လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၁၆ ) ထူးဆန်းသော အမျိုးသမီးကြီး
အရိုးခိုက်အောင် အေးတဲ့မန္တလေးဆောင်းပါတဲ့။
အိမ်က မြောက်ဘက်မျက်နှာလှည့်ဆိုတော့.. မြောက်ပြန်လေတိုက်လာစဉ် တူထိုင်ထုနေရတဲ့ ကိုးမှာ အောက်မေးတဂတ်ဂတ် ရိုက်နေလေပြီ။ ကျောင်းကအပြန် ဂိုက်ဆရာမနဲ့စာကျက်ပြီးတဲ့အချိန်တိုင်း ဦးထွန်းမြိုင်က တူကိုင်လက်သားကျအောင် နေ့တိုင်း တူထုကျင့်ခိုင်းနေသည်ပင်။
တူကိုင်ကာစက လက်ဖဝါးတွေ ကျိန်းစက်နေအောင် နာခဲ့ရပေမယ့် အသားမာတတ်ပြီး အသားကျသွားတော့ ဘောလ်ပင်ကိုင်ကာ စာထိုင်ရေးရသည်ထက်ပင် လွယ်ကူသည်ဟု ကိုးစိတ်ထဲ ထင်မှတ်မိလေသည်။
ဒီအကြောင်းကို အကို့ကိုပြောပြရင် ဆူခံထိပြန်လိမ့်ဦးမယ်..
သော်တာနိုင်က အခန်းထဲက အခန်းပြင်မထွက်.. စာမေးပွဲအောင်ရန် ကျားကုတ်ကျားခဲ ကြိုးစားနေချိန်မို့ ကိုးမှာ ခဏခဏ စိတ်ရှုပ်အောင် သွားမလုပ်ရဲ။ ဒီနှစ်ပါထပ်ကျလျှင်.. မနှစ်က သူငယ်ချင်းတွေကြား၊ ဒီနှစ် သူငယ်ချင်းတွေကြား အရှက်ကွဲရမည်။ အဆိုးဆုံးကတော့.. သံပုံကြားထဲရောက်မည်မှာ ဧကန်မလွဲ။
သော်တာနိုင့်မှာ အိမ်ခြံဝင်းထဲက ကိုးရဲ့တူထုသံ ကြားလိုက်ရတိုင်း မရသေးသည့်စာတွေကိုသာ ဖိကျက်နေမိတော့သည်။
မသိရင်.. စာမေးပွဲအောင်အောင်ဖြေဖို့ သူ့အား ကိုးက တုထူရင်း တူသံပေးကာ သတိပေးသည့်နှယ်။
စာကျက်ရင်း အညောင်းမိလို့ ခြေကြောလက်ကြောဆန့်ကာ သူ အခန်းထဲက ထွက်လာရင်.. ကိုးက သူ့အတွက် စားစရာ တခုမဟုတ်တခု ပြင်ပေးပြီးသား။ သူ့ကို အမေ့ထက်တောင် ပိုဂရုစိုက်နေသေးတယ်။ အနွေးထည်ဝတ်ဖို့၊ ရေချိုးမကြာစေဖို့၊ အစားအသောက်မမှားဖို့.. အို.. စုံနေတာပါပဲ။ တနှစ်ငယ်တဲ့ညီလေးမဟုတ်ပဲ အိမ်ကအဘွားကြီးလို့တောင် နာမည်ပေးရမယ့်ပုံ။
တကယ်ကို စုံစုံစိစိ လိုက်ပြောတတ်တဲ့ကောင်လေးရယ်..
