တံခါးများ ပိတ်ခဲ့ပြီးသည့်တိုင် မညီမျှ မတည်ငြိမ်လှသော အသက်ရှူသံ ပြင်းပြင်းကို ကြားနေရဆဲ။ ရွှယ့်ချောင်းတစ်ယောက် သူမ လက်ကိုသာ တိတ်တဆိတ် ငုံ့ကြည့်နေမိတော့သည်။
သိုင်းပညာမရှိတော့လျင် ဆုမော့ အတွင်းအားကို ထိန်းညှိနိုင်တော့မည်မဟုတ်။ ထိုသို့ဆိုလျင် သူ့ဒဏ်ရာများကို အမြန်ပျောက်ကင်းစေဖို့ ခဲယဉ်းသွားမည်။ ရွှယ့်ချောင်းကတော့ မစာနာပေ။ သူမ တောင်ပေါ် ဆေးမြစ်သွားတူးတိုင်း ဆုမော့ကို ဝါးခြင်းတောင်း ထမ်း၍ လိုက်ခိုင်းသည်။ ထင်းခုတ်ခိုင်းသည်။ ပန်းကန်ဆေးခိုင်းသည်။ စသည် စသည် ခိုင်းတတ်သည်။ တစ်နေ့ပြီးတစ်နေ့ တစ်နေကုန် အလုပ်လုပ်ရတော့ ဆုမော့ ဒဏ်ရာများက ပိုပိုဆိုးလာသည်။
ရွှယ့်ချောင်းက တမင်တကာ သူ့အား ညှင်းပန်းနေခြင်း။ သူမ စဉ်းစားလို့ ရသမျှနည်းနှင့် သူ့အား ညှင်းပန်းနေသည်။ သို့သော်လည်း ဆုမော့ စိုးစဉ်းမျှ ကလန်ကဆန် မတော်လှန်ခဲ့။
ထင်းခုတ်ပြီးသွားတော့ ဆုမော့ တစ်ကိုယ်လုံး ချွေးတွေ နစ်နေသည်။ သူ ရွှယ့်ချောင်း မျက်နှာချင်းဆိုင်နေရာမှာ ဝင်ထိုင်လိုက်ပြီး ပေတိပေစုတ် မျက်နှာနှင့်ပဲ ထမင်းကို မြိန်ရေယှက်ရေ စားနေလိုက်တော့သည်။ သူ အတော်လေး ဆာလောင်နေခဲ့ပုံရသည်။
ဘာကြောင့်ရယ်တော့ ရွှယ့်ချောင်း မသိ၊ သို့သော်လည်း ဒေါသလိုလို ခံစားချက်တစ်မျိုး သူမ ရင်မှာ လှိုက်တက်လာသည်။ သူမ ဆုမော့ လက်ထဲက တူကို ပုတ်ထုတ်လိုက်ပြီး အေးစက်စက် ကြည့်လိုက်သည်။ ဆုမော့ကတော့ သူမ အပြုအမူကြောင့် ယောင်နနနှင့်။
"ဒီလိုမျိုး ညှင်းပန်းနှိပ်စက်တာနဲ့ ရှင်နဲ့ သိပ်အဆင်ပြေနေတယ်ပေါ့ ဟတ်လား..."
ဆုမော့ တစ်ခဏတော့ မင်သက်နေသော်လည်း ရွှယ့်ချောင်း အတွေးကို သဘောပေါက်သွားပုံရသည်။ သူ တအောင့်လောက်ငြိမ်နေပြီးနောက် အသာရယ်လိုက်မိလေသည်။
ВЫ ЧИТАЕТЕ
ဆောင်းခွာလေသည့် နှင်း