လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ၆ - ကျွန်တော်ဟာ အပြစ်သားမို့
သော်တာနိုင်က သူ့ဘေးမှာ သူငယ်ချင်းတပြုံလိုက်ကြီးနဲ့ စကားတွေဖောင်ဖွဲ့သီပြီး ကျောင်းဝန်းထဲက ထွက်လာချိန်.. ကျောင်းဝန်းရှေ့ စိန်ပန်းပင်ကြီးအောက်မှာ တယောက်တည်းရပ်နေတဲ့ ကိုးခမျာ သော်တာနိုင့်ကို ငေးကြည့်နေရှာလေသည်။
ဘာနဲ့တူသလဲဆိုရင်လေ.. တဖျတ်ဖျတ် တောက်ပနေတဲ့ကြယ်လေးတွေ ဝန်းရံခတဲ့ လမင်းကြီးကို မော့ကြည့်နေရသလိုပါပဲ။ အရင်ကလည်း မော့ကြည့်ခဲ့ရတယ်။ အခုလည်း မော့ကြည့်နေရတုန်းပဲ။ ပြောင်းလဲခဲ့သည်က နောင်တတရားတခုပင်။
နောက်ဆုံး သူငယ်ချင်းတွေ အချင်းချင်းနှုတ်ဆက်လို့အပြီး လာကြိုကြတဲ့ မိဘတွေဆီပါသွားကြတော့မှ.. သော်တာနိုင်က ကိုးကို လှည့်ပတ်ရှာတော့တယ်။
ကိုးကိုမမြင်တော့ စိတ်ပူသွားတဲ့အရိပ်အယောင်လေးက သော်တာနိုင့်မျက်နှာမှာ ထင်းခနဲ။ ဟိုဟိုဒီဒီ ဝေ့၀ဲ ရှာနေတဲ့ မျက်ဝန်းလေးတွေကလည်း ပျာသလူးခတ်နေလေရဲ့။ ကျောင်းဆင်းချိန်မို့ စုပြုံတိုုးဝှေ့နေတဲ့ ကျောင်းသားကျောင်းသူတွေကြား သော်တာနိုင်တယောက် ညီငယ်ပျောက်ရှာပုံတော်ဖွင့်နေလေသည်မှာ ယောက်ယက်ခတ်နိုင်လွန်းသည်။
ဒါကို အစအဆုံး မြင်နေရတဲ့ ကိုးမှာတော့.. မျက်ရည်တွေဝဲတက်လာတဲ့အထိ ရင်ထဲမှာ သိမ့်ခနဲ။
ကြည့်ပါဦး.. ခင်ဗျားမှာလည်း ဒီကကောင်ကို စိတ်ပူနေလိုက်တာ အရင်လိုပါပဲလား အကိုရာ..
သူ့ဖြစ်တည်မှုလေးက အကို့စိတ်ထဲ ဒီလို ပိစိညှောင့်တောက်လေး နေရာယူနိုင်ရင်ကို အခါခါ ပြန်သေရကျိုးနပ်တယ်။
“ အကို.. ကိုသော်တာ..”
အကိုက ကျောင်းဝန်းထဲပြန်ဝင်ရှာဖို့ ဟန်ပြင်နေပြီမို့ သူ လှမ်းအော်ခေါ်လိုက်ရတော့တယ်။
သူ့ကိုမြင်သွားတော့မှ အူယားဖားယားနဲ့ ပြေးလာပြီး..
“ ကိုးရာ.. မင်းကလည်း နောက်တယ်.. အကိုက မင်း အတန်းထဲ ဝင်ရှာသေးတယ်.. မင်း မရှိတာနဲ့ ကျောင်းဝန်းရှေ့မှာတော့ အကို့ကို စောင့်နေမှာပဲဆိုပြီး ထွက်လာတာ.. မင်းကို မတွေ့တော့ လန့်သွားတာပဲ..”
“ ကျွန်တော်လည်း လှမ်းခေါ်မလို့ပါပဲ.. အကို့သူငယ်ချင်းတွေနဲ့ စကားပြောနေတော့ နှောင့်ယှက်သလို ဖြစ်မှာစိုးလို့..”
“ မင်းကလည်းကွာ.. အဲ့လောက် သူစိမ်းမဆန်ပါနဲ့.. မင်းစိတ်ထဲမှာ အကိုနဲ့ အကို့မိဘတွေအတွက် အဆင်ပြေအောင် နေမယ်ချည်း တွေးမနေနဲ့.. မင်းအရှိအတိုင်းနေ.. ကြားလား..”
