ဆေးရုံကြီးသည် တစ်ထပ်ဆောင်ကို နှစ်ဆောင်သာရှိပြီး ထိုနှစ်ဆောင်ကို လျှောက်လမ်းများဖြင့် ဆက်သွယ်ထားသည်။

( ယခုတော့ သံဃာဆောင်နှင့် ဆေးရုံအုပ်ရုံခန်းရှိရာ အဆောက်အဉီးအသစ် ထပ်မံတိုးချဲ့ထားပြီးဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များဆီကို မှန်း၍ရေးရသည်မို့ အမှားအယွင်းများရှိနိုင်ပါသည်။ )

အဆောင်တစ်တွင် ဆရာဝန်များအဖို့ ကိုယ်တာဝန်ကျရာ အခန်းအလိုက်ရှိနေတတ်ပြီး သူနာပြုများအတွက်တော့ သီးသန့်အခန်းကျယ်တစ်ခုရှိ၏။

အဆောင်နှစ်နှင့် အဆောင်တစ်ကြားတွင် ခွဲစိတ်ခန်းတစ်ခန်းနှင့် မွေးခန်းတစ်ခန်းကို အဆောင်ငယ်တစ်ခုအဖြစ်ထားရှိသည်။ အဆောင်နှစ်တွင်တော့ ကုတင် ၁၀လုံးစီထားထားသော အခန်းတစ်ခန်းစီရှိပြီး တစ်ခန်းနှင့်တစ်ခန်းကြားတွင် ဆေးပစ္စည်းများထားရာ အခန်းရှိကာ ထိုအခန်းတွင် သူနာပြုများ ခေတ္တနားလေ့ရှိသည်။ ယခု သူသည်လည်း ထိုအခန်းများထဲမှ အရိုးအကြောဆိုင်ရာ လူနာခန်း၏ ကပ်ရပ်ရှိ နားနေခန်းတွင် ရှိနေလေသည်။

ဖွင့်ထားသော ပြတင်းပေါက်မှ လေတစ်သုတ်ဝင်လာတာမို့ သူ့ရဲ့ ဆံနုတိုတိုများကရှုပ်ထွေးကာသူ့နဖူးပြင်နှင့်လည်ဂုတ်ပေါ် ကျလာသည်။

ခေါင်းပေါ်က ကလစ်များနှင့်သိမ်းထုတ်ထားသော ကလစ်တို့ကို ဖြုတ်ကာ Cap ကိုချွတ်ရသည်။ အမြဲဆောင်ထားနေကျ အုန်းဆီပုလင်းမှ ဆီကို ပါရုံစွက်ကာ လက်ဖဝါးဖြင့် ထိုဆံစများကိုသိမ်းတင်ရသည်။ ထို့နောက်တွင်မှ ပြန်လည်ထုံးဖွဲ့ကာ ကလစ်ဖြင့် ပြန်ထိုးနေတုန်း မျက်လုံးတောင့်မှ ရိပ်ကနဲမြင်လိုက်တာမို့ လှည့်ကြည့်တော့ အဆောင်ကူး တံခါးပေါက်မှာ ဟန်ပါပါမှီရင်း ရပ်ကြည့်နေသော ဆရာခန့်ငြိမ်း။

သူ့လက်တို့က ခေါင်းပေါ်တွင်ရှိနေဆဲ။ ရုတ်တရက်မို့ကြောင်အနေသည့်သူ့အနားကို ဆရာကလျှောက်လာသည်။ ထိုတော့မှ ဆရာ့လက်ထဲက ထမင်းချိုင့်ကိုတွေ့သည်။

" လက်မညောင်းဘူးလား ဆရာမ "

" သြော် ဟုတ် "

ဆံထုံးကိုပြေမကျအောင် နောက်ဆုံးကလစ်ထိုးပြီး အပေါ်မှ Cap ကိုပြန်ဆောင်းကာ ကလစ်များနဲ့ ထပ်တွယ်လိုက်သည်။

ချစ်သမျှ - ခ်စ္သမ်ွ (Completed)Where stories live. Discover now