[Recommend song- Country Roads(John Denver)]
••••
ဒီနေ့က ကချင်မှာနေရမယ့်နောက်ဆုံးနေ့။
ကားပြတင်းတံခါးပေါ် လက်တင်၍ ရေခဲတောင်တွေ၊ ကော်ဇောအသွင် အခင်းစိမ်းတွေ ကိုငေးကြည့်မိသည်။ တောင်ပတ်လည်ဝိုင်းနေသည့် ဤဒေသမှာ မြင်သမျှကငေးချင်စရာအတိ။ လည်စရာတွေ မကုန်သေးပေမယ့် မောင့်အလုပ်တွေကရှိသေးတာမို့ ရန်ကုန်ကိုမပြန်လို့လည်းမဖြစ်။
"နောက်ငါးရက်လောက်ထပ်နေကြဦးမလား"
"တော်ပါပြီ၊ မောင့်ကုမ္ပဏီက ပစ်ထားလို့မှမရတာ"
"ရပါတယ်၊ အလုပ်နဲ့မိသားစုနဲ့ ယှဥ်စရာမလိုတာ"
ခေါင်းသာယမ်းပြမိသည်။ မနေ့ညက ကိုသုဖုန်းဆက်တာ လွန်းကြားသည်။ လက်အောက်ဝန်ထမ်းတွေတော်တယ်ဆိုသော်ငြား အုပ်ချုပ်သူနေရာက အကြာကြီးလစ်လပ်ထားလို့မရတာ လွန်းလည်း နားလည်ပါ၏။
"ကူးကူးရောနေချင်သေးလား"
နောက်ခန်းထိုင်ခုံရှည်မှာ ခါးပတ်ပတ်ပေးထားပြီး ဟိုဘက်လှည့်၊ဒီဘက်လှည့်နဲ့ ငြိမ်ငြိမ်ကုပ်ကုပ်ထိုင်နေသည့် ကူးကူးက ဇာမ်ခေါ်လိုက်တော့ ခေါင်းလေးထောင်သည်။ လွန်းက နောက်ကြည့်မှန်ကနေ လှမ်းကြည့်၍
"ကူးကူး! အဲ့လက်မကိုတပြွတ်ပြွတ်မစုပ်ပါနဲ့ဆို!"
"အင့််!"
နီရဲဖူးဖူးနှုတ်ခမ်းထဲငုံထားသည့် လက်မကိုထုတ်ကာ အင့်ခနဲရှိုက်လိုက်သေးသည်။ ဇာမ်ကသူ့သားဖြစ်ပုံကို ပြုံးစေ့စေ့ကြည့်သည်။
"ချိုလိမ်ဝယ်ပေးမယ်၊ ဖေ့သား ဒီလောက်စို့ချင်နေရင်"
"မဟုတ်ဘူး မောင်၊ ကြိမ်ကောင်းတစ်ချောင်းဆိုရပြီ၊ တင်ပါးကိုတစ်ချက်လောက်စပ်စပ်ရိုက်ပေးမှမှတ်မှာ"
အဖေနှစ်ယောက်ပြောနေတာကို ငေးနေတဲ့ကူးကူးမျက်နှာလေးက ညှိုးညှိုးကျသွားသည်။ မျက်လုံးရွဲကြီးတွေက ရွှန်းရွှန်းစိုစို ပင့်ကြည့်လျက်။ အပေါ်ဘီလူးသွားသေးသေးလေးတွေနဲ့လည်း အောက်နှုတ်ခမ်းကို ဖွဖွကိုက်ထားသေးသည်။
"လိမ္မော်သီးထုပ်လေးပေး ကူးကူး"
"ကူးကူးစားဦးမှာ"
"အေးလေ၊ သားပါပါးကိုခွာခိုင်းမယ်လေ၊ ကူးကူးကခွာတတ်လို့လား"
"ပေး ပါပါးဆီ"
ထိုအခါမှ ထိုင်ခုံပေါ်က ကြွတ်ကြွတ်အိပ်နှင့်ထည့်ထားသည့်လိမ္မော်သီးထုပ်လေးကိုယူကာ လွန်းဆီလှမ်းပေးသည်။ ခါးပတ်နဲ့ဗိုက်နဲ့ ကွက်တိခံနေတာမို့ လုံးလုံးကစ်ကစ်ဖက်တီးလေးက အောက်ကိုတော့ပြုတ်မကျ။ ကလေးလေးက သူ့ကိုယ်သူတဖြည်းဖြည်းထိန်းနိုင်နေပြီဖြစ်သည်။
လွန်းက လိမ္မော်သီးသေးသေးတွေကို မျက်လုံးတစ်ဖက်မှိတ်၍ မျက်နှာနဲ့ဝေးဝေးမှာလက်ကိုထားပြီး ခွာသည်။ အခွံကအရည်တွေမျက်စိထဲဝင်ရင် စပ်တာထက်ပိုသည်။ ကူးကူးကို ခွာပြီးသားတစ်လုံးလှမ်းပေးကာ နောက်တစ်လုံးထပ်ခွာပြီး တစ်စိတ်ကို စားကြည့်တော့ ချဉ်စူးနေသည့်အရသာက မျက်နှာတစ်ခုလုံးအကြောကပ်သွားသလို။
"ချဉ်လား လွန်း"
"ဟင့်အင်း၊ မချဉ်ဘူး၊ စားကြည့်"
ငဲ့စောင်းပေးလာတဲ့ မောင့်ပါးစပ်ထဲနှစ်စိတ်အပြည့် သွားခွံ့တော့ ပါးစောင်အပြည့်ဝါးရင်း ရှုံ့မဲ့နေတဲ့မျက်နှာကိုကြည့်ရတာ သွားပါကျိန်းသည်။
"အားး ငါ ပါးစောင်တွေကျိမ်းလာပြီ"