ပြောပြောဆိုဆို ပုခုံးချင်း လာတိုက်တော့.. သူ့မှာ အကို့ပုခုံးလေးနာသွားမှာကို စိုးရသေး။ တခါတလေ သူ့ခန္ဓာကိုယ်က အကို့ထက် သန်မာတောင့်တင်းနေတာကို တကယ်သဘောမကျ။ သူ့ကြောင့် အကို့အသားနုနုလေးတွေ နာကျင်ခဲ့ရတာကို ပြန်မြင်ယောင်မိလို့လေ။
“ ကားကလည်း ကြာလိုက်တာကွာ.. အခုထိ ရောက်မလာသေးဘူး..”
အကိုက ပွစိပွစိ ရေရွတ်ပြီး ကျောင်းလာကြိုတဲ့ကားတွေနဲ့ ပြည့်သပ်ကျပ်နေတဲ့ ကားတန်းကြီးကို လှမ်းကြည့်နေတဲ့အခါ သူကတော့ ထုံးစံအတိုင်း အကို့အရိပ်လေးကို မနင်းမိအောင်ရှောင်ကာ နောက်ကျောပြင်လေးကိုပဲ ကြည့်နေရင်း..
ကိုသော်တာရေ.. ကျွန်တော်သာ ကျွန်တော့်အရှိအတိုင်းနေရင် အကိုရော.. အကို့မိဘတွေပါ ဒဏ်မခံနိုင်လောက်ဘူး.. အကို မသိလို့ပါ ကျွန်တော်က တကယ်တော့ တကယ့်ကို စုတ်ပဲ့ညစ်ညမ်းခဲ့တဲ့ကောင်ဗျ.. ဒီလက်တွေနဲ့ အကို့ကိုရိုက်နှက်ခဲ့ဖူးသလို.. ဒီပါးစပ်နဲ့လည်း အကို နာကျင်အောင် စကားလုံးကြမ်းကြမ်းကြီးတွေ ပြောခဲ့ဖူးတယ်.. ရတောင့်ရခဲ အကို့အနားမှာပြန်နေခွင့်.. အမှားတွေပြင်ဆင်ခွင့်ရတဲ့ ကျွန်တော်က ဘယ်လိုလုပ် ကျွန်တော့်စိတ်အရှိအတိုင်း နေရဲပါ့မလဲ..
“ ကိုးရေ.. လာကွာ.. လမ်းတွေက တအားပိတ်နေတော့ ကားက ကျောင်းပေါက်ထိ ဝင်မရတာနေမယ်.. ငါတို့ လမ်းလျှောက်သွားပြီး ကားရှာရအောင်..”
အကိုက ပြောပြောဆိုဆိုနဲ့ လမ်းမဘက်ထွက်သွားတဲ့အခါ သူ့မှာ အမြန်လိုက်သွားပြီး ကားတွေနဲ့မထိမိအောင် အကို့လက်မောင်းလေးကို အသာအယာပြန်ဆွဲထားမိတယ်။
“ ကားကြားထဲက မသွားနဲ့လေ အကိုရာ..”
“ အေးပါ.. ကားတွေက အရှိန်လည်းမပါပါဘူး..”
“ ဒါဆို ဒီကစောင့်.. ကျွန်တော် သွားရှာပေးမယ်..”
အကို့လက်မောင်းကို ဆွဲကာ နောက်ပြန်ပို့ပြီး သူ ကားကြားထဲ ထွက်ရှာတော့ အကိုကပါ နောက်ကနေ ဇွတ်လိုက်ကာ ကပ်ပါလာတယ်။ တခါတလေ အကိုသော်တာက အဲ့လိုတွေ ခေါင်းသိပ်မာလွန်းတာ။
နှစ်ယောက်သား တိုးတိုးဝှေ့ဝှေ့နဲ့ အိမ်ကကားကို ကျပ်ညှပ်နေတဲ့ ကားတန်းကြီးအလယ်မှာ ရှာတွေ့တယ်။ ကျောင်းဆင်းချိန်နဲ့ ကျောင်းတက်ချိန်တွေကတော့ လမ်းပေါ် အမြဲ ဒီလိုပင်။ မိဘတွေကလည်း သူတို့သားသမီးတွေကို ကားဆိုမှ ကားနဲ့ချည်း ပို့ကြတော့ အကုန်ကြပ်ညှပ်ပိတ်ကုန်တော့တာပေါ့။
ကားတွေပိတ်နေတော့ ဘယ်လိုမှထွက်မရတဲ့အဆုံး.. ချွေးတွေနဲ့ စိတ်အိုက်လူအိုက်ဖြစ်နေပုံရတဲ့ အကို့ကို သူ့စာအုပ်ထုတ်ကာ ယပ်ခတ်ပေးနေလိုက်တယ်။
“ ရပါတယ်ကွာ.. air-con ဖွင့်ထားတာပဲ.. အဲ့လောက်မအိုက်ပါဘူး..”
