ဖန်းလီကား လုဖုန်းစျေးပြောသည့်ပုံစံကို အသားကျနေပြီဖြစ်ရာ ကျွတ်တစ်ချက်စုတ်သပ်ပြီးနောက် စျေးဘယ်လောက်တိုးပေးနိုင်သေးလဲဟု မေးလာခဲ့သည် ။

"ဒီစိန်အကြီးနှစ်ပွင့်နဲ့တင် ယွမ်သိန်းကျော်ရနေပြီ အဲ့ဒါကို ဒီရင်ထိုးတစ်ခုလုံးကို နှစ်သိန်းပဲပေးမယ်ဆိုရင် ကပ်စေးနဲလွန်းနေတာမဟုတ်ဘူးလား ?"

သေသေချာချာတွေးတော့နေသည့်ပုံပေါက်ဖို့ရန် လုဖုန်း အနည်းငယ်မျက်မှောင်ကျုံ့ထားမိသည် ။ မသိလျှင် ဆုံးဖြတ်ဖို့ရန်ခက်ခဲနေသကဲ့သို့ ။ လုဖုန်း အကြိမ်ကြိမ်အခါခါ စျေးညှိပြီးနောက် ယွမ်ရှစ်ထောင် ထပ်ဆောင်းပေးရန် သဘောတူလိုက်ရတော့သည် ။

လျိုရွဲ့က ထိုရင်ထိုးကို မီးခံသေတ္တာတွင်ထည့်လိုက်သည် ။ထို့နောက် ဖန်းလီဘဏ်အကောင့်ထံငွေလွှဲပေးပြီး လုပ်ငန်းစဥ်ကို တရားဝင်အပြီးသတ်လိုက်၏ ။

" တကယ်ပြောတာ မင်းကလပ်ကိုတစ်ခေါက်လောက်လာကြည့်သင့်တယ် ၊ ရုပ်ရည်ချောမောတဲ့ကောင်လေးတွေ ကောင်မလေးတွေ မနည်းမနောဘဲ ၊ လိုချင်တဲ့ဟာ အကုန်ရစေရမယ် "

လျိုရွဲ့တစ်ယောက် သည်းခံနိုင်စွမ်းကုန်ခမ်းနေပြီဖြစ်ကြောင်း လုဖုန်းမြင်နေရသည် ။ ဖန်းလီ၏ မရပ်မနားနှောင့်ယှက်မှုများကြား အတင်းပြုံးထားရသည်မှာ သိသာလှသည် ။ ထို သပွတ်အူထဲမှ လျိုရွဲ့အားကယ်ထုတ်ရန် လုဖုန်းကြိုးပမ်းရတော့သည် ။

"တကယ် မက်စရာကောင်းတဲ့ ကမ်းလှမ်းချက်ပဲ ၊ ငါတို့အချိန်ရရင်လာခဲ့ပါ့မယ် " ဟု လုဖုန်း​ဝင်ပြောလိုက်၏ ။

"အဲ့တာဆို ငါတို့သဘောတူလိုက်ပြီနော် " ဖန်းလီပြောပြီးနောက် နေကာမျက်မှန်ကိုပြန်တပ်လိုက်ရင်း စိတ်မပါ့တပါဖြင့် ဆိုင်မှထွက်သွားဖို့ပြင်တော့သည် ။ ဖန်းလီ ဆိုင်မှထွက်ထွက်ချင်းပင် တံခါးဝ၌အရပ်ရှည်ရှည် ခန္ဓာကိုယ်ထွားထွား လူသုံးယောက်ကို ဝင်တိုက်မလိုဖြစ်သေး၏ ။

ထိုလူသုံးယောက်၏ ပုံသဏ္ဍာန်​က ဖန်းလီအား ရုတ်တရက်လန့်သွားစေသည် ။  ထို့နောက် စိတ်ရှုပ်ထွေးသလို အကြည့်တို့ဖြင့် ဖန်းလီကြည့်နေမိသည် ။ ဆိုင်မှထွက်သွားသည်အထိတောင် အကြည့်ကမခွာနိုင် ။ သမင်လည်ပြန်ကြည့်လျက် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now