အပိုင်း ၂

273 36 10
                                    

သင်္ကြန်အကျနေ့

ဒီနေ့ မချောသုံးယောက်ကို ချင်းတွင်းလမ်းလျောက်သင်္ကြန်လိုက်ပို့ရမည့်နေ့။ ဦးငယ်ဂျစ်ကားနှင့် ဦးငယ်ဒရိုင်ဘာက လိုက်ပို့မည်ဖြစ်သည်။ သူကတော့ ကလေးထိန်း၊ အင်း...အပျိုထိန်းဆို ပိုမှန်မည်။

အိမ်ထဲကထွက်လာတဲ့ မချောသုံးယောက်ကိုမြင်ပြီး နောင်သွေးတတ်ချင်သွားသည်။ တကယ်ဆို နောင့်ညီမတွေက အချောအလှတွေ။ ဒါကလည်း ကိုယ့်ညီမတွေမို့ပြောတာမဟုတ်။ ဘွားကနေစလို့ မေမေနဲ့အန်တီငယ်အထိ၊ မျိုးနဲ့ရိုးနဲ့ အချောအလှစာရင်းဝင်တွေ။ လှပါတယ်ဆိုမှ ပြင်ဆင်ထားလိုက်ကြပုံက မင်းသမီးရှုံးလောက်သည်။ ဂျင်းပင်ကိုယ်စီနှင့် ခါးတိုအိင်္ကျီကိုယ်စီ။ အပေါ်မှ ရှပ်အပါးတွေထပ်ဝတ်ထားကြသည်။ ခေါင်းအစခြေအဆုံးဆင်တူသည်ဟု မဆိုသော်လည်း ဒီဇိုင်းတူတွေ။ နောင်ကယောက်ျားလေးမို့ သူတို့ပြင်ဆင်ထားသည်ကို စာဖွဲ့မပြတတ်သော်လည်း ဒီပုံစံနဲ့သာဆို အတော်ထိန်းရမည့်ပုံစံ။ အင်း...ဒင်းတို့ကို ကြိုသတိပေးဦးမှပါ။

"ကဲ... မချောတို့ ဒီ ခဏလာပါဦး"

နောင့်အနား ဝိုင်းလာကြသည်။ စည်းရုံးရေးဆင်ဖို့ နောင် လေသံကို လျော့ကာ...

"ကိုကိုကြိုပြောထားမယ်နော်။ လမ်းမှာရော၊ ချင်းတွင်းရောက်ရင်ရော ငယ်တို့သုံးယောက်လုံး ကိုကို့စကားနားထောင်ရမယ်။ ငယ်တို့ကသုံးယောက်မို့ ကိုကိုတစ်ယောက်ချင်းမထိန်းနိုင်လို့ ငယ်တို့ဘာသာ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ရမယ်။ နားလည်လား"

"ဟုတ် ကိုနောင်"

"လိမ်မာတယ်။ နေမပူခင်ရောက်မှ‌ကောင်းမှာ။ သွားကြရအောင်"

ကားပေါ်တွင် ဒရိုင်ဘာ၊ နောင်နှင့် နိုးနိုးတို့သုံးယောက်၊ အားလုံးပေါင်းမှ ငါးယောက်ပဲပါသည်။ မနက်စောစောမို့ လမ်းတလျောက်ရေကစားသူတွေမရှိသေး။ သာသာယာယာနဲ့ပဲ ချင်းတွင်းသင်္ကြန်ကျင်းပရာ နေရာသို့ရောက်ခဲ့ကြသည်။ လမ်းလျောက်သင်္ကြန်မို့ ကားတွေ၊ဆိုင်ကယ်တွေဝင်မရ။ ကားရပ်ဖို့နေရာရှာကာ ပါကင်ထိုးပြီး ဒရိုင်ဘာဦးလေးကို အစောင့်ထားခဲ့ကြသည်။

ပိတောက်သက်သေတည် ( Completed )Where stories live. Discover now