လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၂၄ )
သဝန်တိုတတ်သော လမင်း
မွေးနေ့ဆုတောင်းနှင့်မတူသော မွေးနေ့ဆုတောင်းစကားကြောင့် သော်တာနိုင့်ရင်ထဲ သိမ့်ခနဲ တုန်ခါသွားရသည်။
လေးနက်တည်ကြည်နေတဲ့ ကိုးရဲ့ဟန်ပန်က တမင်တကာ ဟန်လုပ်နေသည့်ပုံ မဟုတ်မှန်း ခံစားမိသောကြောင့် ဖြစ်လိမ့်မယ်။ အရပ်အမောင်းချင်းရော.. ခန္ဓာကိုယ်တည်ဆောက်ပုံချင်းရော မတိမ်းမယိမ်းဖြစ်နေပေမဲ့ သူဟာ ကိုးရှေ့မှာ သေးငယ်နေသလိုလို။
ရွှန်းလဲ့စွာ စိုက်ကြည့်နေတဲ့ မျက်ဝန်းတွေထဲမှာ သာမန်ပေါ့တန်တန် မဟုတ်တဲ့ ကိစ္စမျိုးတွေ ရှိနေတယ်ဆိုတာ သော်တာနိုင် မသိစိတ်ကနေ အလိုလို ရိပ်မိနေရသည်။
ဒီကောင်လေးဟာ ဘာလို့ ဒီလောက် နက်ရှိုင်းတဲ့ခံစားချက်တွေ ပေးစွမ်းနိုင်တာလဲ ဆိုတာကိုတော့ သူ တွေးလို့မမှီနိုင်တော့ဘူးရယ်။
ဆံပင်တိုတိုကပ်ကပ်လေးကို ဂျယ်လ်လိမ်းကာ သပ်သပ်ရပ်ရပ် ဖြီးသင်ထားကာ ညိုစိမ့်စိမ့်နဲ့ ကြည့်ကောင်းနေသော ကိုးက သော်တာနိုင့်စိတ်ထဲ ပုံမှန်ထက် ပိုချောနေတယ်လို့ မှတ်ချက်ချလိုက်သည်။ ဘယ်သူနဲ့မဆို လိုက်ဖက်တဲ့ အဖြူရောင်အကျီ ၤနှင့် ဂျင်းပင်အပြာ အတွဲအစပ်က ကိုးနဲ့မှ ပိုလိုက်ဖက်နေသလိုပင်။
ကိုးရဲ့ ဒီပုံစံကိုမြင်ရင် အရင်က အိမ်ကအလုပ်သမားပါလို့ ပြောခဲ့တဲ့သူတွေ.. အလုပ်သမားပါလို့ ပြောနိုင်ပါဦးမလား။
သော်တာနိုင် စိတ်ထဲကတွေးနေရင်း ရင်ထဲက တဒိတ်ဒိတ် ခုန်လာရပြန်သည်။
ဘာကြောင့်များ ဒီနှလုံးသားဟာ သတိလက်လွတ် ဖြစ်ချင်နေရပြန်သလဲ။
သတိလက်လွတ် ရပ်ကြည့်နေမိသော သူ့ကို ကိုးက ပြုံးပြလာပြန်တော့.. သူ ပြန်ပြုံးပြမိလိုက်သလား မသိပါ။
“ အင်း.. ကျေးဇူး..”
ခပ်တိုးတိုး စကားဆိုကာ သူ လှေကားကနေ ဆင်းသွားတော့ ကိုးက သူ့နောက်ကနေ ကပ်လိုက်လာတယ်။ အတူတူ ယှဉ်တွဲလျှောက်ရင်တောင် ကိုးက အမြဲလိုလို သူ့အနောက်ဘက်ကိုပဲ ခန္ဓာကိုယ်လေး ယို့နေတတ်တာကို သတိထားမိပြန်တယ်။ သူ သတိမထားမိသေးတဲ့ ကိုးရဲ့အမူအကျင့်တွေကရော ဘာတွေဖြစ်နိုင်မလဲ။
ကဲ.. ကြည့်.. ထိန်းထားတဲ့ကြားက ဘာလို့ ဒီဦးနှောက်ဟာ ကိုးအကြောင်းပဲ တွေးနေရပြန်သလဲ။
“ မွေးနေ့ရှင်ကြီး ဆင်းလာပါပြီ.. ဟတ်ပီဘတ်ဒေး.. ယေး…”
