ဗိုက်ဆာတာနဲ့ အတန်းထဲအရင်မဝင်သေးဘဲ ကန်တင်းမှာ တစ်ခုခုဝင်စားဖြစ်တယ်။ လူအတော်များများက ကျွန်တော်တို့ကို ကြည့်နေကြတယ်။ တချို့က ခပ်လှမ်းလှမ်းကနေ စောက်ခြောက်တွေ ရွံစရာကောင်းလိုက်တာဘာညာဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေကို ကျွန်တော်တို့ကြားအောင် တမင်ပြောနေကြတယ်။ အခုခေတ်မှာ အဲ့လိုပြောမယ့်လူမျိုးတွေ မရှိလောက်တော့ဘူးလို့ ထင်ထားပေမယ့် ရှိနေကြသေးတာပဲ။ ရှိလည်း ဂရုမစိုက်ပါဘူး။ ပြောချင်ရာ ပြောကြပါစေ။ ခပ်တည်တည်ပဲ ကျွန်တော့်အတွက် ရှမ်းခေါက်ဆွဲနဲ့ ထောပတ်သီးဖျော်ရည်မှာပြီး မောင်ထူးအတွက် ဆီချက်ခေါက်ဆွဲနဲ့ သံပုရာရည်ကို အကျယ်ကြီး အော်ပြီးမှာပေးလိုက်တယ်။
မောင်ထူးက သူ့ကြောင့် အခုလိုမျိုး အပြောခံရတယ်ဆိုပြီး ကျွန်တော့်ကို အားနာနေတာ ထင်ပါရဲ့။ မဝံ့မရဲနဲ့ ခိုးခိုးကြည့်နေတယ်။ "ဘာဖြစ်နေတာလဲ" ကျွန်တော်မေးလိုက်တော့ "တောင်းပန်ပါတယ်"တဲ့ ဝမ်းနည်းနေတဲ့ပုံစံနဲ့ ပြန်ပြောတယ်။ ဘာအတွက်လဲလို့ ကျွန်တော် ပြန်မေးလိုက်တော့ ငါ့ကြောင့် မင်းပါ အပြောခံနေရပြီတဲ့လေ။ တကယ်ပါပဲ။ ဒီကောင်ကတော့။ တစ်ခါတလေကျရင် မောင်ထူးက အရမ်းပိန်းလွန်းတယ်။ ဒါနဲ့များ ကျွန်တော့်ဦးနှောက်ထဲ ဝင်နေချင်သေးတယ်ဆိုပဲ။ သူသာ ဝင်နေလိုက်လို့ကတော့ ဘာမှကို သုံးစားလို့ရမှာ မဟုတ်တော့ဘူး။
"ငါပြောမယ် မောင်ထူး... ငါ သူတို့ထဲကနေ တစ်ပြားတစ်ချပ်မှ မရဖူးဘူး... သူတို့ထဲကမှမဟုတ်ဘူး ဟော်ဒီကျောင်းမှာတက်နေကြတဲ့ လူတွေအကုန်လုံး မင်းကလွဲရင် ဘယ်သူ့ထဲကမှ ဘာမှမရဖူးသလို ယူလည်းမယူဖူးဘူး... သူတို့အပြစ်ပြောသမျှ လိုက်ခံစားနေရအောင် ငါကသူတို့မျက်နှာကြည့်ပြီး နေရမယ့်ကောင်မဟုတ်ဘူး... သူတို့ကျွေးမှ စားရတဲ့ကောင်လည်းမဟုတ်ဘူး... အရင်ကလည်း ငါ့အပေါ်ကျေးဇူးမရှိခဲ့သလို နောင်လည်းကျေးဇူးရှိလာမှာ မဟုတ်တဲ့ကောင်တွေအတွက် အချိန်ကုန်ခံပြီး လိုက်ခံစားနေရအောင် ငါကသူတို့ကျွန် မဟုတ်ဘူး... သူတို့ရွံစရာလို့ပြောတာနဲ့နာရအောင် ငါနဲ့မင်းက လူကြားထဲမှာ လူအမြင်မတော်တာတွေ လုပ်နေကြတာလည်းမဟုတ်ဘူးလေ... ငါ့အကြောင်း မင်းသိပါတယ် ငါကပတ်ဝန်းကျင်ကို ဂရုစိုက်တတ်တဲ့ လူမျိုးမဟုတ်ဘူး... အဲ့ဒါကြောင့် ကိုယ့်အတွက် အသုံးမဝင်တဲ့ ကေသီပန်လိုလူမျိုးတွေက ပြောတာကို ဘာမှစိတ်မကောင်းဖြစ်မနေနဲ့... ကြားလား"
"ဝိုး...."