ဒင်းက နေရာတကာမှာသာ အဘွားကြီးလုပ်ချင်တာ.. စာကျက်ခိုင်းမှာကျ သေအောင်ကြောက်။ ကျောင်းဆိုလည်း ကျောင်းမို့.. အိမ်မှာဆိုလည်း အိမ်မို့ ပတ်ပြေးနေတယ်လေ။ စာကျက်ခိုင်းတော့မယ်ဆိုရင် အဖေ့နား ဝေ့လည်လည်သွားလုပ်ရော။ ဟိုသံပန်းဆရာကြီးကလည်း တပည့်က လတ်လျားလတ်လျား လုပ်နေတာမြင်ရင်ကို အလုပ်ကိုရှာကြံခိုင်းချင်နေတာနဲ့ ကွက်တိ။
လိုက်လည်းလိုက်တဲ့ ဆရာတပည့်ပါပဲ။
မြူခိုးဝေနေတဲ့ ဆောင်းမနက်ခင်းတွေမှာ.. ကိုးတယောက်ကတော့ဖြင့် စောင်ပုံကြားထဲ ဇိမ်နဲ့ကွေးမနေနိုင်။ ဒေါ်ခင်အေး ဈေးအပြန် ဈေးခြင်းတောင်းဆွဲကူပြီး အိမ်ရှေ့တံမြက်စည်းလှည်းသင့်တန်လှည်း၊ သောက်ရေအိုး ရေဖြည့်သင့်တန်ဖြည့်ရင်း သော်တာနိုင့် စာကျက်သံတွေကို မနက်ခင်းတေးသံသာအလား နားဆင်ရသည်မှာ အကျင့်ဖြစ်နေသည်။
တခါတလေ ကော်ဖီပူပူလေးတခွက်၊ တခါတလေ ကွေကာအုပ်လေးတခွက်ဖြင့် စာကျက်နေသူထံ အလိုရှိရာ ဆက်သရသည်မှာ မခိုင်းလည်း ကျေပွန်ချင်လွန်းတဲ့ ဝတ္တရားလေးရယ်ပါ။ အားတုံ့အားနာဖြစ်သွားတဲ့ အကို့မျက်နှာလေးနဲ့ ပြန်ကမ်းပေးတတ်တဲ့ ချိုချဉ်လေးကတော့ မတောင်းပဲပြည့်တဲ့ ဆုတောင်းတွေပေါ့။
နှစ်ကျော့ပြန် ရှင်သန်လာရတဲ့ လူတယောက်ရဲ့ တနေ့တာ ပျော်ရွှင်မှုက သဒ္ဓါကြည်ဖြူစွာ လိုက်လိုက်လျောလျောပေးတဲ့ ချိုချဉ်တလုံးလေးကြောင့် ဖြစ်လာတတ်တာတော့ အဆန်းသား။
ချိုချဉ်ခွံတွေထည့်ထားတဲ့ စုဗူးက တဝက်တောင်ကျိုးလုပြီ။ ထိုချိုချဉ်ခွံစုဗူးကြီးကို တန်ဖိုးအနဂ္ဂထိုက်တန်တဲ့ ရတနာတပါးလို ဗီရီုထဲ အဝတ်တွေနဲ့ဖုံးပြီး ဝှက်ထားရသေးတယ်။
ကျွန်တော့်အတွက် ပျော်စရာကိစ္စလေးက ဒီလောက်တောင် ရိုးရှင်းခဲ့မှန်း ပထမ ၁၅ နှစ်အရွယ်ကတည်းက သိခဲ့သင့်တာပါ။ ဒါဆို အကိုနဲ့ကျွန်တော့်ကြားထဲ နားလည်မှုအလွဲတွေကို ဖြေရှင်းနိုင်မှာဖြစ်ပြီး မလိုအပ်တဲ့အမုန်းတရားတွေကိုလည်း ထိန်းနိုင်ခဲ့မှာ။
အေးပေါ့လေ.. သိခဲ့ရင်တော့ ဒီလိုတွေ ဘယ်ဖြစ်ပါ့မလဲ..
