Part 33(Unicode)

707 82 17
                                    

"မနက်ဖြန် ငါ့မွေးနေ့လေ..မနက်စောစော.ဘုရားသွားပြီး လျှောက်လည်ကြမယ်နော်..."

အဖွဲ့ထဲမှ သူငယ်ချင်းတစ်ယောက်၏ ဖိတ်ခေါ်မှုကြောင့် ပိတ်ရက်တွင် နားချင်သည့်စိတ်ကို ဘေးဖယ်ကာ ကျွန်တော်အပြင်ထွက်ဖြစ်ခဲ့သည်။ သူငယ်ချင်းတွေနှင့် လိုက်မသွားခဲ့ရရင် ငါတော့ နောင်တရလိမ့်မယ် ဆိုသည့် အတွေးဖြင့် လိုက်လာခဲ့ရခြင်းပင်။

ငွေရှိုင်းနဲ့ ကန်တော်ကြီးထဲမှာ တွေ့ရမယ်လို့ ကျွန်တော်လည်းမသိခဲ့ပါဘူး။ ဒါပေမယ့် ခံစားမိနေတယ်လို့ပဲ ပြောရမလား။ မနက်ကတည်းက ထူးဆန်းနေတဲ့ စိတ်ခံစားချက်ကြီးကို အဖြေမဖော်နိုင်ခဲ့ပေမယ့် ငွေရှိုင်းကို တွေ့လိုက်ရတဲ့အချိန်မှာတော့ အရာအားလုံး ရှင်းလင်းသွားပြီလေ။

"ညီတို့၊ ညီမတို့...." ဟူသော အသံကိုကြားလိုက်ကတည်းက ရင်းနှီးနေသောအသံမှန်း သတိထားမိခဲ့သည်။ ဒါပေမယ့် ကျွန်တော် ချက်ချင်းလှည့်ကြည့်လိုက်လို့ သူမဟုတ်ခဲ့ဘူးဆိုရင် စိတ်ပျက်သွားရမည် စိုး၍ ခဏစောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ သူလှည့်ထွက်သွားတော့မည့်အချိန်တွင် ကျွန်တော်စိတ်က မနေနိုင်တော့ပေ။ လက်ဖဝါးအပြည့်ကိုင်ထားသော ခဲလုံးများကို အမြန်ပစ်ချပြီး အနောက်လှည့်ကြည့်လိုက်သည်။

နောက်ကျောဘက်ကိုမြင်ရုံနဲ့ သူဟာ ငွေရှိုင်းပဲဆိုတာကို ကျွန်တော်သိလိုက်လေသည်။

*နောက်ဆုံးတော့လည်း ရေစက်ပြန်ဆုံကြပြီပေါ့။ သုံးနှစ်ကြာပြီးမှလေ...။ ဒီရေစက်တွေ ဆုံဖို့အတွက် တစ်သက်လုံး မစောင့်လိုက်ရလို ့တော်ပါသေးရဲ့...။*

*သူ့ခြေလှမ်းတွေ ရပ်သွားတယ်ဆိုတော့
ငါ့အသံကို မှတ်မိနေတာလား....။ *

ကိုယ့်အတွေးနဲ့ကိုယ် ပီတိဖြစ်ရသည်။ အပြင်ပန်းတွင် တည်ငြိမ်နေနိုင်သော်လည်း ကျွန်တော့ရင်ထဲတွင် ဗြောင်းဆန်နေမည်ကို ကျွန်တော်သာလျှင် သိနိုင်သည်။

သူဘာတွေများပြောင်းလဲသွားမလဲ...။ ငါ့ကိုရော စိတ်ဆိုးနေသေးလား..။ ပြီးတော့ သူစိမ်းဆန်သွားမလား ဆိုသည့် အတွေးမျိုးစုံက သူလှည့်မကြည့်ခင် အချိန်လေးအတွင်းမှာ တစ်ခုပြီးတစ်ခု ရောက်ရှိလာသည်။ ရင်ခုန်စိတ်လှုပ်ရှားနေတဲ့ ကျွန်တော့ထံကိုပေါ့....။
.
.
.
ငွေရှိုင်းသည် အသံလာရာဘက်သို့လှည့်ကြည့်လိုက်သည်။ သူတွေ့လိုက်ရသော ကောင်လေးမှာ တကယ်ကိုပင် အလင်းဝေဖြစ်နေလေသည်။ သူတို့နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ပြောင်းလဲသွားသော ပုံပန်းသွင်ပြင်အား တစ်ခုချင်းစီ စစ်ဆေးနေကြသည်။ အလင်းဝေကတော့ ဘာမှမပြောင်းလဲပေ။ ငွေရှိုင်းသည်သာ သူ့မျက်နှာပေါ်တွင် မျက်မှန်တစ်ခု အပိုရှိနေလေသည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now