*ဆေးမမှီတော့ဘူးဆိုတာ ဒါမျိူးပေါ့...။ သူလုပ်သမျှကို သဘောတွေချည်း စွတ်ကျနေတော့တာ...။ မလွယ်ဘူး...။မလွယ်ဘူး။*

သူ့ရင်ဘတ်ကို သူဖိရင်း ရေရွတ်မိသောစကားကို
ငွေရှိုင်းသာကြားသွားလျှင် ဘာပြောမှာလဲ။ သေချာတာကတော့ ငွေရှိုင်းသည် သူ့ကိုကြည့်ကာ မနိုင်ဘူးဆိုသည့်သဘောနှင့် ခေါင်းခါပြီး  ရယ်နေလိမ့်မည်။

အိမ်ထဲရောက်တော့ ကြီးစန်းက ငွေရှိုင်းနှင့် ဒိုင်ခံစကားပြောနေသည်။ အလင်းဝေက သူ့အိမ်ကို သူငယ်ချင်းတစ်ယောက်မှ ခေါ်မလာဖူးသည့်အကြောင်း၊ အရင်ကဆို နေမြင့်မှ အိပ်ယာထတဲ့သူက ငွေရှိုင်းလာမယ်ဆိုလို့ အစောကြီးကတည်းက နိုးနေကြောင်း...၊ ပြီးတော့ အရမ်းပျော်နေတာဆိုတဲ့ အကြောင်း...စသဖြင့်...။

ကြီးကြီးစန်းရဲ့စကားကို ငွေရှိုင်းက အပြုံးနဲ့တုံ့ပြန်လေလေ ၊အလင်းဝေကလည်း ထိုအပြုံးတွေကို ငေးမောရလေလေ ဖြစ်နေသည်...။ ငွေရှိုင်းသည် ကိုးတန်း၊ဆယ်တန်းတုန်းကလို ပြုံးခဲ၊ရယ်ခဲသူတစ်ယောက် မဟုတ်တော့ဘဲ ပေါင်းသင်းဆက်ဆံရေး ကောင်းသူတစ်ယောက်ပမာ အခြားသူများနှင့် စကားပြောရင်း အလိုက်သင့် ရယ်မောတတ်လာသည်ကို တွေ့ရသည်။ ဤသည်မှာ ကောင်းသောပြောင်းလဲခြင်းမျိုးဖြစ်နေသဖြင့် အလင်းဝေကတော့ သဘောကျလေသည်။

"ကြီးစန်းရဲ့ခေါက်ဆွဲကြော်နဲ့ ဝက်သားလုံးကြော်ကို ငါအရမ်းကြိုက်တာ...မင်းလည်းများများစားနော်...ငါရဲ့ စေတနာ ၊မေတ္တာတွေပါ ထည့်ထားတော့ ပိုစားလို့ကောင်းမယ်ထင်တယ်..."

ကြီးကြီးစန်းအလစ်တွင် ပြောလိုက်ရသောစကားဖြစ်သဖြင့် အလင်းဝေတစ်ယောက် ရင်တုန်နေသည်။ တော်ကြာ ငွေရှိုင်းကို အီစီကလီစကားတွေ ပြောနေတာကိုသာ ကြားသွားရင် သူ့အတွက် ခက်ချေမည်မဟုတ်လား...။

"အစိမ်းကြော်ကတော့ ဂေါ်ဖီတွေများတယ်...မင်းမစားချင်ရင် ငါ့ထဲထည့်လိုက်နော်..ငါကဂေါ်ဖီကြိုက်တယ်..ပြီးတော့ ဂေါ်ဖီမကြိုက်တဲ့ ကောင်လေးကိုရော..."

ငွေရှိုင်းတစ်ယောက် သီးချင်သလိုဖြစ်သွားသည်။ ကြီးကြီးစန်းက သူတို့နဲ့ မလှမ်းမကမ်းမှာ ရှိနေတာကို အလင်းဝေကတော့ ကြောက်ရကောင်းမှန်းမသိ။ သူပြောတဲ့အသံက ခပ်တိုးတိုး ဆိုပေမယ့်လည်း အခြားသူများရှိနေတဲ့အချိန်မှာတော့ အနေအထိုင်၊အပြောအဆို ဆင်ခြင်တာက ပိုကောင်းလိမ့်မည်ဟု ငွေရှိုင်းထင်သည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now