လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ၇ ချိုမြိန်ခြင်းဟာ အကိုပေးမှ..
စနေ တနင်္ဂနွေတွေမှာ.. အကိုသော်တာက ကွန်ပျူတာသင်တန်းနဲ့ စာရင်းကိုင်သင်တန်းတက်ဖို့ စီစဉ်နေတယ်။ အကိုက သူ့မိဘတွေရဲ့ လက်ငုတ်လက်ရင်းဖြစ်တဲ့ သံပန်းသံတံခါးလုပ်ငန်းကို နည်းနည်းလေးမှ စိတ်ဝင်စားတဲ့ပုံမပေါ်တာမို့ ဦးထွန်းမြိုင်ခမျာ ဒီလုပ်ငန်းကြီးကို အမွေပေးချင်ပါသော်လည်း အခက်တွေ့နေရတယ်ဆိုတာ သူ ရိပ်မိပါတယ်။
ဒီလိုမျိုး သံချောင်းတွေကို ထုနှက်ရိုက်ပြီး ဂဟေဆော်ရတဲ့ အလုပ်ကြမ်းမျိုးကလည်း အကို့လို နုနုဖတ်ဖတ်ပုံစံလေးနဲ့မှမဖြစ်တာ။
ဒီကိစ္စနဲ့ပတ်သတ်ပြီး ဦးထွန်းမြိုင်နဲ့ အန်တီအေးလည်း ခဏခဏ စကားများရတယ်။
အန်တီအေးက သူ့သားကို ပညာတတ်ပီပီ နေရိပ်ထဲ အေးအေးလူလူ အလုပ်လုပ်တာမျိုး မြင်ချင်တာ.. ဦးထွန်းမြိုင်သဘောကကျ သူများဆီမှာ မျက်နှာအောက်ချခံပြီး ဝန်ထမ်းလုပ်မယ့်အစား ကိုယ့်မိဘကိုယ်ပိုင်စီးပွားရေးကို ကိုင်တွယ်စေချင်တာပေါ့။
နှစ်ဖက်လုံးကမမှားပေမယ့်လည်း အကိုသော်တာက သူ့သူငယ်ချင်းတွေလို ကွန်ပျူတာတကိုင်ကိုင်နဲ့ စီးပွားရေးနဲ့ပတ်သတ်တာမျိုးတွေ စိတ်ပါနေတော့ သားအမိနှစ်ယောက်ကတဖက် ဦးထွန်းမြိုင်ကတဖက် ကတောက်ကဆ ခဏခဏ ဖြစ်နေကြတော့တာပဲ။
အရင်ဘဝတုန်းက သူ ဒါတွေမသိခဲ့ဘူး။ မှင်နီအတားခံရကာ ကျောင်းအထုတ်ခံရပြီးတဲ့နောက် အန်တီအေးက သူ့ကို ဘော်ဒါဆောင်ဆီ ပို့ခဲ့တာလေ။ အဲ့ကတည်းက ဒီအိမ်က သူ့ကို ခေါ်တုန်းကခေါ်လာပြီး တခါထပ်စွန့်ပစ်ပါတယ်ဆိုတဲ့အတွေးနဲ့ စိတ်အနာကြီးနာသွားတာမို့ အကိုတို့မိသားစုကိစ္စတွေကို ဘာတခုမှ ဂရုမစိုက်ခဲ့မိတာ။
အခုတော့ သူ့မှာ သားအမိသားအဖ သုံးယောက်ကြားထဲ နားပူနေရလေပြီ။
“ မင့်တို့သားအမိက ငါ ပြောလိုက်ရင် ဒီလို ကလန်ကဆန်ချည်းပဲ.. အဲ့သင်တန်းတွေတက်ချင်ရင်လည်း သွားတက်.. ငါ မကန့်ကွက်ဘူး.. လူဆိုတာ မျက်စိတထောက်တင် မကြည့်ရဘူးကွဲ့.. နောက်အရှည်ကို မျှော်ကြည့်ရတယ်.. လုပ်ငန်းဆိုတာကလည်း တခုအဆင်မပြေရင် နောက်တခုကို ကူးရတာချည်းပဲ.. သံပန်းအတတ်ကိုလည်း လိုရမယ်ရ သင်ထားဖို့ပြောနေတာ..”
