ရွှေပေါ်မြတင် (၂)
~~~~~~~~~~~~~~
ခမ်းနားစွာပြင်ဆင်ထားသည့် ခန်းမကြီးထဲမှာ သာယာငြိမ့်ညောင်းသော တေးဂီတသံများ ပျံ့လွင့်နေသည်။ တန်ဖိုးကြီးဝတ်စုံများ ဝတ်ထားသည့် အမျိုးသားများရော အမျိုးသမီးများပါ သူတို့၏ ဆိုင်ရာဆိုင်ရာ အုပ်စုများနှင့် စုဝေးလျက် စကားစမြည် ပြောဆိုနေကြသည်။
ရှီရှန်းကတော့ ထောင့်တစ်နေရာတွင် ထိုင်နေလိုက်သည်။ သူမ အသွင်ပြင်က တည်ငြိမ်ပြီး သဘာ၀ဆန်ကာ သူမ၏ ခံစားချက်ကို တစ်စွန်းတစ်စ မမြင်နိုင်ပေ။ ထိုပါတီပွဲက မစ္စနန်ကုန်း၏ မွေးနေ့ပွဲအတွက် ကျင်းပသည့်ပါတီဖြစ်သည်။ ဒီနေ့ဟာ ရွှီချန်းယွဲ့က စုယိယိအကြောင်းကို နန်ကုန်းကျင်း၏ မိဘများထံ ပြောပြလိုက်သည့်နေ့လည်း ဖြစ်သည်။
ရွှီချန်းယွဲ့၏ ဆန္ဒက နန်ကုန်းကျင်းဆိုသည့် အကျင့်မကောင်းသော ကောင်ကို စွန့်လွှတ်ပြီး သူမ၏ ရွှီမိသားစုကို ကယ်တင်ရန်နှင့် သူမ၏ မိဘများအတွက် သမီးလိမ္မာလေးဖြစ်ပေးပြီး သူတို့ ကျန်သည့် ဘဝသက်တမ်းမှာ အငြိမ်းစားယူပြီး ပျော်ရွှင်စွာ နေထိုင်နိုင်စေရန်ဖြစ်သည်။
"ချန်ယွဲ့ နင်ဒီမှာ ဘာလို့ လာထိုင်နေတာလဲ။ အစ်ကိုလေးကျင်းကရော မင်းအနား ဘာလို့ ရှိမနေတာလဲ"
လှပပြီး နူးညံ့သိမ့်မွေ့သည့် အမျိုးသမီးငယ်လေးတစ်ဦး ရှီရှန်းဘေးမှာ လာထိုင်သည်။ သူမက ရှည်လျားသည့် ဆံပင်ကောက်လေးများနှင့် ချစ်စရာ ကလေးမျက်နှာလေးကို ပိုင်ဆိုင်သည်။
သူမနှင့် ပတ်သက်သည့် အချက်အလက်များ ရှီရှန်းခေါင်းထဲဝင်လာသည်။ သူမနာမည်က လန်းရွှယ်။ ရွှီချန်းယွဲ့နှင့် သူငယ်ချင်းကောင်းများဖြစ်သည်။ ဒါက သူမ ထင်ခဲ့တာလည်း ဖြစ်သည်။ တကယ်တမ်းက ရွှီမိသားစု စီးပွားကျလာတော့ သူမက လန်းရွှယ်ဆီသွားပြီး အကူအညီတောင်းခဲ့ချိန်။ သူမက ချန်ယွဲ့ကို အကူအညီ မပေးခဲ့သည့်အပြင် လှောင်ပြောင်ပျက်ရယ်ပြုခဲ့သည်။