ထွေးလည်းမထုတ်နိုင်၊ ရှေ့လမ်းကိုကြည့်ကာ ကားမောင်းရင်းဖြင့်ပင် မောင့်မေးရိုးတွေကကြွလျက်။ ချဉ်စူးစူးအရသာကိုအံကြိတ်ခံနေရချိန် လွန်းကိုစကားပြန်ပြောနိုင်မည့်ဟန်မရှိသေးတာမို့ နောက်ခုံကပေါက်စကို ရှိုးတော့ ပါးစပ်ထဲလိမ္မော်သီးစိတ်ကိုက်ရင်းတန်းလန်းဖြင့် လက်သီးဆုပ်လေးနှစ်ဖက်ကိုကျစ်ကျစ်ဆုပ်၍ မျက်လုံးနှစ်ဖက် စုံမှိတ်နေသည်။ မျက်တောင်ဖျားတွေမှာ မျက်ရည်စပင်ဝဲနေလေသေး။
"ဂျာဆိုင်းတစ်ယောက် လိမ္မော်သီးနဲ့သံပုရာသီးနဲ့များ မှားစိုက်သလားကွာ"
ဒီအထုပ်လိုက်က အိမ်မှာစိုက်ထားတဲ့ လတ်လတ်ဆတ်ဆတ်တွေဆိုပြီး ဂျာဆိုင်းခူးပေးလိုက်တာဖြစ်သည်။ အချိုသီး၊ အချဉ်သီးတော့ မပြောလိုက်။
လွန်းကမကျေနပ်ဟန်နဲ့ အထုပ်ထဲခေါင်းစိုက်၍ ဝါဝါရွှေရွှေနောက်တစ်လုံးကို ထပ်ခွာသည်။ ပြီးတော့ ဇာမ့်ကိုအရင်ကျွေးသည်။
"အင်း၊ ဒီတစ်လုံးကချိုတယ်"
"အိုခေ၊ သားကူး ရော့"
ဇာမ့်မျက်နှာအနေအထားက ညာနေတာမဟုတ်မှန်း အဆင်ပြေမပြေလေ့လာပြီး စိတ်ချရပြီဆိုမှ ကျန်တဲ့ကလေးနှစ်ယောက်က ထိုတစ်လုံးကို ဝေစုမျှစားသည်။
မှန်လေးချပ်လုံးချထားတာမို့ လေအေးတွေက ကားထဲကို အတားအဆီးမဲ့ ဒလဟောဝင်နေသည်။ ရေခဲတောင်တွေကို လက်ညှိုးထိုးမလွဲ မြင်နေရကာ သစ်ပင်တွေကြားထိုးဖောက်ထားသည့် လမ်းချိုးလမ်းကွေ့တွေက ခလုတ်ကန်သင်းမရှိဘဲ သိမ်သိမ်မွေ့မွေ့။ တောအုပ်ထဲရောက်နေသလိုခံစားချက်က စိတ်နှလုံးကိုအေးစေသည်။
ထင်းရှူးပင်တို့ကိုဖြတ်ပြေးသည့် လေတွေက ထင်းရှူးနံ့သင်းသည်။ လေတစ်ချက်ဝှေ့တိုင်း လွန်းဆံပင်စတို့က နဖူးပြင်ထက် သီကဝေ့ဝေ့ သွယ်ကျနေသည်။
အနွေးအင်္ကျီကြယ်သီးကို ရင်ဘတ်စေ့ပြီး လက်တစ်ဖက်ကိုအပြင်ထုတ်မိတော့ အလိုက်သိတဲ့သူက လမ်းကျဉ်းလေးဟိုဘက်ကို ကားချပြီး ကပ်မောင်းပေးလာသည်။
"ရှေ့မှာမနောတိုင်ကိိုမြင်နေရပြီ"
လွန်းနဲ့ကူးကူးခေါင်းလေးတွေက ရှေ့တည့်တည့်ကိုရောက်သွားကြပြန်သည်။ ရဝမ်အမျိုးသားဥယျာဉ်ဟူသော အဝင်တံခါးနှင့်တဆက်တည်း ကတ္တရာလမ်းမဖြောင့်ဖြောင့်ရှိနေပြီး ထိုလမ်းအဆုံးမှာတော့ ရိုးရာမနောတိုင်။
ကချင်ပြည်ရဲ့အမှတ်အသားကိုစာထဲမှာ အကြိမ်ကြိမ်မြင်တွေ့ခဲ့ဖူးပေမဲ့ အပြင်သဘာဝတွေက လွန်းကိုမှင်သက်စေသည်။
တိမ်မြူတွေအုပ်နေသည့် ရေခဲတောင်တန်းတွေကိုနောက်ခံထားပြီး ခိုင်ခံ့စွာတည်ထားတဲ့ မနောတိုင်က ဝံ့ဝံ့ကြွားကြွား။ ကွင်းပြင်ကျယ်ကြီးရဲ့ ညာဘက်မှာ ဟိုတစ်နေ့ကဘုရားပေါ်မှာတွေ့ခဲ့ရသလို ရိုးရာဝတ်စုံနဲ့ကချင်သူလေးတွေကိုတွေ့ရသည်။
ဒီနေရာကို စကားလုံးနဲ့ဖော်ကျူးရမယ်ဆိုရင် ကချင်ရဲ့အသက်ဝိဥာဥ်၊ အလှတရားတွေအကုန် တစုတဝေးတည်း မြင်တွေ့ရသလိုမျိုး....။
"အဲ့တောင်တွေကတက်လို့ရလား"
"မြင့်ကြီးပဲ"
ကူးကူးကအလယ်မှာ လွန်းနဲ့ဇာမ်ရဲ့လက်တစ်ဖက်ဆီကိုတွဲထားပြီး လှုပ်လှုပ်လှုပ်လှုပ်ဖြင့် လမ်းလျှောက်နေသည်။ လွန်းက ဇာမ့်ကိုလှမ်းမေးတော့ သူကလည်းအားကျမခံ ကြားထဲက ဝင်လေပစ်လိုက်သေးသည်။
"တောင်တက်ရင်အကြာကြီးတက်ရတာ၊ နေ့ချင်းပြန်တက်လို့မရဘူး"
"ဓာတ်ပုံရိုက်မယ်"
