"ဒါကို လက်မခံနိုင်ဘူးဆို ဘာလို့အစတည်းက မပြောတာလဲ !?"

အတော်အသင့်ကြီးထွားနေပြီဖြစ်သော ကြောင်မှာ လှောင်အိမ်သံဇကာအတွင်းမှနေ၍ လုဖုန်းအားစိုက်ကြည့်နေလျက် ။ စိတ်ရှုပ်နေဟန်ပေါ်သော တစ်ချိန်တည်းမှာပင် အပြစ်ကင်းစင်သည့် မိုးပြာရောင်မျက်ဝန်းများ ။ လုဖုန်းမှာ ထိုမျက်ဝန်းများကိုကြည့်နေရင်းပင် ထိုကြောင်အား သနားလာခဲ့တော့၏ ။

သူ၏ အတိတ်ကာလမှတ်ဉာဏ်များထဲမှ တခြားကြောင်တစ်ကောင်အား အမှတ်မရဘဲမနေနိုင်ခဲ့ ။

လူငယ်များဟူသည် အခြေအနေအမျိုးမျိုး အသစ်အဆန်းတို့နှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရာ၌အကျွမ်းကျင်ဆုံးသောသူများပင် ။ ရှန့်မင်အော်အပေါ် ထားရှိသော ခံစားချက်များကို နားလည်လာပြီနောက် သုံးရက်အတွင်းမှာပင် ထိုခံစားချက်တိုးတက်လာမှုအလုံးစုံကို လုဖုန်းလက်ခံခဲ့ရလေသည် ။

အသက်ငယ်ရွယ်ချိန်တွင် တစ်စုံတစ်ယောက်အားချစ်မိခြင်းသည် ပုံမှန်ဖြစ်ရပ်တစ်ခုသာ ။ ထို့ကြောင့် လုဖုန်းထံ ထိုဖြစ်ရပ်ဖြစ်ပွားလာသောအခါတွင်လည်း ရှော့ခ်ရစရာထိတ်လန့်စရာ အခြေအနေတစ်ခုမဟုတ်ခဲ့ပေ ။

အကယ်၍ ရှန့်မင်အော်အပေါ်ထားရှိသော လုဖုန်း၏ခံစားချက်များမှာ ခိုင်မာနေခဲ့သည်ရှိသော် မေ့ပစ်ဖို့ရန် စိတ်ဆန္ဒမည်မျှပင်ရှိရှိ မေ့ပစ်နိုင်ဖို့ရာမဖြစ်နိုင် ။ ရက်ပေါင်းများစွာ တွေးတောရင်းအချိန်များကို ကုန်ဆုံးစေခဲ့လျှင်တောင်မှ အဖြေတစ်ခုထွက်မလာခဲ့ ။

ထိုကဲ့သို့မဟုတ်ပဲ သူ့ခံစားချက်များ အစတည်းကတိမ်ကောနေခဲ့သည်ရှိသော် နှစ်ပေါင်းများစွာကြာလာသောအခါ ရှန့်မင်အော်အား မေ့ပစ်နိုင်ခဲ့လိမ့်မည် ။ ထိုသို့ဆိုလျှင် ယခုကဲ့သို့ လက်ရှိအခြေအနေအပေါ် မချိမဆံ့သောကပွားနေဖို့ရာ အကြောင်းလည်းမရှိပေ ။

အဖေဖြစ်သူ ဆုံးပါးသွားပြီးနောက်ပိုင်း လုဖုန်းနားလည်လိုက်ရသော အခြေခံနိယာမတစ်ခုရှိခဲ့သည် ။ အခြားအရာတော့မဟုတ် ။ တစ်ခုခုကို လုပ်ချင်ခဲ့သည်ရှိသော် အချိန်ရှိတုန်းစောစောစီးစီးထလုပ်ဖို့ရန် ၊ လောက၌ တွေဝေတုံ့ဆိုင်းနေဖို့ရန်အချိန်ကား ထင်သလောက်မရနိုင် ဆိုသည်ကိုပင်။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now