ဦးထွန်းမြိုင်ရဲ့ မျက်နှာထားတည်တည်အောက်မှာ.. ကိုသော်တာက မျက်မှောင်ကြုတ်ထားရင်း ဘာစကားမှမဆိုရဲ။ အန်တီအေးကတော့ သူ့ယောကျာ်းကို မျက်စောင်းတထိုးထိုးနဲ့..
“ မနက်ဖြန် သဘက်ခါပဲ တော်က ထွက်သွားတော့မှာမို့လို့လား.. ဒါတွေက ဘယ်အချိန်သင်သင် ရနေတာပဲ.. သော်တာက သူ့သူငယ်ချင်းတွေလည်း သင်တန်းတက်ကြတုန်း အတူတူတက်ချင်လို့ ပြောနေတာလေ.. မသင်ဘူးလို့ ပြောနေလို့လားတော့..”
“ ခင်အေး.. မင်း ကိုယ့်သားကိုမနိုင်ပဲနဲ့ ဇွတ်ပြောမနေနဲ့.. သော်တာနိုင်.. မင်းတက်ချင်တဲ့သင်တန်းလည်း အဖေက ပေးတက်မယ်.. လာမယ့်နွေကျရင်လည်း စက်မှုအလုပ်ရုံမှာ အလုပ်ဝင်လုပ်ရမယ်.. ကြားလား..”
၂၆ နှစ်အရွယ် ကိုးကတော့ ငွေရှာရခက်ခဲတဲ့ ဒီလောကကြီးထဲ လက်မှုအတတ်ပညာတခုတတ်ထားတာလည်း မဆိုးဘူးဆိုတဲ့အတွေးနဲ့ ဦးထွန်းမြိုင်ရဲ့အကြံကို လက်ခံပြီး ကိုသော်တာ့ကို သဘောတူလိုက်စေချင်သော်လည်း ၁၇ နှစ်အရွယ် သော်တာနိုင်မှာ ခေါင်းလည်းမငြိမ့် ခေါင်းလည်းမခါ။ မလုပ်ချင်တာကို လုံးဝမလုပ်ဘူးလို့ တွေးထားပုံရတယ်။
အကိုက အကုန်ကောင်းတယ်.. ခေါင်းမာတတ်တဲ့အကျင့်လေးကတော့ တခါတလေ ကျားကုတ်ကျားခဲနဲ့။ ဘယ်လိုမှ ချော့မရ.. ပြောမရ။ အင်းမလုပ် အဲမလုပ်.. မျက်နှာကိုတဖက်လွှဲသွားတဲ့အခါ ဦးထွန်းမြိုင်က ဒေါသပုံထချင်လာတော့တာပေါ့။
“ သော်တာနိုင်.. မင်း ရောင့်တက်မလာနဲ့နော်..”
“ ဟို.. ဦးလေး.. အကိုသော်တာ မသင်ချင်ဘူးဆိုရင် ကျွန်တော် သင်မယ်လေ.. ကျွန်တော် စိတ်ဝင်စားပါတယ်.. ကျွန်တော် အရင်ကြိုသင်ပြီး အရင်ကြိုတတ်ထားရင် နောက်ကျ အကို့ကို ကျွန်တော် ပြန်သင်ပေးလို့ရတာပေါ့.. ကျွန်တော်က စိတ်ဝင်စားမိရင် သင်လွယ်တတ်လွယ်ပါတယ်..”
မဝံ့မရဲပြောလာတဲ့ ကိုးကို ဦးထွန်းမြိုင်က သဘောကျသွားဟန်ရှိတယ်။
“ မင်းက တကယ်သင်ချင်တာလားကွ.. ဟေ..”