မနောတိုင်ရှေ့နေရာယူလိုက်တော့ ကင်မရာကိုချိန်ပြီး ရိုက်ပေးရသူဟာ ဇာမ်ပါပေါ့။ တောင်ကပြေထက်ကနေဝေ့ပျံလာသည့် လေတွေကအေးနေသည်။ အအေးမမိစေဖို့ အနွေးထည် ရင်ဘတ်ကြယ်သီးကိို ပိုစေ့ပေးလိုက်လျှင် လွန်းက ခပ်ရေးရေးပြုံးသည်။
မိသားစုဓာတ်ပုံတစ်ပုံရဖို့ အနားကတိုင်းရင်းသားတစ်ယောက်ကို အကူအညီတောင်းရသည်။ အချစ်တွေကနုပျိုပေမယ့် အသက်တွေကရပ်တန့်နေမှာမဟုတ်။
"ကူးကူး ပြုံးဦး၊ မောင် ရုပ်ကြီးတည်မနေနဲ့"
တုံဏှိဘာဝေသားအဖကို တံတောင်နဲ့တို့ သတိပေးနေချိန် Flash မီးလေးတဖျတ်အခတ်မှာ ကပိုကရိုပုံဟာ သဘာဝကျကျ။ ဇာမ့်လက်တစ်ဖက်က လွန်းပုံခုံးပေါ်လှမ်းတင်ထားပြီး လွန်းမျက်နှာက ဇာမ့်ကိုရုပ်တည်ကြီးနဲ့မနေဖို့ မျက်မှောင်စုကျုတ်ကာပြောနေသည်။ လှလှပပဖြစ်သွားသည့် ကူးကူးကတော့ လက်လေးနှစ်ချောင်းကို အမိအရထောင်ထား၏။
နောက်ခံပန်းချီကားကတော့ ရေခဲတောင်တွေဖြစ်သည်။
"ကျေးဇူးပါဗျနော်"
ခါးကိုညွှတ်ကာ ကျေးဇူးတင်စကားဆိုပြီး ဇာမ်နဲ့တိုင်းရင်းသားအစ်ကိုက မိတ်ဆွေဖွဲ့စကားတွေထပ်ပြောနေသေးသည်။ လွန်းတို့က မမြင်ဖူးသည့် ရိုးရာတိုင်ကိုပတ်ချာလည်ကြည့်ရင်း စပ်စုနေကြသည်။ မောင် စကားပြောပြီး လှမ်းခေါ်မှ ထိုနားကိုရောက်သွားရသည်။
"ကြည့်လို့ဝပြီလား၊ သွားကြစို့"
"ကြည့်လို့ကဝပြီ၊ မဝသေးတာက ဗ်ိုက်"
"ဟမ် ဗိုက်ဆာပြီလား"
တကယ်တော့ထွက်လာတာဘယ်လောက်မှကြာသေးတာမဟုတ်။ အစာကြေဖျက်မြန်လွန်းတဲ့ဝမ်းက အသံထွက်ချင်နေပြီ။ အခုတလော ဒေသသစ်မို့လားမသိ။ လွန်း ဗိုက်ခနခနဆာနေသည်။
"ဘာစားကြမလဲ"
သားကိုနောက်ခုံမှာခါးပတ်သေချာပတ်ပေးပြီး မောင်းသူနေရာ steering ရှေ့ပြန်ဝင်ထိုင်ကာ မေးလာတော့ ဟိုတစ်နေ့ကတည်းက အာသီသရှိနေသည့် အစားအစာက ခေါင်းထဲမှာ ဖျတ်ခနဲပေါ်သည်။
"မုန့်ဟင်းခါး"
"ဟော"
ကားစက်ကိုနှိုးထားပြီး အနွေးထည်ကိုချွတ်၊ကားကျောမှီမှာ လွှားတင်ရင်းက လွန်းကိုကြည့်လာသည်။ မရိတ်သိမ်းရသေးသည့် နှုတ်ခမ်းမွှေးစိမ်းဖန့်ဖန့်တို့က လေးထောင့်မကျတဲ့မေးရိုးကားကားအောက်ခြေမှာ တိုကပ်စွာ ရှိနေသည်။ လွန်းထိုင်ခုံက ခါးပတ်ကိုဆွဲယူ၍ ရင်ဘတ်နားလေးကပ်လာတော့ မျက်မှောင်ကျုတ်ကြည့်မိသည်။
"သားရှိတယ်နော်"
"အဟွန်း မောင်ဘာလုပ်မှာလဲသိလို့လား"
ဒက်ခနဲအသံနှင့်အတူ လုံခြုံရေးခါးပတ်လေးက လွန်းရင်ဘတ်မှာ ကန့်လျက်တပ်ပြီးသားဖြစ်သွားရသည်။ မျက်ဝန်းအောက်ခြေကိုအသာဟကာ လွန်းမျက်ကပ်မှန်ကို နေရာတကျပြင်ပေးလာပြီးမှ ပြုံးစစတစ်ချက်ကြည့်ကာ ကားကိုစမောင်းထွက်သည်။
လေအေးတွေနည်းတူဝေ့ဝဲလာသည့် ကြည်သာတဲ့ ခပ်ချိုချိုအပြုံးတို့ကို မနာလိုသဖြင့် လက်နှစ်ဖက်ကိုတင်းတင်းပိုက်၍ စူးရဲစွာကြည့်ပေးနေလိုက်တော့ ကလူကျီစယ် ရယ်သံတိုးတိုးထွက်လာသည်။ ဖုန်းနဲ့ Join ထားသည့် သီချင်းသံကိုကျယ်ပစ်တော့ မဟောင်းသောတေး ခင်မောင်ထူး၏သီချင်းသံက ချိုရွှင်တအေး ပျံ့လွင့်လာသည်။
"ရင်ခုန်သံမင်းနားကြပ်လေးနဲ့နားထောင်ပါဦး၊ ဆေးကျောင်းသားမောင့်ရဲ့အချစ်ရယ် မောင့်လာကုပေး"
