ကျွန်တော်တို့နှစ်ယောက်လုံး အဆောင်မနေဖြစ်တော့ဘူး။ အိမ်ကနေပဲ ကျောင်းတက်ဖြစ်တယ်။ အစကတော့ ထူးအောင်ကျွန်တော့်ကားနဲ့မှ လိုက်ပါ့မလားဆိုပြီး စိုးရိမ်သေးတယ်။ ဒါပေမဲ့ထူးအောင်က လိုက်တယ်။ အရင်ကလည်းလိုက်ဖူးတာမို့ မကြောက်ပါဘူးတဲ့။ တော်ပါသေးတယ်။ သူနဲ့ကျွန်တော်က အခန်းလည်းမတူသလို မေဂျာကလည်းမတူ။ ကျွန်တော်ကတော့ ထူးအောင်အခန်းထဲ ခဏခဏသွားချင်ပေမဲ့ ထူးအောင်ကကျွန်တော်လာတာကို မကြိုက်ဘူး။ အဲ့တစ်ခုပါပဲ။ ကျန်တာတော့ အကုန်အဆင်ပြေတယ်။

ထူးအောင်က ကျွန်တော်နဲ့နေတော့ အကျင့်တစ်မျိုးပေါ်လာတယ်။ ညဘက်ဆို စာဖတ်တာ။ အရင်ကမဖတ်ဘူး။ ဖတ်စရာစာအုပ်လည်းမရှိဘူး။ အခုကျတော့ သူဖတ်ချင်တဲ့စာအုပ်တွေကို ကျွန်တော်ကဝယ်ပေးရတယ်။ နာမည်လှလို့ကြိုက်တယ်ဆိုတဲ့ သိုးဆောင်းကိုလည်း collection လိုက်ဝယ်ပေးထားရတယ်။ ပြီးတော့ အဆောင်မှာ မိုးရွာတဲ့နေ့တုန်းက သူ့ကိုပေးဖတ်တဲ့ မှောင်သောအလင်းဆိုတဲ့စာအုပ်ကို ကြိုက်တယ်တဲ့။ အဲ့ဒါကြောင့် အဲ့စာရေးဆရာရဲ့ စာအုပ်တွေအကုန်ဝယ်ပေးပါဆိုလို့ လင်းတင့်သီဟ collection ဆိုပြီး ဝယ်ပေးရသေးတယ်။

ပြဿနာက အဲ့မှာစတာ။ လင်းတင့်သီဟရဲ့ ဇာစ်မြစ်ဆိုတဲ့စာအုပ်ကိုဖတ်ပြီး တမှိုင်မှိုင်နဲ့ဖြစ်နေရော။ ထမင်းလည်း ကောင်းကောင်းမစားဘူး။ ဘာစာအုပ်မှလည်း ထပ်မဖတ်ဘူး။ တစ်ပတ်လောက်ရှိမယ်ထင်တယ် အဲ့လိုမျိုးဖြစ်နေတာက။ ဘာဖြစ်နေတာလဲ။ နေမကောင်းဘူးလား ဘာညာမေးကြည့်တော့လည်း ဘာမှမပြောဘူး။ ထမင်းချော့ကျွေးတော့လည်းမစား။ စားချင်တဲ့မုန့်ဝယ်ကျွေးမယ်ဆိုတော့လည်း မဟုတ်ပြန်ဘူး။ နောက် သူဘယ်လိုမှမနေနိုင်မှ ရင်လာဖွင့်တယ်။

ဇာစ်မြစ်စာအုပ်ထဲမှာ သူအကြိုက်ဆုံးက ဝင်စတန်တဲ့။ သူ့ရဲ့အပြောခပ်မြူးမြူး ခပ်သွက်သွက်ကြောင့် စပေါ်ကတည်းက သဘောကျခဲ့တာတဲ့။ နောက်ဆုံးမှာ သူသဘောကျတဲ့ဝင်စတန်က လူမဟုတ်ပဲ စကားပြောတဲ့ ကွန်ပျူတာကြီးဖြစ်နေလို့ ရင်တွေနာပြီး ဘာမှမစားနိုင်ဖြစ်နေတာတဲ့လေ။ ကျွန်တော်မှာ ရယ်ရခက်ခက် ငိုရခက်ခက်နဲ့။ မင်းဒီလိုမျိုးဖြစ်နေမယ်ဆို စာအုပ်တွေမဖတ်နဲ့တော့ နောက်မဝယ်ပေးတော့ဘူးလို့ ကျွန်တော်ပြောတော့ စာဖတ်မှတိုးတက်မှပေါ့တဲ့ ပြန်ပြောတယ်။ သူလုပ်ချင်ရင် ဘယ်လိုမှတားမရဘူး။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Onde histórias criam vida. Descubra agora