“ ဟုတ်.. ကျွန်တော် တကယ်သင်ချင်ပါတယ်.. ကျွန်တော် ဘုရားကျောင်းမှာနေတုန်းကတည်းက တူထု သံရိုက်တာတို့ လုပ်ဖူးတယ်..”
ရေနွေးကြမ်းပန်းကန်ကို မော့သောက်လိုက်ကာ ဦးထွန်းမြိုင်က ခေါင်းတငြိမ့်ငြိမ့်။ ဘေးမှာ ရပ်နားထောင်နေတဲ့ အန်တီအေးက သူ့ယောကျာ်းကိုကြည့်ပြီး စိတ်မရှည်တော့တဲ့ပုံနဲ့..
“ ကဲ.. တော် တပည့်မွေးချင်နေတာနဲ့ အတော်ပဲ မဟုတ်လား.. ရပါပြီတော်.. ကိုး.. မင်းလည်းကြိုးစား ငါ့သားရေ.. ဒီလူကြီးကလေ တပည့်သာခံလို့ကတော့ သမီးရှိရင် သမီးပါထည့်ပေးမယ့်လူမျိုးအေဟဲ့..”
မာန်ပါပါနဲ့ ပြောချလိုက်တဲ့ အန်တီအေးစကားကြောင့် ရုတ်တရက်ကြီး သူတို့လေးယောက်သား ထရယ်မိတော့တာပဲ။
ဟိုသားအမိသားအဖသုံးယောက်ကတော့ ဟာသဘောရယ်နေကြပေမယ့် သူကတော့ အဓိပ္ပါယ်ပါပါကြီးကို ရယ်နေမိတယ်။
သမီးမရှိလည်း ကျွန်တော့်ကို သမက်တော်ချင်ရင် သားကို ယူမှာပေါ့ အန်တီအေးရယ်.. လို့ ပြောထွက်ပစ်ချင်လိုက်တာလည်း သူ့မှာ အူတွေကိုယားနေရောပဲ။
တကယ်ပါ.. ကျွန်တော်လေ တအားနောင်တရတယ်.. ကျွန်တော်သာ နည်းနည်းလောက်လေး သိတတ်ခဲ့ရင်.. ကျွန်တော်သာ လောဘ ဒေါသတွေနဲ့ အတ္တစိတ်တွေ ထိန်းနိုင်ခဲ့ရင် ကျွန်တော်တို့ ဒီလိုပျော်ခဲ့ရမှာ..
…..
ကိုးတယောက် ညစာစားပြီး အိပ်ရာမဝင်ခင်.. အိမ်စာထိုင်ရေးနေတုန်း အခန်းတံခါးခေါက်သံ ကြားရတယ်။
“ ကိုး.. မင်း အိပ်နေပြီလား..”
ခပ်တိုးတိုး ထွက်လာတဲ့ ကိုသော်တာ့အသံ။ ပုံမှန်ဆို အခန်းထဲမလာတတ်သူမို့ ကိုးမှာ အံ့သြနေရသေး..
“ မအိပ်သေးဘူး အကို..”
ချောက်ကနဲ တံခါးဖွင့် ဝင်လာတော့ အကို့လက်ထဲမှာ ကျောင်းသူတွေဆီက လက်ဆောင်ရနေကျ ချိုချဉ်လုံးတွေ တဆုပ်လိုက်နဲ့။ ရော့..ဆို လက်ထဲ ထိုးထည့်ပေးပြီး သူ့ကုတင်ပေါ် ပစ်လှဲချလိုက်ကာ..
“ ညနေတုန်းက အကို့ကို အဖေ့လက်ထဲကနေ ကယ်တင်ပေးတဲ့အတွက် ကျေးဇူးပါကွာ.. မင်းသာ မကယ်ရင် အကို အဲ့သံပုံတွေကြားထဲ တသက်လုံး မြှုပ်နေရတော့မှာ..”