စည်းချက်လိုက်ကာပင် ဆိုနေလေလျှင် အမြင်ကတ်စရာမို့ တောင်တန်းတွေဆီသာ ပြန်ငေးနေလိုက်သည်။ ထိုတော့လည်း သြရှရှအသံက တိတ်မသွားဘဲ ပိုပင်ကျယ်လာပါ၏။
တကယ်မုန်းစရာကောင်းလိုက်တာ....ဇာမ်မင်းထည်ယံ။
••••
ရိုးရာဆိုင်တွေပေါသော်ငြား ဗမာစာတွေရှားပါးနေတာမျိုးလည်းမဟုတ်။ "ဒေါ်ကြာနီ" ဟု အမည်စကာ ရရှိနိုင်သည့် စားစရာတွေကို တန်းစီရေးထားတဲ့ ဆိုင်ရှေ့မှာ ကားရပ်လိုက်သည်။ နေ့လည်စာစားချိန်ရောက်နေတာကြောင့် မနက်အစောစာအနေနဲ့ ပူပူနွေးနွေးစားတတ်တဲ့ မုန့်ဟင်းခါးဆိုင်မှာ လူတော့သိပ်ရှိမနေပါ။
ငါးမျှင်၊ပဲနှစ် ကြွယ်ကြွယ်ဝဝသုံးပြီးချက်ထားတဲ့ မုန့်ဟင်းရည်ထက်မှာ ကြက်သွန်ဥဖူးဖူးတွေ ပေါလောပေါ်နေသည်။ မစားကြည့်ရသေးဘဲ အငွေ့တလူလူကပင် ချိုအီမွှေးနေမည်ဆိုတာ သိစေသည်။
နံနံပင်၊ပဲပင်ပေါက်ကို လက်တစ်ဆုပ်ယူပြီး ထည့်မွှေလိုက်သည်။ ကူးကူးမကြိုက်တဲ့ ငှက်ပျောအူတွေကိုရွေးစားပေးနေသည့် မောင့်အလစ်မှာ ငရုတ်သီးအနည်းငယ်ကို ထည့်ခတ်လိုက်တော့ လွန်းရဲ့မွမ်းမံပြင်ဆင်ခြင်းက အောင်မြင်သွားပြီ။
လတ်လတ်ဆတ်ဆတ်မုန့်ဖတ်နဲ့ မုန့်ရည်ပျစ်ပျစ်က လိုက်ဖက်တာထက်ပိုသည်။ မောင်ငှဲ့ပေးထားသည့် ရေနွေးပူပူကို တဖူးဖူးမှုတ်သောက်လိုက်လျှင် ဒီထက်ပိုကောင်းသည့်ခံစားချက်က ရှိတော့မယ်မထင်။
"ပိုက်ဆံရှင်းပြီးထွက်ခဲ့၊ ကားပေါ်ကစောင့်မယ်"
"ဟမ် ၊ ဘာလို့ငါရှင်းရမှာလဲ၊ မောင်က သူဌေးပဲ၊ မောင်ရှင်းလေ"
သုံးပြီးသည့်တစ်ရှူးတွေကို စားပွဲအောက်ကအမှိုက်ခြင်းထဲထည့်ပြီး လွန်းကို ပိုက်ဆံရှင်းဖို့ပြော၍ ကားသော့ကိုယူကာ ထထွက်ဖို့ကြံချိန် လက်ကျန်ရေနွေးကိုမော့သောက်ရင်း ခပ်အုပ်အုပ်အော်မိတော့ သူ့အင်္ကျီအနွေးဘေးအိတ် နှစ်ဖက်ကို ထုတ်ပြလာသည်။
"No money ပါဗျနော်၊ မောင့်မှာ တစ်ရာတန်ကိုမပါဘူး"
ပုခုံးကို တွန့်ပြလာသည်။ ဆူဆူအောင့်အောင့်နှင့် လွန်းဂျင်းဘောင်းဘီအိတ်ကပ်ထဲက သားရေပိုက်ဆံအိတ်ကို လက်နှိုက်ထုတ်လိုက်ရသည်။ များသည့်တန်ကြေးမဟုတ်ပေမယ့် တစ်ခါတလေမှာ အချစ်ကထိုသို့လည်း မဟုတ်တာကိုဇာချဲ့ပြီး လူကိုရန်လုတတ်စေသေး၏။
"ခရီးသွားပါတယ်ဆို ငွေသားတော့ဆောင်ထားဦးမှပေါ့၊ ငါသာမပါရင် ဘယ်လိုလုပ်ကြမလဲ"
"မပူပါနဲ့၊ ကူးကူးကို ထားခဲ့မယ်၊ စောနက အဒေါ်က အသဲယားစရာကောင်းတယ်ပြောနေတာ"
တစ်နေကုန်စနောက်ခံနေရရှာသည့် ကူးကူးက ဒီတစ်ခါလည်း မျက်နှာငယ်လေးနှင့်ဖြစ်သည်။
"အင့် အီး၊ ကူးကူးနေဘူး၊ နူးနူးဆီကို ပြန်မယ်"
လက်ဖခုံဖောင်းဖောင်းတွေနဲ့ မျက်လုံးကိုပွတ်ပြီး ကော့လန်ပြဲအောင်ငိုလာတာမို့ မောင့်ကို လက်သီးထောင်ပြရင်း ငိုနေတဲ့သားကိုစွေ့ခနဲကောက်ချီလိုက်ရသည်။ ကျောပြင်ထဲလက်လျှိုပုတ်တော့ လွန်းပုခုံးပေါ်မှီရင်း တအင့်အင့်ရှိုက်သည်။
"တိတ်တိတ်၊ သားဖေဖေက သားကိုစနေတာ၊ ပါပါးကလေးလေးကိုထားခဲ့စရာလား"
"အဟင်း၊ မောင်ကတော့မနောက်ပါဘူး၊အင်ိုသန်တဲ့ကလေးဆို ထားပစ်ခဲ့မှာပဲ"
"မောင်!"