အအေးဒဏ်မခံနိုင်တဲ့ ဒီနုနုဖတ်ဖတ် လမင်းတစင်းကို ကျွန်တော့်မှာ အရိပ်တကြည့်ကြည့်။ တခါဖျားလိုက်ရင် တော်တော်နဲ့ မသက်သာတတ်တာ အရင်ဘဝက ကျွန်တော့်လောက် ဘယ်သူမှမသိနိုင်ဘူးလေ။ ဒီတော့.. လွှဲပြောင်းယူလို့ရတဲ့ ကံကြမ္မာတွေကို လွှဲပြောင်းယူထားရင်း.. လွှဲပြောင်းယူလို့မရတဲ့ ဝေဒနာတွေဆို အစကတည်းက ဖြစ်မလာအောင် ကာကွယ်ပေးရမှာလည်း ကျွန်တော့်တာဝန်ပဲပေါ့။
မပြောကောင်း မဆိုကောင်း.. ကျွန်တော် ဘေးမှာ ရှိနေပါလျှက် ဖျားနာသွားရင် ကျွန်တော် ရင်ကျိုးရချည်ရဲ့..
အဲ့သီတင်းကျွတ်လပြည့်နေ့.. သူ အိမ်ကနေ ပြန်ထွက်ပြေးသွားပြီး သိပ်မကြာပါဘူး။ အကိုက ဖုန်းဆက်လာခဲ့တယ်။ ဒေါ်ခင်အေးက ပြန်လာခိုင်းနေသတဲ့။ အဲ့အချိန်တုန်းက မှတ်မှတ်ရရ.. သူ ဆယ်ဘီးကားကြီးထဲမှာ တုန်ခိုက်နေအောင် ချမ်းနေခဲ့တာ။ ပြန်လာမယ်လို့ ပြီးစလွယ်ဖြေပြီး ဖုန်းချလိုက်တဲ့နေ့ကနေ နောက်တလ နှစ်လလောက်ထိ အကို့ဆီ မဆက်သွယ်ဖြစ်ခဲ့ဘူး။ ဖုန်းလိုင်းမမိတာရော.. တမင်မဆက်သွယ်ချင်တာရော ပါတာပေါ့။
ဒီဇင်ဘာ ၁၂ ရက်နေ့.. ဖာသာက ပြောဖူးတယ်။ ဒါ ကျွန်တော့်မွေးနေ့တဲ့။ ကျွန်တော်ကလွဲရင် ဘယ်သူမှ သတိမထားမိတဲ့နေ့ရက် တရက်ဆိုပါတော့။ ဖြုတ်ထားတဲ့ ဖုန်းဆင်းမ်ကဒ်ကိုပြန်ထည့်ကာ အကို့ဆီဖုန်းခေါ်တော့.. အကိုက ချောင်းသံလေးတဟွတ်ဟွတ်။
ခပ်တိုးတိုးလေးဆိုပေမယ့် နားစည်ကွဲမတတ် နာကျင်ရတာမို့ ငိုကြီးချက်မနဲ့ လားရှိုး မူဆယ်ကားလမ်းမကြီးမှာ တရိပ်ရိပ်ပြေးနေတဲ့ ကုန်တင်ကားကြီးပေါ်ကနေ ဆင်းနေခဲ့ရတယ်။
အာ့ဟောက်က မတားရှာပါဘူး။ ကျွန်တော် ဘာဖြစ်နေတယ်.. သော်တာနိုင် ဘာဖြစ်နေတယ်ဆိုတာကို အတွင်းလူပီပီ အသိဆုံးလူမို့လေ။ နောင်ချိုကထွက်ခါစဆိုတော့ နောင်ချိုကိုခြေကျင်ပြန်လျှောက်ခဲ့ပြီး ရှိစုမဲ့ ကားလိုက်ထားတဲ့ပိုက်ဆံလေးနဲ့ ဆိုင်ကယ်အဟောင်းတစီးဝယ်.. ပြင်ဦးလွင်ကနေ မန္တလေးထိ နေ့မကူးပဲ ပြန်လာခဲ့မိတဲ့ သူ့ဝဋ်ကြွေးတွေ။
စိမ့်ခနဲ ဖြတ်တိုက်လာတဲ့ ဆောင်းလေကြောင့် သူ့အာရုံတွေ ပစ္စုပ္ပန်ကို ပြန်ရောက်လာခဲ့ပြန်ပါရော။
ကားမှန်တံခါးချကာ လေအေးခံနေသည့် အကို့ကိုကြည့်ရင်း စက္ကန့်တွေ ရေတွက်နေမိတယ်။ ၁ မိနစ်တိတိအပြည့်မှာ ချက်ချင်း ကားမှန်တံခါးကို ပြန်တင်လိုက်ရတယ်။
“ အကို အအေးပတ်မှာစိုးလို့ဗျ..”
