"အဝတ်အစားတွေ လဲပြီး နားလိုက်ဦးလေ..." ဟု ပြောလာသည်။

"ရပါတယ်...ကိုကိုနဲ့ နေပေးဦးမယ်..."

"မင်းငါ့ကို သိပ်ပြီး ဂရုမစိုက်ပေးနဲ့ ရှိုင်းငယ်..."

"ဘာဖြစ်လို့လဲ...ကိုကိုမကြိုက်ဘူးလား..."

ရုတ်တရက်မတ်တပ်ရပ်လိုက်သောကြောင့် မော့ကြည့်ရင်း မေးလိုက်ရခြင်းဖြစ်သည်။ နေရောင်က သစ်ရွက်တွေ ကြားမှ ထွင်းဖောက်ကာ မျက်လုံးသို့လာစူးသဖြင့် ငုံ့မိုးကြည့်နေသူကိုတော့ သေချာမမြင်ရပါ။ သူပြောသွားသည့် စကားကိုသာ ကြားခဲ့ရသည်။

ကိုကိုသည် ငွေရှိုင်းရဲ့ဆံပင်တွေကို ဆွဲဖွသွားရင်းက...

"ကြိုက်တာ၊မကြိုက်တာထက် နောက်ပိုင်းကျရင် ငါ့ဘာသာတစ်ယောက်တည်း မနေတတ်တော့မှာကိုဘဲ စိုးတာ..." ဟူ၍.....ပြောခဲ့ခြင်းဖြစ်သည်။

ဒီစကားကိုကြားတော့ ဘာကြောင့်များ ငွေရှိုင်းက သက်ပြင်းချသွားမိတာလဲ...။
.
.
.
.
.
အောင်စာရင်းက ခြောက်လပိုင်းဆယ့်တစ်ရက်နေ့ ထွက်မည်ဟု သိရသည်။ ထိုရက်သို့ နီးကပ်လာလေလေ ငွေရှိုင်းတို့၏ ကျောင်းတွင်လည်း ဆရာမများနှင့် ကျောင်းသားများ လှုပ်လှုပ်ရွရွ ဖြစ်လာလေလေဖြစ်သည်။ Green Leafမှာ အောင်ချက်ကောင်းသော ကျောင်းဖြစ်သည်ဟု အလင်းဝေပြောပြသဖြင့်သိရသည်။

ကျရှုံးသူ လုံးဝမရှိသောကျောင်းဖြစ်၍ ထိုအစဉ်အလာကို ဒီနှစ်တွင်လည်း ဆက်ထိန်းနိုင်လိမ့်မည်ဟု ဆရာမများက ယုံကြည်နေသည်။ ဒါဆိုရင် ငွေရှိုင်း၏စိတ်ထဲသို့ စိုးရိမ်စိတ်များ ဘာကြောင့် ဝင်ရောက်လာရသနည်း။

ကိုကို့ရဲ့တိတ်ဆိတ်မှုကြောင့် ဤကဲ့သို့ုဖြစ်ရသည်ဟုသာ ယူဆရမည်။ အောင်စာရင်းအကြောင်းပြောလိုက်တိုင်း စကားလမ်းကြောင်း လွှဲရင်လွှဲ၊ သို့မဟုတ် နေရာမှ ထထွက်ကာ တစ်ယောက်တည်း မှိုင်တွေနေမြဲဖြစ်သော ကိုကို့ကြောင့် ငွေရှိုင်းမှာလည်း စိုးရိမ်စိတ်ပိုရသည်။

ဖေဖေကလည်း ကိုကို့အပေါ်မှာ မျှော်လင့်ချက်ကြီးမားစွာ ထားနေသောကြောင့် အကယ်၍ ဖေဖေထင်ထားသလိုသာ ဖြစ်မလာခဲ့ရင် ခက်ခက်ခဲခဲ ချည်နှောင်ထားရသော ကြိုးထုံးများ ပြတ်တောက်သွားမည်ကို ပို၍စိုးရိမ်မိသည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now