မူလ ရွှီချန်းယွဲ့က နန်ကုန်းကျင်းနှင့် စုယိယိတို့ ချစ်ကြိုးသွယ်သွားရခြင်းဟာ လန်းရွှယ်လက်ချက်ဆိုတာ သိခဲ့သည်။
"မသိဘူးလေ"
ရှီရှန်းက ခံစားချက်မဲ့သည့် မျက်နှာဖြင့် ပြောလိုက်သည်။
'ငါ့အနားကနေ ဝေးဝေးသွားစမ်း သောက်ကျင့်မကောင်းတဲ့ ခွေးမ၊ ကြာပန်းဖြူ ဟန်ဆောင်တာတွေ တော်လိုက်တော့'
သူမ၏ အမူအရာများ ထူးဆန်းနေတာကို လန်းရွှယ် သတိထားမိသော်လည်း များများစားစား မစဉ်းစားတော့ဘဲ ချန်ယွဲ့တစ်ယောက် စိတ်မပျော်တာ ဖြစ်လိမ့်မည်ဟုသာ တွေးလိုက်မိသည်။ တခြားမိန်းမတစ်ယောက်က သူမ နေရာဝင်ပြီး သူမစေ့စပ်ထားတဲ့ ယောကျာ်းနှင့် ပလူးနေတာကို လက်ခံဖို့ဆိုတာ ခက်ခဲမှာပဲလေ။
"ချန်ယွဲ့ ငါစုယိယိကို ခုလေးတင် မြင်လိုက်တယ်"
လန်းရွှယ်၏အသံက စိုးရိမ်မှု အပြည့်နှင့် ပြောသည့်အသံ ဖြစ်သော်လည်း သူမမျက်နှာမှာတော့ စိုးရိမ်နေပုံ မပေါ်ပေ။
"အစ်ကိုလေးကျင်းက နင့် သတို့သားလောင်းလေ၊ နင့်လူကို အပါမခံသင့်ဘူး"
နန်းကုန်းကျင်း၏ အဖေက ရာထူးမှ မဆင်းပေးသေးသည့်အတွက် နန်းကုန်းကျင်းကို လူမှုအသိုင်းအဝိုင်းထဲက လူများက အစ်ကိုလေးကျင်းဟု ခေါ်ကြသည်။
ရှီရှန်းက သူမကို စိုက်ကြည့်လိုက်သည်။ လန်းရွှယ်က စိတ်ရင်းအမှန်ကို သေချာ မဖုံးကွယ်ထားနိုင်ခြင်းက ရှီရှန်းကို တွေးမိစေသည်။
'ဒီကောင်မက သူ့အပေါ်ကောင်းတဲ့သူလို့ ထင်ခဲ့ရအောင်ကို ရွှီချန်းယွဲ့က ကန်းလွန်းတာများလား'
ဗီလိန်မတွေနဲ့ အရန်ဇာတ်ကောင်တွေရဲ့ IQက အမြဲတမ်း အဝိုင်းလေးလည်နေတယ်ဆိုတဲ့စကားက နည်းနည်းလေးမှ မမှားဘူးပဲ။
"သူ ဘယ်လိုဝင်လာတာတဲ့လဲ..."