…..
“ အကို ထပါဦးဗျ..”
ဆယ်တန်းစာမေးပွဲနောက်ဆုံးနေ့အပြီး.. နောက်တရက် အိမ်မှာ တနေကုန် အိပ်နေတဲ့ သော်တာနိုင့်ကို ကိုးတယောက် စိတ်ပူနေရသည်။
ဖြေများမဖြေနိုင်လို့ စိတ်ဓာတ်ကျပြီး အိပ်နေတာများလား.. သူလည်း မဖြေနိုင်ခဲ့ပေမယ့် သူက မအောင်လည်း ကိစ္စမရှိ။ အကိုကတော့ ကိစ္စရှိတယ်လေ။ ဒီနှစ်မအောင်လို့မဖြစ်ဘူးလို့ သံဓိဌာန်ချထားတဲ့သူမို့လား။
“ ကိုသော်တာ.. ထဦးလို့..”
ပုခုံးကိုကိုင်ကာ ခပ်ကြမ်းကြမ်း လှုပ်နှိုးမှ.. အကိုက အင်း..အဲ..နဲ့ မြည်သံစွဲကာ မျက်လုံးဖွင့်လာတော့တယ်။
“ ဘာလဲ.. ကိုးရာ..”
“ အကိုက တအားအိပ်နေလို့လေ.. ဘာဖြစ်လို့တုန်း.. မဖြေနိုင်လို့လားဟင်..”
“ မဟုတ်ရပါဘူးကွာ..”
ခေါင်းစုတ်ဖွားနဲ့ သွားရည်စီးကြောင်းတွေနဲ့ ကိုသော်တာက ပေါင်ရင်းအထိ လိပ်တက်နေတဲ့ပုဆိုးကို ဆွဲချနေရင်း..
“ ဒီစာတွေကို ၂ နှစ်ဆက်တိုက် ကျက်လာရတာကွ.. ဒီနှစ်အောင်သွားလည်း စာကျက်စရာမလိုတော့ဘူး.. မအောင်လည်း စာကျက်စရာမလိုတော့ဘူးလေ.. အဲ့ဒါကြောင့် စိတ်ကိုဒုန်းဒုန်းချပြီး အိပ်နေတာ..”
အံမယ်.. သူ မအောင်ရင် တူထုရမှာတော့ သိသားပဲ..
အတွေးတွေနဲ့ စိတ်ထဲကနေ ကျိတ်ရယ်လိုက်ပြီး..
“ ကဲ.. ထပါတော့ဗျ.. အမေအေးက နိုးခိုင်းလိုက်တာ.. မနက်ဖြန်ကျရင် ဧည့်သည့်လာမှာတဲ့.. အဲ့ဒါ ဈေးတွေဘာတွေသွားဝယ်မှာ.. ကျွန်တော်တို့လိုက်ဖို့ခေါ်နေတာ..”
“ လာပြီ.. ဒေါ်ခင်အေးတို့ကတော့ ခိုင်းပြီ.. ဘယ်သူလာမှာတဲ့တုန်း..”
“ ကျွန်တော်လည်း မသိဘူး.. ကန်တော့ပွဲတွေရော ဘာတွေရော ဝယ်ရမှာတဲ့..”
အကိုက ကြောင်တောင်တောင်ဖြစ်သွားကာ.. နောက်မှ သတိရသွားတဲ့ပုံနဲ့..
