လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၂၀ ) ပြောင်းလဲနှင့်ပြီးသော ကံကြမ္မာ
" ဟော.. ဟော.. ဟောတော့.. ဗြန်းခနဲဆို..
လန့်လိုက်တာရှင်..
လောင်းလိုက်တာ.. ပက်လိုက်တာ..
ရေရေတွေ ရွှဲကုန်ပြီ.."
မင့်ဂျီးတော်ကြီးပဲ ရေတွေရွှဲနေလိုက်..
ကျုံးဘေးမှာ ပြွတ်သိပ်ညပ်နေတဲ့ ရေပက်ခံကားတန်းကြီးကိုကြည့်ပြီး ကိုး စိတ်ထဲ ဘူ နေရလေပြီ။
မန္တလေးသင်္ကြန် တခါမှမလည်ဖူးတဲ့ သူ့စိတ်ထဲ ထင်ထားသည်က မဏ္ဌပ်တွေအောက် ကားထိုးကာ.. ရေပက်ခံကြ.. ကကြခုန်ကြ.. ပျော်ကြပေါ့။ အခုတော့ ကြည့်ပါဦ။ ကျုံးပတ်လည် နေပူကြီးထဲ မဏ္ဌပ်တခုဆီရောက်ဖို့အရေး နာရီနဲ့ချီပြီး နေပူလှမ်းခံနေရသည်။
သင်္ကြန်ဆိုလျှင် အမြဲတမ်းလိုလို တခြားနယ်တွေဘက် ရောက်နေတာနဲ့ ကြုံခဲ့ရတာချည်းပဲမို့.. အခုတော့ မန္တလေးသင်္ကြန်ကို အပီကဲမည်လို့ တွေးထားသည်များလည်း နေပူကျဲကျဲအောက် အငွေ့ပျံသွားလေတော့သည်။
လမ်းဆင်းလျှောက်ပြီး မဏ္ဌပ်တွေအောက် သွားရင်တော့ ရပေမယ့် မိန်းကလေးများပါ လိုက်လာပါက.. စင်အောက်က အမူးသမားနှင့် အဆင်မပြေ။
" ပူတာကွာ.."
သော်တာနိုင်က နေပူနေသည့်ဘက်ကို ကျောပေးလိုက်ရင်း ခပ်တိုးတိုး ညီးတော့.. သော်တာနိုင့်ဘက်ကို မသိမသာတိုးကာ ကိုးတယောက် ခြေဖျားထောက်ပြီး အရိပ်ရအောင် မိုးပေးလိုက်သည်။
သူပြောလိုက်သည်နှင့် ရုတ်တရက် ချက်ချင်းကြီး အရိပ်ကျလာသောကြောင့် သော်တာနိုင်က ကိုးဘက် ပြန်လှည့်ကြည့်တဲ့အခါ ထိုနေပူခံကောင်လေး ကိုးမှာ မသိလိုက်မသိဘာသာဖြင့် အော်ဟစ်ပျော်ရွှင်နေသူများကို ငေးမောကြည့်နေလျှက်။
" ကိုး.."
ကိုးက လူတွေကို အငေးမပျက်..
" ဗျာ.."
စိတ်ထဲမှာ တခုခုမလုံမလဲဖြစ်သည့်အချိန်တိုင်း ကိုးက သူ့ကိုမကြည့်ပဲ ပြန်ထူးတတ်သည်ကို သော်တာနိုင် သတိထားမိသွားသည်။ ကလေးရုပ်လေးနဲ့ လူကြီးစကားပြောတတ်ပြီး လူကြီးဟန်ပေါက်နေတဲ့ ကလေးဆန်မှုလေးတွေက ဒီလိုအပြုအမူသေးသေးလေးမှာ ပေါ်နေတတ်တာပါလား။
" မပူဘူးလား.."
" ဘာကိုလဲ အကို.."
