အာကာဟိန်းထက် သဘောပေါက်လိုက်သည်။ ဝေယံက သူ ပြောသည့် စကားကို အတော်လေး နားထောင်ပုံ ရ၏။

"ဟိန်းထက် . . ရောက်လာတာ စောသားပဲ"

ကားပေါ်မှ ဆင်းဆင်းချင်း ဝေယံ နှုတ်ဆက်၏။

"အိမ်ထဲ ကော်ဖီ လိုက်သောက်ဦးမလား"

"နေပါစေ"

သူ လျင်မြန်စွာ ငြင်းလိုက်သည်။
    
"ကိုယ် မနက်စာ စားခဲ့ပြီးပြီ၊ မဟုတ်ရင် . . အချိန်တွေ ကြာပြီး တောင် တက်တဲ့အခါ ကားတန်းကြီးကို စောင့်နေရလိမ့်မယ်၊ ပိတ်ရက် ဆိုတော့ . . အနယ်နယ် အရပ်ရပ်က ခရီးသွားတွေ လာကြမှာလေ၊ ကိုယ်တို့ စောစော သွားတာ ကောင်းလိမ့်မယ်၊ မဟုတ်ရင် ကားလမ်းတွေ ပိတ်ကုန်မယ်"

"ဒါဖြင့် ခရီးဆောင်အိတ်တွေ ငါ သွားယူလိုက်ဦးမယ်"

"ဖြည်းဖြည်းပေါ့၊ နောက် တစ်ဆယ့်ငါး မိနစ် နေမှ သွားမယ်လေ"

"ဟုတ်ပြီ . . ၊ ဟုတ်ပြီ"

ဝေယံ အိမ်ထဲ ဝင်ခါနီးမှ အာကာဟိန်းထက် ရုတ်တရက် မေးခွန်း တစ်ခု ကောက်မေးလိုက်မိသည်။

"ခဏလေး . . ခဏလေး၊ မေ Scarlett ရော လိုက်မှာလား"

အာကာဟိန်းထက် စိတ်ကွက်သွားသည် ဟု ဝေယံ ထင်သွားသလား မသိ။ စိတ် မသက်မသာ ပြုံးကာ ဆံပင်ကို ဖွရင်း " လိုက်မှာ " ဟု တိုတိုပြတ်ပြတ် ဖြေ၏။

"ကောင်းပြီ"

"စိတ်မဆိုးဘူးမလား"

အာကာဟိန်းထက် ပြုံးလိုက်သည်။
ဝဲဘက် ပါးပြင်မှာ ပါးချိုင့် တစ်ခု ခပ်မှိန်မှိန် ပေါ်လာ၏။

"ကိုယ် ပြောဖို့ မေ့နေတာ၊ ညပိုင်းဆို ဟိုမှာ နည်းနည်း အေးတယ်၊ အနွေးထည် ထူထူ ထည့်ခဲ့ပါ့လား၊ မဟုတ်ရင် မင်း အအေးမိသွားလိမ့်မယ်"

"သြော် . . ငါ မေ့နေတာ၊ ကျေးဇူးပဲ ဟိန်းထက်"

ဝေယံ အိမ်ထဲ ဝင်ပြီး ခရီးဆောင်အိတ် သွားယူချိန် အာကာဟိန်းထက် မေ Scarlett ထိုင်နေသည့် ဒန်းဆီသို့ လျှောက်သွားလိုက်သည်။
    
အာကာဟိန်းထက်ကို မြင်တော့ မေ Scarlett ပထမဆုံး မေးသည့် မေးခွန်းမှာ " ရှင် ကျွန်မကို တကယ် လိုက်စေချင်ရဲ့လား " ဟူ၍ ဖြစ်သည်။

SUN { Season 1 }Where stories live. Discover now