သော်တာနိုင့်သူငယ်ချင်းတသိုက်က လက်တပွေ့လောက်ရှိတဲ့ ချောကလက် မွေးနေ့ကိတ်ကြီးကို ကိုင်ထားကာ တဟေးဟေး တဟားဟား အော်ရင်း မွေးနေ့ဆုတောင်းသီချင်းဆိုကြသည်။
ဖယောင်းတိုင်မီးတွေကို မှုတ်လိုက်ပြီး မွေးနေ့ကိတ်ခွဲကာ အဖေနဲ့အမေ့ကို ခွံ့ကျွေးပြီးတဲ့နောက်.. သူ ခွံ့ကျွေးရမယ့် မိသားစုဝင်က ကိုး ကျန်နေသေးသည်။ သူ့သူငယ်ချင်းတွေကလည်း အလိုက်တသိနဲ့ ကိုးကိုပဲ အရင်စားခိုင်းနေကြတဲ့အခါ သူ့မှာ အိုးတို့အမ်းတမ်း ဖြစ်နေရတာပေါ့။
မခွံ့ကျွေးလို့လည်း မကောင်းဘူးလေ.. ကိုးတယောက်တည်း ချန်ထားခဲ့ဖို့ကျလည်း သူက အဲ့လောက်မရက်စက်နိုင်ပါ။
သူ့ဘာသာသူ စိတ်ထဲ တမျိုးတမည်ဖြစ်နေရုံနဲ့ လူတဖက်သားကို ဝမ်းနည်းနာကျင်စေမယ့်အလုပ် မလုပ်ချင်ပေ။ ပြီးတော့ အနားကိုတိုးကပ်လာတဲ့ ကိုးခမျာ သူ့ဆီက ဒီမွေးနေ့ကိတ်လေးတလုပ်ကို စားရဖို့အတွက် သိပ်စိတ်အားထက်သန်နေရှာတဲ့ပုံစံလေး။
သူတို့မိသားစုကပေးတဲ့ ပျော်ရွှင်မှုလေးနဲ့သာ ရပ်တည်နေတဲ့ ဒီကောင်လေးကို ပစ်ပစ်ခါခါ လုပ်ရက်စရာ ဘာအကြောင်းမှ မရှိပါ။
ကိတ်မုန့်လေးခွံ့ကျွေးရုံနဲ့ ဘာဖြစ်သွားမှာမို့လဲ သော်တာနိုင်..
သော်တာနိုင် ကိုယ့်ကိုယ်ကို ပြောလိုက်ရင်း ခွံ့ကျွေးဖို့ ဆုံးဖြတ်လိုက်သည်။
ကိတ်မုန့်အဖဲ့သေးသေးလေးကို ထိုးစိုက်ထားတဲ့ ခက်ရင်းက တဖြည်းဖြည်း ကိုးရဲ့ ပါးစပ်ဆီ တိုးကပ်သွားတော့.. ပွင့်အာလာတဲ့ နှုတ်ခမ်းသား ခပ်ပါးပါးလေးဟာ အဖြူရောင်ခရင်မ်တွေနဲ့ ထိမိသွားပြီး ပေကုန်သည်။ ထိုစဉ် လျှာနီနီထွေးထွေးရဲ့ ထိပ်ဖျားလေးက ထိုခရင်မ်များကို တချက်သပ်ယူလိုက်ကာ သော်တာနိုင် ကိုင်ထားတဲ့ ခက်ရင်းဆီက ကိတ်မုန့်အဖဲ့လေးကိုလည်း တခါတည်း ငုံယူသွားလေတော့သည်။
ဒီတဒင်္ဂမှာ သော်တာနိုင်တယောက် အသက်ရှုအောင့်ထားမိတဲ့အထိ ပျော်ဝင်သွားရသည်။
ကိတ်မုန့်လေး တဖဲ့စားလိုက်ရတာကို တကမ္ဘာလုံး ပိုင်ဆိုင်သွားသလိုမျိုး အပြုံးတွေနဲ့ ကိုးက ပြုံးပြသည်။ ခက်ရင်းအလွတ်လေးကို ကိုင်ထားဆဲ သော်တာနိုင်ကတော့ ထိုအပြုံးကြောင့် အချိန်တွေရပ်တန့်သွားသလိုပင် ခံစားလိုက်ရလေသည်။
ထိုသေးငယ်သော ပျော်ရွှင်မှုလေးပင်လျှင် ကြုံတောင့်ကြုံခဲ ဖြစ်နေသည်မို့ ထင်ပါရဲ့.. ကိုးအပြုံးတွေကအစ တအားချိုမြိန်နေသည်။
သူ့ဆီက ချိုချဉ်လေးတွေရရင်ရော ကိုးက ဒီလို ပျော်တတ်ခဲ့သလား..
“ ငါ့အလှည့်.. ငါ့အလှည့်..”
