ကိုဇော်ဇော်ဆီကနေ မောင်ထူးအကြောင်းကိုသိလိုက်ရတော့ ကျွန်တော်သူ့ကိုမကြောက်တော့ဘူး။ သူက တခြားလူတွေကိုဘာမှမလုပ်ပဲ သူ့ကိုယ်သူသာ ထိခိုက်အောင်လုပ်တာဆိုတော့ "သြော်..အဲ့လိုမျိုးလည်းရှိပါလား"ပေါ့ ဒီလောက်ပဲ။ မောင်ထူးက ကျွန်တော့်ကို ချစ်နေတယ်ဆိုတာသိရတော့လည်း ရင်မခုန်ခဲ့ဘူး။ ဘယ်လိုမှလည်းမနေဘူး။ ဘာခံစားချက်မှလည်းမရှိဘူး။

နောက်တော့ ကျွန်တော်တို့ လက်ထပ်ဖြစ်ကြတယ်။ ဒါလည်း ကျွန်တော့်အမှားအတွက် ကျွန်တော်တာဝန်ယူတာ။ ထောင်မကျချင်တာလည်း ပါတာပေါ့။ အချစ်ဆိုတာဘယ်လိုမျိုးလဲ ကျွန်တော်မသိဘူး။ သူငယ်ချင်းတွေက သူ့တို့ရည်းစားအကြောင်းတွေပြောရင်လည်း ကျွန်တော်နားမထောင်ဖူးဘူး။ မောင်ထူးက ကျွန်တော့်ကိုချစ်တယ်။ ဒီလိုပဲ အလွယ်တွေးထားတာ။ ဘယ်လိုမျိုးချစ်တာလဲ။ ဘယ်လောက်ထိချစ်တာလဲ။ ကျွန်တော်မသိဘူး။ နားလည်းမလည်ခဲ့သလို နားလည်ဖို့လည်း မကြိုးစားခဲ့။

မောင်ထူးကျွန်တော့်ကို ပထမဆုံးနမ်းတဲ့နေ့ကို ပြန်တွေးမိတယ်။ အဲ့တုန်းက ကျွန်တော်အနမ်းမခံချင်ဘူး။ ရွံလို့။ သူ့တံတွေးတွေ ကျွန်တော့်ပါးစပ်ထဲ ဝင်ကုန်မှာစိုးလို့။ နောက်တော့လည်း ကျွန်တော်တို့က ယူထားကြတာမလား။ ဒီလောက်တော့ ရှိမှာပေါ့ဆိုပြီး အလျှော့ပေးခဲ့တာ။

ကျွန်တော် ဦးလေးကို မေးကြည့်ဖြစ်တယ်။ ဦးလေးတို့လင်မယား ကြိုက်လည်းမကြိုက်ကြဘဲနဲ့ တည့်အောင်ဘယ်လိုနေကြလဲလို့။ ဦလေးက ပြန်ပြောတယ်။ ကြိုက်ကြိုက် မကြိုက်ကြိုက် အတူအိပ်ပြီးသွားရင် အဆင်ပြေသွားလိမ့်မယ်တဲ့။
စကားများတာတွေဘာတွေရော မရှိဘူးလားဆိုတော့ လင်နဲ့မယား လျှာနဲ့သွား ဆိုတဲ့အတိုင်း ရန်တော့ဖြစ်ကြတာပေါ့တဲ့။

အစက ကျွန်တော်နားမလည်ဘူး။ လင်နဲ့မယားက ဘာလို့လျှာနဲ့သွားကြတာလဲ။ လျှာကဘယ်လိုလုပ် လမ်းလျှောက်လို့ရမှာလဲ။ လူ့ဝိတ်ကြီးကို ဘယ်လိုလုပ်နိုင်မှာလဲ။ ကျွန်တော်မြင်ဖူးတဲ့ လင်မယားတွေကတော့ ခြေထောက်နဲ့သွားကြတာပါ။ ဦးလေးတို့လင်မယားလည်း ခြေထောက်နဲ့သွားတာပဲကို။
လျှာနဲ့ဘယ်လိုသွားရတာလဲလို့ ဦးလေးကိုမေးကြည့်လိုက်တယ်။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now