လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၃၃ )
အရင်က မသိခဲ့လေသော အစီအရင်
“ ကိုး.. မင်း နေလို့ရော ကောင်းရဲ့လား..”
သော်တာနိုင့်ပါးပြင်လေးတဖက်အား ရွှတ်ခနဲ မွှေးကြူပြီးမှ ကိုးက ခေါင်းငြိမ့်ပြလေသည်။
“ ဘယ်တုန်းကမှ ဒီလောက်နေလို့မကောင်းခဲ့ဖူးဘူး..”
ကိုးက ပြုံးစစ ပြောလိုက်သည့်အခါ သော်တာနိုင်ဆီကနေ စူးစူးရှရှ မျက်စောင်းလှလှလေး ဝဲပျံလာသည်။
ထိုမျက်စောင်းလေးဒဏ်အား ရင်ကော့ခံနေသည့်သဖွယ် လုပ်ပြနေသော ကိုးကြောင့် သော်တာနိုင် အူယားစွာ ထိုချီးကျကောင်လေးဧ။် နဖူးအား ခပ်ဖွဖွလေး တောက်လိုက်သည်။
“ အား… နာလွန်းလို့ ထပ်လုပ်ပေးပါဦး..”
“ တိတ်စမ်း.. ဗရမ်းဗတာတွေ..”
ဖျော့တော့နေသော နှုတ်ခမ်းများသည် သွေးမရှိသကဲ့သို့ ဖြူစုတ်နေပေမဲ့ ကိုးရဲ့အပြုံးဟာ အသက်ဝင်နေဆဲ။ ၂ နှစ်ရက်တိတိ အိပ်ပျော်ထားသည်နှင့်မတူပဲ အနည်းငယ် အားနည်းနေဟန်ပေါက်သည်။ သို့သော် သော်တာနိုင့်အားကြည့်နေသည့် ထိုမျက်ဝန်းထဲများတွင်တော့ အရင်လို ချစ်ရည်ရွှန်းလဲ့နေလျှက်ပင်။
“ အမဲသားစွပ်ပြုတ်တဲ့.. မင်း သွေးအားနည်းနေတယ်ဆိုလို့ အမေကိုယ်တိုင် ပြုတ်ပေးထားတာ..”
ပူပူနွေးနွေး စွပ်ပြုတ်ပန်းကန်လေးကိုကိုင်ကာ သော်တာနိုင်က ကိုးအား ကိုယ်တိုင်ကိုယ်ကျ ခွံ့တိုက်သည်။ မပူသွားစေရန်လည်း ဇွန်းနဲ့ခပ်ပြီး ဂရုတစိုက် မှုတ်ပေးနေသေးသည်။ သော်တာနိုင့် အကြည့်များထဲတွင် စိုးရိမ်ပူပန်မှုနှင့် ရှုပ်ထွေးခြင်းများ ရောယှက်နေသည်ကို ကိုး သတိထားမိပါသည်။
ဟန်မဆောင်တတ်သူပီပီ သော်တာနိုင့်စိတ်အလျဉ်များသည် ပရောဂျက်တာမှာ ထိုးပြနေသည့် အနှေးပြကွက်တွေအလား။ ပီပီသသကြီး ယောက်ယက်ခတ်နေရှာလေသည်။
“ ဟေး.. ကိုသော်တာ.. ဘာတွေဖြစ်နေတာလဲ..”
ကြည့်မနေနိုင်တော့သည့်အခါ.. သော်တာနိုင် ခွံ့နေသည့် စွပ်ပြုတ်အား မသောက်သေးပဲ ကိုး ခပ်တိုးတိုး မေးလိုက်ရသည်။ သက်ပြင်းသံသဲ့သဲ့က နှစ်ယောက်အကြား ထိခတ်သွားပြီးတဲ့နောက် သော်တာနိုင်က စွပ်ပြုတ်ပန်းကန်အား စားပွဲပေါ် ပြန်တင်လိုက်ပြီး ကိုးရဲ့ပါးပြင်နှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ခပ်ဖွဖွ အုပ်ကိုင်ကာ..