"အင့် ! ကူးကူးကို ချစ်ဘူး! ဖေဖေ့ချစ်ဘူး! ကူးကူး အင့်!"
ဗလုံးဗထွေးစကားတွေက ဘာပြောနေတာလည်းမသဲကွဲ။
"အေးကွာ၊ မချစ်ဘူး၊ လွန်းကိုပဲ ချစ်တာ၊ မကျေနပ်ဘူးလား ပြော"
"ဖေဖေ့ မီအော့! အီးဟီး!"
"အာအာအာ တိတ်တိတ်၊ သားဖေဖေက သားကိုချစ်တယ်နော်၊ ချစ်လို့စနေတာ"
လွန်းက တအဲ့အဲ့ပိုငိုလာသည့် ကူးကူးကိုပုတ်ချော့ရင်း ဘေးကနေလမ်းယှဉ်လျှောက်ပြီး လွန်းပုခုံးပေါ်မေးတင်ကာ ရှုံ့မဲ့နေသည့် ကူးကူးကို မထိတထိစ၍ မျက်နှာရူးနေသည့် ဇာမ့်ခြေထောက်ကို လှမ်းကန်သည်။
င်ိုကြီးချက်မကလေးကိုချီပြီး ကြိုးတံတားပေါ်တက်ဖို့က လွယ်တာမဟုတ်။
ဒါကိုလည်းစနောက်တာမရပ်ဘဲ ကင်မရာနဲ့ ဓာတ်ပုံလိုက်ရိုက်ကာ စနေသေးသည်။
"ဟယ်ဟယ် နှာရည်တွဲလွဲနဲ့ရုပ်ဆိုးကြီး၊ မူကြိုကကောင်မလေးတွေမြင်ရင်တော့ လန့်ကုန်တော့မှာပဲ"
ချွဲပလဲသဲအသံနှင့် ရုတ်တရက်ကြီးထအော်တော့ ကိုပဲများပေါက်စရဲ့ ငိုထားလို့ရဲနေတဲ့ မျက်နှာဖောင်းတွတ်တွတ်က ပြိုတော့မယ့်မိုးတိမ်တိုက်တွေလို ချက်ချင်းမှိုင်းအုံ့ကျလာရုံတင်မက လွန်းပါ ကြက်သီးမွှေးညှင်းထသွားသည်။
တောကြီးတောင်ကြီးထဲသွားပြီး အပတွေဘာတွေမှီသွားတာလား။
"အဲ့!"
အော်ငိုဖို့အသံမကျန်တော့တာမို့ ကူးကူးနှုတ်ခမ်းပိစိတွေက အသံတိုးတိုးလေးထွက်လာပြီး ဇာမ့်ကို အရည်ဝိုင်းနေသည့်မျက်လုံးရွဲကြီးတွေနဲ့စိုက်ကြည့်လျှင်
"ဟယ်! အမှန်တရားကိုပြောတော့ နာတတ်တယ်တော့!"
"အီးဟီး!!"
ဒုတ်!
"မောင်! တော်လိုက်တော့ဆိုကွာ!"
ဇာမ့်စကားဆုံးတာနဲ့ အသံသုံးခုက စက်သေနတ်ပစ်သလ်ို စက္ကန့်မခြားထွက်ပေါ်လာသည်။ ထပ်မံဖြတ်ကန်ခံလိုက်ရသည့် သူ့ခြေထောက်ကို ခုန်ဆွခုန်ဆွလုပ်ပြီး မနာဘဲနဲ့နာဟန်ဆောင်ကာ မျက်လုံးပေကလပ်ပေကလပ်နဲ့ လွန်းတို့ကို ညှိုးညှိုးငယ်ငယ်ကြည့်လာသည်။
"တဟယ်ဟယ်နဲ့ ဘောဖြစ်နေတာ"
ကလေးချီထားသည့် လွန်းကထိုမျှဆိုကာ ရှေ့ကနေလျှောက်သွားလေပြီ။ ဆဲသွားတာက ချစ်ဖို့ကောင်းလွန်းတာမို့ အသည်းယားစွာရယ်လိုက်ရင်း မှတ်တမ်းတင်ဖို့ ရှေ့ကကျောပြင်ငယ်ဆီ ကင်မရာကိုချိန်တော့ လွန်းကျောပြင်မှာ လက်ကလေးချပြီး ပုခုံးထက်ခေါင်းတင်ထားတဲ့ ကူးကူးက ဇာမ့်ကို စူထော်ထော်ကြည့်သည်။
မူလာရှီဒီးတံတားပေါ်က နောက်ကျောဓာတ်ပုံလေးက ကဗျာမဆန်ပေမဲ့ အမှတ်တရတွေ သိပ်သည်းပါ၏။
" ရေတွေကလှလိုက်တာ.."