သူ့သူငယ်ချင်းတွေ တယောက်ပြီးတယောက် အလုအယက်နဲ့ ကိတ်မုန့်စားဖို့ တိုးလာကြတော့မှ သော်တာနိုင် သတိပြန်ဝင်လာရတယ်။ ဆူညံနေသော ရင်ခုန်သံများနှင့်အတူ ကျိတ်ကာ ရှိုက်ချရသည့် သက်ပြင်းမောများကို ပိုင်ရှင်မှလွဲ.. တခြား မည်သူမှသိနိုင်မည်မထင်။
အိမ်မှာ ကိတ်မုန့်နှင့်မုန့်များ စားသောက်ပြီးကြသည်နှင့် လူငယ်လေးတသိုက် မြို့ပတ်ကာ လျှောက်လည်ဖို့ ထွက်လာကြသည်။ အကုန်လုံးက ကိုယ့်အစီအစဉ်နဲ့ကို ကိုယ့်ဆိုင်ကယ်နဲ့ကို လာကြသည်မို့.. သော်တာနိုင်နှင့် ကိုးက နှစ်ယောက်တတွဲ ဆိုင်ကယ်တစီး အတူတူစီးလိုက်ရသည်။
ရှေ့က ဆိုင်ကယ်မောင်းနေသော သော်တာနိုင်ရဲ့ကျောပြင်လေးကို ကိုးမှာ တစိုက်မတ်မတ် ကြည့်နေရင်း မထိဝံ့ မကိုင်ဝံ့။
သော်တာနိုင် စိတ်အနှောင့်အယှက် ဖြစ်သွားမှာ စိုးသောကြောင့် လက်နှစ်ဖက်လုံးက ဆိုင်ကယ်နောက်တန်းကိုသာ ခပ်တင်းတင်း ဆုပ်ကိုင်ထားရလေသည်။ စိတ်ထဲမှာတော့ ဒီတပွေ့စာ ခါးလေးကို သိမ်းကျုံးဖက်ထားလိုက်ချင်တဲ့ ဆန္ဒတွေအပြည့်နဲ့ရယ်ပေါ့။
တခုခုအကြောင်းရှိလို့သာ.. သူ့ကိုရှောင်နေတာမို့ ဒီနေ့လို မွေးနေ့ကြီးမှာ သူ့ကြောင့် စိတ်မကြည်မလင် ထပ်မဖြစ်စေချင်ပါ။ အခုလို အတူလိုက်ခွင့်ပြုတာကိုပဲ ကျေးဇူးတင်ရမှာ။ အတူတူလည်ပတ်ခွင့်ဆိုတာ သူ့အတွက် ဒါပထမဆုံးအကြိမ်မို့လား။
ဘာကြောင့် ရှောင်နေရတာလဲ.. ဆိုတဲ့မေးခွန်းကို ထုတ်မေးဖို့ အခွင့်အရေးရအောင်သာ အခါအခွင့် စောင့်နေရတော့သည်။
.....
မန္တလေးတောင်ခြေက ကုသိုလ်တော်ဘုရားရောက်တော့.. အကိုက ဘုရားကပ်ဖို့ ကြာပန်းတွေ ဝင်ဝယ်တယ်။
တောက်ပသော ခရမ်းရောင်၊ ပန်းရောင်နှင့် အဖြူရောင်တို့ ရောယှက် ပွင့်အာနေသည့် ကြာပန်းစည်းလေးက ကိုင်ထားသည့် အကိုနဲ့ ယှဉ်လျှင်တော့ အတော်ပင် အရောင်ဖျော့သွားရရှာလေတယ်။
ကြာရိုးခပ်ရှည်ရှည်က အကို့လက်ချောင်းရှည် ဖြူဖြူသွယ်သွယ်လေးတွေလောက် မတင့်တယ်နိုင်ပါ။
ကြာပန်းလေးသာ ခံစားချက်ရှိလျှင် သော်တာနိုင်အဖြစ် လူဝင်စားလာသည့် ဒီလမင်းကြောင့် မလှပနိုင်လို့ ငိုနေမည်လား မပြောတတ်။
ဘုရားရှိခိုးပြီး ဆင်းလာတော့.. သနပ်ခါးလိမ်းလို့ရသည့်နေရာသို့ ရောက်သွားကြသည်။ အကိုက သူ့သူငယ်ချင်းတွေနဲ့ တယောက်ကို တယောက် သနပ်ခါး လိုက်တို့ကြ၊ စကြ နောက်ကြနဲ့ ရယ်မောနေကြတာကို ကြည့်ပြီး သူပါ ရောယောင်ကာ လိုက်ပျော်မိရတယ်။
အကို ရယ်မောနေရင်ကို သူ့အတွက်က ငေးကြည့်ရုံနဲ့တင် အပျော်တွေကူးစက်လာရတယ်လေ။
“ ဟေ့.. ကိုး.. ညီလေး လာလေကွာ.. မင်းကလည်း အဲ့လိုကြီး တယောက်တည်း ခွဲရပ်မနေပါနဲ့..”
