ရှည်လျားသော စင်္ကြံ။ မှောင်ပိတ်သော ည။
အေးခဲကာ မှိန်ပျပျ အလင်း ရှိသော လျှောက်လမ်း။

ရုတ်တရက် လင်းထိန်သည့် လျှပ်စစ် မီးရောင်ထဲ ရောက်သွားသည့်အခါ နေသူရိန်မင်းခန့် မျက်စိ ကျိန်းသွားသည်။ မဟူရာ ဆိုဖာပေါ်တွင် ဒေါ်စန္ဒာခင် စာဖတ်နေသည်။ အားတင်းထားသော ခြေလှမ်းများက တုံ့ခနဲ ရပ်သွား၏။ ဝေယံက နေသူရိန်မင်းခန့် လက်ကို စိုးရိမ်စွာ ဖျစ်ညှစ် ဆုပ်ကိုင်လာသည်။

"ယံ"

အားပေးသည့် နေသူရိန်မင်းခန့် အသံက တိုးတိမ်စွာပဲ ထွက်လာသည်။ အမှန်တရားအတွက် အဆင်သင့် မဖြစ်သေးခင်မှာ အမှန်တရားကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။ နေသူရိန်မင်းခန့် အံတင်းတင်း ကြိတ်ကာ ဝေယံ၏ လက်ကို ဆွဲလျက် ရှေ့ဆက် ခြေလှမ်း လှမ်းလိုက်သည်။

"သားတို့ ရောက်လာပြီလား၊ ထိုင်လေ"

ဒေါ်စန္ဒာခင်၏ အသံက နွေးထွေးကာ သိမ်မွေ့နေသည်။

ထိုစကားကို ဝေယံ မျှော်လင့်ထားပုံ မရ။ သူလည်း မျှော်လင့်မထား။ ဇဝေဇဝါဖြင့် မျက်နှာချင်းဆိုင်က ဆိုဖာမှာ ဝင်ထိုင်လိုက်ကြသည်။

"ရေ သောက်ဦးမလား"

"နေပါစေ၊ မသောက်တော့ဘူး Ma"

"သားယံရော . ."

ဝေယံ ခေါင်းယမ်းသည်။

စားပွဲပေါ်မှ ဖန်ငါးကန်ထဲတွင် ရွှေငါး နှစ်ကောင် ရှိနေသည်။ စိမ်းနုရောင် ရေညှိပင်များ အကြား ကူးခတ်နေသည့် ငါးငယ်များမှာ ပူပန်မှု မရှိ။ ရွှင်မြူးနေဟန်။

"အင်း . . ၊ ဘယ်က စပြောရမှန်းတောင် မသိတော့ဘူး၊ အမှန်တော့ သားတို့ ကြားက Friendship ကို မေးမလို့ဘဲ၊ ဒါပေမယ့် အားလုံးကို မေ ရိပ်မိနေပြီလေ"

ဒေါ်စန္ဒာခင် စိတ်လှုပ်ရှားဟန်ဖြင့် ရယ်သည်။ ဝေယံ သတိ အနေအထား ဖြစ်သွားသည်။ တစ်နေရာမှ လေအေးပေးစက်၏ လေမှုတ်ထုတ်သံကို သဲ့သဲ့လေး ကြားနေရသည်။

နေသူရိန်မင်းခန့် ရုတ်တရက် ထရပ်လိုက်ပြီး ဒေါ်စန္ဒာခင် ရှိနေသော ဆိုဖာဆီ ခပ်ဆဆ ခြေလှမ်းများဖြင့် လျှောက်သွားလိုက်သည်။ ထို့နောက် ကော်ဇောပေါ် ဗြုန်းခနဲ ဒူးထောက်လိုက်သည်။

SUN { Season 1 }Where stories live. Discover now