“ သြော်.. ဘွားတော် လာမှာထင်တယ်..”
“ ဘယ်က ဘွားတော်တုန်း အကို..”
ကိုသော်တာက အမေနဲ့ အသိဘွားတော်ကြီးလို့သာ ခပ်လွယ်လွယ် ဖြေကာ ရေချိုးမယ်ဆိုပြီး ရေချိုးခန်းထဲဝင်သွားတော့တယ်။
လမ်း ၃၀ မင်္ဂလာဈေးထဲ ခြေရာချင်းထပ်အောင် လှည့်ပတ်ဝယ်ခြမ်းနေတဲ့ အမေအေးနောက်မှာတော့ ခြင်းတောင်းကိုယ်စီနဲ့ သူတို့နှစ်ယောက်။ အသားစိမ်း ငါးစိမ်းကအစ ဖယောင်းတိုင်၊ အမွှေးတိုင်၊ လက်ဖက်စိမ်းအထုပ်တွေအဆုံး ခြင်းတောင်းထဲမှာ ပြည့်လျှံနေလေပြီ။ အပ်ချည်ကြိုးတွေရော မြေအိုးတွေရောမို့ အမေအေးတယောက် ဘာတွေများလုပ်မလို့ပါလိမ့်လို့ တွေးနေမိတယ်။
အကိုကတော့ စိတ်ဝင်စားတဲ့ပုံမပေါ်။ ဟိုကြည့် ဒီကြည့်နဲ့ အိပဲ့အိပဲ့ လိုက်လာရှာတယ်။ ခြင်းတောင်းက လေးသထက် လေးလာလို့နေမယ်.. တရွတ်ဆွဲမတတ်လုပ်နေတဲ့ပုံကြောင့်သူ့မှာ မနေနိုင်တော့ပဲ သူ ကိုင်ထားတဲ့ခြင်းတောင်းကို တဖက်လက်စီ ပြောင်းကိုင်လိုက်ပြီး အကို့ဆီက ခြင်းတောင်းတဖက်ကို ကူ မ ပေးရတော့တာပေါ့။
“ အာ.. ရပါတယ်.. မင်းခြင်းတောင်းလည်း အပြည့်ကြီးကို..”
“ ကျွန်တော်က အကို့ထက် သန်တယ်လေ..”
မျက်ခုံးတဖက်ပင့်ပြရင်း စ တော့.. အကိုက အမ်းတမ်းတမ်း ဖြစ်သွားတော့တယ်။ ရုတ်တရတ် အမူအရာပြောင်းသွားတဲ့ အကို့ မျက်နှာပေးကို သူ့မှာ နားမလည်။
ငါ ဘာများပြောလိုက်မိလို့လဲ..
အကို့ကို အရိပ်အကဲခတ်ဖို့ ကြိုးစားနေတုန်း အကိုက ချောင်းတချက်ဟန့်ကာ ခြင်းတောင်းကြီးဆွဲပြီး သုတ်သုတ် သုတ်သုတ်နဲ့ ထွက်သွားပြီမို့ နောက်ကနေ ခပ်သွက်သွက် လိုက်ရပါလေရော။
သော်တာနိုင်တယောက်ခမျာ ကိုးရဲ့စကားလုံးအဆန်းတွေကြောင့် ဒီလိုတွေ ဖိုးသို့ဖတ်သတ်ဖြစ်ရတာလည်း တခါ နှစ်ခါ မဟုတ်ပေ။ အတူတူထိုင်နေရင်းတောင် ကိုးက ငပဲထောင်လာတဲ့အထိ ဘာအတွေးတွေနဲ့ မှောင်မိုက်နေတတ်သလဲ သူ မတွေးတတ်။