အကို့သူငယ်ချင်းအုပ်စုထဲက မျက်လုံးဝိုင်းဝိုင်း အရပ်ပုပုနဲ့ မျက်မှန်တပ်ထားသည့်တယောက်က သူ့ကို လှမ်းခေါ်တယ်။
“ သော်တာ.. မင်းကလည်း ငါတို့နဲ့ပဲ ပလူးနေတာ.. ကိုယ့်ညီကို အရေးမလုပ်ဘူး.. ကိုး ဘာမှအနေကျပ်မနေနဲ့.. အကို့နာမည်က လင်းထွဋ်.. ဒီဘက်က ကျော်ဇင်မြင့်.. ဟိုက ဝတုတ်က ဇေယျာ.. ဂလန့်ဂလားကောင်က သူရစိုး တဲ့.. ငါတို့နဲ့ လိုက်လာပြီး ကျောက်ရုပ်ကြီးလို လုပ်မနေနဲ့.. အေးဆေးနေ..”
လင်းထွဋ်ဆိုသော လူကြောင့် ကိုးမှာ စိတ်ထဲကနေ ခနဲ့တဲ့တဲ့ ပြုံးလိုက်မိသည်။
ကိုယ့်ထက်နှစ်ပြန်လောက်ငယ်သည့် ချာတိတ်များက ကိုယ့်အား ကလေးသဖွယ် လာဆက်ဆံနေတော့.. ရယ်ချင်ပက်ကျိ ဖြစ်မိသား။ သူဌေးသားလေးများအုပ်စုက သူ့အား ဂရုဏာသက်စွာ ကြည့်နေကြရင်း..
“ ဟုတ်သားပဲ သော်တာရာ.. ငါတို့လည်း ကိုး ပါလာတာကိုတောင် မေ့နေတာ.. ကိုး ဒီဘက်လာ.. အကို သနပ်ခါး လိမ်းပေးမယ်..”
အသားခပ်ဖြူဖြူနဲ့ အဖွဲ့ထဲမှာ အရပ်အရှည်ဆုံး တောင့်တောင့်ဖြောင့်ဖြောင့်ဖြစ်တဲ့ သူရစိုးက သူ့ကို လက်မောင်းက ဆွဲခေါ်ကာ သူ့ပါးပေါ်ကို သနပ်ခါးပါးကွက် ကွက်ပေးတော့တယ်။
ကိုးအတွက်ကတော့.. ဒီလူမမယ် သူဌေးသားများနှင့် ဘယ်လိုပေါင်းရသင်းရမှန်း မသိပါ။ အာ့ဟောက်ကလည်း ဒါမျိုးတွေ မလုပ်ပေးဖူးတာမို့ ဘယ်လိုတုန့်ပြန်ရမှန်းလည်း မသိ။ သေချာပေါက် သဘောမကျပေမယ့် ရုန့်ရင်းဆန်ခတ် ငြင်းဆန်လိုက်လျှင် သော်တာနိုင် မျက်နှာပျက်မည်စိုးသောကြောင့် ကိုးမှာ အသာလေး သနပ်ခါးအလိမ်းခံနေရတော့လေသည်။
“ အယ်.. လှသွားပြီ.. ဟေ့ရောင်တွေ.. ငါ့လက်ရာမိုက်တယ်မလား..”
သူရစိုးရဲ့အော်သံကြောင့် သူတို့အဖွဲ့အပြင် ဘေးမှာရှိနေသည့် မိန်းကလေးများကပါ လှည့်ကြည့်လာသည်။
တဟိဟိ တဟားဟား ရယ်သံများကလည်း ဝေဝေဆာလို့ပေါ့။ အရင်က အကြည့်ခံရသလိုမျိုး လှောင်ပြောင်အထင်သေးသည့် အကြည့်မျိုးတွေ မဟုတ်ပေမယ့် ကိုးမှာ တခါမှ ဒီလိုရွယ်တူတွေဆီက အာရုံစိုက်ခြင်းမခံရဖူးတော့ အနည်းငယ် ရှို့တို့ရှန်းတန်း ဖြစ်သွားရတယ်။
ချိတ်ဆွဲထားသည့်မှန်ထဲ ကြည့်လိုက်တော့.. သူ့ပါးပြင်နှစ်ဖက်မှာ နားရွက်နှစ်ဖက်ထောင်နေသည့် ယုန်ပုံ သနပ်ခါး ပါးကွက်လေး။
မျက်နှာမှာ ပေကျံစရာ ချွေးနဲ့သွေးကလွဲလို့ တခြားမရှိခဲ့တဲ့ သူ့ဘဝမှာ.. ဒီလို ချစ်စရာ သနပ်ခါး ပါးကွက်ကွက်ဖို့ လားလားမျှ မတွေးမိဖူးဘူး။ အိမ်မက်ထဲတောင် ထည့်မမက်ဖူးသည့် ကိုယ့်မျက်နှာကို သေချာ ပြန်ကြည့်ယူနေရင်း ရှက်လာတယ်။