တမင်နေပူခံပြီး ကာပေးထားမှန်းသိလို့ မေးတာတောင် ဒီကောင်လေးဟာ မသိချင်ယောင်ဆောင်ကာ သူ မဟုတ်သလို လုပ်နေလိုက်သေးတယ်။ ဘယ်လိုကောင်လေးမှန်းကို မသိတော့ဘူးရယ်။
" ဒီလောက်နေထိုးနေတာကို ဘာတွေမပူချင်ယောင်ဆောင်နေတာလဲ.."
ကိုးရဲ့ဗိုက်ဆီကို တံတောင်နဲ့တွတ်လိုက်ရင်း စလိုက်ပေမယ့် ကိုးက သူ့ကိုတုန့်ပြန်မလာဘူး။ ဖျတ်ခနဲ အကြည့်တချက်နဲ့ ကိုးရဲ့ အာရုံတွေက သူ့ဆီမှာမရှိတော့။ သူတို့ကားနဲ့ မနီးမဝေးက မဏ္ဌပ်အောက်မှာ ကနေတဲ့ လူငယ်အုပ်စုကိုသာ တစိုက်မတ်မတ် ကြည့်နေလေသည်။
ထိုလူငယ်အုပ်စုကို ကိုးက အံ့သြသင့်တဲ့အကြည့်တွေနဲ့ အကြည့်မလွှဲတော့သည်မို့ သော်တာနိုင်ပါ ထိုနေရာသို့ ထပ်ခါတလဲလဲ လိုက်ကြည့်ဖြစ်သည်။ ကျောင်းကသူငယ်ချင်းကို တွေ့လို့များလားဆိုပြီး မေးနေတာတောင် ကိုးကတော့ သူ့ကိုပြန်မဖြေအား။
ထိုကြည့်နေသည့်နေရာကိုသာ တအံ့တသြ ဆက်ကြည့်နေကာ..
" ကျွန်တော် ခဏလေး.. အသိတယောက်တွေ့လို့.."
ပြောရင်းဆိုရင်းနဲ့ပင် ကားပေါ်က ခုန်ဆင်းသွားသော ကိုးကို သော်တာနိုင် တားပါသော်လည်း မမှီလိုက်။ ခပ်သုတ်သုတ် ပြေးထွက်သွားသည့်ကိုးနောက် သူပါ လိုက်သွားဖို့ရာ ကားပေါ်က ခုန်ဆင်းလိုက်သည်။
" အမေ.. ကိုးက မဏ္ဌပ်အောက် သွားကမလို့နဲ့ တူတယ်.. သား လိုက်သွားဦးမယ်.. ခဏနေပြန်လာခဲ့မယ်.."
" ရန်တွေဘာတွေမဖြစ်နဲ့နော် သော်တာ.. ဂရုစိုက်ဦး.. အကြာကြီးလည်းမနေနဲ့.."
အမေ့စိတ်ပူသံတွေက နောက်ကျောဆီမှာကျန်ခဲ့လေပြီ။ မြင်နေရသည့် နောက်ကျောပြင်လေး ပျောက်သွားမှာစိုးတာနဲ့ သော်တာနိုင် မျက်ခြေမပြတ်အောင် အမှီပြေးလိုက်ရတော့တာပေါ့။ သော်တာနိုင် စိတ်ထဲထင့်နေမိသည်က ကိုးပုံစံက မူမမှန်သလိုဖြစ်နေသည့်အပြင် ရုတ်တရက်ကြီး တခြားတယောက်လို ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။
ဘုရားကျောင်းက သူငယ်ချင်းကိုတွေ့လို့များလား..
