အပိုင်း (၄)

En başından başla
                                    

လင်္ကာက အစ်မရဲ့ စကားကြောင့် မျက်နှာလေးပြုံးလိုက်ကာ...

"စပ်စုတယ်လို့ မထင်ပါဘူး အစ်မရဲ့...ကိုယ့်ချစ်သူအကြောင်းပဲ သိသင့်တယ်လေ မဟုတ်ဘူးလား...ကျွန်မက မိဘမဲ့ပါ...မိဘမဲ့ဘုန်းကြီးကျောင်းမှာ ကြီးပြင်းလာတာပါ...အရွယ်ရောက်ပြီး ကျွန်မကိုယ်ပိုင်ဝင်ငွေ ရှာလာနိုင်တော့ ကျွန်မ အဲ့မှာ မှီခိုမနေသင့်တော့ဘူးလေ...အဲ့တာကြောင့် အဆောင်မှာပြောင်းနေတာပါ"

လင်္ကာ့စကားကြောင့်လားတော့ မသိ အစ်မဘက်က ခတ္တတော့ တိတ်ဆိတ်သွားသည်။တည်ငြိမ်နေသည့် မျက်နှာလှလှလေးကတော့ ပြောင်းလဲမသွားဘဲ ခဏအကြာမှ...

"ဆေးရုံအရှေ့မှာရပ်ပေးတွေ ဘာတွေလုပ်မနေနဲ့...အဆောင်ဆိုလဲ အဆောင်လိပ်စာအတိအကျပဲ ပြောပေး ကာ"

လင်္ကာတို့ ချစ်သူစစဖြစ်ချင်းနေ့မှာတင် လင်္ကာက အစ်မကို မလွန်ဆန်နိုင်ခဲ့ပါ။ အဲ့နေ့က အစ်မ လင်္ကာ့ကိုအဆောင်ရှေ့ထိလိုက်ပို့ပေးခဲ့သည်။ မှတ်မှတ်ရရ အဲ့နေ့ညမှာပဲ လင်္ကာအရဲစွန့်ကာ social mediaတွင် အစ်မ Accလေးကို addတော့ အစ်မက လက်ခံပေးခဲ့သည်။ အဲ့တုန်းက လင်္ကာ့မှာ ပျော်လိုက်ရတယ်ဆိုတာ...အင်း ဘယ်လိုပြောရမလဲ အစ်မနဲ့ ချစ်သူဖြစ်တဲ့နေ့ထဲက ပျော်ခဲ့ရတာပါလေ။ ဒါပေမဲ့ အဲ့အပျော်တွေဟာ နောက်ရက်ပိုင်းအတွင်းမှာတွင်ပင် ပျောက်ကွယ်သွားခဲ့ရသည်။

အစ်မဟာ ရေခဲတုံးတစ်ခုကဲ့သို့ အေးစက်သည်။ အစ်မရဲ့ လင်္ကာ့အပေါ်မှာ ဆက်ဆံသည့် ပုံစံတွေဟာ တကယ့်ကို အေးစက်စက်နိုင်လွန်းလှသည်။ ဂရုစိုက်မှုတွေ တစ်ခါတစ်လေရှိပေမဲ့ တစ်ခါတစ်လေမှာလုံးဝကို ပစ်ပယ်ထားတာမျိုးလည်း ရှိသည်။ လင်္ကာ့ထက် အလုပ်ကို ပိုဦစားပေးတာမျိုး...သူငယ်ချင်းတွေကို ပိုဦးစားပေးတာမျိုး...လင်္ကာ့တို့ရဲ့ ဆက်ဆံရေးကို အသိပေးဖို့ မပြောနဲ့..လင်္ကာအစ်မဘေးမှာ ရှိနေတယ်ဆိုတဲ့ ဖြစ်တည်မှုကိုတောင် အစ်မက လူအသိမခံချင်ခဲ့ပေ။ အဲ့တော့ လင်္ကာဟာ တစ်ဖြေးဖြေး သိလာရတာက အစ်မအစထဲက ပြောခဲ့သလို အစ်မဆီမှာ ချစ်တတ်တဲ့ နှလုံးသားမရှိခဲ့ဘူး...။

လင်္ကာက ချစ်မိရတဲ့သူဆိုတော့ လင်္ကာကပဲ အရာရာအလျော့ပေး လင်္ကာကပဲ အရာရာသီးခံခဲ့ရတာမျိုးပေါ့...။ လင်္ကာက အစ်မနဲ့ ဒီဆက်ဆံရေးလေးကို မပြတ်သွားစေချင်တဲ့ စိတ်ကလေးကြောင့် လင်္ကာဘက်ကပဲ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် ဆုပ်ကိုင်ထားရတဲ့ပုံစံ ဖြစ်နေခဲ့တာပါ။ ပင်ပန်းလားဆိုတော့ လင်္ကာ့ရင်ထဲမှာ အရမ်းကို နာကျင်ခံစားနေရပြီး အစ်မကိုတော့ လက်မလွှတ်နိုင်သည့် အတ္တတွေကတော့ အပြည့်ပဲဖြစ်သည်။

အနောက်တောင်အရပ်က လွမ်းတဲ့အလွမ်းHikayelerin yaşadığı yer. Şimdi keşfedin