"ဒီရှန်ပိန်ဘယ်ကရလာတာလဲ "

လုဖုန်းသိချင်စိတ်ဖြင့် မေးကြည့်လိုက်သည် ။ သို့သော် ရိတကျွမ့်လက်ထဲမှ ရှန်ပိန်ပုလင်းကို ယူကြည့်လိုက်သောအခါမှ အခွံသက်သက်သာဖြစ်ကြောင်း သိလိုက်ရ၏ ။

ရိတကျွမ့်မှာ ကားသော့ကို ရှန့်မင်အော်ထံသို့ တရိုတသေပြန်ပေးရင်း လုဖုန်းမေးသည်ကိုပါဖြေလာခဲ့၏။

"ဒါက ကျွန်တော်တို့အစီအစဥ်မှာ ထည့်သုံးရမှာ ၊ မဟုတ်ရင် တံခါးရအောင်ဖွင့်ဖို့ဆိုတာ မလွယ်ဘူး ၊ ကျွန်တော့်မှာအတွေ့အကြုံရှိပြီးသားမို့ ယုံထားလိုက်ပါ"

ရိတကျွမ့်မှာ ယုံကြည်ချက်အပြည့်နှင့်ပင် သူတို့ရှေ့မှ ဦးဆောင်လေ၏ ။ အခန်းတစ်ခုရှေ့ရောက်သောအခါ ရပ်လိုက်ပြီး အထဲမှအသံတစ်ခုခုကြားလိုကြားငြား နားကိုတံခါးမှာကပ်၍ နားထောင်တော့၏ ။ ထို့နောက် ရိတကျွမ့်မှာ ခါးကိုမတ် အဝတ်အစားကိုသပ်သပ်ရပ်ရပ်လုပ်ရင်း ကိုယ်နေဟန်ထားကိုပါ အသင့်ပြင်လိုက်၏ ။ လုဖုန်းနှင့်ရှန့်မင်အော်ကိုလည်း တံခါးပေါက်မှချောင်းကြည့်လျှင် မမြင်နိုင်လောက်သည့်နေရာတွင် ရပ်နေဖို့ပြော၏ ။ နောက်ဆုံး အရာရာအားလုံးအဆင်သင့်ဖြစ်သောအခါ ရိတကျွမ့်မှာ တံခါးဘဲလ်ကို နှိပ်လိုက်တော့၏ ။

"ဘယ်သူလဲ ?" အခန်းတွင်းမှ ဖန်းလီ၏အသံကထွက်ပေါ်လာပေသည် ။

"မင်္ဂလာပါဆရာ ၊ ကျွန်တော်တို့ဟိုတယ်က ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အရသာအထူးကောင်းမွန်တဲ့ ရှန်ပိန်ကိုပြင်ဆင်ထားပါတယ်"
ရိတကျွမ့်ကား အပြုံးတုတစ်ခုကိုဆင်မြန်းရင်း အသာအယာပြော၏ ။

တစ်ခဏတာတော့ အထဲမှနေ၍ ဘာတစ်ခုမှပြန်ပြောမလာဘဲ တိတ်ဆိတ်နေခဲ့၏ ။ ထို့နောက်ခဏအကြာတွင်မှ ခြေသံမျှမျှကို ပြန်ကြားရ၏ ။

"ခနစောင့် "

အချိန်ခဏအကြာတွင်ကား တံခါးဖွင့်သံထွက်ပေါ်လာပြီး သူတို့ရှေ့မှတံခါးသည်လည်း ပွင့်လာခဲ့တော့၏ ။

တစ်ဆက်တည်းမှာပင် ဖန်းလီ၏ ချောမောပြီးအမြင်အာရုံကိုဖမ်းစားနိုင်သော  မျက်နှာမှာလည်း တပြိုင်တည်းထွက်ပေါ်လာ၏ ။ ရေချိုးခန်းသုံးဝတ်စုံကိုဝတ်ဆင်ထားသောကြောင့် ပေါ်လွင်နေသော ရင်ဘတ်တစ်နေရာတွင်လည်း ကုတ်ခြစ်ရာတို့ဖြင့် ပြည့်နှက်နေခဲ့၏ ။ လည်ပင်းထက်ရှိအမှတ်အသားတို့မှာလည်း တဖြည်းဖြည်းအရောင်ရင့်လာတော့မည့်အလား ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now