ရှီရှန်းက သဘောထားကြီးပြီး ဘာမှမခံစားရသည့်ပုံနှင့် လန်းရွှယ်ကို သာမန်ကာလျှံကာပဲ မေးလိုက်သည်။
ဒါပေါ့၊ သူမဇာတ်လိုက်မ ဘယ်လိုဝင်လာလဲသိတာပေါ့။ ဝတ္ထုတိုင်းမှာ ဇာတ်လိုက်မင်းသားများထက် ဇာတ်လိုက်မင်းသမီးများဆီမှာ သစ္စာရှိပြီး အနစ်နာခံရုံတင်မက အဆင့်အတန်းမြင့်သည့် ပိုးပန်းသူများ အမြဲတမ်း ရှိကြသည်။
ဒါပေါ့၊ အခု စုယိယိမှာလည်း သူ့ကို လိုက်ပိုးသူများထဲက နံပါတ်တစ်ပြေးသည့်သူ လင်းဟောက်နှင့် ပါတီထဲ ဝင်လာတာ ဖြစ်သည်။
"သူက လင်းမိသားစုထဲက အငယ်ဆုံးအစ်ကိုလေးနဲ့ လိုက်လာတာလေ။ဒီမိန်းမက အစ်ကိုလေးကျင်းကို ဖြားယောင်းတာတင် မဟုတ်ဘူး အစ်ကိုလေးလင်းကိုပါ ဖြားယောင်းထားတာပဲ။ သူဒီလို အရှက်မရှိတဲ့နည်းတွေ ဘယ်က သင်ထားလဲ ဘယ်သူသိနိုင်မှာလဲ"
လန်းရွှယ်၏ မျက်နှာမှာ ဒေါသအငွေ့အသက်များနှင့် ပြည့်နှက်နေသည်။
ရှီရှန်းက တစ်ခုခု ပြန်ပြောမည့်အချိန်တွင် ဘေးနားကနေ သံလိုက်ကဲ့သို့ ဆွဲငင်အားပြင်းသည့် အသံတစ်သံ ကြားလိုက်ရသည်။ အနီးကပ်နားထောင်လိုက်ရင်တော့ အဲ့လေသံထဲမှာ စိတ်မရှည်သည့် လေသံများ ပါနေတာကို ကြားရလိမ့်မည်။
"မင်း ဒီမှာဘာလုပ်နေတာလဲ "
"အစ်ကိုလေးကျင်း"
လန်းရွှယ်တစ်ယောက် ချက်ချင်း ထရပ်လိုက်သည်။ စိတ်ထဲမှာတော့ 'ငါခုနကပြောနေတာတွေ အစ်ကိုလေး ကျင်းမကြားနိုင်လောက်ပါဘူးနော်'ဟု တွေးမိသည်။
နန်ကုန်းကျင်းက လန်းရွှယ်ကို အေးတိအေးစက် အဖက်မလုပ်သည့်ပုံဖြင့် ခေါင်းညိတ်ရုံသာ ညိတ်ပြသည်။ သူတို့နှစ်ယောက်အတွက် တစ်နေရာရာကို ရှောင်မသွားခင် လန်းရွှယ်က ရှီရှန်းကို မျက်စိမှိတ်ပြသွားသည်။ ရှီရှန်းက သူ့ကို ကြည့်ဖို့ ခေါင်းမော့လိုက်သည်။ ဇာတ်လိုက် - sama ပီသစွာပဲ သူ့ရုပ်ရည်နှင့် အရှိန်အဝါက ပုံမှန်လူများထက် တော်တော်သာသည်။
ရှီရှန်း အံ့ဩသောကြောင့် တိတ်တိတ်လေး စုတ်တစ်ချက် သပ်လိုက်သော်လည်း သူမ၏ မျက်နှာအမူအရာကတော့ ခုနကအတိုင်း မပြောင်းလဲပေ။ သူမ ထရပ်ဖို့ဆိုတာဝေး တုတ်တုတ်ကိုမလှုပ်ချေ။
"နေလို့မကောင်းလို့ နားဖို့လာထိုင်နေတာလေ"
အသံကတော့ အရင်အသံဆိုတာ သေချာသည်။ သို့သော် ယခင်လို စိတ်ရှုပ်စရာကောင်းသည့် ကတ်သီးကတ်သတ် အသံ မဟုတ်တော့ပေ။ အသံထဲမှာ ငြိမ်သက်တည်ငြိမ်မှုများ ပါနေသည်'သူမဆေးမှားသောက်လာခဲ့တာလား? '
"ငါ့အမေ မင်းကိုရှာနေတယ်"
သူမကို ဘာအတွက်ရှာနေမှန်း နန်ကုန်းကျင်း သတိရသွားသည်။ ယခင်ကတော့ သူမက သူ့အနားတွင် မျှော့ကဲ့သို့ အမြဲတမ်း ကပ်တွယ်နေသောကြောင့် သူမကို သူ လိုက်ရှာနေစရာ မလိုခဲ့ပေ။ ဒီနေ့တော့ သူမ သူ့ဘေးနားကနေ ပျောက်နေသောကြောင့် စိတ်ပျက်စရာကောင်းသော်လည်း သူမကို လိုက်ရှာနေရတာ ဖြစ်သည်။
နန်ကုန်းကျင်းတစ်ယောက် စုယိယိက လင်းဟောက်ဘေးနားရှိနေပြီး နှစ်ယောက်သား ပူးပူးကပ်ကပ် ဖြစ်နေတာကို မြင်လိုက်ရသည်။ သူ့ရင်ထဲ ဒေါသအလိပ် လှိုက်တက်လာပြီး အကြည့်များကလည်း စူးရှလာသည်။
"နင် ဘာလို့ ငါ့ကို အဲဒီလိုလာကြည့်နေတာလဲ၊ နင့်ကို ငါ ဒီနေ့ ဘာအနှောက်အယှက်မှ မပေးရသေးဘူးလေ..."