“ အဲ့ဒါ ငါ မေးရမယ့်မေးခွန်းပါ.. မင်း ဘာတွေဖြစ်နေတာလဲ.. ဆရာဝန်ကလည်း ဘာရောဂါရယ်လို့ တိတိကျကျ မပြောနိုင်ဘူး.. ဒီအတိုင်း အားနည်းတယ်ဆိုတာချည်းပဲ.. ငါတို့အမေ့ကိုပြောပြီး အထူးကုဆီမှာ သေချာသွားပြရအောင်.. ဒီလပိုင်းထဲကို မင်း မေ့လဲတာ ၃ ၄ ခါ မကတော့ဘူးလေ.. ကြာရင် မင်း ဒီလိုနဲ့ လုံးပါးပါးသွားလိမ့်မယ်..”
တရှည်တလျား စိတ်ပူသံအဆုံးမှာ.. ကိုးတယောက် ရင်ထဲ နွေးနွေးလေး ခံစားလိုက်ရတယ်။ ပြီးတော့.. တချိန်တည်းမှာပဲ အရင်က သော်တာနိုင့်အား သတိရမိတယ်။
အကိုက မပြောင်းလဲဘူးပဲ..
သူ ဒဏ်ရာရလာသည်ဖြစ်စေ၊ ထွက်ပြေးလာရသည်ဖြစ်စေ၊ ဒီလိုမျိုး အနူးညံ့ဆုံး စိတ်ပူပေးတတ်ခဲ့တယ်။ မိဘတွေနဲ့တိုင်ပင်ပြီး အဖြေရှာကြမယ်၊ မင်းအတွက် ပိုကောင်းတာတွေ လုပ်ပေးမယ်ဆိုပြီးပဲ တတွတ်တွတ် ပြောရင်း တချိန်လုံး ဆိုဆုံးမနေခဲ့တာရယ်။
သူ နားမလည်ခဲ့ခြင်းများကသာ များပြားလွန်းခဲ့တာပါ..
“ ကျွန်တော် ဘာမှမဖြစ်ပါဘူး အကိုရ.. အကိုက စိတ်ပူလွန်နေတာပါ..”
သူ့ရဲ့အေးရာအေးကြောင့်အဖြေကို အကိုကတော့ ကျေနပ်ပုံမရပေ။
“ စားချိန်သောက်ချိန်ပုံမှန်ရှိတဲ့မင်းလို သန်သန်မာမာ ကလေးတယောက်က ထစ်ခနဲရှိ မူးလဲနေတာတော့ ဘာမှမဖြစ်တာ မဟုတ်နိုင်ဘူးလေ ကိုး..”
“ အခုလည်း အကိုရှေ့မှာ ကျွန်တော်အကောင်းကြီးရှိနေတာပဲဟာကိုဗျာ..”
ပြောရင်းဆိုရင်းနှင့်ပင် သူ့ပါးနှစ်ဖက်ကို အုပ်ကိုင်ထားသော အကို့လက်ဖဝါးနှစ်ဖက်အား ဆွဲယူလိုက်ပြီး တမြတ်တနိုး နမ်းရှိုက်လိုက်တယ်။ နူးအိနေတဲ့ အကို့လက်နုနုလေးတွေကို သူ့မှာ စိတ်လိုလက်ရ တင်းတင်းဆုပ်မကိုင်ရဲ။ သူ့လက်ကြမ်းကြမ်းကြီးကြောင့် ဖြူနုနေသော လက်လေးတွေ သွေးခြေဥကုန်ရင် သူ ရင်ကျိုးရချည်ရဲ့။
သူ တွန့်ဆုတ်နေသည့်အချိန်မှာပဲ အကိုက သူ့လက်တွေကို တင်းနေအောင် ဆုပ်ကိုင်လာသည်။
“ အကိုက မင်းကိုစိတ်ပူတယ်.. အကို့ကိုချစ်ရင် အကို့စကားနားထောင်.. ဟုတ်ပြီလား..”
အကို့ကိုချစ်ရင်..
ဒီစကားကတော့ အရင်နဲ့လုံးဝမတူ။ အကိုက အရင်တုန်းကဆို ဆုံးမစကားတွေ ထောင်ချီသောင်းချီ ပြောတတ်ပြီး လိမ္မာဖို့ အကြိမ်ကြိမ်နားချခဲ့ပေမဲ့.. “ အကို့ကိုချစ်ရင်..” ဆိုတာမျိုး တခါမှထည့်မပြောဖူးဘူး။ သိမ့်ခနဲ ဖြစ်ပေါ်လာတဲ့ ကြည်နူးစိတ်လေးကို အမိအရ ဖမ်းဆွဲကာ အကို့နှုတ်ခမ်းလေးတွေကို ဖိကပ်နမ်းပစ်လိုက်တယ်။
အနမ်းနွေးနွေးဟာ ရင်ထဲက အနာတရ နှလုံးသားလေးကို နှစ်သိမ့်ပေးနေသည့်အလား..