လက်ထဲက ပန်းနုရောင်အသည်းပုံချိုချဉ်လေးတွေရဲ့ ချိုမြိန်မှုဟာ မစားခင်ကတည်းကကို သူ့စိတ်ထဲ တိုးဝင်နေပြီ။ အရင်က အမြဲတမ်း တောင်းပန်စကားတွေနဲ့ ဆုံးမစကားတွေပဲ ထွက်ကျခဲ့ဖူးတဲ့ အကို့နှုတ်ဖျားက သူ့ကို ကျေးဇူးတင်နေသတဲ့လား။
“ အကို့ကိုကယ်တင်တာ မဟုတ်ရပါဘူးဗျာ.. ကျွန်တော် တကယ်ပဲ သံပန်းအလုပ်ကို စိတ်ဝင်စားပါတယ်..”
အကိုက အိပ်ရာပေါ် လှဲနေရာကနေ သူ့ကိုခေါင်းထောင်ပြီး ကြည့်လာတယ်။ သူ့မှာ သူ အိပ်တဲ့အိပ်ရာပေါ်မှာ ပက်လက်လှန်လှဲနေတဲ့ အကို့ခန္ဓာကိုယ်ကို မကြည့်ဖြစ်အောင် အတင်းအကျပ် အကြည့်လွှဲရတော့တာပဲ။
ကိုသော်တာ.. ခင်ဗျား ဘာလို့ ကျားရဲတွင်းထဲရောက်လာရသလဲ..
“ မသိပါဘူး.. အဖေက အကို့ကိုဆူနေလို့ မင်း ကြံရာမရဖြစ်ပြီး ဝင်ပြောလိုက်တယ် ထင်နေတာ..”
“ အဲ့ဒါက ခဏတာပဲ ပြေလည်မှာလေဗျာ.. ကျွန်တော်က ဦး ပြောသလို ရေရှည်ကိုမျှော်တွေးပြီး တကယ့်စိတ်ရင်းနဲ့ပြောလိုက်တာပါ.. ကျွန်တော်သာ သံပန်းသံတံခါးအလုပ်လုပ်တတ်သွားရင် အကိုလုပ်မယ့် စီးပွားရေးလုပ်ငန်းတွေ မအောင်မြင်လည်း ကျွန်တော်က အကို့ကို တင်ကျွေးထားနိုင်တာပေါ့.. နောက်ဆိုလည်း ဦးနဲ့ အန်တီအေးကိုရော အကို့ကိုပါ လုပ်ကျွေးဖို့က ကျွန်တော့်တာဝန်လေ..”
သော်တာနိုင့်ခမျာ ခေါင်းထောင်လျှက်ကြီး အသံတိတ်သွားတော့တာပဲ။ ကိုးကို လှမ်းကြည့်နေရင်း သူ ကြားလိုက်တာကို ပြန်ဆန်းစစ်နေပုံရတယ်။ လူကတော့ မလှုပ်မယှက်ကြီး။
“ ကျွန်တော့်ကို အကိုတို့က ခေါ်မွေးစားထားတာလေ.. ကျွန်တော်က သေချာပေါက် ပြန်ကျေးဇူးဆပ်ရမှာပေါ့.. ဟုတ်တယ်မလား..”
ကိုးက ပြောရင်းနဲ့ ချိုချဉ်တလုံးကိုဖောက်ကာ သော်တာနိုင့်ဆီ လှမ်းပေးလိုက်တယ်။ အဲ့အခါကျမှ သော်တာနိုင်တယောက် စိတ်နဲ့လူက တချိန်တည်း ပြန်ဖြစ်သွားတဲ့ပုံနဲ့..
“ မင်းမို့လို့ ဒီလိုခြေကြမ်းလက်ကြမ်းအလုပ်ကို စိတ်ဝင်စားတယ်.. သံပန်းအလုပ်က ဘယ်လောက်ပင်ပန်းသလဲ မင်းသိလို့လား.. အကိုတို့ အိမ်ကအလုပ်သမားတွေဆို လက်ဖဝါးတွေမှာ အသားမာတက်နေတာ ခွာချလို့တောင်မရတော့ဘူး.. သံဂဟေဆော်ပြီးဆိုရင်လည်း မျက်စိတွေ ခဏခဏကြိမ်း.. သံစဖြတ်ရင်လည်း အသားကိုစိုက်မိတာတွေ.. ပိုက်လုံးကို သံလွှနဲ့ အံကြိတ်ပြီးဖြတ်ရတာတွေ.. ဟား.. တကယ့်အလုပ်ကြမ်းကြီးပါကွာ..”
