6. That Kiss Though
ဘာသာရပ်ပေါင်း ၂ဝ တဲ့။ သင်တန်းအချို့ကိုလည်း တက်ရဦးမည်။ Baek Hyun အရင့်အရင်ဘဝတွေက ဘယ်လိုအပြစ်တွေကို ကျူးလွန်မိခဲ့လို့ ဒီလိုတွေ သင်နေရတာပါလိမ့်။
Baek Hyun သက်ပြင်းချရင်း ရှေ့က ဆရာရှင်းပြနေတဲ့ အင်္ဂလိပ်စာတွေကို အားစိုက်နားထောင်ဖို့ထက် ကျောင်းချိန်ပြီးဖို့ကိုပဲ အာရုံစိုက်နေမိသည်။ ဒီဆရာရဲ့ အင်္ဂလိပ်စာ တော်တော်အခြေအနေဆိုးတာပဲ... Baek Hyun နားထောင်လို့ အဆင်ကိုမပြေပါ။
၁၂...
ဒီစာတွေသင်ပြီး ဘာလုပ်ရမှာတဲ့လဲ။
၁၀...
သူ့အဖေက အာရှတိုက်ရဲ့ ထိပ်ဆုံးလူတွေထဲက တစ်ယောက်တောင်မဟုတ်။ သူတို့တွေရဲ့ အိမ်တော်ထိန်း ဖြစ်နေရုံပါ။ မဟုတ်မှလွဲရော... အဖေက Baek Hyun ကို အဖေ့လို ဘက်စုံတော်တဲ့ အိမ်တော်ထိန်းတစ်ယောက်အဖြစ် အသက်ရှင်စေချင်တာလား။ ဒါကြောင့် သူ ဒီလောက်အများကြီးသင်ယူနေရတာလား...
၇...
*Aish... ဒီဆရာက သင်လို့မပြီးသေးဘူးလား။*
၅...
*သေတော့မလိုပဲ... မွန်းကြပ်လိုက်တာ။*
Baek Hyun အင်္ကျီအပေါ်ဆုံးကြယ်သီးကို ဖြုတ်ရင်း စိတ်ရှုပ်ရှုပ်နှင့် ဆံပင်ကို ထိုးဖွမိလိုက်သည်။
၃...
၂...
*Ding ding ding ding*
Baek Hyun ဖျတ်ခနဲ စာအုပ်တွေကို အိတ်ထဲကျုံးထည့်ကာ ပခုံးပေါ် အိတ်အညိုလေးကို ပစ်တင်လိုက်သည်။ သူ့ဆီကို ရောက်လာတဲ့ မျက်လုံးပေါင်းများစွာက စာသင်လို့ မပြီးသေးတဲ့အကြောင်းကို Baek Hyun ကို ပြောပြနေသလို။ Baek Hyun နှုတ်ခမ်းတွေကို တင်းတင်းစေ့ရင်း အခန်းကို ဖြတ်ကာ နောက်ဘက်တံခါးကနေ ထွက်လာလိုက်ပါသည်။
Baek Hyun အပြင်ရောက်တာနှင့် Locker ကို ဖွင့်ရင်း အိတ်ထဲရှိရှိသမျှ စာအုပ်တွေကို အိတ်ထဲမှ locker ထဲသို ပြောင်းမိလိုက်သည်။ နောက်နှစ်နာရီလောက်ထိ Baek Hyun မှာ ဘာစာသင်ချိန်မှ မရှိတော့တဲ့ဟာ... ပြီးရင်တော့ Economy class ကို သွားရမည်။ သွားစမ်းပါ... ဒီလောက်ထိ ဘဝကို ချုပ်ချယ်ခံနေရတာ Baek Hyun စိတ်ပျက်လှပြီ။
ပညာတတ်ပြီး သူများကျွန်ဖြစ်ရမဲ့ဘဝ... တန်လို့လား။
Locker ကို ဆောင့်ပိတ်ရင်း Baek Hyun သက်ပြင်းတစ်ခုချမိပြန်ပါသည်။
"မင်းကြည့်ရတာ စိတ်ရှုပ်နေပုံပဲ..."