ယောကျာ်းလေးတယောက်ရဲ့ သဘောသဘာဝကို သူ နားလည်ပါတယ်။ သူလည်း တခါတလေ အိပ်ရာကထလာတဲ့အချိန်မျိုးဆိုရင် ဒီလိုတွေဖြစ်တတ်တာပဲလေ။ သူငယ်ချင်းတွေနဲ့ ပြောကြဆိုကြရင်း တတ်သလောက် မှတ်သလောက် သိထားတာတွေနဲ့ သူ့ဘာသာသူ ဖြေရှင်းလိုက်တာ။ ဘာဖြစ်လို့ဖြစ်ချင်နေမှန်းမသိတဲ့ပေါင်ကြားထဲက အငယ်ကောင့်ကို လက်နဲ့ဖြေသိပ်ရတဲ့အလုပ်က သူ့အတွက်တော့ ၃ ၄ ရက်နေမှ တခါ.. ဒါတောင် မနက်အိပ်ရာထမှရယ်။
ကိုးကတော့ တကယ့်အဆန်းတကြယ်။ စာအတူတူထိုင်ကျက်နေရင်းလည်း ဒင်းရဲ့ကောင်က မာန်ကြွချင်ကြွနေတာလေ။ အဲ့လောက်ကြီးကျ ဖြစ်နိုင်သလား.. ဖြစ်သင့်သလားပေါ့။ သူကလည်းသူ.. ဘယ်လိုလုပ် မျက်စိကအကြည့်ရောက်သွားမှန်းကို မသိပဲ ကြည့်မိ မြင်မိတော့တာ။
ညီအကိုတွေဆိုရင်တော့ ဒါတွေကို သူ ရှင်းပြပြီး ဒီကိစ္စတွေနဲ့ပတ်သတ်လို့ မဖြစ်သင့်တာမဖြစ်အောင် သဘောပေါက်အောင် ပြောပြချင်ပေမယ့်.. ကိုးက သူစိမ်းသက်သက်။ ပြီးတော့.. မထိတထိစကားတွေ၊ စိုက်စိုက်ကြည့်လာတဲ့အကြည့်တွေကြောင့် သူ့မှာ အမြဲတမ်း ကသိကအောက် ဖြစ်နေရတယ်။
အကြောက်ဆုံးကတော့ ကိုးရဲ့ အပြာရောင်မသန်းတဲ့ ညိုစိမ့်စိမ့်ကောင်းကင်ပြင်ကျယ်လို မျက်လုံးတွေ။
တခါတလေ သူ့ကိုကြည့်နေတာများ.. တခုခုထဲ နစ်မျှောပျော်ဝင်နေတဲ့ ဝိညာဉ်တကောင်လိုပဲ။ အဲ့လိုပုံစံနဲ့ ကိုးကို မြင်ရတိုင်း ရင်ထဲမှာ တအုန်းအုန်းထအောင် ကြောက်စိတ်ဝင်မိတယ်။ အထူးသဖြင့်.. အိမ်မက်ထဲကကောင်လေးအကြောင်း ပြောပြနေတဲ့အချိန်တွေမှာပေါ့။
…..
“ အမေ ကြွလာပြီ.. သော်တာရေ..”
ဒေါ်ခင်အေးရဲ့ ခေါ်သံကြောင့် သော်တာနိုင် ဧည့်ခန်းဆီ ခပ်မြန်မြန် ထွက်လာခဲ့သည်။ ဧည့်ခန်းထဲမှာ.. နက်မှောင်ထူထဲတဲ့ ဆံပင်ဘီးဆံပတ်ထုံးကြီးနှင့် အညိုရောင် ချည်ကြမ်းရင်ဖုံးအကျၤ ီလုံချည်ဝမ်းဆက်ဝတ်ထားသော အသက် ၆၀ ခန့် အမျိုးသမီးကြီးတဦး တည်ငြိမ်စွာ ထိုင်နေတာကို တွေ့လိုက်ရသည်။ နားနှစ်ဖက်မှာတော့ ဘာသတ္တုမှန်းမသိရသည့် ခပ်ဖြူဖြူ အချောင်းလေးတချောင်းစီ ထိုးထည့်ပန်ထားလေသည်။
ထိုအမျိုးသမီးကြီးက မျက်လွှာချထားကာ လက်ထဲကပုတီးကုံးကိုသာ တချောက်ချောက် စိပ်နေရင်း..