ချိုချဉ်ကို ပါးစပ်ထဲပစ်ထည့်ရင်း စိတ်ပျက်လက်ပျက် ပြောလာတဲ့ အကို့အသံကြောင့် သူ ပြုံးမိတယ်။
အရင်က ကိုးရဲ့ အလုပ်အကြောင်းတွေကို အကို သိသွားတုန်းကဆိုရင် သူ့ကို ၃ ရက်လောက် စကားမပြောခဲ့ဘူး။ ကိုးရဲ့လွယ်အိတ်ထဲက ဆေးလုံးတွေ ဆေးမှုန့်တွေပါတဲ့ အထုပ်ကြီးကို အကို ရှာတွေ့ခဲ့တုန်းက အခုလက်ရှိထက်ပိုပြီး စိတ်ပျက်နေတဲ့အသံနဲ့ ဆက်မလုပ်ဖို့ တတွတ်တွတ် တောင်းပန်လိုက်.. လိမ္မာပါတော့ဆိုပြီး ဆုံးမလိုက်နဲ့ပေါ့လေ။
ကိုသော်တာ ခေါင်းမာချက်ကတော့.. နယ်စပ်ဆင်းပြီး ဘိန်းမှောင်ခိုကူးနေတဲ့ ကိုးလိုကောင်ကို ဆုံးမရုံနဲ့ ပြန်လိမ္မာလာမယ် ထင်ခဲ့တာတဲ့။
“ ဘယ်အလုပ်မဆိုတော့ ပင်ပန်းတာပေါ့ အကိုရာ.. ကျွန်တော်က အဲ့စာရင်းဇယားတွေနဲ့ ထိုင်ခုံကြီးမှာ တချိန်ကုန် ထိုင်ပြီး အလုပ်လုပ်နေရတာကြီးကို တွေးရင်း စိတ်ကျဉ်းကျပ်တယ်ဗျ.. ပြီးတော့ ကျွန်တော်က ဉာဏ်လည်းမကောင်းဘူးရယ်.. ခုကျက် ခုမေ့ပဲ.. အဲ့အလုပ်တွေလုပ်ရမယ်လည်း မထင်ပါဘူးဗျာ..”
“ မင်းကတော့ ဖြစ်ရမယ်.. air-con ခန်းထဲ အေးအေးဆေးဆေးနေရမှာကိုများ မကြိုက်ဘူးတဲ့.. တော်တော်အပူရှာတဲ့ကောင်လေးပဲ..”
အကိုက မျက်မှောင်လေးကြုတ်ပြီး နားမလည်သလိုပြောလာတော့ သူ ပြုံးပဲပြုံးနေလိုက်ပြီး ဘာမှမတုန့်ပြန်ဖြစ်တော့ပါဘူး။
ဆေးကြောင်တဲ့ကောင်တွေ ဓားနဲ့လိုက်ထိုးတာခံရ.. နယ်စပ်မှာ စစ်ဆေးရေးနဲ့တွေ့လို့ တောထဲဝင်ပုန်းရင်း ငှက်ဖျားမိပြီး သေမလိုဖြစ်ရ.. ရဲတွေလိုက်ဖမ်းလို့ အမှိုက်ပုံထဲ တညလုံးဝင်ပုန်းနေရတာတွေထက်စာရင် သမာအာဇီဝကျတဲ့ ဘယ်အလုပ်မဆို ကျွန်တော် လုပ်ပျော်ပါပြီ အကိုရ.. ဆိုတဲ့ စကားတွေကိုတော့ ဘယ်တော့မှထုတ်ပြောဖြစ်မှာ မဟုတ်ပေ။
သူက ဘာမှပြန်မပြောတော့.. အကိုလည်း လက်လျှော့သွားပုံရပါတယ်။ အိပ်ရာပေါ်ကနေ ထလာပြီး သူ့ပုခုံးကို ခပ်ဖွဖွလေးပုတ်ရင်း..