ထို့ပြင် ထိုဂလန့်ဂလားကောင်ကို ဖင်ကနေ ဆောင့်ကန်ပစ်ချင်စိတ်တွေက တဖွားဖွား။
သူ့မျက်နှာကိုလာကြည့်လိုက်.. ကျေနပ်ပီတိ ဂွမ်းဆီထိ သလို မျက်နှာကြီးဖြီးလိုက် လုပ်နေသေးတယ်။ ဘယ်လိုပဲ တနှစ်ငယ်တယ်ပြောပြော.. ယောကျာ်းလေးကို ဒါမျိုး လာလုပ်စရာလား။
ဘယ်သူ့ပါးထင်လို့ လက်ကမြင်းကြောလာထနေမှန်း မသိဘူး.. အရင်က ကိုးသာဆို ချက်ချင်း ထကန်မှာ သေချာတယ်။
အတွင်းကျိတ် ကျိတ်ကာ စိတ်တိုနေသည့်သူ့ကို ပါးပေါ်က ယုန်နှစ်ရွက်နှစ်ဖက်က ထပ်ပြောင်ပြနေသယောင်။
စိတ်ပေါက်ပေါက်နဲ့ ထိုဂလန့်ဂလားကောင်ကို ဆောင့်ကြီးအောင့်ကြီး ပြုံးပြလိုက်ပြီး အကို့ဘက်လှည့်ကြည့်တော့.. အကိုက သူ့ကိုကြည့်နေတယ်။
အကို့ရဲ့ ခပ်တည်တည် မျက်နှာထားကြောင့် သူ့မှာ ချက်ချင်းပဲ ပါးပေါ်က ယုန်ပါးကွက်ကို ဖျက်ပစ်ရတော့မလိုလို။ ဘယ်လောက်ပဲ မျက်နှာမပျက်အောင် ထိန်းနေပေမယ့်.. သူ ဖတ်လို့ရပါတယ်။
အကို့မျက်နှာပေါ်မှာ ရေးထားတာက..
ငါ.. မ.. ကြိုက်.. ဘူး.. ဟုပင်။
ကိုးရဲ့ နှစ်ဘဝစာမှာ သော်တာနိုင့်ကို ကြောက်ဖူးတာ ဒီတခါပဲ ရှိလိမ့်မယ်။
ခပ်တင်းတင်း စိထားတဲ့ နှုတ်ခမ်းနှစ်လွှာနဲ့အပြိုင် အံကြိတ်ထားတဲ့ မေးရိုးတွေက တင်းမာနေဟန်ကို ပြသနေသည်။ အမြဲတစေ ရယ်ရိပ်သန်းနေတဲ့ မျက်ဝန်းအကြည်ဓာတ်လေးက အခုတော့ အုံ့မှိုင်းလို့။ မျက်ခုံးမွှေးကွေးကွေးလေးကတောင် အလိုမကျနေတဲ့ပုံစံ။
“ ဟားဟား.. ကိုးက ချစ်စရာလေးပဲကွ.. ဒီဘက်ကိုလှည့်ဦး.. နှာခေါင်းထိပ်မှာ ကွက်ပေးမယ်..”
သူရစိုးက ပြောပြောဆိုဆိုနဲ့ ကိုးရဲ့ လက်မောင်းကို သွားဆွဲနေပြန်သည်။
ဒီကောင်ကတော့ကွာ..
ဒီမြင်ကွင်းကို သော်တာနိုင့်စိတ်ထဲ သဘောမကျချင်။
သူရစိုးဆိုတဲ့ကောင်က သူတို့အဖွဲ့ထဲမှာ.. သူ့လိုပင် ဆယ်တန်းတနှစ်ကျထားတဲ့ကောင်။ သူနှင့်မတူသည်က သူရစိုးက ကျောင်းမှာဆိုလည်းကျောင်းမို့၊ ကျူရှင်မှာလည်းကျူရှင်မှာမို့၊ သင်တန်းလည်းမရှောင် ရည်းစားဗောက်သောက်ထားသည်။ ထည်လဲတွဲသည်။ မိန်းကလေးတိုင်းနှင့် ပရောပရီလုပ်လွန်းသည်။
မိန်းကလေးတွေနဲ့သာ တွဲတဲ့ ဒီအဖြောင့်ကောင်က ဘာစိတ်ကူးပေါက်ပြီး ကိုးကို သူ့ရည်းစားတွေလို ကယုကယင် လုပ်နေသလဲ မသိပေမယ့်.. ဒီလိုပုံစံမျိုးကို လုံးဝကြိုက်မနေဘူး။
“ သူရစိုး.. တော်တော့.. ကိုးကို အဲ့လိုမစနဲ့.. သူ မနေတတ်တော့ဘူး..”