“ လာဟေ့.. လူကလေး..”
အသက် ၆၀ တန်းနဲ့ မလိုက်ဖက်စွာ အသံသြရှရှကြီးက ဧည့်ခန်းထဲ ပဲ့တင်ထပ်သွားတဲ့အချိန်.. ဒေါ်ခင်အေးက သော်တာနိုင့်ကို လက်အုပ်ချီဖို့ အရိပ်အယောင်ပြလိုက်ပြီး ထိုအမျိုးသမီးကြီးရှေ့ တွန်းပို့လိုက်လေတော့သည်။
သော်တာနိုင်လည်း ဒေါ်ခင်အေး စိတ်တိုင်းကျ လက်အုပ်ချီကာ ထိုအမျိုးသမီးကြီးရှေ့ ပုဆစ်ထုပ်ထိုင်ချလိုက်ရင်း..
“ နေကောင်းရဲ့လား.. ဘွားဘွားကြီး..”
စိတ်ထဲမှာတော့ ဒီထူးထူးဆန်းဆန်း အမျိုးသမီးကြီးကို ဘွားတော် ဟုသာ နာမည်ပြောင်ပေးထားသည်။ အနှီဘွားတော်ကြီးသည် သူ့အမေဆီကို ၂ နှစ်တခါလောက် ပုံမှန်ရောက်လာတတ်သည့် ဧည့်သည်ပေ။
“ ကောင်းပါ့သတော်.. မှန်းစမ်း.. လူကလေးတောင် အသားအရည်တွေ ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်နေတာပါ့လား..”
ထိုအမျိုးသမီးကြီးက အရေပြားတွေတွန့်လိပ်နေသည့် လက်ချောင်းပုပုတိုတိုများဖြင့် သူ့လက်မောင်းတွေကို အားနှင့် ဖျစ်ညှစ်လိုက်သည်။ ဒီလိုအရွယ်အိုအို အမယ်အိုကြီးရဲ့လက်ချောင်းတွေက ယောကျာ်းရင့်မာကြီးတယောက်လို အားသန်နေတာကလည်း ထူးဆန်းသည်။
“ ခင်အေး.. ကျုပ် ခိုင်းတာ လုပ်ပြီးရဲ့လား..”
“ လုပ်ပြီးပါပြီ အမေ..”
“ အေးအေး.. ကျုပ် နားဦးမယ်.. တအောင့်နေ လှမ်းခေါ်လိုက်မယ်..”
တောင်ဝှေးကြီး တဒေါက်ဒေါက် ထောက်ရင်း ခြေလှမ်းလှမ်းနေပေမယ့် တကယ်တော့ တောင်ဝှေးမလိုသည့် အားအင်တွေ ရှိနေမှန်း သော်တာနိုင် ရိပ်မိပါသည်။ အမေ ခေါ်ခိုင်းလို့သာ ဘွားဘွားကြီးလို့ ခေါ်ရတာ.. ဒီဘွားတော်က သူတို့နဲ့ ဘာဆွေမျိုးမှမတော်စပ်ဘူး။ သူ သိရသလောက်က.. ဘွားတော်က ၂ နှစ်တခါ သူတို့အိမ်လာပြီး ယတြာသဘောမျိုး အဆောင်အယောင်တွေ လုပ်ပေးတတ်ကာ တည နှစ်ညလောက် တည်းခိုပြီး ပြန်တတ်သွားသည်ပင်။
သူတို့သားအဖေက သိပ်အယုံအကြည်မရှိပေမယ့် အမေကတော့ မိန်းမသားပီပီ.. နတ်တို့ ဗေဒင်တို့ဆို တအားယုံလွယ်တာ။ တားလို့လည်းမရ.. ဘယ်လိုမှနားမဝင်တဲ့အဆုံး အလွန်အကျွံမလုပ်ရင် ပြီးရောသဘောဖြင့် ကြည့်သာနေရတော့တာပေါ့။ အဖေက ဒီဘွားတော် အိမ်လာမယ့်နေ့ဆိုရင် စက်မှုအလုပ်ရုံမှာ သွားရှောင်နေတော့တာပဲ။ သူ့မှာသာ အမေ စိတ်ချမ်းသာဖို့ ဒီလိုမျိုးတွေ အလိုုက်သတိ ဖောရှောလုပ်နေရတာ။
“ သော်တာ.. ဘာရပ်ကြည့်နေတာလဲ.. ဘွားဘွားကြီးနောက်ကလိုက်ပြီး လှေကားတက်ဖို့ ကူတွဲချည်.. အခန်းထဲသေချာပို့ခဲ့ဦး.. လူကြီးဆိုတော့ တော်ကြာ ချော်ရော်လဲနေမှာစိုးလို့..”