မညီမညာမြစ်ကျောက်တုံးတွေက ရေပြင်ကျယ်ကျယ်အောက်မှာ ပလုံစီခတ်နေသည်မှာ မျက်စိအေးဖွယ်အတိ။ အစိမ်းပုတ်၊အပြာရစ်၊အစိမ်းဖျော့ အရောင်သုံးရောင်စပ်ယှပ်နေသည့် ချောင်းက ပူတာအိုမှာအအေးဆုံးချောင်း ဖြစ်တာကြောင့်ထင့်၊ တံတားထက်ကနေ၍ပင် ရှူသွင်းမိတဲ့အောက်စီဂျင်တို့က အဆုတ်ထဲထိအေးမြနေသည်။
နေစစထိုးလိုက်တိုင်း စိမ်းလဲ့လဲ့ရေတွေရဲ့နံဘေးဘက်တွေက ကျောက်စရစ်ခဲတွေက တလက်လက်ထနေသည်။ ရတနာတွေစုပြုံနေသည်နှင့်ပင် အလားဆင်၏။
"လာ၊ ဒီကိုလာလှဲ"
ကြိုးတံတားပေါ် ပက်လက်လှန်လှဲလိုက်ကာ ဇာမ်ခေါ်တော့ လှည့်ကြည့်လာသည်။ မျက်ဝန်းကြည်ကြည်တို့က နားမလည်သည့်ဟန်ဖြင့် စုကျုတ်သွားပြီး
"ဘာလုပ်တာလဲ၊ အောက်ကဖုန်တွေနဲ့ကို"
"မရှိပါဘူး၊ မောင်ခါထားတယ်၊ လာလှဲပါဆို"
လက်ကောက်ဝတ်က ဆွဲချမှ ခပ်ရို့ရို့ဝင်ထိုင်သည်။ ကူးကူးချော်ကျမှာစိုးတာမို့ လွန်းလက်တစ်ဖက်က ကူးကူးအင်္ကျီစကိုလှမ်းထိန်းထားသည်။ လေတိုးလို့ပိုကရိုဖြစ်နေသည့် ဆံပင်တို့က တံတားအခင်းကိုငုံ့ကာကြည့်နေသည်မို့
"ကဲ...ဖုန်မရှိပါဘူးဆို"
"အူကြောင်ကြောင်နဲ့မောင်ရာ"
စိတ်ရှုပ်သလိုတစ်ချက်ရွတ်ပြီး ဇာမ့်ဘေးဘက်မှာ ဒူးထောင်၍ ပက်လက်လှန်လှဲတော့ ခပ်ဟဟရယ်လိုက်မိသည်။ လွန်ဆန်နိုင်တာလည်းမဟုတ်။
အညာဒေသမှာအားကုန်ပူပြင်းတတ်သည့် သူရိန်နေမင်းက ဒီဘက်အရပ်မှာတော့ အာဏာလျော့ရှာသည်။ တိမ်တိုက်တွေကြားက ခေတ္တအရိပ်ထွက်ပြလာပြီးတဲ့နောက် ရေခဲတောင်တွေနောက်ဆီဝယ် ပြန်လည်ခိုဝင်သွားပြန်သည်။
"လွန်းမြင်လား၊ ဟိုးဘက်မှာ မိုးတွေညို့နေတာ"
ဇာမ် လက်ညှိုးညွှန်ပြရာအရပ်ဆီကို ဖန်လုံးကြည်ကြည်လေးတွေက တမေ့တမောလိုက်ကာကြည့်သည်။ နှုတ်ခမ်းစိုစိုနှစ်လွှာအစွန်းက သွားတက်ချွန်လေးက နေ့ခင်းကြယ်တစ်စင်းလို လှစ်ဟပြုံးလာ၏။
အသံထွက်ကလေးဖိနပ်နဲ့ ပိကျိပိကျိလုပ်နေတဲ့ ကူးကူးကိုဆွဲပြီး ဇာမ့်ဗိုက်ပေါ်မှောက်ချလိုက်သည်။ ဇာမ့်ကိိုစိတ်ကောက်နေတဲ့ ကလေးပေါက်စက သူ့လက်သေးသေးတွေနဲ့ ထုနေသေးပေမယ့် ခနအကြာတော့ မိုးတိမ်ညိုတွေဆီ မော့ကြည့်ရင်း ငြိမ်သက်သွားသည်။
မြေပြင်အထက်ရေပြင်၊ရေပြင်အထက် လေဟာနယ်တစ်ခုပေါ် စိတ်လွတ်ကိုယ်လွတ်လှဲချကာ ရယ်မောရင်း အဖုံးအကွယ်ကာဆီးခြင်းမရှိဘဲ ကောင်းကင်ကြီးကို လွတ်လွတ်လပ်လပ်မော်ဖူးရခြင်းသည် ပကတိအေးချမ်းနေသည်။
"ဟိုးတောင်ဘက်ကတိမ်လေးက လွန်းနဲ့တူတယ်၊ နူးညံ့ပြီးသိမ်မွေ့နေတာ"
မျက်ဝန်းကြည်တွေ မှေးညွှတ်စင်း၍ ပြုံးကာကြည့်လာပြီး
"အဲ့ဒီတိမ်လေးက ဘာပြောလဲ"
"မောင့်ကိုချစ်တယ်တဲ့"
"မောင်က လိပ်ပဲ"
"လိပ်တော့လိပ်၊ ဒါပေမယ့် လွန်းဘက်နဲ့မောင့်ဘက် နှစ်ဖက်လုံးကိုယက်တဲ့လိပ်"