ကျွန်တော့်စကားဆုံးတော့ ဘေးဝိုင်းက ထွက်လာတဲ့အသံတွေ။ ကျွန်တော်ရော မောင်ထူးပါ လန့်ပြီး လှည့်ကြည့်လိုက်တော့ မိန်းကလေး ငါးယောက်လောက်တော့ရှိမယ်ထင်တယ်။ လက်မတွေထောင်ပြနေကြတယ်။ ပြီးတော့ တစ်ယောက်တစ်ပေါက်ပဲ....
"မိုက်တယ်"
"လန်းလိုက်တာ"
"သေတော့မှာပဲ"
"ချစ်တတ်လိုက်တာ"
"သဘောကျလွန်းလို့ ဘယ်လိုလုပ်ရမလဲ"တဲ့လေ အပြိုင်အဆိုင်နဲ့ ပြောနေကြတယ်။ ကျွန်တော့်ကိုများ ရွဲ့နေကြတာလားဆိုပြီး ကျွန်တော်မျက်မှောင်ကုတ်တော့ အကုန်လုံးက ရယ်ပြကြတယ်။
ခဏနေတော့ မှာထားတာတွေ ရောက်လာတယ်။ အဲ့ဒါနဲ့ ပတ်ဝန်းကျင်ကို မေ့ထားပြီး အေးအေးဆေးဆေး စားနေလိုက်တယ်။ မောင်ထူးက ရှမ်းခေါက်ဆွဲမကြိုက်ဘူး။ အဲ့ဒါကြောင့် သူ့အတွက် ဆီချက်မှာပေးရတာ။ ဆီချက်ဆိုရင်တော့ သူကသိပ်ကြိုက်ပဲ။
"ကောင်းလား"
ကျွန်တော်မေးလိုက်တော့ ခေါင်းညိတ်ပြတယ်။ မျက်နှာကလည်း ခုနကလို ဝမ်းနည်းရိပ်တွေ သမ်းမနေတော့ဘူး။ တောက်ပလို့။ အဲ့လိုမှပေါ့။ ဘာမဟုတ်တဲ့ အမှိုက်လိုလူတွေ အပြစ်ပြောတာကို ဘာကိစ္စ ဝမ်းနည်းနေရမှာလဲလေ။
သေချာနားထောင်နေတာ မဟုတ်ပေမယ့် ဘေးဝိုင်းက မိန်းကလေးတွေဆီကနေ စကားသံတွေကြားနေရတယ်။ အုကဲတွေရော ဆယ်မဲတွေရော စုံလို့။ ဘာတွေပြောနေကြမှန်းမသိ။ တစ်ချက် တစ်ချက် ကျွန်တော်တို့ကို လှမ်းလှမ်းကြည့်ပြီး အဝါလေးက အုကဲ၊ အပြာလေးက ဆယ်မဲနဲ့ သတ်မှတ်နေကြတယ်။ ဘာတွေလဲ... အဲ့အခေါ်အဝေါ်တွေက။ ကျွန်တော်တို့ကို ပြောနေကြတာမို့ ဘာလဲဆိုတာကို သိချင်နေတယ်။ အဲ့ဒါနဲ့ ဖုန်းထုတ်ပြီး ချက်ချင်းရိုက်ရှာကြည့်လိုက်တော့ ကျွန်တော်အကျယ်ကြီး အော်ရယ်ချင်မိသွားတယ်။