မဏပ်အောက်မှာ ကနေသည့် လူငယ်အုပ်စုမှာ အယောက် ၃၀ ၄၀ လောက်ရှိသည်။ ကိုးက ဘယ်တယောက်ကို ကြည့်နေမှန်း သော်တာနိုင် မခန့်မှန်းနိုင်။
ထိုကခုန်နေသည့်လူငယ်များကြား ကိုး ဝင်တိုးသွားသည်ကိုသာ ခပ်လှမ်းလှမ်းက ရပ်ကြည့်ကျန်နေခဲ့ရသည်။ အနောက်က ဇွတ်လိုက်သွားပါက သူပါ ထိုလူအုပ်ကြားထဲရောပါသွားရင် ရေတွေကြား ကိုးကို ရှာရခက်မှာလေ။
သော်တာနိုင် ကြည့်နေတုန်းမှာပဲ.. ကိုးက အသားဖြူဖြူ၊ ခပ်ငယ်ငယ် တရုတ်ကောင်လေးတယောက်ဆီ ဦးတည်သွားကာ ပုခုံးကို လှမ်းပုတ်လိုက်သည်။ ထိုတရုတ်ကောင်လေးကလည်း ကိုးကို လှည့်ကြည့်လာလေသည်။ မဏ္ဌပ်ဆောင်းဘောက်စ်က ဖွင့်နေတဲ့ သီချင်းသံအကျယ်ကြီးကြောင့် စကားပြောလို့ မရဘူးထင်ပါရဲ့.. ထိုတရုတ်ကောင်လေးရဲ့ နားဆီကို ကိုးက စကားကပ်ပြောလိုက်သည်။
သူစိမ်းတရံနဲ့ ရင်းရင်းနှီးနှီးမနေတတ်တဲ့ ကိုးတောင် ဒီလိုပြုမူသည်ဆိုမှတော့.. တဖက်လူက အခုမှတွေ့ဖူးတဲ့ သူစိမ်းတယောက် မဟုတ်ပဲ အချိန်တော်တော်ကြာ ရင်းနှီးဖူးတဲ့သူပဲ ဖြစ်ရမယ်လို့ သော်တာနိုင် တွေးလိုက်မိသည်။
ထိုတရုတ်ကောင်လေးက ဘယ်သူမို့လို့ သူငယ်ချင်းအပေါင်းအသင်းမရှိတဲ့ ကိုးက ကားပေါ်ကဆင်းပြေးပြီး အူယားဖားယား သွားတွေ့ရတာတဲ့လဲ။
မဏ္ဌပ်ပေါ်က ပက်နေတဲ့ ရေပိုက်များဆီမှ ရေတွေကြားမှာပင် ဝိုးတဝါးမြင်နေရတဲ့ ကိုးရဲ့အံ့အားသင့်နေပုံနဲ့ စိတ်လှုပ်ရှားနေတဲ့ပုံက အတိုင်းသား။
ထိုတရုတ်ကောင်လေးကို ရွှန်းရွှန်းစားစား စိုက်ကြည့်နေရင်း နားကိုကပ်ပြီး စကားပြောလိုက်.. တရုတ်ကောင်လေး ပြောတာကို နားလေးကပ်ပြီး နားထောင်လိုက်နဲ့.. ကိုးက အတော့်ကို ပျော်နေတာပဲ။
ကြည့်ရင်း ကြည့်ရင်း.. အကြာကြီးကွဲနေရတဲ့ ရည်းစားကို ပြေးတွေ့နေတာကျနေတာပဲ.. လို့တောင် သော်တာနိုင် အချဉ်တူးချင်လာလေရဲ့။
ခုနကအထိ သူ နေပူမှာစိုးလို့ ခန္ဓာကိုယ်နဲ့ကာရပ်ပေးခဲ့တဲ့ ဒီကောင်လေးဟာ.. အခုကျတော့ သင်္ကြန်ရေတွေအောက်မှာ တခြားသူနဲ့ စကားစမြည်ပြောနေသတဲ့လား။
သူ့ကိုရှိတယ်လို့တောင် သဘောမထားတော့ပဲနဲ့လေ။