“ မင်းကလည်းကွာ.. ချစ်လို့စတာပဲဟာကို.. ဆောရီးနော် ကိုး.. အကိုက မင်း ပျင်းနေမှာစိုးလို့ စလိုက်တာ..”
အနှီဂလန့်ဂလားကောင်သည် အင်မတန် လက်ရဲဇက်ရဲ နိုင်သည်။ တဟဲဟဲ ရယ်ကာ ကိုးရဲ့ခေါင်းကို ဖွဖွလေး ပုတ်လိုက်သည်။ ယုန်ပါးကွက်လေးက ချစ်စရာလေးဟုဆိုကာ ပါးကို ဆွဲညှစ်နေပြန်သည်။
ကိုးရဲ့ ဘယ်ပုံစံက မိန်းကလေးနဲ့တူနေလို့ ဒီလို အီစီကလီစီတွေ ထလုပ်နေတာလဲ.. သော်တာနိုင် နားမလည်တော့ပါ။
“ ကိုး.. ဒီကို လာ..”
သူရစိုး လုပ်သမျှ ငြိမ်ခံနေသည့် ဒင်းကိုလည်း နဖူးကို တောက်ခနဲနေအောင် ခေါက်ပစ်ချင်တာမှ တအား။ အရင်ကတော့ အနားမှာ တပူးတကပ်ကပ် လုပ်နေပြီး.. အခုကျမှ ဘာကိစ္စ ဟိုကောင့်ဆီကနေ ခွာမရ ဖြစ်နေရတာလဲ။
ဒီကောင်လေးဟာ.. ဘယ်ဘဝက ဘာလုပ်ခဲ့လို့များ ဒီလို ယောကျာ်းတွေကြားမှာ အမြဲတမ်း ထင်ပေါ်နေတာပါလိမ့်..
တွေးနေရင်းနဲ့ပဲ အနားကို ခပ်ကုတ်ကုတ် ရောက်လာသည့် ကိုးရဲ့ပါးပေါ်က ယုန်ပါးကွက်ကို ထိန်းထားသည့်ကြားက ကြည့်လိုက်မိသေးသည်။
နေလောင်ခံထားရသည့် မျက်နှာပေါ်မှာ သနပ်ခါးတင်လိုက်တဲ့အခါ မှုန်ညက်ညက်လေးနဲ့ ကြည့်လို့တော့ အကောင်းသား။ ယုန်ပါးကွက်က တခြား၊ ခပ်ချွန်ချွန် မျက်နှာကျက တခြား.. မလိုက်ဖက်ဘူးလို့ ထင်ရပေမယ့် ဆွဲဆောင်မှုရှိသလိုလိုရယ်။
သူရစိုးက ချစ်စရာကောင်းတယ်ပြောတာလည်း လွန်တော့မလွန်ပါဘူးလေ..
“ အကို.. ကျွန်တော် သနပ်ခါးတွေ ဖျက်လိုက်ရမလား.. ကြည့်ရဆိုးနေလား..”
“ မဖျက်နဲ့..”
ပါးကို ပွတ်သုတ်ဖို့ ဟန်ပြင်နေသော ကိုးကြောင့် ခပ်မြန်မြန် တားလိုက်ပြီး ကျန်တဲ့ကောင်တွေကို ပြန်ဖို့ လောဆော်ရတော့တယ်။
တခြားကောင်တွေကတော့ ဘာသိဘာသာ ဖြစ်နေပေမယ့် သူရစိုးရဲ့အကြည့်တွေကို သူ တကယ်ကြီးကို သဘောမကျဘူး။ အလယ်တန်းလောက်ကတည်းက ပေါင်းလာတဲ့ကောင်မို့ ဒီကောင် ဘာစကားပြောရင် ဘယ်ခြေလှမ်းလှမ်းမယ်ဆိုတာ ကြိုသိပြီးသား။
မိန်းကလေးတွေ ကြိုက်ခဲ့ရင်တောင် ယောကျာ်းလေးတွေကို ပြောင်းမကြိုက်ဘူးလို့ မပြောနိုင်ဘူးလေ.. ဥပမာ သူ့ကိုပဲ ကြည့်..
အား… သော်တာနိုင်.. ချီးလို အတွေးတွေ..
ကိုယ့်အတွေးနဲ့ကို ဗြောင်းသတ်နေသော သော်တာနိုင့်ခမျာ ဘယ်သူ့ကိုမှ မစောင့်နိုင်ပဲ စောင်းတန်းထဲ ခပ်သွက်သွက် လျှောက်ကာ ရှေ့ကနေ ဦးဆောင်ထွက်သွားတော့သည်။
သော်တာနိုင့်အနားမှာရှိသော ကိုးသာ သော်တာနိုင့်အနောက်ကနေ အပြေးတပိုင်း လိုက်လာရင်း..
