ရဲ့ဟွာကို သူ့ရဲ့ အမတ်စံအိမ် အနောက်ဘက်က ခြံဝန်းထဲမှာရှာတွေ့တယ်။
ရဲ့ဟွာက အမည်းရောင်ပိုးဖဲ ဝတ်ရုံကို ဝတ်ထားပြီး ဝတ်စုံအဖြူဝတ်ထားတဲ့ မိန်းကလေးနဲ့ မျက်နှာချင်းဆိုင်ထိုင်လို့ သေရည်ထိုင်သောက်ရင်း သူတို့နှစ်ယောက် ခေါင်းပေါ်မှာ မိုးနေတဲ့ မက်မွန်ပင်ကြီးကနေ အဆုပ်လိုက်ပွင့်နေတဲ့ မက်မွန်ပန်းတွေရဲ့အလှကို ရှုစားနေကြတယ်။
ဝတ်စုံဖြူဝတ်ထားတဲ့ ကောင်မလေးက တစ်ခုခုပြောလိုက်တဲ့ပုံပဲ။ ရဲ့ဟွာက သေရည်ခွက်ဖလားကို မြှောက်လိုက်ရင်း ကောင်မလေးကို စိတ်လိုလက်ရနဲ့ ပြန်ပြုံးပြတော့ ကောင်မလေးက ချက်ချင်းပဲ ဣန္ဒြေရရနဲ့ အရိုအသေပြန်ပေးတယ်။
ရဲ့ဟွာအပြုံးက နွေးထွေးပြီး ညင်သာပေမယ့် စိတ်လှုပ်ရှားမှုတစ်ခုကို သူ့မျက်လုံးထဲမှာ မြင်နေရတယ်။
သူနဲ့မတွေ့ရတာ ၆ ရက်ပဲရှိသေးပေမယ့် သူ့ကြည့်ရတာ ငါတို့ရဲ့ ချစ်သက်လက်ဆောင်တွေအကြောင်းလည်း မေ့သွားပြီထင်တယ်။ ရဲ့ဟွာက တကယ်ပဲ ဒီလိုလူရှုပ်တစ်ယောက် ဖြစ်နေနိုင်ပါ့မလား။
စိတ်ထဲမှာ မနာလိုစိတ်တွေက တဟုန်ထိုး တက်လာတာမို့ ဖြေရှင်းချက်တစ်ခုတောင်းဖို့ ရဲ့ဟွာဆီ အသွားမှာ ငါ့ကျောဘက်က ထွက်လာတဲ့ စကားပြောသံတစ်ခုကို ကြားလိုက်ရတယ်။
"မတွေ့ရတာတောင် အတော်ကြာပြီနော် နတ်ဘုရားမ။ အခုလို ကြုံဆုံခိုက်မှာ ကျွန်တော်မျိုးမ ဂါဝရပြုပါရစေ"
အရမ်းကို ထိတ်လန့်သွားပြီး အနောက်ကို လှည့်ကြည့်လိုက်မိတယ်။
ငါသုံးထားတဲ့ ကိုယ်ရောင်ဖျောက် မန္တန်က လူသာမာန်မျက်လုံးတွေကနေ မမြင်ရအောင်ပဲ ဖျောက်ထားနိုင်တာဖြစ်လို့ မသေမျိုးနတ်တွေကတော့ ငါ့ကို မြင်နိုင်သေးတယ်။
ဆုကျင်းက ငါ့ရှေ့မှာ မတ်တပ်ရပ်နေပြီး ရိုးရှင်းတဲ့ အရပ်ဝတ် အဝတ်အစားတွေကို ဝတ်ဆင်ထားတယ်။
" နင် ဒီမှာဘာလုပ်နေတာလဲ" လို့ အံ့ဩတကြီးနဲ့ မေးလိုက်မိတယ်။
ဆုကျင်းက ငါ့မျက်နှာကို တည့်တည့်ကြည့်လို့ ခေါင်းကို အတန်ငယ်ညွှတ်ပြ၊ အရိုအသေပေးပြီး ပြောတယ်။
YOU ARE READING
သုံးဘဝ သုံးကမ္ဘာ : ဆယ်မိုင်မက်မွန်ပန်းပွင့်လေးများ
Romance"ရဲ့ဟွာ ကျွန်မရှင့်ကို လက်လွှတ်လိုက်တော့မယ်။ ရှင်လည်း ကျွန်မကို လက်လွှတ်လိုက်သင့်ပြီ။ ကျွန်မတို့ကြားမှာ တစ်ယောက်အပေါ် တစ်ယောက် အကြွေးတင်တာတွေ မရှိတော့ဘူး" "ကိုယ်တို့ တစ်ယောက်ပေါ်တစ်ယောက် ပြန်ပေးဆပ်စရာတွေ ဘယ်လောက်များလဲ တွက်ကြည့်က...