သူငယ်ချင်းများ၊ ဆွေမျိုးများအလယ် အမြဲတမ်း အဓိကဇာတ်ကောင်နေရာမှာ ပ စားပေးခံခဲ့ရတဲ့ သော်တာနိုင့်အတွက်တော့ သူ့ကို လုံးဝဂရုမစိုက်တော့ပဲ ပစ်ထားခဲ့ပြီး တခြားကောင်လေးကို ကိုးတယောက် သည်းသည်းလှုပ်နေတာကို မြင်ရတာ နည်းနည်းတော့ မကျေမနပ်ဖြစ်နေမိသည်။
သို့သော်လည်း.. ကိုးမပါပဲ ကိုးကိုပြန်ခေါ်မလာပဲနဲ့လည်း သူ ပြန်မသွားချင်ဘူး။
ဒီမူးရူးကခုန်နေတဲ့လူတွေကြားထဲ တိုးဝှေ့ပြီး ကိုးကို သွားခေါ်ရင်ကောင်းမလား.. ဒီနေရာမှာပဲ ဆက်ရပ်စောင့်နေရမလား။
ရေတွေရွှဲရွှဲစိုနေတဲ့ ကိုးရဲ့ ညိုစိမ့်စိမ့် အသားအရည်ဆီ နေရောင်ခြည် တိုက်ရိုက်အလင်းဟပ်နေတဲ့အခါ ရေသီးရေပေါက်လေးတွေက အရေပြားနဲ့အတူ ဝင်းခနဲ။ ဆံနွယ်တွေကို အနောက်လှန်တင်ထားတော့ မကျယ်မကျဉ်း နဖူးပြင်နဲ့ သေးနုတ်သွယ်လျတဲ့ မျက်ခုံးမွှေးတန်းက ထင်းလို့နေသည်။
ထို့အပြင် ရေစိုစိုအဝတ်အစားများက ခပ်တောင့်တောင့် ခန္ဓာကိုယ်ကို တင့်တယ်နေစေပြန်သည်။ ကျပ်သပ်နေတဲ့ လူတွေကြားမှာ ကိုးက ကိုယ်တိုင်မဆွဲဆောင်ပါပဲနဲ့ ဆွဲငင်နေသည်။
မဏ္ဌပ်ပေါ်မှာ.. သင်္ကြန်ကားတွေပေါ်မှာ.. ဆိုင်ကယ်တွေပေါ်မှာ.. လှချင်တိုင်းလှနေတဲ့ ဆန့်ကျင်ဘက်လိင်တွေ ပေါများပါလျှက်နဲ့ သူ့မျက်လုံးတွေက ဘာလို့ ကိုးဆီမှာ ဝေ့နေရတာလဲ။
မဏ္ဌပ်ပေါ်ကဖွင့်နေတဲ့ ဆောင်းဘောက်စ်ဆီက ရှာပုံတော်မင်းသားကြီး သီချင်းရဲ့ စည်းချက်သံ ခပ်ကျယ်ကျယ်နဲ့အတူ သူ့နှလုံးသား ကခုန်နေတာများလား။
ငယ်ငယ်ကတည်းက နားယဉ်နေတဲ့ သင်္ကြန်တေးသီချင်းပုဒ်ကြောင့် ရင်ဘတ်ကြီး တဒိန်းဒိန်း ဆောင့်ခုန်နေတာမျိုး ဖြစ်နိုင်သလား။ ဒါမှမဟုတ် ညီလို့ထင်ခဲ့ပေမယ့် ညီမဟုတ်တဲ့ ညီလိုသဘောထားရတဲ့ ကောင်လေးတယောက်ကြောင့်ရော ဒီလို ရင်ခုန်သံတွေ ကသောင်းကနင်း ဖြစ်နေသင့်သလား။
ဒီလိုအဝေးကနေ လှမ်းငေးကြည့်နေမိရုံလေးနဲ့လေ..
လှုပ်ရှားပျော်ပါးနေတဲ့လူတွေနဲ့ မသက်ဆိုင်စွာ.. သော်တာနိုင်တယောက် ဗြောင်းဆန်နေတဲ့နှလုံးသားနဲ့အတူ ကြက်သေသေနေပြီ။ အသိစိတ်ထဲရော.. မသိစိတ်ထဲမှာပါ တအားရှုပ်ထွေးနေရလေသည်။
ဒီကောင်လေးက ရှုပ်ထွေးနေတဲ့ ကြိုးထုံးကြီးဆိုတာထပ် ပိုမိုလွန်ကဲလာတာပဲ.. စိတ်တိုချင်စရာကောင်းလိုက်တာ
....
" ငါ့ပါးပါးက မင်းတို့အကြောင်း မပြောဖူးပါဘူး.."
