်တော့လည်း အရာရာဟာ အကြောင်းတရား၊ အကျိုးတရား ညီနေသားပဲ..
ထိုသို့တွေးလိုက်သည့်အခါ သူ့ရင်ထဲ အမုန်းတရားများနှင့် ဒေါသများ ကင်းစင်ကွယ်ပျောက်သွားရတယ်။ မတရားမှုဖြစ်နေပေမဲ့လည်း အရာအားလုံးဟာ အကို့အတွက် အစပြုခဲ့ကြသည်မို့ သူ ကျေနပ်ပါတယ်။
ကြည့်ရင်း ကြည့်ရင်းနဲ့ကို ပို ပိုပြီး ချိနဲ့လာတဲ့ ထိုအဘွားကြီးဟာ ခြေလှမ်းတွေကိုတော့ မနှေးပစ်ပါပဲ နဂိုအတိုင်း ဆက်လျှောက်သွားနေဆဲ။
သိပ်မကြာခင်မှာပဲ.. တမာပင်ကြီး ရိပ်မိုးထားတဲ့ ခပ်မို့မို့ မြေဂမူလေး တခုရှေ့ကို ရောက်သွားကြတော့သည်။
ဒီနေရာကို သူ သိပါတယ်။
ဒီမြေဂမူလေးအောက်မှာ မိုးရေတွေရွှဲနစ်နေတဲ့ အကို့အလောင်းလေး လဲလျောင်းအိပ်စက်နေတာဖြစ်ပြီး မြေဂမူလေးရဲ့အပေါ်တည့်တည့် အခိုင်ခံ့ဆုံး တမာကိုင်းကြီးမှာတော့ အသက်မရှိတော့တဲ့ သူ့ခန္ဓာကိုယ်ကြီးက ကြိုးတချောင်းနဲ့ လည်ပင်းကို ချိတ်တွယ်ထားရင်း မလှုပ်မယှက် ရှိနေလိမ့်မယ်။
ထိုအဘွားကြီးက မြေဂမူလေး ဘေးက ထောင့်တနေရာကို လက်ဗလာ တူးယူနေရင်း..
“ မင်း သတ်သေသွားတော့ ဒီနေရာကို ကျုပ် ရောက်ခဲ့တယ်.. လူတွေသေကုန်ပြီဆိုတော့ ကျုပ် လုပ်ထားခဲ့တဲ့ အစီအရင်လည်း ပျက်စီးသွားပြီထင်ပြီး မင်းရဲ့အိမ်ထဲက မြေအိုးလေးကို ရှာကြည့်ခဲ့တယ်.. ပုံမှန်ဆို သွေးနဲ့စီရင်ထားတဲ့ အစီအရင်တခုပျက်တာနဲ့ အစီအရင်သိမ်းဆည်းတဲ့ မြေအိုးထဲက အရာရာဟာ သွေးပုပ်နံ့တွေ တလှိုင်လှိုင် ဖြစ်နေရမှာ ဆိုပေမဲ့ ထူးထူးဆန်းဆန်း အကောင်းအတိုင်း ရှိနေသေးတာကို ကျုပ် တွေ့လိုက်ရတယ်.. အဲ့ဒါကြောင့် အစကနေ ပြန်စဖို့ ကျုပ် စီရင်ခဲ့တာပဲ..”
မြေကြီးထဲက ထွက်ပေါ်လာသည်က မြေအိုးလေး တလုံးဖြစ်ပြီး သူ အကို့ကို ဇွတ်အတင်းခေါ်လာခဲ့တုန်းက ယူခဲ့သည့် အိုးလေးပင်။
“ အသစ်လုပ်ထားပေးခဲ့တဲ့ အစီအရင်တွေနဲ့ မပြီးပြတ်သေးတဲ့ အစီအရင်တွေကို တပေါင်းတစည်းတည်း ထည့်ထားတယ်.. ရော့.. ယူသွားချည်.. အစီအရင်က သိပ်မကြာခင်မှာ အောင်မြင်တော့မယ်.. ဘာဖြစ်လာမလဲဆိုတာတော့ မင်း သိပြီးသားနေမှာပါ.. ကျုပ်ကျေးဇူးကြွေးကို မင်းအသက်နဲ့လဲပြီး ပြန်ဆပ်ပေးရတဲ့အတွက်လည်း ကျုပ် စိတ်မကောင်းပါဘူး.. အဲ့အတွက် ကျုပ်ပညာတွေနဲ့ ကျုပ်ကိုယ်ကျုပ် ကျိန်စာတိုက်ပြီးပြီမို့ မင်းနဲ့အတူ ကျုပ်လည်း သေရမှာပါပဲ..”