နန်ကုန်းကျင်း၏ အကြည့်ကြောင့် ရှီရှန်းစိတ်ရှုပ်လာသည်။
'ဘာလဲ နင်က ဇာတ်လိုက်sama ဖြစ်နေတာနဲ့ပဲ စေ့စပ်ထားတာတောင် တခြားမိန်းမနဲ့ ချိန်းတွေ့လို့ ရတယ်ပေါ့လေ၊ နင့်သတို့သမီးလောင်းကို မကြိုက်ရင်တောင် စေ့စပ်ပွဲကို အရင်ဖျက်ပြီးမှ နင်ကြိုက်တဲ့သူနဲ့ တွဲပေါ့၊ အဲဒီလိုမျိုးကမှ နင့်ရဲ့ချစ်သူနဲ့ သတို့သမီးလောင်းအပေါ် တာဝန်ယူရာကျတယ်ဟဲ့'
"ဒီနေ့ ဘာပြဿနာမှ မဖြစ်ပါစေနဲ့"
နန်ကုန်းကျင်းက အသံကိုနှိမ့်ပြီး သတိပေးသည်။
"ဟ ဟ..."
'ငါလေးက အဲဒီလိုလုပ်တဲ့အမျိုး ထင်နေတာလား၊ ငါလေးက အရမ်း အလုပ်ရှုပ်နေတယ်ဆိုတာ နင် သိသင့်တယ်...'
နန်ကုန်းကျင်းက ရှီရှန်းကို ဒုတိယထပ်ကို ခေါ်သွားသည်။ လမ်းတစ်လျှောက်လုံး ရှီရှန်းက လုံးဝကို တိတ်ဆိတ်နေပြီး သူ့ကို စကားလည်း မပြော၊ လိုက်ပြီး တွယ်ကပ်တာလည်း မလုပ်ပေ။ အဲဒီလိုလုပ်နေတာက သူမ တခြားတစ်ယောက်အဖြစ် ပြောင်းသွားသလိုပင်။
နန်ကုန်းကျင်း ထင်တာက သူမကို စိတ်ဝင်စားလာအောင် လုပ်နေတာဟု နန်ကုန်းကျင်း ထင်သည်။ သို့သော် သူမကို ကြိုက်လည်းမကြိုက်သလို ဘယ်တော့မှကြိုက်လာမှာ မဟုတ်သောကြောင့် သူ နက်နက်နဲနဲကြီး ဆက်တွေး မနေတော့ပေ။
ရှီရှန်းကတော့ နန်ကုန်းကျင်းနှင့် စေ့စပ်ထားတာ ဘယ်လိုဖျက်ရမလဲ စဉ်းစားပြီး လိုက်လာသည့်အတွက် နန်ကုန်းကျင်းက ရုတ်တရက် ရပ်လိုက်သည့်အခါ သူမခေါင်းနှင့် သူ့နောက်ကျောနှင့် တိုက်မိပြီး နောက်ကို ခြေလှမ်း အနည်းငယ် ဒယီးဒယိုင်ဖြစ်သွားသည်။
"ဘာ"
'နင်ဘာဖြစ်ရပြန်တာလဲ'
သူမရှေ့မှာ ရပ်နေသူကို မြင်သောအခါ ပြောမည့်စကားများကို ပြန်မျိုချလိုက်သည်။
'ငါ့ရန်သူတွေနဲ့ ဒီလိုလမ်းကျဉ်းကျဉ်းလေးမှာ လာတွေ့ရလောက်အောင်ကိုကံ ကောင်းနေတာလား၊ စုယိယိနဲ့လင်းဟောက်က အဲဒီမှာ ရပ်နေတာပဲ၊ အောင်မယ် သူတို့က လက်တောင်ကိုင်ထားလိုက်ကြသေး'