ဒီလောက်ဆို အကို့ဆီက မေတ္တာတရားနဲ့ သူ ထိုက်တန်နိုင်ပြီလား။ အကို့အတွက် ဒီအသက်ကို စတေးပေးလိုက်ရင် အကို့အပေါ် ပြစ်မှားကျူးလွန်မိခဲ့သမျှ အပြစ်ကြွေးတွေ ကျေနိုင်ပြီလား။
နှုတ်ခမ်းလွှာများ ထူပူလာသည့်အချိန်ကျမှ အနမ်းများအား ရပ်တန့်လိုက်ပြီး..
“ ဟုတ်ကဲ့ပါ.. အကို ဖြစ်စေချင်တဲ့အတိုင်း ဖြစ်စေရပါ့မယ်..”
“ နောက် အဲ့လိုအကြာကြီး အိပ်ပျော်မသွားပါနဲ့.. ကိုးရာ.. မင်းဘေးမှာ အကိုတယောက်တည်း ထိုင်စောင့်နေရတာကို ဝမ်းနည်းလို့ပါ..”
တိုးတိုးဖျော့ဖျော့တောင်းဆိုသံလေးနောက်မှာ သူ အဆက်မပြတ် ခေါင်းငြိမ့်ပြလိုက်ပြီး မျက်လုံးတွေကို မှိတ်ချလိုက်ရတယ်။ ပြည့်လျှံလာပြီဖြစ်တဲ့ ဒီမျက်ရည်တွေ အကိုမြင်ရင် ပိုဝမ်းနည်းရလိမ့်မယ်လေ။
ကျွန်တော်လည်း ဘယ်အကြာကြီး အိပ်ချင်ပါ့မလဲ အကို။ အကို့ဘေးနားနေရတဲ့အချိန်လက်ကျန်တွေကို နှမြောလွန်းလို့ ကျွန်တော့်မှာ အိပ်နေရတာကိုတောင် စိတ်ပျက်နေတာပါ။
တကယ်ပြောတာပါ ကိုသော်တာ.. ကျွန်တော် နောက်တခေါက် အိပ်ပျော်မသွားချင်တော့ဘူးဗျာ.. ကျွန်တော့်ဘေးမှာ အကိုတယောက်တည်း ထိုင်စောင့်နေမယ့်ပုံတွေ မြင်ယောင်ကြည့်မိတိုင်း.. ဒီရင်ဘတ်ထဲက လစ်ဟာမှုတွေဟာ အပြင်းအထန် နှိပ်စက်နေပြီမို့ ကျွန်တော် အိပ်မသွားချင်တော့ဘူး..
ဖြစ်နိုင်ရင်ပေါ့ အကိုရာ.. ဖြစ်နိုင်ရင်ပေါ့။
…..
“ မင်း စိတ်ချမ်းသာနိုင်ပြီလား မယ်ခင်အေး.. သူများသားသမီး သေကောင်ပေါင်းလဲ ဖြစ်နေတာ မြင်ရတော့ စိတ်ချမ်းသာရဲ့လား.. စားဝင်အိပ်ပျော်ရဲ့လား..”
ဦးထွန်းမြိုင်ရဲ့ ခပ်အုပ်အုပ် ကြိတ်ဆူသံက အပေါ်ထပ်မှာ ပျံ့လွှင့်နေလေသည်။
သော်တာနိုင်က သူငယ်ချင်းတွေနဲ့ ကျောင်းသွားအပ်နေတာဖြစ်ပြီး ကိုးက အပြင်ဆိုဒ်ထဲ အလုပ်လိုက်သွားသည့်နေ့မို့ ဦးထွန်းမြိုင်တယောက် မြိုချထားသမျှ ဒေါသတွေကို အတိုးချကာ ပေါက်ကွဲနေခြင်းဖြစ်သည်။
ဒေါ်ခင်အေးသည်လည်း မျက်ရည်တစမ်းစမ်းပင်။
“ လူဆိုတာ ကိုယ့်ကံနဲ့ကို ရှင်သန်ရတာ မယ်ခင်အေးရဲ့.. မင့်သားလေး ကံမကောင်းရင် ကောင်းအောင်လုပ်ပေးလို့ရတဲ့ တခြားနည်းလမ်းတွေရှိနိုင်ဦးမှာ.. ဘာဖြစ်လို့..”
