အလင်းဝေသည် မျက်မှန်အနက်အောက်မှ ငွေရှိုင်း၏ မျက်လုံးများကို သေချာကြည့်ရှုနေလေသည်။ သူသိချင်တာက ငွေရှိုင်းမျက်လုံးတွေမှာ သူနဲ့ပတ်သတ်ပြီး ဘယ်လိုခံစားချက်တွေကို တွေ့ရမလဲ ဆိုပြီးတော့ပေါ့...။

"နင်တို့က သိနေကြတာလား...."

မိန်းကလေးသူငယ်ချင်းတစ်ယောက်က မေးလိုက်ခြင်းဖြစ်သည်။ အလင်းဝေသည်ခေါင်းညိတ်ပြရင်း "အထက်တန်းကျောင်းတုန်းက သူငယ်ချင်း..."ဟူ၍ပြန်ဖြေလိုက်သည်။ ပြီးတော့ သူ့စိတ်ထဲမှလည်း ငါလွမ်းနေတဲ့ ငါ့ငယ်ချစ်ဦးပေါ့..ဆိုပြီးတော့လည်း ရေရွတ်နေမိသည်။

"ငါ့ကို ကားရပ်ထားတဲ့နေရာမှာပဲ စောင့်နေကြလေ...
မတွေ့ရတာကြာပြီဆိုတော့ စကားနည်းနည်းပြောချင်သေးလို့..."

အလင်းဝေသည် သူ့ရဲ့သူငယ်ချင်းတွေ ထွက်သွားတော့မှ
ငွေရှိုင်းကို စကားပြန်ပြောလိုက်လေသည်။

"ငါမင်းကို လွမ်းနေခဲ့တာ..." ဟူ၍...။

ငွေရှိုင်းတစ်ယောက် ပြန်ပြောမည့်စကားကို
သူစောင့်မျှော်နေရင်း ရင်တွေခုန်လာရသည်။ တွေ့တွေ့ချင်းတုန်းက ပြေးဖက်လိုက်ချင်သည့် စိတ်ကိုလည်း မနည်းထိန်းထားရလေသည်။ မရိုးသားသောစိတ်ကို ဖွင့်ဟထားပြီးဖြစ်၍ အရင်လို ထင်တိုင်းကြဲလို့ မရတော့သည်မှာလည်း အခက်သားပင်...။

"ငါလည်း သတိရနေပါတယ်...."

ခပ်တိုးတိုးထွက်လာသော စကားသံဖြစ်သည်။ အသက်ရှူသံတွေ မြန်နေတာကရော ဘာကြောင့်လဲ...။

"တော်သေးတာပေါ့...မင်းရဲ့မှတ်ဥာဏ်ထဲမှာ
ငါဆိုတာရှိနေသေးလို့်...."

ငွေရှိုင်းက အလင်းဝေကိုကြည့်ပြီး ခပ်ဟဟပြုံးလေသည်။ သုံးနှစ်အတွင်းမှာ အလင်းဝေတစ်ယောက် ပြောင်းလဲသွားပြီလား။ သူဖွင့်ဟခဲ့တဲ့ ခံစားချက်တွေ သူ့မှာရှိနေသေးလားဟု စိတ်ထဲမှ တွေးနေမိသည်။

"အလင်းဝေ...."

ငွေရှိုင်းခေါ်လိုက်တော့ အလင်းဝေက မြေကြီးကို ငုံ့ကြည့်နေရာမှ အပေါ်ပြန်မော့လာသည်။ သူတို့နှစ်ယောက်စလုံး အနေခက်နေကြသည် ကိုတော့ ဝန်ခံရမည်ဖြစ်သည်။ မတွေ့ရတာကြာပြီဖြစ်သော ကျောင်းနေဖက်တွေအနေဖြင့် ပြောစရာ စကား ရှားပါးနေခြင်းမှာ မဖြစ်သင့်ဟု ယူဆရသည်။ သို့မဟုတ် ပြောစရာတွေ များပြားနေသဖြင့် ဘယ်ကစပြောရမှန်း မသိတော့တာလည်း ဖြစ်နိုင်သည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now