ကျွန်တော်တို့ ရှလူးတဲ့ကိစ္စကို သူတို့နဲ့ဘာဆိုင်လို့ အပေါ်အောက်တွေ လာခွဲနေရတာလဲ။ မြင်ရတာလည်း မဟုတ်ဘဲနဲ့။ ပြီးတော့ ကျွန်တော်တို့က တစ်ခါပဲရှလူးဖူးသေးတယ်ဆိုပေမယ့် သူတို့ပြောသလို မောင်ထူးက Uke မဟုတ်။နောက်ထပ်ရှလူးဖြစ်ခဲ့ရင်လည်း မောင်ထူးကို ကျွန်တော် လုပ်မှာမဟုတ်ဘူး။ ဘာလို့ဆို အဲ့ဒါက အရမ်းနာတာမို့။ မောင်ထူးကို မနာစေချင်ဘူး။ ကျွန်တော်ပြန်ပေးနိုင်တာလည်း အဲ့ဒါပဲရှိနေတာမို့။ နာလက်စနဲ့ ကျွန်တော်ပဲ အနာခံလိုက်မယ်။ ပြီးတော့ ကျွန်တော့်ကြောင့် ခံစားမှုတွေမြင့်တက်နေတဲ့ မောင်ထူးကိုကြည့်ပြီး ကျွန်တော်ပျော်တယ်။ကျေလည်းကျေနပ်တယ်။
-----***-----
ဒီနေ့နဲ့ဆို အမေတို့ရောက်နေတာ လေးရက်ရှိပြီ။ အစကတော့ သုံးရက်ပဲနေမယ်ဆိုပေမယ့် မောင်ထူးအမေက မပြန်ပါနဲ့ဦးဆိုပြီး ဆွဲထားတာမို့ အခုထိမပြန်ဖြစ်သေး။
အခုနောက်ပိုင်း မမက ဘာဖြစ်နေတယ်မသိဘူး။ ကျွန်တော်တို့ကို တကြည့်ကြည့်နဲ့။ ကျွန်တော့်ကိုလည်း စကားသိပ်မပြောဘူး။ ကြည့်ပဲကြည့်နေတာ။ ကျွန်တော်က စကားပြောရင်လည်း "အင်...အယ်.."နဲ့ ဘာမှရေရေရာရာ ပြန်မပြောဘူး။ ဒီနေ့တော့ ထူးထူးခြားခြား ကိုဇော်ဇော်ကို လေယာဉ်ကွင်းလိုက်ပို့ရင် သူရောလိုက်ဦးမယ်တဲ့ မနက်အစောကြီး လာပြောလို့။ အစက ကျွန်တော်မလိုက်တော့ဘူး လုပ်ထားတာ။ မောင်ထူးနဲ့ ကိုဇော်ဇော်တို့ အေးအေးဆေးဆေး နှုတ်ဆက်ကြပါစေပေါ့။ အခု မမကလိုက်ချင်တယ်ဆိုတော့ ကျွန်တော်ပါ လိုက်ရတော့မယ်။
"လူစုံတတ်စုံပါလား"
ကိုဇော်ဇော်က ပြုံးလို့ရွှင်လို့ ကျွန်တော်တို့ကို နှုတ်ဆက်တယ်။ ကားပေါ်ရောက်တော့လည်း မှာလို့မပြီး။
"ထူးအောင် စိတ်ဆိုးစိတ်ကောက်တာတွေ မလုပ်နဲ့နော်"
"......."
"နေကောင်းအောင်နေ"
"......."
"သူများစိတ်ပူရအောင် မလုပ်နဲ့"
"......"
"စိတ်ချမယ်နော်"
"......."
"မတည့်တာတွေ မစားနဲ့"
"......"
"ရေအကြာကြီး မချိုနဲ့"
"......"
"တစ်ခုခုလုပ်တော့မယ်ဆို ငါ့ကိုဖုန်းဆက်..."
"......."
"စိတ်ချမယ်နော်"
"......"
