ကားကတရွေ့ရွေ့တအိအိသွားကောင်းဆဲ။ မိုးကလည်း တဖွဲဖွဲကနေ အားကောင်းမောင်းသန်ရွာသွန်းဆဲ။
ရခိုင်ရိုးမကိုကျော်လွန်ပြီးတဲ့နောက် ပထမဦးဆုံးရောက်သည့်မြို့လား သူသေချာမသိ။ သူထပ်ပြီးအိပ်ပျော်သွားပြန်တာကိုး။
" ခရီးသည်များအားလုံး မနက်စာစားနားမယ်နော "
ကားဆရာကြီးနှင့်အတူဆင်းချသွားသော လူအုပ်ကုန်ခါနီးမှ သူဆင်းမိသည်။
ထုံးဖွဲ့ထားသောဆံပင်တွေ ပြေကျနေပြီမို့ ခေါင်းဖြီးရန် ခေါင်းဘီးရှာခါမှ ပိုက်ဆံအိတ်ကို ဆရာ့ဆီမှပြန်မယူရသေးကြောင်း သတိရသည်။
သူ့မှတ်ဥာဏ်ကတော့လေ။ သွားတိုက်ဆေးနဲ့သွားတိုက်တံကလည်း အိတ်ထဲမှာ။
သူကားပေါ်ကဆင်းတော့ ကားဘေးမှာရှိနေသောထမင်းဆိုင်ထဲမှ ဆရာ့ကိုလှမ်းမြင်လိုက်ရသည်။ ဘယ်လောက်ပဲ မပတ်သက်ချင်ပါဘူးဆိုဆို ဒီလောက်တွေတိုက်ဆိုင်နေမှတော့ တစ်ခါတစ်ရံ ရူးရူးမိုက်မိုက်တွေးမိပြန်သည်။ ရေစက်များလား။
" ဆရာ ကျွန်မအိတ်လေး "
ဆရာက သူ့ကျောပိုးအိတ်ထဲမှ သူ့ပိုက်ဆံအိတ်ကိုထုတ်ပေးသည်။
" မျက်နှာသစ်ပြီးရင် ဒီမှာပဲ လာထိုင်လိုက် ဆရာမ ကျွန်တော် မနက်စာ မှာထားလိုက်မယ် "
သိပ်မလင်းချင်းသေးသော ပတ်ဝန်ကျင်အရ သူအခုဘယ်မြို့ရောက်နေပြီမှန်းတောင်မသိ။ မျက်နှာမသစ်ခင် ဆံပင်တွေကိုအရင်ဖြီးသင်ရသည်။ လက်ကောက်ဝတ်မှာစွပ်ထားသော ကြိုးနှင့်စည်းနှောင်ပြီးမှ မျက်နှာသစ်သွားတိုက်ရသည်။
သူရောက်သွားတော့ ဆရာက ထမင်းကြော်တောင်စားနှင့်နေပြီ။ သူ့အတွက် ထမင်းကြော်တစ်ပွဲအပြင် လက်ဖက်ရည်တစ်ခွက်ပါမှာထားတာကို တွေ့ရသေးသည်။
" ဒါ ဘယ်နေရာလဲဆရာ "
" ပဒါန်းလေ "
" သြော် "
" နွေရာသီဆို ဒီအချိန် ပြည်လောက်ရောက်နေပြီ မိုးရာသီမို့ ကြာနေတာ.. စား ဆရာမ သူတို့က သိပ်ကြာကြာမရပ်ဘူး "
YOU ARE READING
ချစ်သမျှ - ခ်စ္သမ်ွ (Completed)