“ အကို.. ဖြည်းဖြည်းလျှောက်ပါဗျာ.. အနောက်မှာ ကိုသူရစိုးတို့ ကျန်ခဲ့ပြီ..”
လူစုကွဲသွားမှာစိုးလို့ ကိုးက စိုးရိမ်တကြီး လှမ်းတားလိုက်တဲ့အခါ သော်တာနိုင်က တုန့်ခနဲ ခြေလှမ်းရပ်လိုက်ပြီး..
“ အဲ့လောက် စိတ်ပူနေရင်လည်း မင်း ချန်နေခဲ့လေ.. နောက်မှ သူတို့နဲ့ လိုက်လာခဲ့ပေါ့..”
ကိုးတယောက် ချန်မနေခဲ့ပါ။
ဆောင့်ကြီးအောင့်ကြီး ထွက်သွားသော သူ့လမင်းကြီးရဲ့ ကျောပြင်ကိုကြည့်ကာ ကျေကျေနပ်နပ်ကြီး ပြုံးချလိုက်ပါတော့တယ်။ အရမ်းကြီး ပြုံးနေမိလို့တောင် ကိုယ့်အောက်နှုတ်ခမ်းကို အတင်းဖိကိုက်ထားရတယ်။
အကို ဘာဖြစ်နေတယ်ဆိုတာ သူ နည်းနည်းတော့ ရိပ်မိသလို ရှိလာပြီ ထင်ပါရဲ့။
…..
“ မင်းတို့ကလည်း ငါတို့ကို မစောင့်ဘူး.. ငါတို့မှာ စောင်းတန်းထဲ လိုက်ရှာနေသေးတယ်..”
အကို့သူငယ်ချင်းတွေက ပွစိပွစိပြောရင်း ဆိုင်ကယ်ပေါ် ကိုယ်စီတက်ကြတော့..
“ မင်းတို့ ဆက်သွားချင်ရင်လည်း သွား.. ငါတို့တော့ မလိုက်တော့ဘူး.. ပြန်တော့မယ်..”
မကြည်မလင် ဖြစ်နေသော သော်တာနိုင်က ယတိပြတ်ပြောပြီး ဆိုင်ကယ်စက်နှိုးလိုက်တော့သည်။
“ ဟ.. မင်းမွေးနေ့မို့ အတူတူသွားလည်ကြတာလေကွာ.. အဲ့လိုကြီး မလုပ်ပါနဲ့.. ဘာဖြစ်လို့လဲ..”
“ နေအရမ်းပူနေတယ်.. ငါ နည်းနည်းခေါင်းကိုက်လာလို့.. အိမ်ပြန်နားတော့မယ်ကွာ..”
မကျေမနပ်အသံတွေက ဆူညံပူညံဖြစ်လာကြတဲ့အထဲ မျက်စိပျက် မျက်နှာပျက်ဖြင့် အကဲဆုံး အဆိုးဆုံးက သူရစိုး။
“ သော်တာက နောက်ပြီ.. ငါတို့က တနေကုန်လည်ဖို့ အိမ်ကိုတောင် ခွင့်တောင်းလာကြတာကို.. မင်း နေမကောင်းလို့ ပြန်နားချင်ရင်လည်း ပြန်လေ.. ကိုးကို ငါတို့နဲ့ထည့်လိုက်.. ညနေကျ ပြန်ပို့ပေးမယ်..”
ဟ.. ဒီကောင်က ဘာလား..
ဒီတဏှာရူးကတော့ကွာ..
ကိုးရော သော်တာနိုင်ပါ ကိုယ်စီအသံတိတ်ကျိန်ဆဲမှုတွေနှင့်အတူ သူရစိုးကို ပြိုင်တူလှည့်ကြည့်လာကြသည်။
ဘယ်သူက မင်းနဲ့ လိုက်လည်ချင်နေလို့လဲ.. ဒီသောက်ကလေးက ဖင်အတော်ယား..
မင်းခေါ်လို့ကို မထည့်ချင်တာ.. ကြောင်ချီးလို ပျော့စိလဖတ်ကောင်..
