Did he change a bit?

Start from the beginning
                                    

အပြင်လူတွေကတော့ ဘယ်သိကြပါ့မလဲလေ။ အပြင်ပန်းမှာတော့ Jongin က Soo ကို လိုလေသေးမရှိအောင် အားလုံးဖြည့်ဆည်းထားပေးခဲ့တာကိုး။ ဒါပေမယ့်လည်း သူက Soo ကို ဖူးဖူးမှုတ်ပြီး ချစ်လွန်းလို့အလိုလိုက်ထားတာမျိုးတော့မဟုတ်။ သူ့ကို Soo တို့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး စကားစလိုက်မိရင် သူ့ဆီက အမြဲကြားရမှာက "ကျေးဇူးတရား" နဲ့ "တာဝန်" ဆိုတဲ့ Soo အမုန်းဆုံးစကားတွေကိုပဲ အက်ကြောင်းထပ်အောင် ကြားရဦးမှာ။ ပိုဆိုးတာက Soo အကြောက်ဆုံး သူ့ရဲ့မာထန်ထန်မျက်နှာပေး၊ မသတီသလိုမျက်ဝန်းမျိုးတွေနဲ့ Soo ကို စိုက်ကြည့်ရင်း ဓာတ်ပြားဟောင်းကြီးဖွင့်သလို သူပြောမယ့်ဆိုမယ့် အမုန်းစကားတွေကို Soo ကပဲ ရင်ကွဲနာအကျခံပြီး နားထောင်ရဦးမှာလေ။ ခုနောက်ပိုင်းတော့ အချစ်ကြီးချစ်ရသူပီပီ Soo ကပဲ သူနဲ့ ပတ်သက်ပြီး အတတ်နိုင်ဆုံး စိတ်ကိုလျှော့ထားလိုက်တော့တယ်။ အဲ့ဒါကြောင့်ပဲလားတော့မသိ ... နေ့တဓူဝ နောင်ဂျိန်ချနေရတဲ့ အဖြစ်ကနေတော့ မဆိုစလောက်လေး သက်သာရာသွားတာတော့အမှန်ပင်။

{Ting Tong}

ရုတ်တရက်ထွက်လာတဲ့ လူခေါ်ခေါင်းလောင်းသံကြားရုံနဲ့ ထိုင်ရာကနေ Soo အသည်းအသန်ထရပ်ရင်း တံခါးနား အမြန်ဆုံးပြေးသွားလိုက်တယ်။ တံခါးတောင်မဖွင့်ရသေး၊ အပြင်ကနေ တဝုန်းဝုန်းထုရိုက်ပြီး အာလေးလျှာလေးနဲ့ အော်ဟစ်သောင်းကျန်းနေတဲ့ Jongin အသံထွက်လာတာမို့ Soo ခေါင်းကို အသာလေးခါပစ်ရင်း တံခါးကို အသံမမြည်အောင် သတိထားပြီးဖွင့်လိုက်တယ်။ ထင်တဲ့အတိုင်း ... Jongin တစ်ယောက် မပွင့်တော့တဲ့မျက်လုံးကို အတင်းဖြဲရဲကြည့်ရင်း သိုင်းကွက်နင်းပြီး ဝင်လာနေပါပြီ။ ပထမက သူ့အအော်ခံရမှာကြောက်တာနဲ့ ထောင့်လေးကပ်ရင်း သူလေးဘက်ကြီးထောက်ပြီး ဧည့်ခန်းထဲ ပတ်သွားနေတာကို အသံမထွက်ဘဲကြည့်နေလိုက်မိတယ်။ ရုတ်တရက် ကြွေအိုးပုပုလေးတွေ အလှတင်ထားတဲ့ ခုံကို Jongin ခေါင်းနဲ့ ဝင်ကြုံးလိုက်တာမြင်တော့ သူ ထိခိုက်သွားမှာစိတ်ပူတာနဲ့ အနားအမြန်ပြေးသွားပြီး သူ့ခေါင်းလေးကို Soo အသာအုပ်ကိုင်ထားလိုက်တယ်။

Love Strategy {Kaisoo vers}Where stories live. Discover now