ဒေါ်ခင်အေးရဲ့လောဆော်မှုကြောင့် သော်တာနိုင်မှာ ထိုတောင်ဝှေးတဒေါက်ဒေါက်သံနောက် အမှီလိုက်ကာ အနှီအမျိုးသမီးကြီး လှေကားတက်ဖို့ လက်မောင်းတဖက် ကူတွဲပေးလိုက်ရသည်။ ဗမာဆေးအနံ့တွေ သင်းနေသည့် ခန္ဓာကိုယ်ကို ဖေးမကာ လှေကား တထစ်ချင်း တက်လာနေစဉ်.. ကိုးက အပေါ်ထပ်ကနေ ဆင်းလာလေသည်။
ဒေါ်ခင်အေးရဲ့ဧည့်သည်ဖြစ်နေသည်မို့ ခေါင်းလေးညွှတ်ကာ ပြုံးပြနှုတ်ဆက်လိုက်သည့်အချိန်မှာတော့.. ထိုအမျိုးသမီးကြီး ကြည့်လာသော အကြည့်များက ဓားသွားများသဖွယ် စူးစိုက်ဝင်ကုန်သည်ဟု ထင်ရလောက်အောင် ကိုး ခံစားရလိုက်သည်။ ထိုအကြည့်တွေ ပိုင်နိုင်လွန်းပုံမှာ သူ့ဦးနှောက်ထဲသာမက နှလုံးသားထဲမှာ သိုဝှက်ထားသည်များကို အကုန်အစင် သိမြင်နေသူတယောက်လိုမျိုး။
ဖျင်းခနဲ.. ကြက်သီးမွှေးတွေက ကျောရိုးတလျှောက်။ စိတ်ထဲက တုန်လှုပ်သွားခြင်းဟာ လူပင် ကတုန်ကယင် ဖြစ်သွားရသည်အထိ။
ထွင်းဖောက်မြင်ယောင်နိုင်သော အကြည့်များသည် တဖြည်းဖြည်းနဲ့ ရန်လိုမုန်းတီးသောအကြည့်များအဖြစ် ပြောင်းသွားသည့်တိုင် ကိုးတယောက်ကတော့ နားမလည်နိုင်စွာနဲ့ပဲ ကြောင်ငေးနေမိတော့သည်။
အခုမှ တွေ့ဖူးမြင်ဖူးရသည့် အဘွားကြီးတယောက်က ဘာလို့များ သူ့အကြောင်းတွေကို အကုန်သိနေသလိုပုံစံနဲ့ ကြည့်နေရတာလဲ..
“ ကိုး..”
အကိုက သူ့ကိုခပ်တိုးတိုး ခေါ်တော့.. ထိုအမျိုးသမီးကြီးကပါ အကို့ဘက် လှည့်ကြည့်လိုက်ပြီး ချက်ချင်းပဲ သူ့ကို ပြန်ကြည့်ကာ တောင်ဝှေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရာကနေ ဒုန်းခနဲ လှေကားပေါ်ကို ဆောင့်ချလိုက်တော့တယ်။
…..
Thanks for reading,
To be continued..