ဇဝေဇဝါနဲ့ စကားကို ခပ်ထွေထွေ ပြန်ပြောလာတဲ့ အာ့ဟောက်ကို အရင်ကအကြောင်းတွေ ပြောပြလိုက်ချင်စိတ်နဲ့ ကိုးမှာ မယိုးမယွ ဖြစ်နေရသည်။
နှာတံခပ်ဖြောင့်ဖြောင့်နဲ့ မျက်ပေါက်မှေးမှေးကျဉ်းကျဉ်း အနှီတရုတ်လေးမှာ.. သူ့သေဖော်သေဖက် ရှင်ဖော်ရှင်ဖက် သွေးသောက် အာ့ဟောက်လေ။
ဆိုင်ကယ်မှောင်ခိုခိုးသွင်းလို့ စစ်ဆေးရေးဂိတ်က လိုက်ဖမ်းတာခံရတုန်းက ဘယ်မှာမှန်းမသိတဲ့ တောကြီးမျက်မည်းထဲ အတူတူ ပြေးပုန်းကြပြီး ငှက်ဖျားမိ၊ သေမလိုဖြစ်ခဲ့ကြတဲ့သူ။
ဆယ်ဘီးကားပေါ်မှာ.. တယောက်က ကားမောင်းနေရင် တယောက်က တညလုံးမအိပ်ပဲ အိပ်မငိုက်အောင် ဘေးမှာထိုင်၊ စကားပြောပေးခဲ့ကြတဲ့သူ။
ဆေးအရောင်းအဝယ်လောကထဲဝင်တော့.. လူသတ်မိလည်း အလောင်းဖျောက်ပေးခဲ့တဲ့သူ။ ဓားပြပြီး ပိုက်ဆံအကြွေးတောင်းလို့ အိမ်အပြန် လမ်းမှာအရိုက်ခံရရင်လည်း အတူတူ။
သူဖြစ်ချင်တာ လုပ်ချင်တာကို အာ့ဟောက်က ဘယ်တော့မှ မကန့်ကွက်ဖူးသလို အာ့ဟောက် ခိုင်းသမျှကိုလည်း သူ ဘယ်တော့မှ မငြင်းဆန်ခဲ့ဖူးဘူး။
အာ့ဟောက်အတွက် သူက သေစရာရှိလည်း သေဖော်ညှိလို့ရတယ်။ ကောင်းစားရင်လည်း မျှဝေခံစားပေးနိုင်တဲ့ လူရယ်ပါ။
သော်တာနိုင့်ကို မုန်းရတဲ့မုန်းတီးမှုပြီးရင် အာ့ဟောက်နဲ့ ခင်မင်ရင်းနှီးရတဲ့ ဒီဆက်ဆံရေးဟာ သူ့ဘဝမှာ အရေးအကြီးဆုံးဖြစ်ခဲ့တာ။
ဘယ်လောက်အခက်အခဲနဲ့ပဲ ကြုံကြုံ.. အာ့ဟောက်တို့သားအဖက သူ့ကို ဘယ်သူ့ဆီမှာမှ ထိုးမကျွေးခဲ့ဖူးဘူး။ သူ့နောက်ကျောကို ဘယ်တော့မှ ဓားနဲ့မထိုးခဲ့တဲ့ သစ္စာရှိမှုကြီးက အခုချိန်ထိ သူ့အတွက် တန်ဖိုးထားနေတုန်းပါပဲ။
မထင်မှတ်ပဲ ပြန်တွေ့ရတဲ့အခါ သူ့မှာ ပျာယာခတ်ပြီး မနေတတ် မထိုင်တတ်ဖြစ်ရလောက်အောင် ဝမ်းသာရတယ်။
အဝေးက လှမ်းကြည့်တာတောင် ဒီလူ ဒီမျက်နှာက သူ့အတွက် မှားစရာအကြောင်းမရှိဘူးဆိုတဲ့ သေချာနေမှုကြီးနဲ့ ကားပေါ်က ပြေးဆင်းလာခဲ့ရတာ။ တကယ်ပဲ အာ့ဟောက်ဖြစ်နေတော့.. ဟေ့ရောင် ငါလေ.. ကိုး.. ဆိုပြီး တအားပြောပြချင်တာပဲ။
ဒါတွေကို အာ့ဟောက်သာ သိနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။
" မင်းအဖေက ငါတို့ကို မသိဘူးလေ.. ငါတို့သာ မင်းအဖေကို ကျေးဇူးကြွေးရှိနေတာ.."
