တကယ်တော့ ယောကျာ်းသားများဟာ လူသားတွေပဲ ဖြစ်သည်။ ထို့ကြောင့် ဝမ်းနည်းတတ်သည်။ စိတ်ဓာတ်ကျတတ်သည်။ ချစ်ခင်ရသူတို့၏ ဂရုစိုက်မှုကို လိုချင်တတ်ကြသည်။ သို့သော် အခြေအမြစ် မရှိသော ထိုစကားကြောင့် စိတ် ခံစားချက် မရှိသလို ဟန်ဆောင်ထားရသည်။

"ငါ မင်းကို တစ်ခု ပြောမယ်၊ ဝမ်းနည်းစရာတွေ ကြုံလာတိုင်း ဘယ်တော့မှ မျက်ရည် မကျနဲ့၊ လောကကြီးက ဘယ်သူ့ကိုမှ သနားမှာ မဟုတ်လို့ ငိုနေရုံနဲ့ ဘာမှ ပြောင်းလဲ မသွားဘူး၊ ဆိုးသည် ဖြစ်စေ . . ကောင်းသည် ဖြစ်စေ၊ ဖြစ်ခဲ့သမျှ အရာအားလုံးကို ပြန်လည် သုံးသပ်ပြီး ဘဝအတွက် အတွေ့အကြုံ ယူတာက အကောင်းဆုံးပဲ"

"မှတ်သားထားပါ့မယ်"

"ဟိုမှာ မြင်နေရတဲ့ သစ်ပင်ကြီးကို တွေ့လား"

ဦးဝေယံဟိန်းက ဖတ်လက်စ စာအုပ်ကို ပိတ်ပြီး စာကြည့်တိုက် ခြံဝိုင်း အစွန်းတွင် ရှိနေသည့် နေရာသို့ လက် ညွှန်ပြသည်။ ထိုနေရာကို ဝေယံ လိုက်ကြည့်မိသည်။

လူ တစ်ကိုယ်စာမက ကြီးမားသော လုံးပတ် ရှိသည့် မီးခိုးရောင် ပင်စည်က မြေပြင်မှာ လဲနေသည်။ သို့ပေမယ့် အရွက် ဖားဖားများ ရှိနေဆဲ။ ရိုးတံ ကျဲကျဲ၌လည်း အဖြူရောင် ပန်းပွင့်လေးများ ဟိုတစ်ပွင့် ဒီတစ်ပွင့်။ တကယ်တမ်း အဝါနုရောင် ထင်ဟပ်သည့် ပန်းပွင့်များသာ ဖြစ်သည်။ ထိုတင်မက သစ်ပင်ကြီး၏ ရေသောက်မြစ်က မြေဆီလွှာအား မြဲမြံစွာ ကုပ်တွယ်ထားသည်။

အသက်ရှင်နေတုန်းပဲလား။

"အဲ့ဒီအပင်က စာကြည့်တိုက်ရဲ့ အဖိုးတန်ဆုံး သစ်ပင်ကြီးပဲ၊ အဖိုးတန်နေရတဲ့ အကြောင်းပြချက်ကိုရော မင်း သိလား ဝေယံ"

"သိပါတယ်၊ အဲ့ဒီသစ်ပင်ကြီးက အိုမင်းမစွမ်း ဖြစ်လို့ မြေပြင်မှာ လဲနေတာတောင်မှ ဆက်ပြီး ရှင်သန်နေသေးလို့ပါ"

"တော်တယ်"

ဦးဝေယံဟိန်း သားဖြစ်သူကို ချီးကျူးလိုက်သည်။

ဖခင်က ခရမ်းနုရောင် တီရှပ်ပွပွကို ဝတ်ထားလို့ပဲလား မသိ။ သာမန်ထက် လူငယ် ဆန်နေသည်။ သို့မဟုတ် အဖြူရောင် ဂျင်းဘောင်းဘီကြောင့် ဖြစ်နိုင်သည်။ ဖြီးတင် မထားသော ဆံပင်ကြောင့်လည်း ဖြစ်နိုင်သည်။ သေချာတာက တွေ့နေ့ကျ အင်္ကျီ ဒီဇိုင်းနှင့်လို တည်ကြည် မနေဘဲ အနည်းငယ် လှုပ်ရှား သွက်လက်နေသည်။ ထို့အပြင် လူငယ်ဆန်ကာ ဝေယံ့အပေါ် သာမန်ထက် အရေးတယူ ဂရုစိုက်နေ၏။

SUN { Season 1 }Where stories live. Discover now