လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၃၅ )
ကိုးရေ.. ပြန်လာလှည့်“ ငိုနေစရာ ဘာအကြောင်းရှိလို့လဲ..”
မာရေကျောရေ ရှိလှသော အသံကြီးတသံကြောင့် ကိုး ခေါင်းငုံ့ ငိုနေရာမှ ခေါင်းမော့ကြည့်လိုက်မိသည်။ မျက်ရည်များကြား ဝိုးတဝါး မြင်လိုက်ရသည်က ရှုံ့တွညှိုးလျှော်နေသော အဘွားအိုကြီးတဦးဧ။် မျက်နှာ။
မျက်နှာပေါ်က အရေပြားတို့ဟာ ကြည့်ရဆိုးစွာ ရွတ်တွနေသည်မို့ ကိုးမှာ မြင်မြင်ချင်း လန့်ဖြန့်သွားရသည်။ သေချာပြန်ကြည့်တော့မှ ထိုအဘွားကြီးသည် ဒေါ်ခင်အေးတယောက် အမေဟု ခေါ်ကာ ကိုးကွယ်နေသော ထူးဆန်းသည့် အဘွားကြီးပင် ဖြစ်သည်။
အိမ်မှာတွေ့ခဲ့ရသည့်အခေါက်ထက် အဆပေါင်းများစွာ ပိုမိုအိုမင်းရင့်ရော်နေဟန်ရှိပြီး ထိုအဘွားကြီးက သူ့ကို မျက်လုံးစိမ်းကြီးများနှင့် ငုံ့မိုးကြည့်နေလေသည်။ ကြောက်စရာကောင်းတဲ့ အငွေ့အသက်တွေဟာ ထိုမျက်လုံးကြီးများထဲမှ အလျှံပယ်ထွက်နေရင်း..
“ သော်တာ့အတွက် ဒီလိုပေးဆပ်ရတာ မတန်ဘူးလို့ မင်း ထင်နေတာလား..”
“ မဟုတ်ဘူး..”
ကိုး မျက်ရည်တွေသုတ်ကာ ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။
“ ကျွန်တော် ဒီ့ထပ်ပိုကြာကြာလေး အကိုနဲ့ အတူရှိနေချင်ရုံတင်ပါ.. ကျွန်တော် ဒီအတိုင်းလေး နည်းနည်းလောက် အကိုနဲ့ ထပ်နေချင်..”
ထိုအဘွားကြီးက ကိုးရဲ့အဖြေစကားကို မကြားဟန်ပြုကာ တောင်ဝှေးကြီး တဒေါက်ဒေါက်နှင့် ကိုးအနားမှ ထွက်သွားလေသည်။
“ နည်းနည်းလောက် အချိန်ပေးလို့မရဘူးလား..”
သူ့ဆီက နင့်နင့်နဲနဲ တောင်းဆိုသံကို ကြားပါရဲ့နဲ့ ထိုအဘွားကြီး တချက်လှည့်မကြည့်ပေ။
ကျွန်တော့်မွေးနေ့လေး အထိပါပဲ..
“ လာ.. လိုက်ခဲ့..”
ထိုအဘွားကြီးက တောင်ဝှေးကြီးကို ဒုန်းခနဲ ဆောင့်ကာ ခေါ်လိုက်သည့်အခါ ကိုးရဲ့ခြေလှမ်းများဟာလည်း သူ့အလိုလို ထိုအဘွားကြီးနောက်ကနေ ဖြည်းဖြည်းမှန်မှန် လိုက်လျှောက်သွားလေတော့သည်။