အကိုက ပြုံးပြီးပြောတော့ သူ့မှာ မြောက်ဝင်ရိုးစွန်းက ရေခဲတောင်ကြီးကိုတောင် ဒီကားထဲ ရွှေ့ပေးချင်စိတ် ပေါက်လာရတယ်။
“ နေဦး.. အကို့မှာ မုန့်ပါတယ်..”
သော်တာနိုင် လွယ်အိတ်ဖွင့်လိုက်တဲ့အခါ.. သူ့လွယ်အိတ်ထဲမှာ ချိုချဉ်တွေ၊ ရည်းစားစာတွေနဲ့ လက်ဆောင်ပစ္စည်း ပုစုခရုလေးတွေက စုံစိလို့။
ဒါကလည်း သိပ်တော့အထူးအဆန်းမဟုတ်။ သိအောင်တမျိုး.. မသိအောင်တမျိုး ဒီလိုပဲ လက်ဆောင်အပေးခံနေရတဲ့သူပဲဟာ။ နဂိုကမှ စိတ်ထားနူးညံ့သူမို့ ငြင်းရမှာလည်း အားနာပုံရပါတယ်။
ကျောင်းဘင်ခရာပြိုင်ပွဲတွေမှာဆိုအထက ၁၆ လို့ အော်လိုက်တာနဲ့ ကျောင်းသူလေးတွေရဲ့ အားပေးသံက စီခနဲ။ သော်တာနိုင်က တခြားကျောင်းက ကျောင်းသူလေးများကြားထဲမှာတောင် အဲ့လောက်ထိ ရေပန်းစားတာလေ။
အဲ့ဒါတွေကိုပဲ ကိုးက မနာလိုမိတာ။ လာပေးရင် လက်ခံလိုက်တယ်.. ရယ်ရယ်မောမော ခင်ခင်မင်မင် ဆက်ဆံတယ်.. လူတကာကို အပြုံးလေးနဲ့ ကြင်နာတတ်တဲ့ နတ်သားလေးတပါးလိုမျိုး။ ဝိုင်းဝိုင်းလည် အချစ်ခံ ပြီးပြည့်စုံတဲ့ လာခြင်းကောင်းတဲ့လူစားမျိုး။ ကိုးနဲ့တော့ မိုးနဲ့မြေလို ကွာခြားနေတာကိုး။
တကယ်တော့ ကိုးကိုမို့လို့ ခင်မင်ရင်းနှီးစွာ ဆက်ဆံတာမဟုတ်ပဲ တခြားသူတွေကိုပါ ဒီလိုပုံစံနဲ့ ဆက်ဆံတတ်တဲ့ သော်တာနိုင့်ကို ကိုးတယောက်က မကျေမနပ်နဲ့ အမြင်လည်းကတ်ခဲ့မိတာ။ ဘုရားကျောင်းက ဧကနဲ့ သတ္တကတောင် ကိုးကိုဆို တနည်းမဟုတ် တနည်း ရန်ရှာချင်ပေမယ့် တခြားကလေးတွေကိုကျ ကိုးလောက်အနိုင်မကျင့်တတ်ကြဘူး။
နှိုင်းယှဉ်သင့်လား မသင့်လား သူ မဝေခွဲတတ်တော့ပဲ အဲ့လို မတူညီတဲ့ ဆက်ဆံမှုပဲဖြစ်ဖြစ်.. သော်တာနိုင့်စိတ်ထဲမှာ သူများနဲ့မတူ လူတယောက်ဖြစ်ချင်ခဲ့တာပါ။
အဲ့ဒါကြောင့်လည်း သော်တာနိုင် သူ့ကို အာရုံစိုက်မိလာအောင် အမျိုးမျိုး ပြသနာရှာ.. မရှိတဲ့အရာတွေကို လုပ်ယူခဲ့တာပေါ့။ သော်တာနိုင့်လိုလူမျိုးက သူ့တယောက်တည်းကိုပဲ ဂရုစိုက်ပေးနေရင် ဘယ်လောက်ကောင်းလိုက်မလဲဆိုတဲ့ လောဘစိတ်လေးလည်း ရှိခဲ့တယ်။ သူများအိမ်ပေါ်တက်နေပြီး သူများကို မနာလိုဝန်တိုစိတ်တွေနဲ့ ဒုက္ခပေးချင်တာလည်း ပါတယ်။