စုယိယိ၏ရူပါကတော့ နေရာတိုင်း တွေ့နိုင်သည့် သာမန်ရုပ်ရည်ဖြစ်သည်။ သူမက သူမ၏ သေးသွယ်သည့်ခါးကို ကပ်ချပ်ပြီး ပေါ်လွင်စေသော အထူးချုပ် အဖြူရောင်ပွဲတက်ဂါဝန်ကို ဝတ်ဆင်ထားသည်။ သူမက မိတ်ကပ်ကို တောက်တောက်ပပဖြစ်အောင် လိမ်းချယ်ထားလေသည်။ ဒါထက် သူမ၏ပုံစံက ဖြူစင်ပြီး ခြောက်ပြစ်ကင်းသည့်ပုံမျိုး ရှိသည်။
နန်ကုန်းကျင်းကို မြင်လိုက်ရသည့်အခါ စုယိယိတစ်ယောက် အတောင့်လိုက် ဖြစ်သွားပြီး သူမမျက်လုံးလေးများက ကြောက်လန့်နေသည့်သမင်မျက်လုံးလေးများ အတိုင်းဖြစ်နေသည်။ သို့သော် နန်ကုန်းကျင်းနောက်မှာ ရပ်နေသည့် ရှီရှန်းကို တွေ့သောအခါ စုယိယိ၏ မျက်နှာပေါ်တွင် နာကျင်ခံစားသွားရသည့် လက္ခဏာကို မြင်လိုက်ရ၏။
ရှီရှန်းက သူမ၏ နှုတ်ခမ်းကိုကော့ညွှတ်သွားအောင် ပြုံးလိုက်သည်။ ပေါ့ပါးသွက်လက်သည့် ခြေလှမ်းများနှင့် နန်ကုန်းကျင်းဘေးက ဖြတ်လျှောက်သွားပြီး ပြောလိုက်သည်။
"ငါ အန်တီ့ဆီကို ငါ့ဘာသာပဲအရင်သွားနှင့်လိုက်မယ်"
"မစ္စရွှီ အထင်မလွဲပါနဲ့"
စုယိယိ၏ စိတ်ထိခိုက်သည့်အသံက ပေါ်လာပြီး သူမမျက်နှာက အကူအညီမဲ့နေသည့်ပုံ ပေါ်နေကာ ရှီရှန်းက သူမကို အမှန်တကယ် အထင်လွဲနေသည့်ပုံမျိုး ပေါ်နေသည်။
ရှီရှန်းက စုယိယိရှေ့ကို သွားရပ်လိုက်ပြီး စုယိယိကို ဖျတ်ခနဲကြည့်လိုက်သည်။
"မစ္စစု၊ ကျွန်မက ဘာကို အထင်လွဲနေတာလဲ၊ ရှင်းပြလို့ရမလား "
'ငါလေးက နင့်ကိုဘာမှမပြောဘဲနဲ့ ဇာတ်လိုက်မ နင်က ငါ့ကို ဘာလို့ရန်လာစနေတာလဲ '
"ကျွန်မ.. "
စုယိယိတစ်ယောက် ရှီရှန်း၏ အပြုအမူကြောင့် ဘာပြောရမှန်းမသိဖြစ်သွားသည်။
"ရွှီချန်းယွဲ့ ဆက်မပြောနဲ့တော့"
နန်ကုန်းကျင်းက နောက်ကနေ လှမ်းအော်လိုက်သည်။
'ဟဲ့ ဖားခရုပဲ သိလား၊ ငါက ဘာလုပ်ရသေးလို့တုန်း၊ အဲ့လိုတော့ တစ်ဖက်သတ်ကြီး မျက်နှာမလိုက်နဲ့လေ...'