ဗုဒ္ဓေါ... ကိုဇော်ဇော်မျက်လုံးမကောင်းတော့တာလား။ မောင်ထူးကိုမှာရမှာကို ဘယ့်နှယ် ကျွန်တော့်ကိုလာမှာနေရတာလဲ။
"ကိုဇော်ဇော် မောင်ထူးက ကားမောင်းနေတာနော်"
"သိတယ်လေ"
"လူမှားနေတာလားလို့"
"မမှားဘူး... မင်းကိုမှာနေတာ... မင်းတစ်ခုခုဖြစ်ရင် ဘယ်သူစိတ်ဆင်းရဲရမှာမို့လို့လဲ... အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက် ကြားလား... သူများကို စိတ်ပူရအောင်မလုပ်နဲ့"
ကိုဇော်ဇော်က တဖွဖွမှာနေပေမယ့် အမြင်ကတ်လို့ ကျွန်တော်ဘာမှ ပြန်မဖြေဘူး။ မသိရင် ကျွန်တော်ကပဲ မောင်ထူးအပေါ်မကောင်းသလိုလိုနဲ့ ပြောနေပုံက။ ဒီလောက်တောင်စိတ်မချရင်လည်း အာခံတွင်းထဲငုံသွား။ ကျွန်တော်စိတ်မကြည်စွာနဲ့ မောင်ထူးကိုလှမ်းကြည့်လိုက်တော့ မောင်ထူးကရယ်နေတယ်။ ပျော်နေတယ်ပေါ့လေ။ ဘေးမှာပါလာတဲ့ မမကတော့ တိတ်ဆိတ်လို့။ ဘာဆိုဘာမှ ဝင်မပြော။
လေယာဉ်ကွင်းရောက်တော့ မမက ကိုဇော်ဇော်နဲ့စကားခဏပြောချင်လို့ဆိုပြီး ကျွန်တော်တို့နဲ့ ခပ်လှမ်းလှမ်းကို ခေါ်သွားတယ်။ ပြီးတော့ ဘာတွေပြောနေကြလဲမသိ။ ကျွန်တော်တို့ဘက်ကို တကြည့်ကြည့်နဲ့ လုပ်နေကြတယ်။ ပြောနေရင်းနဲ့ မမမျက်နှာက အရမ်းဝမ်းနည်းတဲ့ပုံပေါက်လာတယ်။ ဒါဘယ်လိုအခြေအနေလဲ။ မဟုတ်မှ မမက ကိုဇော်ဇော့်ကို ကြိုက်နေတာများလား။ အခုက အချစ်ကိုဝန်ခံနေတာလား။ မမဖွင့်ပြောတာကို ကိုဇော်ဇော်ကငြင်း။ ဘာလို့လဲဆိုပြီး မမကဇွတ်တွေမေး။ အစကတော့ မပြောပေမယ့် နောက်တော့ကိုဇော်ဇော်က သူချစ်နေတဲ့လူရှိပါတယ်လို့ပြော။ မမက ဘယ်သူလဲလို့ထပ်မေး။ အဲ့မှာပဲ ကိုဇော်ဇော်က သူမောင်ထူးကို ချစ်နေတာပါလို့ဖြေလိုက်ရော။ အဲ့ဒါကြောင့် မမကအရမ်းဝမ်းနည်းသွားပြီး မောင်ထူးကိုလှမ်းကြည့်လိုက်တာ။
ဖြစ်နိုင်တယ်။
ကျွန်တော်ထင်တာ မှန်နေပါပြီ။ ကိုဇော်ဇော့်ကို ပို့ပြီးအပြန်ကားပေါ်ရောက်တော့လည်း မမက မောင်ထူးကို တကြည့်ကြည့်လုပ်နေတယ်။
"လက်ထပ်ပြီးသားဆို"
မမဆီက ထွက်လာတဲ့ အသံဖြစ်တယ်။
"ဗျာ...ဟုတ် ဟုတ်ကဲ့"
ရုတ်တရက်ဆိုတော့ မောင်ထူးက ကြောင်သွားတယ်ထင်။ သူတင်မဟုတ်ဘူး ကျွန်တော်ပါကြောင်သွားတာ။ မမက ရုတ်တရက်ကြီး ဘာလို့မေး။ ကျွန်တော်အတွေးတောင် မဆုံးသေးဘူး မမက ရှိုက်ကြီးတငင်နဲ့ အော်ငိုနေပြီ။ ဘာလို့လဲ။ ဘာလို့ငိုတာလဲ။ မဟုတ်မှ ကိုဇော်ဇော်နဲ့ မောင်ထူးကိုအထင်လွဲနေတာလား။ မောင်ထူးနဲ့ လက်ထပ်ထားတဲ့လူကို ကိုဇော်ဇော်လို့ ထင်နေတာလား။ မဟုတ်ဘူးနော်။ မဟုတ်ဘူး။ ဘာလိုငိုတာလဲဆိုတော့လည်း မဖြေ။ ကျွန်တော်ရော မောင်ထူးရော ဘာလုပ်လို့လုပ်ရမှန်းမသိကြတော့။ အဲ့အချိန်မှာပဲ ကိုဇော်ဇော့်ဆီကနေ Message ဝင်လာတယ်။
💬မင်းတို့အကြောင်းကို မင်းအစ်မသိနေတယ်
"ဘာ!!"
ကျွန်တော်အကျယ်ကြီး အော်မိသွားတယ်။ ဒါဆို မမငိုနေတာက ကျွန်တော့်ကြောင့်ပေါ့...