ချစ်ခြင်းမေတ္တာစစ်စစ်ကိုမရဖူးတဲ့ ဆယ်ကျော်သက်ကောင်လေးတယောက်ရဲ့ မသိစိတ်ထဲက ဒီလိုအငုံ့စိတ်လေးတွေက နောက်တချိန်မှာ အားကောင်းကောင်းနဲ့ လောင်ကျွမ်းမယ့် အမုန်းမီးစာတွေ ဖြစ်လာမယ်မှန်း သူကိုယ်တိုင်လည်း ဘယ်သိခဲ့ပါ့မလဲ။
သူသာ တခြားကျောင်းသားနဲ့ ရန်ဖြစ်နေရင်.. သော်တာနိုင်တယောက် စိတ်ပူပန်တကြီး ပြေးလာမှာ။ သူသာ ကျောင်းလစ်သွားရင် သော်တာနိုင်က အိမ်ကိုလိမ်ပြီး လိုက်ရှာပေးမှာ။ သူသာ ကောင်မလေးတယောက်ယောက်နဲ့ ကြိုက်ရင် သော်တာနိုင်က မဖြစ်သင့်တာ မဖြစ်အောင် ဆုံးမစကားတွေ ပြောနေမှာ။
“ ကိုး.. မင်း သိပ်မဆိုးပါနဲ့.. မင်း ဒုက္ခရောက်မှာဆိုးလို့ အကိုက တားနေတာ..” ဆိုတဲ့ လေပြည်တိုးသံတွေက အတိတ်ဘဝကနေ အခုထိ သူ့နားမှာ တိုးဝှေ့နေဆဲပါပဲ။
သူ့ကို စိုက်ကြည့်ပြီး ငေါင်နေတဲ့ ကိုးကို သော်တာနိုင်က လွယ်အိတ်ထဲက ချိုချဉ်တွေ ထုတ်ကျွေးလာတယ်။
“ ရော့.. ဒါလေး စားကြည့်.. စားကောင်းတယ်..”
ပန်းနုရောင် အသည်းပုံချိုချဉ်လေးကို လက်ဖဝါးထဲထည့်ပေးတော့.. ကိုးက ပြန်ထိုးထည့်ပေးလိုက်ကာ..
“ တော်ပါပြီ.. သူများက အကို့ကို ချစ်လို့ ကျွေးတာ.. ကျွန်တော် စားနေရင် ဘယ်တရားပါ့မလဲ.. ကျွန်တော့်အတွက် မဟုတ်တာတွေကို မစားချင်ပါဘူး.. အကို့ဘာသာစားပါ..”
မသိလိုက် မသိဘာသာ စူသွားတဲ့ သူ့နှုတ်ခမ်းကိုသာ အတိတ်ဘဝကကိုးသာ မြင်ရင် ဒီမျက်ခွက်ကြီးကို ခြေထောက်နဲ့ ဆောင့်ကန်မှာ သေချာပေါက်ပဲ။ အရင်က ကိုးသာဆို ဘယ်သူကပေးမှန်းမသိတဲ့ သူများပိုးစာပန်းစာတွေကို လာကျွေးနေတာလား ဆိုပြီး အဲ့ချိုချဉ်ကို ဝှီးခနဲနေအောင် လွှင့်ပစ်လိုက်မှာ။
“ အကို့ကိုချစ်လို့ကျွေးလည်း အကိုက မင်းကို ချစ်လို့ ပြန်ကျွေးတာပေါ့ကွ.. ရော့ ယူ..”
လက်ထဲပြန်ရောက်လာတဲ့ ချိုချဉ်လေးကို သူ ကျစ်နေအောင် ဆုပ်ကိုင်ထားလိုက်ရင်း..
“ အကိုက တကယ်ပဲ ကျွန်တော့်ကို ချစ်တာလား..”
အတည်ပေါက်နဲ့ မျက်လုံးချင်းဆုံအောင်ကြည့်ပြီး မေးချလိုက်တဲ့အခါ အကိုသော်တာရဲ့ စိတ်အလျင်တွေ ရုတ်တရတ် ရပ်တန့်သွားတာကို သတိထားလိုက်မိတယ်။ နှစ်ယောက်သားထိုင်နေတဲ့ ကားနောက်ခန်းကြီးထဲမှာ အနေအထားက တမျိုးကြီး။
“ ဟင်..”