ကျောနောက်ဆီလောက်က နေ ထွက်လာတဲ့ အသံကြောင့် Baek Hyun ထခုန်မိမတတ် လန့်သွားကာ နောက်ကို လှည့်လိုက်မိ၏။ လှည့်လိုက်တာနှင့်ခြောက်ပေလောက်နေရာမှ Baek Hyun ကို ငုံ့ကြည့်နေသော မျက်လုံးတစ်စုံကို မြင်လိုက်ရသည်။
"Annyeong Baekkie!"
ပြောရင်းနှင့် ပြုံးပြလိုက်သူက Chan Yeol. သူ့သွားဖြူဖြူတွေက လက်လို့။ အင်္ကျီကို အပေါ်ကြယ်သီးနှစ်လုံးဖြုတ်ကာ ဆံပင်တွေကို ခပ်ဖွာဖွာ ဖွထားသည်။ ကုတ်အင်္ကျီက ကြေမွနေသည်။ လုံးထွေးထားပြီးမှ ကောက်ဝတ်လာတဲ့ပုံ။ သူ့ကို မနက်ခင်းတစ်ခုလုံးမတွေ့မိတာ အခုမှ သတိထားမိ၏။ ကြည့်ရတာ တော်တော်ကို ထောင့်မကျိုးမဲ့ပုံစံမျိုး ဆိုပေမဲ့ သူ့ပန်းနုရောင်အပြုံးက တော်တော်ကို ဖြူစင်နေသည်။ သူ့မျက်လုံးတွေက ဝိုင်းစက်နေတာပဲ...
Baek Hyun သူ့ကို တအံ့တဩ စေ့စေ့စပ်စပ် ငေးနေမိစဉ်မှာပဲ Chan Yeol က သူ့ညာဘက်လက်ဖြင့် Baek Hyun ၏ ဆံပင်ကို ထိကိုင်လိုက်ရင်း ထပ်ပြုံးသည်။
"Baekkie လေး... မျက်လုံးလည်း ကျွတ်ကျလာဦးမယ်။ ကိုယ်အရမ်းချောလို့လား..."
သူ့စကားကြောင့်ရော၊ အထိအတွေ့ကြောင့်ပါ Baek Hyun ရုတ်တရတ် ရှက်သွားကာ ခေါင်းကို ငုံ့ချမိရင်း ကြမ်းပြင်ကို ငေးကြည့်လိုက်မိသည်။
ကိုယ်တဲ့... Chessy line ကြီး။
အဲ့ဒီ့အချိန်မှာပဲ Chan Yeol လက်က Baek Hyun ၏ ဆံပင်တွေဆီကနေ ပါးပြင်ပေါ် ရွေ့လာပြီးတော့ မျက်နှာကို အုပ်ကိုင်လိုက်သည်။ တစ်ပြိုင်နက်တည်း ပါးပြင်ထက်မှာ ပူနွေးလာတာကို Baek Hyun ခံစားမိလိုက်ရသည်။ လက်ဖျားတွေလည်း အေးလာမိသည်။
မဟုတ်မှလွဲရော Baek Hyun သူ့အပေါ် မရိုးမသား ဖြစ်နေမိတာလား... သူတို့တစ်ခေါက် အတူတူ အိပ်ခဲ့ဖူးတာနဲ့ပဲ Baek Hyun ရင်ထဲ Chan Yeol က နေရာယူသွားတာလား... မဟုတ်သေးဘူး။ လူတစ်ယောက်အပေါ်ကို ခံစားချက်ရှိသွားဖို့ဆိုတာ ဒီလောက်လွယ်လွယ်နဲ့ ဖြစ်နိုင်လို့လား... သူတို့တွေ့ခဲ့တာ တစ်ပတ်လောက်ပဲ ရှိသေးတာလေ။
*စကားမစပ်... Chan Yeol ရဲ့ ခြေထောက်တွေက တော်တော်လှတာပဲ...*
Baek Hyun ကိုယ့်ကိုယ်ကို သတိထားမိသွားပြန်တော့ လက်သီးတွေကို ကျစ်ကျစ်ဆုပ်မိပြန်သည်။ မကောင်းပါ... လုံးဝကိုမကောင်းတာ။ သူဘာတွေ စဉ်းစားနေမိတာလဲ...