ထိုအဘွားကြီး ကမ်းပေးနေသည့် မြေအိုးလေးကို ကိုး ယုယုယယပဲ ပွေ့ယူလိုက်သည်။
“ သွားတော့.. လူကလေး.. သွားပေတော့.. သော်တာ့အပေါ် မင်းထားတဲ့ မေတ္တာက အင်မတန် ကြီးမားပါပေတယ်.. မင်း သူ့ကို နှုတ်ဆက်ဖို့ အချိန်ရမှာပါ..”
ထိုအဘွားကြီးဧ။် စကားဆုံးသည်နှင့်တပြိုင်နက် ကောင်းကင်ပြင်မှာ တိမ်ညိုတိမ်မဲတွေက လျှပ်စီးတလက်လက်၊ မိုးချိန်းသံ တဂျိန်းဂျိန်းဖြင့် ညာသံပေး စုဝေးလာလေတော့သည်။ ထိုအဘွားကြီး ကိုင်ထားသည့် တောင်ဝှေးရဲ့ထိပ်ကနေ သွေးတွေ စီးကျလာတာကို မြင်လိုက်ရပြီးတဲ့နောက် ကိုးလည်း ထိုနေရာမှ နောက်လှည့်မကြည့်စတမ်း ပြေးထွက်လာခဲ့သည်။
သူ ကျစ်ကျစ်ပါအောင် ပွေ့ထားသော မြေအိုးလေးအား မိုးရေတွေ မစိုရွှဲအောင် တတ်နိုင်သမျှ အုပ်မိုးပေးဖို့လည်း မမေ့ပေ။
အေးစက်နေသော မိုးရေစက်များက ထိုနေ့ညကို ပြန်အမှတ်ရစေတယ်။
အကို့ကို တခြားသူလက်ထဲ မထည့်ချင်တာက အကို ဒုက္ခရောက်မှာစိုးလို့ပါဟု ပြောခဲ့ရင် အကောင်းသား။
မိုးခြိမ်းသံသဲ့သဲ့က ထိုနေ့ညက အကို့ဆုံးမသံကို ပြန်သတိရစေတယ်။
“ ကိုး..ငါ မင်းကို ခွင့်လွှတ်ပါတယ် ထပ်ပြီး မကောင်းတာတွေ မလုပ်နဲ့တော့နော် ကြားလား..” တဲ့လေ။
ကျွန်တော် အကို့စကားကို နားထောင်တယ်။ ထပ်ပြီး မကောင်းတာတွေ မလုပ်တော့ဘူး။
ကျွန်တော် လိမ်လိမ်မာမာနေပါတယ် အကို..
ကျွန်တော် ထပ်ပြီး မထွက်ပြေးတော့သလို.. ကျွန်တော် ထပ်ပြီး မဆိုးသွမ်းတော့ဘူး။ ကျွန်တော်လေ သမာအာဇီဝကျတဲ့ အလုပ်လုုပ်ဖို့ ကြိုးစားနေသလို.. အမေအေးတို့ကိုလည်း ကျွန်တော် မမုန်းတော့ပါဘူး။
ဒီအတွက်.. တခါပြန်ရှင်သန်လာရခြင်းအတွက် အကို့ဆီက အချစ်တွေ ရခဲ့တာမို့ ကျွန်တော် ပျော်တယ်။
ပျော်ပါတယ် အကို.. အကိုနဲ့အတူ မအိုမင်းသွားရပေမဲ့လည်း။
ပျော်ပါတယ် အကို.. အကိုနဲ့အတူ ပွဲတော်ရက်တွေ မဆင်နွှဲရပေမဲ့လည်း။
ပျော်ပါတယ် အကို.. အကိုနဲ့အတူ ရှိခဲ့တဲ့ အမှတ်တရတွေက နည်းပေမဲ့လည်း။
အရင်နဲ့မတူတဲ့ နေ့ရက်တွေကို ကျွန်တော် အပိုင်ရခဲ့တာမို့ ကျေနပ်ပါတယ်။
အမောတကောနဲ့ အိမ်ထဲလှမ်းအဝင်မှာ.. အမေအေးရော အဖေမြိုင်ပါ ပူပန်စိတ်တွေနဲ့ သူ့ကို မျှော်နေတာ တွေ့လိုက်ရတယ်။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေပုံရတဲ့ အကိုက သူ့ကိုမြင်မြင်ချင်း သူ့ဆီ ပြေးလာတယ်။
“ ကိုး.. မင်း ဘာဖြစ်လာတာလဲ.. တကိုယ်လုံးလည်း သွေးတွေရွှဲလို့..”