ဗိုက်ပေါ်အပီအပြင်ခေါင်းမှောက်နေတဲ့ ကူးကူးဆံပင်လုံးလုံးကို လက်ဖဝါးနဲ့ဆွဲဖွရင်း လွတ်နေတဲ့လက်တစ်ဖက်က လွန်းညာဘက်လက်သွယ်သွယ်ကို ဆုပ်ကိုင်မိသည်။ အရိုးအဆစ်မရှိဘူးလို့ထင်ရလောက်တဲ့အထိ သွယ်လျလျလက်ချောင်းတွေက နှင်းစတွေလိုဖြူစွတ်စွတ်။
လက်သူကြွယ်ထက်မှာတော့ ဘောပင်အကိုင်များတာမို့ အသားမာဖုခပ်သေးသေးလေးရှိနေသည်။ ဟိုးအရင်တုန်းက စာသိပ်ကြိုးစားတဲ့ ဆေးကျောင်းသားလေးပေါ့။ ထိုနေရာကို နှုတ်ခမ်းဖြင့်ဖိကပ်နမ်းတော့ ခေါင်းယမ်းကာသဲ့သဲ့ရယ်သည်။
"မောင်ကလေ...လွန်းရဲ့အစိတ်အပိုင်းတိုင်းကို မြတ်မြတ်နိုးနိုးချစ်တာ"
ရာသီဥတုအုံ့မှိုင်းတာမို့ ခရီးသွားသိပ်မရှိခြင်းက တိမ်ပုံပြင်တွေကို ကာရန်စီကာခြယ်ကာဖြင့် အကြာကြီးပြောဖို့ အခွင့်သင့်စေသည်။ သဘာဝနတ်ဘုရားထံ ခြေစုံပစ်ပျော်ဝင်ရခြင်းက နှလုံးသားတွေကို နူးညံ့စေသည်။
ကြိုးတံတားကိုဆုံးအောင်လျှောက်တော့ သစ်ပင်ကြီးငယ်စိမ်းစိုစိုအလယ်မှာ ခရစ်ယာန်ဘုရားကျောင်းက နေရာယူသည်။ ဘုရားကျောင်းပတ်ဝန်းကျင်ကလည်း ကျေးငှက်သာရကတို့နဲ့ ဆိတ်ငြိမ်ဖွယ်။
"အဟမ်းအဟမ်း! ဒီဘက်ကလွန်းစေတမာန်က ကျွန်ုပ် ဇာမ်မင်းထည်ယံကို အိမ်ထောင်ဘက်ခင်ပွန်းအနေနဲ့ တစ်သက်လုံးကြင်ကြင်နာနာပေါင်းနိုင်ပါသလား"
ဒူးတစ်ဖက်ကိုညွှတ်ချပြီး ဇာမ် ပြောတော့ လက်ဝါးကပ်တိုင်ကိုမော့ကြည့်နေသည့် ကူးကူးက ဘုမသိဘမသိနဲ့ တခစ်ခစ်ရယ်ရင်း ခုန်ဆွဆွလုပ်ကာ လက်ဖဝါးလေးနှစ်ဖက်ကို တီး၏။
လွန်းက ပြန်မမဲ့စတမ်းပြုံးရင်း ဒူးတစ်ဖက်ညွှတ်ထိုင်နေသည့် ဇာမ့်ခေါင်းကိုဖွဖွထိလိုက်သည်။
"အိမ်း၊ မဖောက်မပြန်ဘဲ ဒီတစ်ယောက်ကိုပဲချစ်ပါမယ်လို့ သစ္စာဆိုပါတယ်"
ချိုမြမြပြုံးလျက် ခေါင်းငုံ့နေရာက လွန်းကို မော့ကြည့်လာသည့် မျက်နှာသည် ပီတိတို့ဖြင့် ရွှန်းဝေနေသည်။
"ခစ်ခစ်! ပါပါး ဖေ့ကိုနမ်း!"
"ဟမ်!"
တခစ်ခစ်ရယ်နေတဲ့သွားကျိုးပိစိကို လွန်း မသင်္ကာရိပ်နဲ့ကြည့်လိုက်ချိန် ဇာမ်က မျက်လုံးတစ်ဖက်မှိတ်ပြကာ လက်မ,ထောင်ရင်း သူ့သားတော်မောင်ကို တိတ်တခိုးလေးချီးကျူး၏။
"ကဲ၊ အဖိုးတန်ခင်ပွန်းချောလေးကို တစ်ခါပဲနမ်းခွင့်ရှိမယ်နော်၊ မောင်မျက်လုံးမှိတ်ပေးထားမယ်"
"ဟော...ဘယ်သူကနမ်းမယ်ပြောလို့လဲ၊ သားဖနှစ်ယောက်လုံး ရှက်လည်းမရှက်ကြ"
"အချစ်နဲ့အရှက်ဆိုတာ တွဲလျက် မနေကောင်းဘူး၊ ဟုတ်တယ်နော် ဖေ့သား"
"ဟုတ်!"
လက်နှစ်ဖက်ကိုနောက်ပစ်ပြီး မျက်နှာကြီးရှေ့တိုးပေးကာ မျက်လုံးဇွတ်မှိတ်၍ နှုတ်ခမ်းကိုစူပေးလာသည်မို့ လွန်းကိုယ်က နောက်ကိုရို့သွားသည်။
"မောင်! ကလေးရှေ့ကို"
စူထားသည့် ဇာမ့်နှုတ်ခမ်းက နေရာမှန်ကိုပြန်ရောက်သွားသည်။ စင်အောက်ကိုကြည့်တော့ မျက်လုံးဝိုင်းကြီးတွေက စပ်စပ်စုစုကိုငေးနေသည်။
"ကူးကူး၊ မျက်လုံးခနမှိတ်ထား"
"ဟင့်အင်း၊ မှိတ်ဘူး!"