"လိုက်ခဲ့..."
Chan Yeol က ရုတ်တရတ် Baek Hyun ရဲ့ ညာလက်ကောက်ဝတ်ကို ကိုင်ဆွဲလိုက်သည်။ မကြာခင်မှာပဲ Baek Hyun ကို လက်ဆွဲကာ locker room ထဲက ထွက်လိုက်၏။
Chan Yeol သူ့လက်ကောက်ဝတ်ကို ခပ်ဖွဖွကိုင်ဆွဲထားပုံက နူးညံ့လွန်းသည်။ သူတို့နှစ်ယောက်ကို အားလုံးက ဝိုင်းကြည့်နေတော့ Baek Hyun ခြေလှမ်းကို Chan Yeol ကို အမီလိုက်ရင်း ခေါင်းကိုငုံ့ထားမိသည်။ သိပ်မကြာခင်မှာပဲ Baek Hyun ကို Chan Yeol က သူ့ကားအနက်ရောင်၏ ခေါင်းခန်းထဲ ထိုင်ခိုင်းလေသည်။
Baek Hyun လိုက်လာရတာ နည်းနည်းကြောင်နေပေမဲ့လို့ Chan Yeol ကတော့ ပြုံးလျက်။ သူ့အပြုံးက တော်တော်ပျော်နေပုံရသော အပြုံး။
"ဘယ်သွားမှာလဲ..."
Baek Hyun အမေးကြောင့် Chan Yeol က ခါးပတ်ပတ်မည် လုပ်ပြီးမှ ပြုံးကာ Baek Hyun ၏ ဆံပင်တွေကို လှမ်းဖွသည်။ Baek Hyun ဘာကြောင့်မှန်းမသိ၊ အဲ့ဒီ့အပြုအမူထဲ ငြိမ်ကျသွားရပြန်သည်။
Chan Yeol က ခဏအကြာမှာ Baek Hyun ၏ ကိုယ်နားကို ငုံ့ကိုင်းလာတော့ Baek Hyun လန့်သွားရင်း နောက်ကိုဆုတ်မိသည်။ လက်ကအလိုလို ကား၏ပြတင်းပေါက်ကို ဆုပ်ကိုင်မိတော့ Chan Yeol က ကြည့်ကာ တစ်ချက်ရယ်၏။
"Baekkie... တော်တော်ကြောက်နေတယ်ပေါ့။"
Chan Yeol ကပြောရင်း Baek Hyun ဘေးက ထိုင်ခုံခါးပတ်ကို ဆွဲယူကာ ပတ်ပေးတော့မှ Baek Hyun အောင့်ထားသော အသက်ကို ရှူထုတ်နိုင်သည်။ ChanYeol က ကိုယ့်ကိုယ်ကို ခါးပတ်ပြီးတော့ စက်နှိုးကာ တစ်ချက်ပြုံးသည်။ ပြီးတော့ S.M University ဝင်းထဲကနေ ကားကို မောင်းထွက်လာလေသည်။
"Chan Yeol sshi..."
"Hmm? ကိုယ့်ကို Chan Yeol ssi လို့ မခေါ်နဲ့လေ။ ဟိုနေ့ကလိုပဲ Yeollie လို့ခေါ်ပါလား..."
"Yeol... Yeollie?"