“ တော်လည်း အသိပဲကို.. ဘာကိစ္စ ကျုပ်ကို အပ်ကြောင်းထပ်အောင် ပြောနေရတာလဲ ကိုထွန်းမြိုင်.. သော်တာက အသက် ၂၅ နှစ်ကျော်တဲ့အထိ နေလို့မရပါဘူးလို့ ဟောထားပြီးသား.. ကျုပ်သားကို ကျုပ် တတ်နိုင်တဲ့ဘက်ကနေ ကယ်တာ အပြစ်လားတော့.. အပြစ်လား..”
ဒေါ်ခင်အေးက ငိုသံပါကြီးနှင့် အော်ပြောလိုက်ပြီးနောက် ခြေပစ်လက်ပစ် ထိုင်ချကာ တရှုံ့ရှုံ့ ငိုကြွေးနေလေတော့သည်။
မိခင်တယောက်အနေနဲ့ ကိုယ့်ဝမ်းထဲ လွယ်မွေးထားတဲ့ တဦးတည်းသောသားလေးရဲ့အသက်ကို သူများသားသမီးအသက်နဲ့ လဲယူတဲ့လုပ်ရပ်က မတရားမှန်း၊ တကိုယ်ကောင်းဆန်မှန်း သူ သိပါသည်။ ဒါပေမဲ့ သူများသားနဲ့ ကိုယ်သား အလဲအလှယ်လုပ်ရမယ့်အချိန်မှာတော့.. ဘယ်လိုမအေမျိုးက သူများသားကို ရွေးချယ်နိုင်ပါတော့မလဲ။
“ အေး.. သူတပါးအသက်နဲ့ ဒီလိုတွေလုပ်ထားလို့ကို အပြစ်ဖြစ်နေတာ မယ်ခင်အေး.. အရင်ကတော့ မွေးထားတဲ့သားလေးက ကျန်းမာရေးချူချာပြီး တရှောင်ရှောင်ဖြစ်နေလို့ ပူပင်သောကရောက်နေရတဲ့ မင့်ကို မကြည့်ရက်လို့ မင်း စိတ်ချမ်းသာသလို လုပ်ပါစေဆိုပြီး ငါ လွှတ်ပေးထားတာ.. အခုက တော်တော်တရားလွန်နေပြီ..”
“ တော်ကတော့ ကိုယ့်သားလေး သေမယ့်အရေး ဒီတိုင်းကြည့်နိုင်ပေမယ့် ကျုပ်က မကြည့်ရက်ဘူးတော့.. မကြည့်ရက်ဘူး.. ကိုးကို ကျုပ်လည်း ချစ်ပေမဲ့ သော်တာက ကျုပ်သားလေ..”
ရင်ဘတ်ကို တအုန်းအုန်းနဲ့ထု ထုပြီး ငိုကြီးချက်မနဲ့ ပြောနေသော ဒေါ်ခင်အေးကိုကြည့်ပြီး ဦးထွန်းမြိုင်ခမျာမှာ စိတ်မကောင်းဖြစ်ရပြန်သည်။ သို့သော်.. ခိုကိုးရာမဲ့နေရှာသည် ကလေးတယောက်အပေါ် ရိုက်သတ်စားချင်လို့ မွေးထားသော ကြက်ကလေး ဝက်ကလေးလိုမျိုး ဆက်ဆံပစ်ဖို့အထိ၊ ဒီလိုရက်စက်ပစ်ဖို့အထိ သူ လိပ်ပြာမလုံနိုင်ပါ။
ဘယ်လိုပဲ ဖခင်ဖြစ်နေဦးတော့.. မတရားမှုသည် မတရားမှုသာ ဖြစ်သည်။ ဒါကို သူ လက်ခံရပေမည်။
“ သူ့ထိုက်နဲ သူ့ကံပါ မယ်ခင်အေးရယ်.. မင်းက ဒါတွေကို တအားယုံကြည်နေလို့ ဒီလိုအယူစွဲနေတာပါ.. အခုဆို သော်တာလည်း ကျန်းမာရေးပြန်ကောင်းနေပြီပဲ.. အဲ့အစီအရင်ဆိုတာတွေ ဖျက်လိုက်ပါတော့.. ဒီလိုနဲ့ ကိုး သေသွားရင် မင်း တသက်လုံး ဒီစိတ်ကြီးနဲ့ ဘယ်လိုနေကျန်ခဲ့မှာလဲ..”
