သို့ရာတွင် နေသူရိန်မင်းခန့်ဘက်က ဖြစ်ကြောင်းကုန်စင် ပြောပြတတ်သည့်တိုင် ဝေယံ့ဘက်ကတော့ သူနှင့် ပတ်သက်ပြီး နေသူရိန်မင်းခန့် စိတ်မဆင်းရဲရအောင်၊ အာရုံ မများရအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းထားခဲ့သည်။ စိတ်အားငယ်တတ်၊ ပူပန်တတ်ပြီး မကြာခဏ မျက်ရည် လွယ်သည်တို့ကို နေသူရိန်မင်းခန့် မသိရအောင် ဖုံးဖိခဲ့သည်။ နေသူရိန်မင်းခန့် စိတ်ထဲ သူ ပျော်နေသည်၊ အဆင်ပြေသည် ဟုသာ ထင်စေခဲ့သည်။ အဲ့ဒီလောက်အထိ နေမင်းကြီးအပေါ် အနှောင့်အယှက် မဖြစ်ရအောင် ဝေယံ နေထိုင်ခဲ့သည်။

မဟုတ်ပါက အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲနှင့်တင် ပြန်လာမည် အမြဲ ပြောတတ်သော နေသူရိန်မင်းခန့်ဟာ ဝေယံ၏ အကြောင်းများကို သိပါက မြန်မာ နိုင်ငံသို့ ချက်ချင်း ရောက်ချလာမှာ အသေအချာ။ ထို့နောက် ဂျပန် နိုင်ငံကို ပြန်ပြီး သွားခိုင်းလို့ ရမှာ မဟုတ်တော့။ ဒီလို အဖြစ်မျိုး နေသူရိန်မင်းခန့် ကျောင်း တက်နေချိန် တစ်လျှောက် ဝေယံ လုံးဝ မဖြစ်စေချင်။ မဖြစ်စေရပါ။

ဝေယံ သက်ပြင်းချရင်း လက်ထဲမှာ ကိုင်ထားသည့် စာအုပ်များကို ရွှေ့ပြောင်း ပွေ့ပိုက်ကာ ဘောင်းဘီ ဘေးအိတ်မှ ဖုန်းကို ထုတ်လိုက်သည်။ လင်းနေသည့် ဖုန်း မျက်နှာပြင်ကို စိုက်ကြည့်မိသည့်အခါ ဓာတ်ပုံ တစ်ပုံ။

Lamborghini ပြိုင်ကား အနီနှင့် နေသူရိန်မင်းခန့်။

အနီ။

နေမင်းကြီးနှင့် လိုက်ဖက်သည်။

နောက်ပြီး ပါးချိုင့်တွေ ပေါ်အောင်အထိ ရွှန်းလဲ့စွာ ပြုံးရယ်နေသည်။

ဓာတ်ပုံကို ငေးကြည့်နေချိန် ပခုံးက ဖျတ်ခနဲ အပုတ်ခံလိုက်ရသည်။

"ဟိတ် . . ဒီတစ်ခါလည်း စာမေးပွဲခန်းထဲက အစောကြီး ထွက်တယ်နော်၊ ကိုယ်တော့ မင်း ကျေးဇူးနဲ့ H3 မှာပါ ထပ်ပြီး Roll 1 ရဦးမယ် ထင်တယ်"

အာကာဟိန်းထက် အပြောကြောင့် ဝေယံ ပြုံးလိုက်သည်။
    
ကုန်လွန်ခဲ့သော အချိန်၏ တိုက်စားမှုကြောင့် ယခုဆို သူတို့ နှစ်ဦးစလုံး အင်္ဂလိပ်စာ ဂုဏ်ထူးတန်း တတိယနှစ်ကို ရောက်ရှိနေပြီ ဖြစ်သည်။ ယခင် ပထမနှစ်နှင့် ဒုတိယနှစ်က ဝေယံ၏ ပေါ့ဆမှုကြောင့် အဆင့် တစ် ကို အာကာဟိန်းထက် ရခဲ့သည်။ ထိုအချိန်တုန်းက သူ့မှာ လွမ်းနာကျခဲ့ရသည်ကိုး။

SUN { Season 1 }Where stories live. Discover now