"သားမျက်လုံးမမှိတ်ရင် သားပါပါးရှက်နေမှာပေါ့၊ မဟုတ်ဘူးလား"
ဇာမ်ပြောတော့ လွန်းကိုပုတ်ကလည်ပုတ်ကလည်ကြည့်ပြီး
"ပါပါးရှက်နဲ့!"
"လိမ္မာတဲ့ကလေးလေးက ဘယ်သူလဲ"
"ကူးကူး! လိမ္မာတာ ကူးကူး!"
"အဲ့ဒါဆို မျက်လုံးမှိတ်ထားဗျာ"
"အင့်! ဟုတ်!"
ကူးကူးက ဇာမ်ညှိနှိုင်းတာကိုလက်ခံပြီး လက်ဖဝါးနှစ်ဖက်ကို သူ့မျက်လုံးပေါ်မှာကာအုပ်လိုက်သည်။ သို့ပေမဲ့ လက်ချောင်းပုပုလေးတွေက တစ်ချောင်းနဲ့တစ်ချောင်း မိုင်ထောင်ချီခြားနေသည်။ ကိုယ့်အဖေတွေကိုယ် ချောင်းကြည့်နေတဲ့ရုပ်လေးဟာ မချိုမချဉ်။
နှုတ်ခမ်းကြီးပြန်စူထိုးပေးလာသည့် ကလေးကြီးကိုတလှည့်၊ သားကိုတလှည့်ကြည့်ပြီး လွန်း ခပ်တိုးတိုးရယ်မိသည်။
လွန်းရှေ့ကမျက်နှာကြီးက သူ့ကိုနမ်းဖို့အတွက် တစ်ကိုယ်လုံးကိုထပ်မံလှုပ်ယမ်းပြလာတော့ ပါးနှစ်ဖက်ကို လက်သွယ်သွယ်တို့နှင့်် အုပ်ကိုင်ပြီး ပြုံးကော့လာသည့် နှုတ်ခမ်းတို့အနီး တရွေ့ရွေ့တိုးကပ်သွားပြီးမှ...
"တာ့တာ! ပြေးပြီ! "
"ဒီလိုမျိုးရကြေးလား!"
လွန်းခြေလှမ်းတွေကို ကြိုမြင်သည့်အလား သတိတကပ်ဆွဲခံလိုက်ရတဲ့ လက်တစ်ဖက်၊ ကျောပြင်ငယ် ကပ်သွားရာ ရင်ခွင်ကျယ်ကြီးနှင့်
"အား ယားတယ်! မောင် ယားတယ်လို့!"
"ခစ်ခစ်! ကူးကူးရောထိုးမယ်"
"လက်ဖဝါး!လက်ဖဝါးကိုလုပ် ကူးကူး"
"အား! မင်းတို့သားဖ! တော်ပြီ! နမ်းမယ်နမ်းမယ်"
"မရဘူး! အချိန်ပြည့်သွားပြီ!"
တောအုပ်အလယ်က ခရစ်ယာန်ဘုရားကျောင်းက တခဏတွင်းမှာပင် တစ်ယောက်နဲ့တစ်ယောက်လိုက်ဖမ်းသံ၊ ရယ်မောသံ၊ ဆည်းလည်းသံတို့ဖြင့် ညံစီခတ်သွားသည်။ ခိုဝင်ရာအရိပ် လူတွေအေးချမ်းပါစေဟူသည့် လွှမ်းခြုံငွေ့ရိပ်က နွေးထွေးမှုလည်းရစ်သိုင်းနေပြန်သေးသည်။
စိမ်းစိုသော သစ်ပင်ကြီးတွေကတော့ လေပြည်အဝှေ့တိုင်း စည်းချက်လိုက်လို့ ကခုန်နေသည်။ ထို့အတူ ကချင်မြေရဲ့တစ်နေရာမှာလည်း မေတ္တာဓာတ်တို့ ခုန်ပေါက်ခဲ့လေ၏။
ဘယ်နေရာဖြစ်ဖြစ်ပေါ့ အချစ်ရယ်
နတ်သမီးခြံရံ မရှိရင်နေပါ
စားကောင်းသောက်ဖွယ် မရရင်နေပါ
မင်းလက်ကိုသာ ဆွဲထားရရင်
အဲ့ဒါကိုယ့်အတွက် နိဗ္ဗာန်ပါပဲ။
>>>>High Boss's Husband<<<<
Note- သစ်ပင်တွေထဲထိုးဖောက်ဆောက်ထားတဲ့ လမ်းတွေ( ကားမှန်လေးချ၊ လက်ပေါ်မေးလေးတင်၊ လွန်းတို့လို ကားမောင်းရင် သိပ်မိုက်မှာ TT )
ရဝမ်အမျိုးသားဥယျာဉ်နဲ့ ရိုးရာမနောတိုင်( နောက်ကရေခဲတောင်တွေကို တစ်ချက်ကြည့်ကြည့် TT )
မူလာရှီးဒီကြိုးတံတား( အောက်ကိုကြည့်ရင်ရေတွေ၊ အပေါ်ကိုကြည့်ရင် တိမ်တွေတဆုံး )
တံတားထိပ်က ခရစ်ယာန်ဘုရားကျောင်း
ကချင်
[သက်ဆိုင်ရာပုံအသီးသီးကိုမူရင်းတင်သူများထံလေးစားစွာနဲ့crdပေးပါတယ်ဗျ]