“ တော် မသိလို့မဟုတ်ဘူး ကိုထွန်းမြိုင်.. တော် မယုံကြည်နေလို့သာ ဒီလိုစကားမျိုးပြောတာ.. သော်တာ အခုလို ကျန်းကျန်းမာမာ ဖြစ်နေတာ ကိုးနဲ့ အဲ့အစီအရင်ကြောင့်.. ဒီအချိန်မှာသာ ဒါကိုဖျက်လိုက်ရင် ကျုပ်တို့သားလေး တခုခုဖြစ်သွားလိမ့်မယ်တော့..”
ကြားလိုက်ရသော စကားက မိုးကြိုးအစင်းတရာသို့နှယ်။ သော်တာနိုင့်ငယ်ထိပ်ဆီ တန်းတန်းမှတ်မှတ် ပြေးဝင်လာသည်။
ကျောင်းကအပြန် အိမ်အောက်မှာ ဘယ်သူမှရှိမနေလို့ အပေါ်ထပ် တက်လာရာ.. အပေါ်ထပ်မရောက်ခင် လှေကားမှာတင် သူ့အဖေနဲ့အမေတို့ တယောက်တခွန်း စကားများနေတာတွေကို နားစွန်နားဖျား ကြားလိုက်ရသည်မို့ သော်တာနိုင် တိတ်တိတ်ကလေးရပ်ပြီး နားထောင်နေမိခြင်းဖြစ်သည်။
“ ကျုပ်ကတော့ ယုတ်မာတယ်ပဲပြောပြော.. ကျုပ်သားလေးကို အသေမခံနိုင်ဘူး..”
ရှှိုက်ကြီးတငင် အော်ဟစ်ငိုနေသော အမေ့ငိုသံတွေကြောင့် ပြသနာကတော့ သေးသေးမွှားမွှား မဟုတ်နိုင်ဘူးဟု ထင်ထားခဲ့ပေမဲ့ သူ ကြားလိုက်ရတာက ဘာစကားတွေလဲ..
“ ပြီးတော့ ဒီကိစ္စကို ကိုးလည်း သိတယ်.. အမေကပြောတယ်.. ကိုးကိုယ်တိုင် လက်ခံပြီး စီရင်ခဲ့လို့ ဒီလောက် မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အစွမ်းထက်တာတဲ့..”
မဟုတ်တာ.. ဘာကို လက်ခံလို့ ဘာကို စီရင်တာလဲ.. ဒါမျိုးတွေ ဒီခေတ်မှာ ဘယ်ရှိလို့လဲ..
“ ခင်အေး.. အဲ့အဘွားကြီးပြောသမျှတွေ ယုံမနေစမ်းပါနဲ့..”
“ ကိုး ဒီအိမ်ကိုရောက်မလာခင် သော်တာ့အခြေအနေနဲ့ အစီအရင်လုပ်ပြီးတဲ့နောက် သော်တာ့အခြေအနေ မတူတော့တာ တော် သိပါတယ် ကိုထွန်းမြိုင်.. ကိုးကိုယ်တိုင်ကတောင် သေဖို့အထိ သိထားပြီးပြီဆိုမှတော့ ဘာလို့ ဒီအစီအရင်ကို ဖျက်နေဦးမှာလဲ..”
ဟီးခနဲ ငိုချကာ အော်ပြောလိုက်သော ဒေါ်ခင်အေးစကားတွေကြောင့် သော်တာနိုင်တယောက် ကြောက်အားလန့်အားဖြင့် လှေကားလက်ရန်းကို လှမ်းကိုင်ကာ ကိုယ့်ကိုယ်ကို ထိန်းထားလိုက်ရတော့သည်။
…..
Thanks for reading,
To be continued..