“ မင်း တကယ်လုပ်ချင်စိတ်ရှိရင် ပြီးတာပါပဲ.. အကိုက အကို့ကြောင့် မင်း တမင်ပြောလိုက်တယ်ထင်လို့ လာမေးတာ.. အကို့အတွက်ဆို အဲ့လိုတွေလုပ်ပေးစရာမလိုဘူး သိလား.. အဖေ့ကိုလည်း အကို့ဘာသာ ဖြေရှင်းနိုင်တယ်..”
“ မဟုတ်ပါဘူး အကိုရ.. ကျွန်တော် ဒီအလုပ်ကို တကယ်လုပ်ချင်စိတ်ရှိတာပါ.. တကယ်လို့ အကို့အတွက်သာဆိုရင်လည်း ကျွန်တော်က ဘာမဆို လုပ်ပေးမှာပါ..”
သူ့ပုခုံးကို ကိုင်ထားတဲ့ အကို့လက်ဖျားလေးတွေ တန့်သွားပြန်ပါပြီ။ စိတ်ထဲကနေ ကျိတ်ရယ်ရင်း အကို့ကို မထိတထိလေး စရတာကို ပျော်နေမိတယ်။
အနှောင့်အသွားမလွတ်တဲ့စကားတွေပြောတိုင်း အကိုက စက်ရုပ်လေး သံပတ်ကုန်သွားသလို ရပ်ရပ်သွားသလိုမျိုး။ အကိုကတော့ ထင်ရော့မယ်.. ဒီကောင် ဘာစကားတွေပြောနေတာလဲလို့လေ..
“ အိပ်တော့လေ.. နောက်မကျစေနဲ့..” လို့ ပြောပြီး အကိုက အခန်းထဲကနေ တခါတည်း တန်းထွက်သွားတော့တာပဲ။
အကိုထွက်သွားမှ ချိုချဉ်တလုံးကို ဖောက်စားလိုက်တယ်။ ချိုချဉ်တောင် အကိုပေးတာ စားရတာ သိပ်ချိုတယ်။ တခြားတယောက်ဆီက ရတာကို ပြန်ကျွေးတာဆိုပေမယ့် အကို့လက်နဲ့ပေးတာ အကိုပေးတာပဲ။ ကျွန်တော် သိပ်ကြိုက်တယ်။
ပြီးတော့ ဘုရားကျောင်းက ယူလာတဲ့ သူ့ကိုယ်ပိုင်စုဗူးလေးထဲကို ဟိုတနေ့က အကိုကားပေါ်မှာ ကျွေးတဲ့ချိုချဉ်အိတ်အခွံရယ်.. ဒီနေ့ အကိုနဲ့ သူ တယောက်တလုံး ဖောက်စားထားတဲ့ ချိုချဉ်အိတ်အခွံတွေရယ် စုပြီး ထည့်ထားလိုက်တော့တယ်။
အရင်က ရခဲ့ပေမယ့် မထိုက်တန်ခဲ့တဲ့ အကို့မေတ္တာတွေရဲ့အစား.. အခု ရနေတဲ့ အကို့မေတ္တာတွေကို နှစ်ဆတိုးလို့ တန်ဖိုးထားပါ့မယ်.. အခုရော ထိုက်တန်ပါ့မလားမသိပေမယ့် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်..
ဒါဟာ နောက်တခါ ပြန်လည်ရှင်သန်ခွင့်ရခြင်းရဲ့ ဘဝအဓိပ္ပါယ်ပဲ ဖြစ်ပါလိမ့်မယ် ကိုသော်တာ..
…..
Thanks for reading,
To be continued..