အကိုက စိုးရိမ်တကြီး အော်ပြောလိုက်တော့မှ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်မိတယ်။
ဟုတ်သားပဲ.. အလုပ်ဝတ် အကျီ ၤနဲ့ ပုဆိုးမှာ သွေးတွေ။ သူ့မျက်လုံးတွေကနေ စီးကျနေတာကလည်း သွေးတွေ။ သူ့နှာခေါင်း၊ သူ့ပါးစပ်မှာလည်း သွေးတွေ။
“ မိုးရွာနေတော့ မိုးရေတွေစိုတယ် ထင်နေတာ..”
အယ်.. မိုးရွာနေတာကို ခြံထဲက ဘာလို့ ခြောက်သွေ့နေတာလဲ..
“ ဘယ်မှာမိုးရွာလို့လဲကွာ.. မင်း.. ငါ့ကြောင့်..”
အကိုက ပြောပြောဆိုဆိုနဲ့ ငိုတယ်။ သူ အကို့မျက်ရည်တွေ သုတ်ပေးဖို့ လက်လှမ်းလိုက်တဲ့အချိန်မှာပဲ.. အကိုက သူ့လက်ထဲ မြေအိုးကို တွေ့သွားလေတော့တယ်။
“ ဒါ.. ဒါ ဟိုအိုးမလား.. ပေးစမ်း..”
သူ့လက်ထဲကနေ အကိုက ဆတ်ခနဲ ဆွဲလုသွားတော့ သူ ပြန်လုတာလည်း မမှှီလိုက်။
“ ဒီမဟုတ်ကဟုတ်ကတွေ..”
ခွမ်းခနဲ။ မြေပြင်နဲ့ မြေအိုးလေးတို့ ထိခတ်သံ။
သူ့အမြင်အာရုံတွေ အမှောင်ကျလို့သွားတယ်။ တကိုယ်လုံးဟာလည်း လေဟာနယ်မှာ လွှင့်ခနဲ။ ဒီတခေါက်တော့ သူ ပြန်မနိုးလာနိုင်ဘူးဆိုတာ သေချာတယ်။ ဒီတခါတော့ အကို့ကို သူ တကယ်ထားခဲ့ရပြီ။
သြော်.. ကျွန်တော် အကို့ကို နှုတ်ဆက်စကားလေးတောင် မပြောခဲ့လိုက်ရဘူးပဲ။
…..
ဒီဇင်ဘာ ၁၂ ရက်တိုင်းမှာ ခရမ်းနုရောင်ခရင်မ်နဲ့ အလှပဆုံး ပုံဖော်ထားတဲ့ မွေးနေ့ကိတ်မုန့်ပေါင်း အခု ၂၀။ ဒီနှစ်တော့ ၂၁ ခုမြောက်ပေါ့။
“ မင်းကတော့ အခုထိ ပြန်နိုးမလာသေးဘူး ကိုးရယ်..”
ပုံမှန်ဖြစ်နေတဲ့ နှလုံးခုန်နှုန်းလေးကို သော်တာနိုင် ငေးကြည့်ရင်း တိုးတိုးဖွဖွလေး ရေရွတ်လိုက်တယ်။
“ Happy Birthday ကိုး.. အကို့ဆီ ပြန်လာမယ့်လမ်းကို မင်း ရှာတွေ့နိုင်ပါစေလို့ အကို ဆုတောင်းပါတယ်..”
မွေးနေ့ကိတ်မုန့်လေးပေါ်က ၃၈ တိုင်သော ဖယောင်းတိုင်လေးတွေကို သူ့ဘာသာသူ ဆုတောင်း၊ သူ့ဘာသာသူပဲ မှုတ်လိုက်ပြီးတဲ့နောက်.. ကိုးရဲ့မျက်နှာပေါ်က ရှည်လျားနေပြီဖြစ်တဲ့ မုတ်ဆိတ်မွေးတွေကို သူကိုယ်တိုင် ဖြည်းဖြည်းချင်း ရိတ်သင်ပေးနေရင်း..
“ လူ့လောကကြီးနဲ့ အံခွင်ဝင်ကျမဖြစ်ပါဘူးဆိုပြီး ထွက်ပြေးသွားတဲ့ ကောင်လေးတယောက်ကို အမြဲတမ်း စောင့်မျှော်နေခဲ့တဲ့ လမင်းကြီးတစင်းရှိခဲ့သတဲ့ ကိုးရယ်.. အဲ့လမင်းကြီးကလေ ကောင်လေးကို သိပ်ချစ်ရှာတယ်.. ဘယ်ကိုပဲပြေးပြေး ကောင်လေးရဲ့အိမ်ဟာ လမင်းကြီး ရှိတဲ့နေရာဖြစ်တယ်.. အဲ့ဒါကို သိတဲ့ လမင်းကြီးဟာလည်း သူ့အလင်းတန်းတွေကို တတ်စွမ်းနိုင်သမျှ နေရာစုံမှာ ဖြန့်ကျက်ထားပြီး ကောင်လေးတယောက် အိမ်အပြန်လမ်းကို မြန်မြန်ရှာတွေ့နိုင်ဖို့ ကြိုးစားနေရှာသတဲ့.. လမင်းကြီးက ပြောတယ် ကိုး.. သူ ကောင်လေးကို သိပ်လွမ်းနေတယ်တဲ့..”