Baek Hyun နားလည်ရခက်စွာ ပြန်မေးရင်း Chan Yeol ကို စိုက်ကြည့်နေမိသည်။
"ဘယ်နေ့ကလိုလဲ..."
"Hmm..."
Chan Yeol က မျက်ခုံးပင့်ကာ Baek Hyun ကိုကြည့်ပြီး မျက်စိတစ်ဖက်ကို ဖျတ်ခနဲ မှိတ်ပြလိုက်၏။
"လွန်ခဲ့တဲ့တစ်ပတ်... အဲ့ဒီ့ညကလိုပေါ့။"
Baek Hyun ၏ လက်ချောင်းတွေက ကားခါးပတ်ကို အလိုလို ရစ်ပတ်ဆုပ်ကိုင်မိသည်။ မဟုတ်မှလွဲရော... ဟိုည။
"မင်းကိုယ့်ကို အဲ့ဒီ့နေ့ကတည်းက ရှောင်နေတယ်နော်၊ Baekkie..."
Baekkie... အဲ့ဒီ့နာမည်က ရင်းနှီးသလိုလို၊ မှတ်မိသလိုလိုနှင့် Baek Hyun ကို ပိုစိတ်ရှုပ်လာစေသည်။ အဲ့ဒီ့ညက Kyung Soo ကောင်းမှုနဲ့ သူသောက်မိတာ ဆယ်ခွက်လား၊ ဆယ့်နှစ်ခွက်လား... အဲ့ဒါထက်တောင် ပိုချင်ပိုမည်။ သူမူးနေတဲ့အချိန်မှာ လုပ်မိတာတွေကို မှတ်မိတတ်တဲ့အကျင့် Baek Hyun ဆီမှာ သိပ်မရှိတာကြောင့်လည်း ပါမည်။
"အဲ့... အဲ့ဒီ့နေ့က ငါတို့တွေ... အဟမ်း..."
Baek Hyun အသံက နည်းနည်းတုန်သွားတာကြောင့် လည်ချောင်းရှင်းလိုက်ရသည်။ Chan Yeol ကတော့ ကြောက်နေပုံရသော Baek Hyun ကိုကြည့်ကာ အပြုံးအရယ်မပျက်။
"ငါ့အိမ်ကို အရင်ပြန်ကြတာပေါ့။"
"မင်းအိမ်?"
"ငါ့အိမ်။"
Chan Yeol ကပြောကာ Lever ကို ဖိနင်းလိုက်လေသည်။
~•~•~
Chan Yeol မှာ ကိုယ်ပိုင်အိမ်ရှိလိမ့်မယ်လို့ Baek Hyun မသိခဲ့ပါ။
အခုတော့ သိသွားပြီပေါ့... Chan Yeol ကားကို သူ့အိမ်ဆိုတာရှေ့မှာ ရပ်လိုက်ပြီလေ။ သူ့အိမ်ဆိုတာက နွေရာသီစံအိမ်လေးပါ။ Seoul မြို့တစ်နေရာမှာ ရှိတာပါပဲ... Baek Hyun မသိသော ရပ်ကွက်လေး။
Baek Hyun ရဲ့ကားခါးပတ်ကို ဖြုတ်ကာ ဆွဲခေါ်သွားသော Chan Yeol လက်တွေက နွေးထွေးပေမဲ့ ထင်သလောက်တော့ နူးညံ့မနေ။ ပြီးတော့ Chan Yeol ကို ကြည့်ရတာ မျက်နှာကနီရဲနေသလိုမျိုး။ Baek Hyun လက်ကို ခဏလွှတ်ကာ အိမ်သော့ကို ဖွင့်နေတဲ့အခိုက် Chan Yeol လက်တွေ တုန်နေသည်။
"Chan Yeol..."
"ခဏလေး..."