အာမေဋိတ်သံ ခပ်တိုးတိုးလေးနဲ့အတူ မျက်တောင်တိုတိုစိတ်စိတ်လေးတွေက ၃ ၄ ချက်လောက် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားလေတယ်။ ကြောင်တိကြောင်ကန်းဖြစ်နေတဲ့ အကို့ပုံစံလေးကြောင့် စိတ်ရိုင်းတွေက ဟုန်းခနဲ။ သူ့အောက်မှာ လှဲသိပ်ပြီး အရင်က အကြမ်းပတမ်း ရယူခဲ့တဲ့ နှစ်ကိုယ်ကြားကအရသာတွေကို ပြန်သတိရသွားတာမို့ သူ့မှာအပူရှိန်တွေက တရိပ်ရိပ်ပင်။
စိတ်ကူးနဲ့တောင် မပြစ်မှားဝံ့သင့်တဲ့ လူမို့ ခြောက်သွေ့လာတဲ့ နှုတ်ခမ်းတွေကို လျှာဖျားနဲ့ သပ်ကာ အသိတရားဝင်လာအောင် ကိုယ့်လက်ကို ပြန်ဆွဲဆိတ်ပစ်ရတယ်။
“ ကျွန်တော်က အခုမှ အကိုတို့အိမ်ကို ရောက်လာတာလေ.. ဦးတို့ အန်တီတို့နဲ့ အကိုက ကျွန်တော့်ကို တကယ့်သွေးရင်းသားရင်းလို ချစ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား..”
ခပ်တိုးတိုး သူ့လေသံကြောင့် အကို့မျက်ခုံးမွှေးတန်းကွေးကွေးလေးတွေက ပိုတွန့်ကွေးသွားရကာ..
“ မင်းခေါင်းထဲမှာ အတွေးတွေများနေမယ်ဆိုတာ အကို သိပါတယ်.. အကိုလည်း နားလည်တယ်.. ဒါပေမယ့် သေချာပြန်စဉ်းစားပါဦး.. အဖေနဲ့အမေက မင်းကိုချစ်လို့ ခေါ်မွေးစားခဲ့တာ မဟုတ်လား.. သွေးတော်သားစပ်မှ တကယ်ချစ်တယ်ဆိုတာမျိုးတွေ မတွေးပါနဲ့ကွာ.. အဲ့ဒါတွေ တွေးနေမယ့်အစား မင်းဘာသာမင်း ပျော်အောင်နေစမ်းပါ.. အကိုက မင်း စိတ်အေးလက်အေးနဲ့ ပညာသင်ပြီး လိမ်လိမ်မာမာ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတာကိုပဲ မြင်ချင်တာ.. ”
ကိုသော်တာနိုင်ကတော့ ကိုသော်တာနိုင်ပါပဲ။ တဖက်လူရဲ့စိတ်ထဲကို ခဏလောက်လေးတောင် ဝင်ကြည့်ဖို့ မကြိုးစားပဲ ဆုံးမစကားတွေ တသီတတန်းကြီး ပြောနေပြန်ပါပြီ။
တကယ်ဆို အကိုကလည်း မင်းကို ချစ်ပါတယ်လို့ နောက်တခါလောက် ထပ်ပြောပေးစေချင်တာကို။ ဒါလေးပြောပေးလိုက်ရင် ပြီးနေပြီပဲကို။
ကျွန်တော်နဲ့ အကိုနဲ့က အရင်တုန်းက ဒီလိုအသေးအဖွဲလေးတွေကအစ လွဲမှားခဲ့ပုံပဲဗျ..
ဘာမှဆက်ပြောမနေတော့ပဲ အကို့စိတ်တိုင်းကျ ခေါင်းငြိမ့်ပြလိုက်ပြီး လက်ထဲကချိုချဉ်လေးကို ဖောက်စားလိုက်တယ်။ လျှာဖျားပေါ်က အချိုဓာတ်ဟာ ရင်ထဲမထိပေမယ့် တခြားတယောက်ပေးတဲ့အရာကို အကို့လက်ထဲကနေ ရလိုက်ရတဲ့အတွက် ကျေနပ်မိတာ အမှန်ပဲ။
ကျွန်တော် အရင်လို မလုယူတော့ဘူး အကို.. အရင်လို မခံချိမခံသာစိတ်တွေနဲ့ ကိုယ့်ကိုယ်ကို လှောင်ပိတ်မထားတော့ဘူး.. အကို့ဆီက ဘာမှမမျှော်လင့်သင့်တဲ့ အပြစ်သားမို့ ဒီအနေအထားနဲ့ နေမြဲနေခွင့်ရမယ်ဆိုရင်တောင် ကျွန်တော့်စိတ်ထဲ ဘာရှိနေတယ်ဆိုတာကိုတော့ အကိုသိအောင် ဖွင့်ပြောပြချင်ပါသေးတယ်။
…..