ကိုးက ပါးစပ်ထဲရှိရာ ဇာတ်လမ်းတပုဒ်ကို လုပ်ကြံပြောတော့.. အာ့ဟောက်က မျက်မှောင်ကြီးကြုတ်ကာ နားမလည်ဟန်နဲ့ ခြေဆုံးခေါင်းဆုံး ကြည့်လာလေသည်။
ကျုံးဘေး မဏ္ဌပ်အောက်မှာ သူ မူးပြီးကနေတုန်း.. ဘယ်ကမှန်းမသိတဲ့လူတယောက်က သူနဲ့သူ့အဖေက ကျေးဇူးရှင်တွေပါလို့ ပြောလာတဲ့အခါ ကြောင်တောင်တောင် ဖြစ်နေသည်က သဘာဝကျပါသည်။
" အဲ့တော့ သားရီးက ဘာဖြစ်ချင်တာလဲ.."
" ဘာမှမဖြစ်ချင်ပါဘူး.. မင်းနဲ့ခင်ချင်တာပါ.."
" ဟား... အာရုံပဲ.. မင်းက ငစားလား.. မူးနေရင်လည်း လစ်လိုက်တော့.."
ဥပဒေနဲ့မလွတ်ကင်းတဲ့အလုပ်လုပ်စားသူပီပီ.. အာ့ဟောက်က တော်ရုံလူကို မယုံတတ်။ သူ့ကိုတောင် ၉ တန်းကတည်းက အဆောင်ကနေ အတူတူထွက်ပြေးလာတဲ့သူမို့ လူရင်းတယောက်လို သဘောထားခဲ့တာ။ ဘယ်လိုပဲ ဟီးလေးဟားလေးလုပ်ပြီး ပေါင်းသင်းဆက်ဆံနေပါစေ.. အာ့ဟောက်က လူတိုင်းကို စည်းခြားတတ်သည့်အကျင့်ရှိတယ်။
" အိုကေ.. အေးဆေးပါ သားရီးရာ.."
မျက်မှောင်ကြုတ်ရာကနေ.. ဂြိုလ်ထိုးတဲ့အဆင့်ရောက်လာပြီမို့ ကိုးမှာ လက်လေးကာရင်းနဲ့ နေရာကနေ လှည့်ပြန်လာရတယ်။
လူကသာ ဖြူဖြူစုတ်စုတ်နဲ့ ပျော့သယောင်ထင်ရတာ.. အဲ့ကောင်က တော်ရုံ မသနားတတ်သူမို့ လက်သီးချက်တိုင်းက အတော်အားပြင်းတယ်။ ပါးစပ်ကပြောနေတာထက် လက်ကအရင်ပါတတ်တဲ့သူလေ။ ပါးစပ်ထက် လက်သွက်တဲ့ကောင်။ ဘေးမှာလည်း ဒီကောင့်အုပ်စုပါနေတော့ ဝိုင်းဆွမ်းကြီးလောင်းတာနဲ့တင် သူ နောက်ဘဝကူးသွားနိုင်တယ်။
ဘာပဲပြောပြော.. အခုလို ပြန်တွေ့ခွင့်ရလိုက်တာကို ကိုးမှာ ပျော်လှပြီရယ်။
အကိုနဲ့ ပြသနာတက်ပြီး နောက်ဆုံး သူ သတ်သေသွားတဲ့အချိန်ထိ အာ့ဟောက်နဲ့မတွေ့လိုက်ရဘူး။ အဲ့အချိန်တွေတုန်းက အကို့ကို တခြားမိန်းကလေးနဲ့ တွဲတွေ့ခဲ့ရတာမို့ အာ့ဟောက်တို့ဘက်ကိုလည်း သူ အာရုံမရောက်ပဲ ပစ်ထားခဲ့မိတာ။ အခုလို ပြန်တွေ့ရတော့ အားနာနေခဲ့တဲ့စိတ်တွေ ပြေလျှော့သွားရသလိုပါပဲ။
ငါ တကယ်ဝမ်းသာတာပါ အာ့ဟောက်ရာ..