ရှီရှန်း သက်ပြင်းချလိုက်သည်။
"ငါဒီနေ့စိတ်ကောင်းဝင်နေလို့ နင်တို့လို လူတွေနဲ့ဆက်မငြင်းချင်ဘူး"
[Host, ကျေးဇူးပြုပြီး ဇာတ်လိုက်မင်းသားကို သတ်ဖို့မကြိုးစားပါနဲ့]
ရေခဲကဲ့သို့ အေးစက်သည့်system အသံက သူမ၏ ခေါင်းထဲ အဆက်မပြတ်ပြောနေသည်။
မစ္စနန်ကုန်းကို ရှာဖို့မသွားခင် ရှီရှန်းတစ်ယောက် မကျေနပ်သည့်အသံ လုပ်ပြသွားသည်။
ထွက်သွားတာကို ကြည့်နေစဉ် နန်ကုန်းကျင်းက ထူးဆန်းတာတစ်ခုကို ခံစားလိုက်ရသည်။
'ရွှီချန်းယွဲ့ ဒီနေ့ပုံမှန်မဟုတ်ဘူး'
"ငါ့ကို ကူညီတဲ့အနေနဲ့ သူ့ကိုစောင့်ရှောက်ထားပေးပါ"
နန်ကုန်းကျင်းက လင်းဟောက်ကို ကြည့်လိုက်သည်။
"ငါ့ယုန်ဖြူလေးကို ဂရုစိုက်ဖို့ မင်းငါ့ကို ပြောစရာမလိုပါဘူး"
လင်းဟောက်၏ စိတ်ထားကြောင့် နန်ကုန်းကျင်း၏ သံသယများ ပျောက်ကွယ်သွားသည်။ နှစ်သိမ့်သည့်အနေဖြင့် စုယိယိ၏ ခေါင်းကို ဖွဖွလေး မပုတ်လိုက်ခင် လင်းဟောက်ကို တစ်ချက်ကြည့်လိုက်သည်။
"ငါဒီကိစ္စကိုအမြန်ဆုံးဖြေရှင်းမှာပါ၊ စိတ်မပူနဲ့တော့နော်"
စုယိယိက သူမ၏ နှုတ်ခမ်းကို ကိုက်ပြီး ခေါင်းညိတ်လိုက်သည်။
ကော်ရစ်ဒါမှာ ပြန်ပြီး တိတ်ဆိတ်သွားပြန်၏။ ရုတ်တရက် တံခါးတစ်ချက်ပွင့်လာပြီး အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း သက်တော်စောင့်နှစ်ယောက် ထွက်လာသည်။ သူတို့ တံခါးပေါက်ဝဘေးကို ရွေ့ပြီး တရိုတသေ စောင့်နေကြသည်။ စက္ကန့်အနည်းငယ် ကြာသည့်အခါ လူတစ်ယောက် ထွက်လာသည်။ ထိုလူက ပွဲတက်ဝတ်စုံ ဝတ်မထားဘဲ အဖြူရောင် အင်္ကျီကို ဝတ်ဆင်ထားသည်။ အင်္ကျီလက်များ ခေါက်တင်ပြီး ဒီဇိုင်းနာ အထူးထုတ်နာရီ ထုတ်ပြထားလေသည်။ ဘယ်သူမှမရှိသည့် ကော်ရစ်ဒါကို ရောက်သောအခါ သူ့ပုံစံက ခွေလျှနုံးချိသွားသည်။ သူ့နှုတ်ခမ်းက ကွေးတက်သွားပြီး ထွက်သွားရန် ခြေထောက် မြှောက်လိုက်သည်။