နှစ်ယောက်လုံးဆီက သေတွင်းပို့ချင်နေတဲ့ ဒေါသအရောင်အဝါတွေရယ်၊ ရောင်ခြည်လေဆာတန်းလို အကြည့်တွေရယ်ကြောင့် အကြည့်ခံနေရသူ သူရစိုးတယောက်ခမျာ.. ပြုံးစိစိ လုပ်နေရာကနေ တဝက်တပျက်ကြီး အလန့်တကြားဖြစ်သွားရလေတော့သည်။
စိန်ကောင်းကျောက်ကောင်း ရောင်းဝင်နေသည့်ကြား ဆေးရိုးသည်က ကန့်လန့်ကန့်လန့် လာလုပ်နေလို့ နှင်ထုတ်ပစ်ချင်နေသည့် အမူအရာပင်။
ဒီနောက်မှလာပေါက်နေသော ရွှေကြာဂလန့်ဂလားကောင်ခမျာ အရင်းကနေ ကတ်ကြေးနဲ့ ကိုက်ဖြတ်ပစ်ခံရတော့မည့် လက်ရှိအနေအထားကို မသိရှာပေ။
သူရစိုးက လန့်ဖြန့်သွားပေမယ့် အရိပ်သုံးပါး နားမလည်သည့်နှယ် ပြောင်တိပြောင်စပ် မျက်နှာဖြင့်..
“ ကိုး.. ညီလေး.. အကိုတို့နဲ့ လိုက်ခဲ့မယ်မလား..”
“ မလိုက်ရဘူး..”
ကိုးကို ဖြေခွင့်တောင်မပေးပဲ သော်တာနိုင်က ခပ်ပြတ်ပြတ် ဝင်ဖြေလာသည်။
သူရစိုးရဲ့ အကြည့်ရွှဲကြီးတွေကို ကိုး အခုမှ သတိထားမိတော့တယ်။ သနပ်ခါးလိမ်းပေးနေတုန်းက စိတ်ထဲမထင်ထားတာကြောင့် မသိခဲ့ဘူး။ ဒါကို ဘေးကကြည့်နေတဲ့ အကိုက သိနေခဲ့တာလား။ ဒါကြောင့် အကိုက ဒီကောင်နဲ့ ဆက်မသွားချင်တော့တာလား။
သဘောက.. အကိုက သူ့ကို သဝန်တိုနေတာပေါ့..
လက်သီးလက်မောင်းတန်းကာ အားခနဲ အော်ဟစ်ပစ်ချင်စိတ်ကို ချက်ချင်းပဲ မနည်းအောင့်အီးမြိုချလိုက်ရတယ်။
“ မင်းကလည်း.. သူ လိုက်ချင်ရင်လိုက်ပါစေပေါ့.. ဘာဖြစ်နေတာလဲ.. ဒီကောင်..”
“ သူရစိုး.. မင်း တော်တော်စကားများတဲ့ကောင်.. ငါ မထည့်ချင်လို့ မထည့်တာကွာ..”
သူရစိုးနှင့် သော်တာနိုင်တို့ အချေအတင်ဖြစ်နေကြသည်ကို ကိုးမှာ အာရုံမစိုက်နိုင်တော့။
အကိုက ဘာလို့ ရှောင်နေခဲ့တာလဲ.. အခုရော ဘာလို့ ဒီလိုတွေဖြစ်နေရတာလဲ.. ဆိုတဲ့အကြောင်းအရင်းကို နားလည်သဘောပေါက်သွားပြီမို့ အပျော်လုံးဆို့ပြီး မျက်ရည်တွေတောင် လည်လာရပြီ။
ရင်ထဲက လှိုက်တက်လာသော ဝမ်းသာဝမ်းနည်း ခံစားချက်တွေက နှလုံးသားဆီ တည့်တည့်ဆောင့်တိုးဝင်နေတဲ့အခါ ထိုင်နေတဲ့ ဆိုင်ကယ်နောက်ခုံပေါ်မှာ ကိုယ့်လက်သီးဆုပ်ကို ပြန်ကိုက်ထားကာ ဘာကိုမှ အရူးထ လျှောက်မလုပ်မိအောင် ထိန်းနေရသည်။
“ ကိုး.. ညီလေး လိုက်ချင်တယ်ဆို ကိုသူရ အန်တီတို့ကို ဖုန်းဆက်လှမ်းပြောပေးမယ်လေ..”
“ ကိုးကို ငါမပါပဲ ဘယ်မှခေါ်မသွားရဘူး.. အမေတို့ကလည်း စိတ်ချမှာမဟုတ်ဘူး.. နောက်မှ ထပ်ဆုံကြတာပေါ့.. ဒီနေ့တော့ ငါတို့ ပြန်တော့မယ်..”
ပြောပြောဆိုဆိုနှင့် ဆိုင်ကယ် မောင်းထွက်လာခဲ့တဲ့ သော်တာနိုင်က နောက်ကြည့်မှန်ထဲကနေ သူ့ကို လှမ်းကြည့်နေတယ်ဆိုတာကိုတော့ မျက်ရည်တဝိုင်းသားဖြင့် ကိုယ့်လက်သီးကို ပါးစပ်ထဲထည့်ကိုက်ထားသည့် ကိုးခမျာ သတိမထားမိရှာပေ။
…..
Thanks for reading,
To be continued..