မပျော်ရွှင်နိုင်သော သူတစ်ယောက်ထံတွင် တစ်ပါးသူပျော်အောင် လုပ်ပေးချင်သည့် စိတ်ဆန္ဒရှိနေခြင်းကလည်း ရူးမိုက်ခြင်းတစ်မျိုးပင်။

ပင်လယ်ရေလှိုင်းရုပ်ပုံပါသည့် အပြာရင့်ရောင်အိပ်ယာခင်းပေါ်တွင် လှဲအိပ်နေရခြင်းက စိတ်ကိုအေးချမ်းစေသလား....။ မလှမ်းမကမ်းတွင် လူတစ်ယောက်ရှိနေသည်ဆိုသောအသိကပင် အေးချမ်းစေသလားမသိ....။

မိမိအခန်းထဲတွင်ဆိုလျှင် ညဉ့်နက်သည်အထိ အိပ်မပျော်နိုင်ရှိသော်လည်း ငွေရှိုင်း၏ကုတင်ပေါ်တွင်တော့ လှဲလျောင်းလိုက်သည်နှင့်  မှိုင်းခေါင်တစ်ယောက် အိပ်ပျော်သွားရလေသည်။

မှိုင်းခေါင်အိပ်ပျော်သွားသည်ကို မသိခဲ့သောငွေရှိုင်းမှာတော့ မိမိနောက်ကျောကို စိုက်ကြည့်နေသည်ဆိုသော အထင်ကြောင့် စာလုပ်ရခြင်းတွင် အဆင်မပြေရှိနေစဉ် မျက်စိရှေ့တွင် ရှိနေသော နွားနို့ဖန်ခွက်လေးမှာ လှုပ်ရှားမှုပြုနိုင်ခြင်း၏ တစ်ခုတည်းသော အကြောင်းပြချက် ဖြစ်သွားလေသည်။

နွားနို့ကိုကုန်အောင်သောက်ပြီး အခန်းပြင်သို့ ဖန်ခွက်ယူထုတ်သွားကာ ခြေလက်ဆန့်မည်ဆိုသော အတွေးနှင့် တစ်ခါတည်း မော့ချလိုက်သည်။ ထို့နောက် မိမိ၏အတွေးအတိုင်း ပြုမူရန် စားပွဲပေါ်မှ ထလိုက်သောအခါကျမှ မှိုင်းခေါင်အိပ်ပျော်သွားမှန်း သိရလေတော့သည်။

ငွေရှိုင်းသည် သက်ပြင်းတစ်ချက် ထွက်ကျသွားပြီးသည်နှင့် ခုံတွင်ပြန်ထိုင်ကာ မှိုင်းခေါင်ကိုကြည့်နေခဲ့သည်။

ထို့နောက် ဖန်ခွက်ကို စားပွဲပေါ်တွင် အသံမမြည်အောင် ပြန်ချထားလိုက်သည်။ အိပ်ပျော်နေသူတစ်ယောက်အနားသို့ သွားရန် အကြောင်းပြချက်က စောင်ခြုံပေးရန်ဖြစ်သည်။ ကိုကိုသည် ဆွယ်တာလက်ရှည် ဝတ်ထားသော်လည်း ကိုယ်ကို ကျုံု့ထားသောကြောင့် အေးနေပုံပင်။

ပြေလျော့နေသောမျက်ခုံးများသည် ပုံဆွဲထားသကဲ့သို့ သပ်ရပ်လှပသည်။ ငွေရှိုင်းကို စူးစိုက်ကြည့်ခဲ့သော မျက်လုံးများသည် ယခုတွင်မူ ခဏရုတ်သိမ်းထားပြီဖြစ်၍ ထိုအရာနှစ်ခု၏ပြောင်းလဲခြင်းသည် မျက်နှာတစ်ခုလုံးကိုပါ ပြောင်းလဲသွားစေသည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now