မျက်လုံးအိမ်ထဲ တွဲလွဲခိုလာတဲ့ မျက်ရည်စက်များက ပါးပြင်ပေါ်သို့ အပြေးအလွှား ခုန်ဆင်းသွားကြတယ်။ ကိုးကတော့ နေနိုင်တယ်။ သူ ငိုနေမှန်းသိရဲ့နဲ့ ထမသုတ်ပေးလာဘူး။
“ လမင်းကြီးကလေ..”
သော်တာနိုင် ဆက်မပြောနိုင်လောက်အောင် ရင်ထဲ စို့နင့်လာရတယ်။
“ လမင်းကြီးက.. ညတိုင်း အိမ်မက်တွေမက်တယ် ကိုးရဲ့..”
သော်တာနိုင်က ရှိုက်သံသဲ့သဲ့နဲ့ ဆက်ပြောလာတယ်။
“ အိမ်မက်ထဲမှာ ကောင်လေးက ပယင်းဆွဲသီးလေး လက်ဆောင်ပေးဖူးတယ်.. တခါတလေ ကောင်လေးမှာ အနာတရတွေနဲ့.. တခါတလေ ကောင်လေးက သောင်းကျန်းဆူပူနေတယ်.. တခါတလေ ကောင်လေးက ထွက်ပြေးသွားတယ်.. တခါတလေ ကောင်လေး ပြန်ပြေးလာပြန်ရော..”
ပိုက်တန်းလန်းတွေနဲ့ ကိုးက နှစ် ၂၀ တိုင်တိုင် ပြောနေတဲ့ အပ်ကြောင်းထပ် သူ့စကားတွေ ကြားရောကြားနိုင်ပါ့မလား မသိပေမဲ့ သူကတော့ ဆက်ပြောပြမိနေတုန်းပဲ။
“ လမင်းကြီးက ပြောတယ်.. ကောင်လေး ဘယ်လောက်ပဲဆိုးဆိုး.. ကောင်လေး သူ့ကို ဘယ်လောက်ပဲ မုန်းမုန်း.. သူကတော့ ကောင်လေးကို ချစ်ပါတယ်တဲ့ ကိုးရေ.. သူ မင်းကို သိပ်ချစ်ခဲ့သလို အခုထိလည်း ချစ်နေဆဲပါ ကိုးရ.. သူ မင်းကို အဲ့ဒါလေး သိစေချင်နေတာ..”
လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက အသားမာတွေနဲ့ ကြမ်းရှရှ ဖြစ်ခဲ့တဲ့ လက်ဖဝါးလေးကို ဆုပ်ကိုင်ထားရင်း သော်တာနိုင် ရှိုက်ကြီးတငင် ငိုကြွေးနေတော့တယ်။
သူ့ရှေ့မှာတင် သွေးတွေအန်ပြီး ပစ်လဲကျသွားတဲ့ ကိုးဟာ.. အဲ့နေ့ကတည်း ပြန်နိုးမလာတော့တာ အခုချိန်ထိပဲ။ ဒါပေမဲ့ အသက်ဆုံးသွားတာမဟုတ်ပဲ ဦးနှောက်သေသွားတယ်လို့ ဆရာဝန်တွေက ပြောလာတယ်။ အကူကိရိယာတွေနဲ့ အသက်ကို ဆက်ဆွဲထားလို့ရတာနဲ့ သူ မိုက်မိုက်ကန်းကန်းပဲ ကိုးကို ထွက်သွားခွင့်မပေးရက်နိုင်ခဲ့ဘူး။
ခေါင်းကြောမာတယ်ပဲ ဆိုဆို၊ အတ္တကြီးတယ်ပဲ ပြောပြော.. ကိုးကို သူ လက်မလွှတ်နိုင်ခဲ့ဘူး။
နှစ်ပေါင်း ၂၀ ကျော်လို့ ၂၁ နှစ်ထဲ ရောက်လာခဲ့ပြီ။
သူ စောင့်ခဲ့တယ်.. စောင့်နေဆဲ.. စောင့်နေဦးမယ်..
ကိုးရေ.. ပြန်လာလှည့်။
။ ပြီးပါပြီ ။
Thanks for reading 💟