မေမေ့သား . . ။
မဟုတ်မှလွဲရော အိုကားစံလား။
    
ကာကီရောင် ဒူးဖုံး ဇာဂါဝန်နှင့် မိန်းကလေးကို အာကာဟိန်းထက် ခေါင်း အစ ခြေ အဆုံး ကြည့်မိတော့သည်။
    
သူမက ဆံပင် ခပ်တိုတို။ ပါးပြင်များက ပန်းနုရောင် သန်းသန်း။ ကော့ပျံသော နှုတ်ခမ်းနှင့် တည်ကြည်သော မျက်လုံးများက ရွှန်းလဲ့နေသည်။ လည်ပင်း တစ်ဝိုက်ကို ဇာ ဖောက်ထား၍ လှမ်းမြင်ရသော ရင်သားမှာ ဝင်းညွှန့်လျက် ရှိသည်။ နို့နှစ်ရောင် ပေါင်တံများက ရှည်ရှည်သွယ်သွယ်လေး။
    
နေသူရိန်မင်းခန့်၏ မိခင်လို့ ဘယ်သူကများ ထင်မှတ်လေမလဲ။ သူမက မှားရက်စရာ မရှိအောင် နုဖတ်နေသည်။

"ဟို . . ကျွန်တော် တောင်းပန်ပါတယ် အန်တီ"

"အိုကွယ် . . တို့ကို မမလို့ပဲ ခေါ်စမ်းပါ"

အမျိုးသမီး၏ စကားသံက ချိုချိုမြိန်မြိန်။ ဆွဲဆောင်မှု အပြည့်နှင့် ဖြစ်သည်။ အာကာဟိန်းထက် မျက်လုံး ပြူးသွားတော့ နေသူရိန်မင်းခန့် မနေနိုင်စွာ ရယ်ချသည်။ ရယ်တာ ပခုံးများ တသိမ့်သိမ့် တုန်ပြီး မျက်ရည်ပင် ဝဲသည်။

"အိုကားစံရာ မနောက်ပါနဲ့"

စကားသံမှာ ရယ်သံ ရောတုန်း။

"ဟော့ဒီ ကလေးဟာလေ . . လုပ်လိုက်ရင် တလွဲချည်းပဲ၊ အခွင့်အရေးကို မဖျက်ဆီးရဘူးလေ၊ ဒီမှာ နုလို့ ရတုန်းလေး နုထားရတာ"

"ကိုယ့်ငါးချဉ် ကိုယ် ချဉ်မနေပါနဲ့ဗျာ၊ တော်ကြာ . . အသိ ခေါက်ခက် အဝင် နက်ပြီး ကိုယ့်ပေါင် ကိုယ် လှန်ထောင်းသလို ယုန် ထောင် ကြောင် မိနေမယ်"

စကားပုံ လေးခုကို စာကြောင်း တစ်ခုတည်း ဆက်ပြီး တီထွင် ပြောလိုက်သည့် နေမင်းကြီး၏ ဖန်တီးနိုင်စွမ်းကြောင့် အာကာဟိန်းထက် အံ့သြသွားသည်။

အမျိုးသမီးမှာ နေသူရိန်မင်းခန့် စကားကို စိတ်ဆိုးဟန် မပြ။ လက်ဖဝါး နှစ်ခုကို စုကာ ရယ်နေသည်။ ထို့နောက် ရှည်လွန်းသော အရပ်အမြင့်ကို ပိုင်ဆိုင်ထားသည့် သားဖြစ်သူ အနားသို့ ခြေဖျား ထောက်ရင်း တစ်ခုခု ကပ်ပြောသည်။ ပြီးမှ သူ့ကို ပြန်ကြည့်လာ၏။

"ကဲ . . တို့ သွားပြီနော် ကောင်လေး"

ဈေးဝယ် လက်တွန်းလှည်းကို ဆွဲကာ ငွေ ရှင်းဖို့ သူမ ထွက်ခွာသွားပြီ ဖြစ်သည်။
    
ညနေ သုံး နာရီ ကျော်ခါစ ဖြစ်၍ Shopping Mall မှာ လူ သိပ် မစည်ကားဘဲ နည်းနည်း ရှင်းနေသည်။ နေသူရိန်မင်းခန့် ဘေးမှ နှစ် နှစ် အရွယ် ကလေးမ သေးသေးလေး တစ်ယောက် ယိုင်နဲ့ယိုင်နဲ့နှင့် လမ်းလျှောက်လာသည်။ ကလေးမလေးက ချစ်စရာ ပန်းရောင် မျက်နှာဖုံးလေးနှင့် ဖြစ်သည်။

SUN { Season 1 }Where stories live. Discover now