ကိုးတယောက် မဏ္ဌပ်အောက်က ပြန်ထွက်လာတော့.. လမ်းမရဲ့ လမ်းလယ်ခေါင် ပလက်ဖောင်းမှာ သူ့ကို တွေတွေကြီး ရပ်ကြည့်နေတဲ့ သော်တာနိုင့်ကို တွေ့လိုက်ရသည်။
" အကို.."
သူ လှမ်းခေါ်ရင်း အကို့ဆီသွားဖို့ခြေလှမ်းပြင်တော့.. ဘေးမှာ ကနေတဲ့လူတယောက်ရဲ့ တံတောင်ဆစ်က သူ့နဖူးဆီ ခွပ်.. ဆို ဝင်ဆောင့်လာတယ်။ အားကမပြင်းတာတောင် ရိပ်ခနဲ ခေါင်းမူးသွားရတယ်။
နဖူးလေး အသာပွတ်ရင်း အကို့ဆီ ခပ်သွက်သွက် ပြေးသွားကာ..
" အကို.. ဘာရပ်လုပ်နေတာလဲ.. ကျွန်တော့်နောက်လိုက်လာတာလား.."
အကို့အနား ရောက်လာတဲ့အထိ.. အကိုက သူ့ဆီကနေ အကြည့်မလွှဲသေးဘူး။
" အကို.."
သီချင်းသံကိုကျော်အောင် အော်ပြောတော့.. အကိုက အိမ်မက်ကနိုးလာတဲ့လူလို အလန့်တကြားဖြစ်သွားတယ်။
" ကိုး.."
ဘီယာတွေ အရက်တွေ မသောက်ထားပါပဲ အကို့မျက်နှာက နီရဲနေတယ်။
သူ့ကိုကြည့်နေရင်း တခုခုကို သတိထားမိသွားသလိုနဲ့..
" မင်း ခုနက ခိုက်မိသွားတာလား.."
" ဟုတ်တယ်.. နဖူးကို တံတောင်ဆစ်နဲ့လာတိုက်သွားတာ.. လူကို အီစလံဝေသွားတာပဲ.."
" နှာခေါင်းမှာသွေးတွေ.. မင်း နှာခေါင်းသွေးယိုနေတယ် ကိုး.."
အကို့စကားကြောင့် သူတောင် ကြောင်တောင်တောင်ဖြစ်သွားရတယ်။
ခိုက်မိတာက နဖူးလေ.. ဘာကိစ္စ နှာခေါင်းသွေးကယိုရတာလဲ..
ကိုးတယောက် ကိုယ့်နှာခေါင်းဆီကို လက်နဲ့သပ်ယူကြည့်တော့.. လက်ထဲမှာ တကယ်ပဲ သွေးတွေပါလာတာ မြင်လိုက်ရသည်။
ခုနက ခေါင်းမူးနေတာကလည်း ပိုဆိုးလာပြီး ဆူညံနေတဲ့သီချင်းသံတွေ၊ ဖြတ်သွားဖြတ်လာလူတွေ၊ အရှေ့တည့်တည့်က သော်တာနိုင့်ပုံရိပ်တွေဟာ ခေါင်းထဲမှာ ချာချာလည်နေလေပြီ။
မျက်လုံးထဲမှာလည်း ပြာသွားလိုက်.. မဲသွားလိုက်နဲ့။ နားထဲကနေ လေတွေထွက်ကာ ခြေထောက်တွေကလည်း အားမရှိသလို ယိုင်တိုင်တိုင်ဖြစ်လာတော့သည်။
နောက်ဆုံး အတွေးထဲဝင်လာမိသည်က.. သူ လိုလိုလားလား သဘောတူခေါင်းငြိမ့်ခဲ့သည့် လဲလှယ်မှုကိုပင်။
" အကို.. ကျွန်တော့်ကို ထိန်းပါဦး.."
.....