အိမ်တံခါးပွင့်သွားတာနှင့် တစ်ပြိုင်နက်တည်း Chan Yeol က Baek Hyun လက်ကိုဆွဲကာ အိမ်ထဲဝင်သည်။ သူ့အထိအတွေ့တွေကို Baek Hyun နားမလည်နိုင်ပါ။
"Chan Yeol... မင်း..."
Chan Yeol အိမ်တံခါးကို ဆောင့်ပိတ်လိုက်ပြီးတဲ့နောက်မှာ Baek Hyun ကို တံခါးနှင့်ကျောကပ်သွားအောင် ဆောင့်တွန်းလိုက်တာမို့ Baek Hyun လန့်သွားရသည်။
"Chan Yeol... ငါ..."
Baek Hyun ဘာစကားမှ မပြောရသေးခင်မှာပဲ Chan Yeol ရဲ့လက်က Baek Hyun ၏ လည်တိုင်ကို ဆုပ်ကိုင်ကာ ထိန်းယူလိုက်သည်။ Chan Yeol ၏ ထွက်သက်လေငွေ့တွေ ချက်ချင်းလိုလို Baek Hyun ၏ မျက်နှာဆီ ရိုက်ခတ်လာပြီးတဲ့ နောက်မှာတော့ Baek Hyun ရဲ့ နှုတ်ခမ်းတွေပေါ်က အထိအတွေ့။
Baek Hyun အံ့ဩသွားရချိန်မှာပဲ Chan Yeol က Baek Hyun ၏ ခါးကိုပါ ဆုပ်ကိုင်ကာ နှုတ်ခမ်းတွေကို ဖိကပ်ထားရုံ သက်သက်ကနေ စကားပြောနေသလို လှုပ်ရှားလိုက်သည်။ Baek Hyun ရဲ့ နှုတ်ခမ်းအစုံပေါ်မှာ ရှိနေသည့် Chan Yeol ရဲ့နှုတ်ခမ်းတွေဆီမှ ပူနွေးမှုကြောင့် Baek Hyun ချက်ချင်းပဲ အရည်ပျော်ကျလာတော့မလိုလို... နားထင်မှာ သွေးတွေတိုးကာ ထူပူလာတာကို Baek Hyun ခံစားမိနေသည်။
ခဏနေတော့ Chan Yeol က Baek Hyun ၏ အောက်နှုတ်ခမ်းကို သွားနှင့်ခပ်ဖွဖွ အရာပေးရုံလောက် ဖိကိုက်လိုက်သည်။ နာသည်ဆိုရုံ နာသောအာရုံထဲမှာ Baek Hyun ပျော်ဝင်သွားသလိုမျိုး။
"အာ့..."
Baek Hyun ညည်းမိတော့ Chan Yeol က ပြုံးသည်။ ပြီးတော့မှ မျက်နှာကို Baek Hyun ၏ နားနားတိုးကပ်ကာ လေသံတိုးတိုးဖွဖွဖြင့်...
"မင်းအခုထိ သိချင်နေသေးတာ သေချာတယ်ဆိုရင် အဲ့ဒီ့ညက ဘာဖြစ်ခဲ့လဲဆိုတာ ကိုယ်မင်းကို ပြောပြမယ် Baekkie..."
ပြောရင်းနှင့် Chan Yeol လက်တွေက Baek Hyun ရင်ဘတ်ပေါ် တက်လာတာကြောင့် Baek Hyun အာခေါင်တွေ ခြောက်ကပ်လာတာကြောင့် တံတွေးကို မျိုချလိုက်ရ၏။ စကားပြောဖို့ ပါးစပ်ဖွင့်လိုက်စဉ်မှာပဲ နှုတ်ခမ်းပါးပေါ်မှာ ထပ်တစ်ခါ ခံစားလိုက်ရတဲ့ ညှို့နိုင်စွမ်းအားပြင်းလွန်းသော ပူနွေးမှုထဲ နစ်မျောသွားရပြန်ပါသည်။
~••~••~••~••~